၂၀၂၄ သြဂုတ်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်စာနာပြောကြား
📌 ၂။ လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံကို MNDAA က တိုက်ခိုက်ခဲ့တာမရှိဘူးလို့ စစ်ဆေးဆရာဝန်တွေ ပြော
📌 ၃။ စစ်တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေနဲ့ NUG၊ ERO တွေနဲ့လက်တွဲဖို့ CDM တပ်မတော်သားများ တိုက်တွန်း
📌 ၄။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦးရှိ
၂၀၂၄ ခုနှစ် သြဂုတ်လ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စကစတပ်များလက်နက်ချအလင်းဝင်ဖို့ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်းအား ကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ထုတ်ပြန်
🚩 ၂။ ဆီဆိုင်မြို့ မှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ဒေသခံ၃ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ
🚩 ၃။ တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ဟန့်တားပေးဖို့ တရုတ်အပါအဝင် နိုင်ငံတကာမိသားစုများကို ညီနောင်သုံးဖွဲ့ အကူအညီတောင်း
🚩 ၄။ ရေစကြိုနယ်က ကိုရင့်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🚩 ၅။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်(အနောက်ကမ်း)ရွာရှိ နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီး
🚩 ၆။ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၆ ဦးရှိလာပြီး စျေးဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ပျက်စီး
🚩 ၇။ပေါင်းတည်မှာ စစ်တပ် ရိက္ခာသယ်ယာဥ်ကို ကြားဖြတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်စာနာပြောကြား
သြဂုတ်လ၇ရက်
သြဂုတ်လ၆ရက်တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက စာနာပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ စစ်ဒဏ် နဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေကြရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိစွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တစ်ဘက်က စစ်ရှိန်မြှင့်နေတဲ့အချိန်မှာ တစ်ဘက်က နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာတွေ၊ စုစည်းဆောင်ရွက်ကြရမယ့်အရာတွေအတွက် စဥ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေမှသာ ဒီခရီးက ပိုပြီး မြန်မြန်ဆန်ဆန် ရောက်မှာ ဖြစ်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
ဒါအပြင် ၃ နှစ်ကျော်ဖြတ်သန်းလာတဲ့ နွေဦးတော်လှန်ရေးမှာ အဆုံးသတ်ကို မြင်နေရပြီး နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကိုဟန်ချက်ညီညီ ဘယ်လို ပွဲသိမ်းကြမလဲဆိုတာပဲ ဖြစ်ကြောင်းဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံကို MNDAA က တိုက်ခိုက်ခဲ့တာမရှိဘူးလို့ စစ်ဆေးဆရာဝန်တွေ ပြော
သြဂုတ်လ၇ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ မရှိဘူးလို့ အဲဒီဆေးရုံက စစ်ဆေး ဆရာဝန်တဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဘက်က ကုတင် ၁၀၀ စစ်ဆေးရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ လူနာတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဝါဒဖြန့်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်နေချိန်မှာ စစ်ဆေးဆရာဝန်တွေက အခုလို ထုတ်ဖော် ပြောဆိုလာတာပဲဖြစ်ပါတယ်။
-(ဆရာဝန်အပြော)
လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာနဲ့စွန့်ပစ်ခံခဲ့ရတဲ့ လားရှိုးခရိုင်ရဲတပ်ဖွဲ့က ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုးကို တပ်ဖွဲ့ဝင်တွေက ကယ်တင်ထားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ အမှတ် ၉ ကုတင် ၁၀၀ တပ်မတော်ဆေးရုံကို MNDAA တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်မှုမရှိခဲ့ဘဲ ဒဏ်ရာရ စစ်သားများ၊ မိသားစုဝင်များ၊ ဆရာဝန်သူနာပြုများအားလုံး ဘေးကင်းရာနေရာတွေကို MNDAA က ကောင်းမွန်စွာရွှေ့ပြောင်းပေးခဲ့တယ်လို့ တပ်မတော် အရိုးအထူးကု ပါရဂူဆရာဝန်ကလည်း ခုရက်ပိုင်းကပဲ ဝန်ခံထွက်ဆိုထားတာရှိပါတယ်။
========================
📌📌 ၃။ စစ်တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေနဲ့ NUG၊ ERO တွေနဲ့လက်တွဲဖို့ CDM တပ်မတော်သားများ တိုက်တွန်း
သြဂုတ်လ၇ရက်
စစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ်တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့-EROs တွေနဲ့ လက်တွဲဖို့ ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ CDM တပ်မတော်သားအစုအဖွဲ့ တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အလွန်အကျွံ ကိုယ်ကျိုးရှာအသုံးချမှု၊ အာဏာရူးသွပ်မှုနဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် တပ်တွင်း မကျေနပ်မှုတွေဖြစ်ပေါ်နေချိန်နဲ့ စစ်ရေးမှာ ရှုံးနိမ့်မှုတွေ ကြီးမားလာချိန်မှာ CDM တပ်မတော်သားအစုအဖွဲ့တွေ က အခုလို ကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။
အာဏာရူး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်မှာရှိတဲ့ အရာရှိကြီးတွေအပါအဝင် ဘယ်စစ်အရာရှိမှ အသက်၊ ရာထူး၊ စည်းစိမ်၊ မိသားစုအနာဂတ်လုံခြုံမှု စတာတွေအတွက် အာမခံချက်ရှိမှာမဟုတ်ဘူးလို့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့စစ် သားဇနီးများ၊ ပြည်သူ့ပန်းတိုင် စတဲ့အဖွဲ့တွေက ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရူးသွပ်မှုနဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တပ်မတော်သားများ အပါအဝင် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအထိ ကျဆုံးတာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ မိမိကိုယ်ကိုသတ်သေတာတွေအထိ တွေ့ကြုံနေရပြီလို့လည်း ပူးတွဲကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ခက်ရှိတွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အချိန်မီဖြေရှင်းနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့-EROs တွေနဲ့ ဆက်သွယ်ပူးပေါင်းကြဖို့ တောင်းဆိုထားပါတယ်။
စစ်တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးတွေအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေကို ဖမ်းဆီးဖယ်ရှားပြီး တပ်မတော်နဲ့ နိုင်ငံတော်ရဲ့အနာဂတ်ကို ကယ်တင်ဖို့၊ ဒီမိုကရစီစံနှုန်းများနဲ့အညီ အရပ်ဘက်ကွပ်ကဲမှုကို လေးစားလိုက်နာပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး မူလတာဝန်ကိုသာ ထမ်းဆောင်ဖို့၊ လူမျိုးပေါင်းစုံတို့၏ အကျိုးစီးပွားနှင့်ဖြစ်တည်မှုများကို လေးစားအသိအမှတ်ပြုသည့် ပြည်သူလူထုလိုလားနေသော ဖက်ဒရယ် တပ်မတော် တရပ် ပေါ်ပေါက်ရေးဦးတည်၍ ပြုပြင်ပြောင်းလဲဖို့ စတဲ့အချက် ၃ချက်ကိုဖော်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦးရှိ
သြဂုတ်လ၇ရက်
နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦးရှိတယ်လို့သိရပါတယ်။
သြဂုတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိပြီ ဖြစ်ပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၁၅၆) ဦးရှိပြီး ထိုအထဲမှ (၂၀၇၁၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စကစတပ်များလက်နက်ချအလင်းဝင်ဖို့ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်းအား ကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ထုတ်ပြန်
သြဂုတ်လ၇ရက်
စကစတပ်များလက်နက်ချအလင်းဝင်ဖို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၏ မိန့်ခွန်းအား ကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ထုတ်ပြန်ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စစ်အုပ်စုလက်အောက်ခံ တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ကာကွယ်ရေးဝန်ကြီး၏အထူးအသိပေးနှိုးဆော်ချက်ကို ပြန်လည်ဖော်ပြခဲ့ပါတယ်။
"အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ ပြည်ထောင်စု မပြိုကွဲအောင် တကယ်တမ်း တာဝန်ယူစောင့်ရှောက်နိုင်မယ့်သူ၊ တာဝန်ယူစောင့်ရှောက်နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်၊ဒါကို သိချပ်စေ လိုတယ်။ ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ။စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ"လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုထားပါတယ်။
ဒါ့အပြင် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ ဆီဆိုင်မြို့ မှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ဒေသခံ၃ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ
သြဂုတ်လ၇ရက်
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ်ထဲက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပအိုဝ်းတိုင်းရင်းသူ ၂ ဦးသေဆုံးကာ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ဩဂုတ်လ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က ဆီဆိုင်မြို့ အရှေ့ဘက်ကကျေးရွာတွေကို မနေ့ ဩဂုတ်လ ၆ ရက်မှာ လက်နက်ကြီးတွေနဲ့ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူတွေ တောထဲတောင်ထဲအထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညပိုင်းမှာလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့အရှေ့မြောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ ရာ မီရဲ့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထီရီးကျေးရွာကနေ စစ်ဘေးလရှောင်တဲ့ ဆယ်ကျော်သက် အရွယ် ပအိုဝ်းတိုင်းရင်းသူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖကက်စစ်ကောင်စီဟာ ယခု ဩဂုတ်လ ၃ ရက်စပြီး ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပအိုဝ်းနယ်မြေက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လာတာကြောင့် တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာပြီး ဒေသခံ တွေ စစ်ဘေးရှောင်နေရတာပဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းပြီးချိန်က ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး ယခု ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ လားရှိုးမြို့ သိမ်းခံရပြီးနောက် တောင်ကြီးမြို့ကိုပါ ထပ်မံသိမ်းယူနိုင်တယ်ဆိုသော သတင်းတွေကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် PNLA ဌာနချုပ်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်လာတာ ဖြစ်နိုင် တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောဆိုနေပါတယ်။
လက်ရှိမှာ ဆီဆိုင်မြို့အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄နဲ့ ၄၂၃ တပ်က ပိတ်ဆို့ထားပြီး ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့လည်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ဟန့်တားပေးဖို့ တရုတ်အပါအဝင် နိုင်ငံတကာမိသားစုများကို ညီနောင်သုံးဖွဲ့ အကူအညီတောင်း
သြဂုတ်လ၇ရက်
တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့ရွာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာကို တားဆီးဟန့်တားပေးဖို့ တရုတ်နိုင်ငံကို ဦးတည်ကာ နိုင်ငံတကာမိသားစုများအားလုံးကို အားကိုးစွာတောင်းဆိုကြောင်း ကိုးကန့်-MNDAA၊ တအာင်း-TNLA၊ ရခိုင့် တပ်တော်- AA စတဲ့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်းဗုံးတွေသုံးပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့နယ် တွေက ဒေသခံပြည်သူလူထု သွားလာနေထိုင်ရာနေရာတွေကို လေကြောင်းကနေတိုက်ခိုက်နေတာနဲ့ပတ်သက်လို့ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့ရွာတွေက စျေး၊ စာသင်ကျောင်းနဲ့ ဆေးရုံအစရှိတဲ့ အဆောက်အအုံတွေကို တိုက်လေယာဉ် တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ယခုလပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့နယ်၊ MNDAA ထိန်းချုပ် ထားတဲ့ လောက်ကိုင်နဲ့ သိန္နီမြို့နယ်၊ AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့တိုကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး နေအိမ်အဆောက်အအုံတွေလည်း များစွာပျက်စီးခဲ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးရလဒ်ကြောင့် စစ်တပ်ကင်းစင်သွားပြီဖြစ်တဲ့ ညီနောင်သုံးဖွဲ့ထိန်းချုပ်ရာနယ်မြေတွေမှာရှိတဲ့ ပြည်သူထူလု အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကင်းဝေးစေဖို့အတွက် ညီနောင်သုံးဖွဲ့ လမ်းညွှန်ထားတဲ့အတိုင်း နေထိုင်သွားလာကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
MNDAA၊TNLA၊ AA စတဲ့ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်း ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာရှိတဲ့ မြို့ပေါင်း ၃၀ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
========================
🚩🚩 ၄။ ရေစကြိုနယ်က ကိုရင့်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
သြဂုတ်လ၇ရက်
မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှာရှိတဲ့ ကိုရင့်ကျေးရွာက ဒေသခံပြည်သူတွေရဲ့အိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့နဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေစကြိုမြို့နယ်ထဲက ကိုရင့်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မနေ့ သြဂုတ်လ ၆ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေပိုင်ဆိုငတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွားတယ်လို ရေစကြိုသတင်းအချက်အလက်ကော်မတီ-Info Committee Yesagyo က လည်း အသိပေးထားပါတယ်။
စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံတို့ရဲ့ နေအိမ် ၂၃လုံး မီးလောင် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ရေစကြိုနယ် တောင်းပိုင်းဒေသဟာ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ ဒေသခံပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေ မကြာခဏ လုယူခံရတဲ့နယ်မြေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁ ရက်ကလည်း ပခုက္ကူမြို့မှာရှိတဲ့ နည်းပညာတက္ကသိလိုလ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က အလယ်ကျောရွာနဲ့ ကိုရင့်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အလယ်ကျောရွာက အမျိုးသမီးတဦးသေဆုံး ခဲ့ပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုနယ်ဟာ မကွေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာဒေသဖြစ်တဲ့အတွက် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့သတ်ဖြတ်တာတွေအပြင် စစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေတဲ့ ဒေသဖြစ်ပါတယ်။
========================
🚩🚩 ၅။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်(အနောက်ကမ်း)ရွာရှိ နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီး
သြဂုတ်လ၇ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်(အနောက်ကမ်း)ရွာရှိ အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများ၏ နေအိမ်များကိုသြဂုတ်လ၂ရက်နေ့တွင် မီးရှို့ခဲ့တယ်လို့ မြိတ်ပကဖက ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လယ်သစ်ရွာကို ကြည်း/ရေ/လေ ဖြင့် ထိုးစစ်ဆင်လာခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး ရေဘေးဒဏ်သင့်နေသည့်ကာလအတွင်း ရေဘေးလွတ်ရာပြောင်းရွေ့နေထိုင်ကြသည့် အရပ်သားပြည်သူများ၏နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။
========================
🚩🚩 ၆။ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၆ ဦးရှိလာပြီး စျေးဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ပျက်စီး
သြဂုတ်လ၇ရက်
ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၆ ဦးထိရှိလာပြီး ၁၀ ဦး ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း ၄ရာ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်-TNLA က ဒီနေ့ ထုတ်ပြန် လာပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ကွတ်ခိုင်မြို့ကို ဩဂုတ် ၅ ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှု ၄ကြိမ် ပြုလုပ်ခဲ့ပြီး ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အတွင်း ကနဦးမှာ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး နောက်တဦး ထပ်မံသေဆုံးသွားတာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မစျေးမှာရှိတဲ့ ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား နေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
မီးလောင်သွားတဲ့ မြို့မစျေးက ဆိုင်ခန်းတွေကို TNLA ရဲ့ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့ပြီး စျေးအတွင်းကပစ္စည်းတွေကို ခိုးဆိုးလုယက်တာတွေမရှိစေဖို့ TNLA တပ်ဖွဲ့က လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။
TNLA နဲ့ မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဇွန်လ ၂၅ ရက်ကစပြီး ဆင်နွှဲခဲ့ရာ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စတဲ့မြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ကိုးကန့်တပ်ဖွဲ့ကလည်း လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ရေးအရအထိနာနေတဲ့ စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ နမ့်ဆန်၊ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်နဲ့သိန္နီ စတဲ့မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရသလို အဆောက်အအုံတွေ များစွာပျက်စီးခဲ့ရပါတယ်။
ဒါကြောင့် တိုက်ပွဲဇုန်မဟုတ်တဲ့ဒေသတွေက အရပ်သားပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဟန့်တားပေးဖို့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကို MNDAA၊ TNLA၊ AA စတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုထားပါတယ်။
========================
🚩🚩 ၇။ပေါင်းတည်မှာ စစ်တပ် ရိက္ခာသယ်ယာဥ်ကို ကြားဖြတ်တိုက်ခိုက်
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်ထဲက စစ်ကောင်စီတပ်အထိုင်စခန်းကို ရိက္ခာလာပို့တဲ့ ယာဥ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF က ပြောပါတယ်။
ပေါင်းတည်နယ်ထဲက သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို စစ်သား ၁၅ ဦးနဲ့ ရိက္ခာလာပို့တဲ့ကားကို သြဂုတ် ၆ ရက် မနက် ၆ နာရီခန့်အချိန်မှာ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF တပ်ခွဲ-၁ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဆိုပါတယ်။
မိုင်းဆွဲပြီးချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး ချောဆွဲခံတဲ့ရိက္ခာပို့ကားဟာ ပစ္စည်းတွေချပြီး ပြန်မောင်းပြေးသွားတယ်လို့ အသိပေးထားပါတယ်။
ဒီပစ်ခတ်မငမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ တယ်လို့လည်း သိရပါတယ်။
ဇူလိုင်လကလည်း ပေါင်တည်မြို့နယ် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းကနေ ဟင်းစားရှာဖို့ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၅ ဦးကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ-၁ မိုင်းကွင်းစောင့်ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား တဦးသေဆုံးခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment