ဓာတ်ဆီအကျပ်အတည်း ပိုဆိုးလာပြီး ဆိုင်တွေ ပိတ်တာ၊ လျော့ရောင်းတာတွေ ဖြစ်၊ မှောင်ခိုစျေး ၂ဆ တက်
ကိုမြင့်သူ (Radio NUG) ဩဂုတ် ၆၊ ၂၀၂၄
ဂိတ် 92, 95 အဆင့် ဓာတ်ဆီအကျပ်အတည်း ပိုဆိုးရွားလာပြီး အရောင်းပိတ်တာတွေ၊ လျှော့ရောင်းတာတွေကြောင့် မှောင်ခို ဓာတ်ဆီဈေးတွေ နှစ်ဆမြင့်တက်လာပါတယ်။ ဒီသတင်းကို ကိုမြင့်သူကပေးပို့ထားပါတယ်။
ဓာတ်ဆီမရတဲ့ အခက်အခဲ ပိုဆိုးလာပြီး မှောင်ခိုဆီဈေး နှစ်ဆဖြစ်လာ…
စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီမရောင်းနိုင်တော့လို့ ဆိုက်တွဲ၊ ဘေးတွဲတွေကအစ ရပ်ထားရပြီး မှောင်ခိုဓာတ်ဆီ ဈေးကလည်း တစ်လီတာကို ကျပ်ငါးထောင်နီးပါး ဖြစ်လာပါတယ်။ ဝင်ငွေနည်းပြည်သူတွေအတွက် ပိုပြီးကျပ်တည်းလာစေတဲ့ ဒီအခြေအနေကို သဃန်းကျွန်းမြို့နယ်က ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“တော်တော်ကြာတယ်။ တချို့ဆိုရင် မရဘူး။ မရလို ဆိုင်ကယ်တောင် ရပ်ထားရတယ်။ အရင် ဆီပြတ်တာက ဝယ်လို့ရတယ်။ ခုတစ်ခေါက် ဆီပြတ်တာက ရေသန့်ဘူးတစ်ဘူးကို ငါးထောင် ဆိုတော့ ဘယ်လို သွားလုပ်စားမလဲ ”
စက်သုံးဆီ ဝယ်လို့မရတာတွေ ဖြစ်ခဲ့ဖူးရာမှာ ဒီဇယ်ဆီက မကြာခဏ ပြတ်လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာ 92, 95 ဓာတ်ဆီက ပိုပြီးအခက်အခဲဖြစ်လာပါတယ်။ စက်သုံးဆီတွေ လိုသလောက် မရလို့ ဆိုင်ကယ်ဘေးတွဲ မောင်းနှင်သူတွေကို ကန့်သတ်တာ၊ မီးစက်နဲ့အခြားသုံးအတွက် အရောင်းရပ်နားထားပြီး ကားတွေကိုဦးစားပေး ရောင်းချပေးမယ်ဆိုတဲ့ စာတွေကို ဆီဆိုင်များမှာ ကပ်ထားပါတယ်။ အဲဒီလို ကားတွေကို ဦးစားပေး ရောင်းချပေးမယ်ဆိုပေမယ့် လည်း ကားဆီဖြည့်ဖိုအတွက် ထမင်းအငတ်ခံပြီး တစ်နေကုန် တန်းစီလာရတဲ့အခြေအနေထိ စက်သုံးဆီအခက်အခဲက ပိုပြီး ကြီးထွားလာပါတယ်။ စက်သုံးဆီရဖို့အတွက် တစ်နေကုန် တန်းစီခဲ့ရတဲ့ သဃန်းကျွန်း၊ ဘီအိုစီအနီးက ယာဥ်မောင်းတစ်ဦးကတော့ စက်သုံးဆီအခက်အခဲကိုအခုလို ပြောပါတယ်။
“ဘာမှကို မပြောချင်တော့ဘူး။ စိတ်တွေ ပျက်နေပြီ။ ကားကို မမောင်းချင်တော့တာ။ အဲ့လိုဖြစ်နေတယ်။ အခြေအနေက။ ဘာမှကို မစားရသေးတာ။ တန်းစီနေတာ ဆိုတော့။ ဆယ်နာရီခွဲကတည်းက ရောက်တာပဲ။ အခုပဲ ၅ နာရီ ၁၉ ဖြစ်နေပြီ။ ၅ နာရီခွဲတော့မယ် ”
အကြမ်းဖက်စစ်တပ်အလိုကျ မီဒီယာတွေက စက်သုံးဆီ အလုံအလောက်ရှိတယ်လို ထုတ်ပြန်ထားပေမယ့်လည်း ဆီ သိုလှောင်ကန်တွေတည်ရှိရာ သီလဝါအထူးစီးပွားရေးဇုန်နဲ့အနီးဆုံးမှာ တည်ရှိနေတဲ့ ရန်ကုန်မြို့က စက်သုံးဆီအ ရောင်းဆိုင်တွေမှာ တနေကုန် ဆီတန်းစီရတာ၊ ဆီကို အကန့်သတ်နဲ့ရောင်းချတာ စတဲ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
(ပုံ - တောင်ဥက္ကလာ သခွတ်တံတားအနီးက စက်သုံးဆီအရောင်းဆိုင်တွင် ဆီမလုံလောက်လို့ ကန့်သတ်ရောင်းချမည့်အစီအစဥ်အားထုတ်ပြန်ထားသည်ကိုတွေ့ရစဥ်)
No comments:
Post a Comment