24th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတားမြစ်ထုတ်ပြန်

📌 ၂။ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) အဖွဲ့ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ NUGအပါအဝင် အာရက္ခတပ်တော် AA ချင်းအမျိုးသားတပ်မတော် CNF နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို တရားဝင်ဖိတ်ကြားထား

📌 ၃။ တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့

📌 ၄။ H2B အဖွဲ့မှ မင်းမော်ကွန်း၏ ပထမဆုံး တော်လှန်ရေး ဇာတ်ကား "ဖြတ်" ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြသမည်

📌 ၅။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံမှ ဝယ်ယူသူထံထိုင်းနိုင်ငံက ကွန်ဒိုလွှဲပြောင်းမှုစံချိန်တင်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုးမြို့ ရပ်ကွက် ၂ရှိ ရထိုက်ဟော်တယ် နှင့် Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးနှင့်နှစ်ကြိမ်တိုင်တိုင်အကြမ်းဖက်စကစက ကြဲချတိုက်ခိုက်

🚩 ၂။ တောင်သာမြို့နယ် လှည်းကူးမအုပ်စု ရတနာပုံကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မပေါက်ကွဲသေးပဲ  ပေါင် ၂၀၀ ဗုံးသီးတစ်လုံးကျန်ရှိ

🚩 ၃။ ဘဝတူ ဖိနှိပ်ခံ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကထုတ်ပြန်

🚩 ၄။ ကရင်ပြည်နယ်တွင်းစကစလက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အိုးအိမ်ထိခိုက်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတားမြစ်ထုတ်ပြန်


စက်တင်ဘာ (၂၄) ရက်


အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက စက်တင်ဘာလ၂၄ရက်နေ့မှာ တားမြစ်ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် မတရားဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ပြည်သူများအား သေဒဏ် အပါအဝင် မတရား ပြစ်ဒဏ်များ ချမှတ်ထားပြီးယင်းတို့အနက်မှ ၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို တရားမဲ့ ကြိုးပေး သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။

ယခုအခါ သေဒဏ်ချမှတ်ခံထားရသော နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ်များအား အကြမ်းဖက် စစ်ကောင်စီမှ ကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် အရိပ်အယောင်များနှင့် တရားမဲ့ စီရင် သတ်ဖြတ်လိုက်ပြီ ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိပြီးအကြမ်းဖက် စစ်ကောင်စီ၏ သတင်းအမှောင်ချ လုပ်ဆောင်မှုများကြောင့် အဆိုပါ သတင်းများ၏ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင် အတည်ပြုနိုင်ရန် ခက်ခဲတယ်လို့ဖော်ပြပါတယ်။

သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲသုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုသာ ဖြစ်သည့်အလျောက်၊ ပြည်သူများအပေါ် မည်သည့် တရားစီရင်ခွင့်မျှ မရှိဘူးလို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန်လည်း တားမြစ်လိုက်ပြီးကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတကာ ဥပဒေများနှင့် ဆုံးဖြတ်ချက်များကို တာဝန်ခံလျက် အကြမ်းဖက်စစ်ကောင်စီ၏ သွေးအေး ရက်စက်ယုတ်မာစွာ သတ်ဖြတ်၍ ရာဇဝတ်မှုကျူးလွန်နေမှုများအား ထိရောက်စွာ တားဆီး အရေးယူရန် တိုက်တွန်း အပ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) အဖွဲ့ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ NUGအပါအဝင် အာရက္ခတပ်တော် AA ချင်းအမျိုးသားတပ်မတော် CNF နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို တရားဝင်ဖိတ်ကြားထား


စက်တင်ဘာ၂၄ရက်


အိန္ဒိယနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ငွေနဲ့ထူထောင်ထားတဲ့ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) အဖွဲ့ကြီးက နယူးဒေလီမြို့မှာကျင်းပမဲ့ ' ဖွဲ့စည်းပုံစနစ် နဲ့ ဖက်ဒရယ်စနစ်' ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲ Seminar တစ်ခုကို လာတက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA ချင်းအမျိုးသားတပ်မတော် CNF နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို တရားဝင်ဖိတ်ကြားထားတယ်လို့ အဆိုပါသတင်းကို စက်တင်ဘာ၂၃ရက် Reuters သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်ထားတယ်လို့ အများကထင်ကြေးပေးကြတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ဖိတ်ခေါ်ချက်လည်းဖြစ်တယ်လို့ Reuters သတင်းဌာနကဖော်ပြပါတယ်။

ဆွေးနွေးပွဲကို၂၀၂၄ခု နှစ်နိုဝင်ဘာလလယ်မှာ ကျင်းပမယ်လို့သိရပြီး စစ်ကောင်စီကို ဖိတ်ကြားထားခြင်းရှိ၊မရှိမသိရသေးဘူးလို့ဆိုထားပါတယ်။

ဖိတ်ကြားခံရတဲ့အဖွဲ့တွေဟာ အိန္ဒိယနဲ့နယ်စပ်ခြင်းထိတွေ့နေတဲ့ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်ကြပြီးတော့ မြန်မာပြည်သူအများစုကထောက်ခံထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလားတန်မြစ်ဝှမ်းစီမံကိန်းနေရာတွေကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် AA နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ထိန်းချုပ်ထားတဲ့ ချင်းအမျိုးသားတပ်မတော် CNF နယ်စပ်က စကစရဲ့ တပ်စခန်းအများအပြားကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ဖြစ်ကြပါတယ်။


========================


📌📌 ၃။ တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့


စက်တင်ဘာ၂၄ရက်


တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့တယ်လို့ UN OCHA Myanmarက စက်တင်ဘာ၂၄ရက်မှာ အသိပေးဖော်ပြပါတယ်။

လျှပ်တပြက် ရေကြီးပြီးနောက် ဆယ်ရက်အကြာတွင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း သတင်းရရှိထားတယ်လို့ဆိုပါတယ်။

ယခုအချိန်ထိ သေဆုံးသူ ဦးရေ ၃၀၀ ကျော်ရှိပြီး၊ ထိခိုက်ဒဏ်ရာရဦးရေ ၁၀၀ ကျော် ရှိကြောင်း သိရပါတယ်။

ထိခိုက်မှုအကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးမှုများပြားပါသည်။ လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေး ကွန်ယက်များ၊ ကျောင်းများ၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအပြင် ကောက်ပဲသီးနှံနှင့် လယ်မြေများလည်း ထိခိုက်မှုများပြားပြီး၊ အလုံးစုံပျက်စီးခြင်းများလည်း ရှိခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ H2B အဖွဲ့မှ မင်းမော်ကွန်း၏ ပထမဆုံး တော်လှန်ရေး ဇာတ်ကား "ဖြတ်" ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြသမည်


စက်တင်ဘာ၂၄ရက်


H2B အဖွဲ့မှ မင်းမော်ကွန်း၏ ပထမဆုံး တော်လှန်ရေး ဇာတ်ကား "ဖြတ်" ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် (စနေနေ့) တွင် နယူးယောက်မြို့တွင် ပြသမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းနဲ့ သရုပ်ဆောင်အဖွဲ့ဝင်များပွဲစဉ်ပြီးတိုင်း ပရိသတ်တွေနဲ့ အွန်လိုင်းကနေတွေ့ဆုံဖို့ အစီအစဉ်လည်းပါမှာဖြစ်ပါတယ်။

ထိုင်ခုံနေရာအကန့်အသတ်ရှိသဖြင့် H2B messenger မှတဆင့် ဆက်သွယ်ပြီးလက်မှတ်များကို ဝယ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။ 


========================


📌📌 ၅။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံမှ ဝယ်ယူသူထံထိုင်းနိုင်ငံက ကွန်ဒိုလွှဲပြောင်းမှုစံချိန်တင်


စက်တင်ဘာ၂၄ရက်


2024 ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံမှ ဝယ်ယူသူထံ ကွန်ဒိုလွှဲပြောင်းမှုသည် စံချိန်တင်ခဲ့သည့် 2023 ခုနှစ်က စုစုပေါင်းကို ကျော်လွန်သွားခဲ့တယ်လို့ စက်တင်ဘာ၂၄ရက်မှာ ဘန်ကောက်ပို့စ်ကဖော်ပြထားပါတယ်။

2024 ခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းဘတ်ငွေ 3.24 ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း 638 လုံးအား မြန်မာနိုင်ငံသားများထံ လွှဲပြောင်းပေးခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC) အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လားရှိုးမြို့ ရပ်ကွက် ၂ရှိ ရထိုက်ဟော်တယ် နှင့် Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးနှင့်နှစ်ကြိမ်တိုင်တိုင်အကြမ်းဖက်စကစက ကြဲချတိုက်ခိုက်


စက်တင်ဘာ၂၄ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၂ရှိ ရထိုက်ဟော်တယ် နှင့် Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးနှင့်နှစ်ကြိမ်တိုင်တိုင်အကြမ်းဖက်စကစက ကြဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

စက်တင်ဘာ၂၄ရက် နံနက်၁နာရီ၃၀အချိန်နှင့် နံနက် ၄နာရီ ဝန်းကျင်မှာ ဗုံးသီးများကြဲချခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်များထံကသိရပါတယ်။

"လားရှိုးမြို့ ယနေ့ နံနက်(:၃၀)အချိန် လေယာဉ်သံကြားလို့ အိပ်ယာကနေ ဘေးလွတ်ရာကို ရုတ်တရက်ထပြေးချိန် စက္ကန့်ပိုင်းလောက်အကြာမှာပဲ ဗုံးပေါက်ကွဲသံကြားလိုက်ရတယ်။ မြေကြီးတွေတုန်ပြီး အိမ်အမိုးပေါ် ခဲစတွေ လွှင့်စင်ကျလာသံကြားရတယ်။ ဒါနဲ့အပြင်မထွက်ရဲသေးပဲ နားစွှင့်နေတုန်းမှာ နောက်တစ်ကြိမ်ဗုံးကြဲသံကြားလိုက်ရတယ်။ ဗုံးပေါက်ကွဲတဲ့အသံတွေက အိမ်နဲ့နီးလို့ အပြင်ထွက်ကြည့်လိုက်တော့ ဖူလီလိုက်ဟိုတယ်ဘက်ကနေ မီးခိုးလုံး မဲမဲကြီးတွေ တက်လာတာတွေ့ရတယ်။ရထိုက်ဟိုတယ် မရောက်ခင်လမ်းမှာ မှန်ကွဲစတွေ အပျက်အစီးတွေ သွပ်ပြားတွေ မိုင်းစတွေ မီးကြိုးတွေနဲ့ ပွစိတက်ပြီး သွားမရလောက်အောင်ကို ဖြစ်နေတယ်"လို့ လားရှိုးမြို့ဒေသခံတဦးကဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။

စုစုပေါင်းလူဦးရေ၁၅ဦးထိခိုက်ဒဏ်ရာရကာအရပ်သား၁ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

လားရှိုး ရပ်ကွက် ၂ရှိ ရထိုက်ဟော်တယ် နှင့် Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၉ဦးဒဏ်ရာရရှိခဲ့ပြီး နံနက် ၄နာရီ ဝန်းကျင်တွင် ပထမ ဗုံးကြဲခဲ့သည့် နေရာ အနီး ပေါင် ၅၀၀ ဗုံး နှစ်လုံးထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးဆိုရှယ်မီဒီယာမှာဖော်ပြပါတယ်။


========================


🚩🚩 ၂။ တောင်သာမြို့နယ် လှည်းကူးမအုပ်စု ရတနာပုံကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မပေါက်ကွဲသေးပဲ  ပေါင် ၂၀၀ ဗုံးသီးတစ်လုံးကျန်ရှိ


စက်တင်ဘာ၂၄ရက်


တောင်သာမြို့နယ် လှည်းကူးမအုပ်စု ရတနာပုံကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မပေါက်ကွဲသေးပဲ  ပေါင် ၂၀၀ ဗုံးသီးတစ်လုံးကျန်ရှိကြောင်းကိုစက်တင်ဘာ၂၄ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက အသိပေးဖော်ပြပါတယ်။

"စက်တင်ဘာ၂၃ရက်နေ့လည် ၁၁း၃၀ မိနစ်ခန့်က လှည်းကူးမအုပ်စု ရတနာပုံကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် မပေါက်ကွဲသေးပဲ ကျန်ရှိနေသော ပေါင် ၂၀၀ ဗုံးသီးတစ်လုံးတွေ့ရှိရတယ်"လို့ဖော်ပြပါတယ်။


========================


🚩🚩 ၃။ ဘဝတူ ဖိနှိပ်ခံ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကထုတ်ပြန်


စက်တင်ဘာ၂၄ရက်


ရန်သူနှင့်စေ့စပ်ဆွေးနွေး လက်နက်ချခြင်း၊ ရန်သူ အာဏာရှင်စစ်အုပ်စု၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံခြင်းတို့ အလျဉ်းမျှ လက်မခံဘဲ ဘဝတူ ဖိနှိပ်ခံ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ၂၄ရက် ပအိုဝ်းအာဇာနည်နေ့အား အောက်မေ့ဂုဏ်ပြုခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းထုတ်ပြန်ချက်မှာကြေညာခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သော ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံက ဖွဲ့စည်းပေးခဲ့ကာ ပအိုဝ်းအမျိုးသားတော်လှန်ရေးမူများ ကို လက်ပြောင်းဆက်ခံသည့်အပြင် နွေဦးလူထုတော်လှန်ရေး၏ ဘုံရည်မှန်းချက်ဖြစ်သော အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသစ် တည်ဆောက်ရေးတို့အတွက် ဘဝတူ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့် နည်းလမ်းအမျိုးမျိုးဖြင့် လက်တွဲတော်လှန်လျက်ရှိတယ်လို့ဖော်ပြပါတယ်။

ပအိုဝ်းလူမျိုးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးတို့သည် မိမိတို့ ဆက်ခံ သယ်ဆောင်လာခဲ့သော တော်လှန်ရေးမူ ရပ် အတိုင်း ရပ်တည် တော်လှန်ခြင်းဖြင့်သာလျှင် တော်လှန်ရေး အဆက်ဆက်မှ အသက်ပေးခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဖက်တို့ကို အောက်မေ့ ဂုဏ်ပြုခြင်းမှာ အဓိပ္ပာယ်ပြည့်ဝမယ်လို့ဆိုပါတယ်။ 

ထို့ကြောင့် စစ်အာဏာရှင်စနစ် အပါအဝင် ဖိနှိပ်ချုပ်ချယ်မှု စနစ်အားလုံးကို ဆန့်ကျင်တိုက်ဖျက်ကာ ပြည်တွင်းစစ်ချုပ်ငြိမ်းသည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ် တည်ဆောက်ရေးအတွက် ရန်သူနှင့်စေ့စပ်ဆွေးနွေး လက်နက်ချခြင်း၊ ရန်သူ အာဏာရှင်စစ်အုပ်စု၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံခြင်းတို့ အလျဉ်းမျှ လက်မခံဘဲ ဘဝတူ ဖိနှိပ်ခံ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းအားလုံးနှင့်အတူ ပူးပေါင်းကာ အမျိုးသား လွတ်မြောက်မှုတော်လှန်ရေးတာဝန်များအား ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


🚩🚩 ၄။ ကရင်ပြည်နယ်တွင်းစကစလက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အိုးအိမ်ထိခိုက်ပျက်စီး


စက်တင်ဘာ၂၄ရက်


ကရင်ပြည်နယ်တွင်း အကြမ်းဖက်စစ်ရှုံးကောင်စီသည် ၎င်းတို့တပ်ရှုံးနိမ့်မှုများဖြင့်ဆက်တိုက်ရင်ဆိုင်လာရပြီးနောက် လက်နက်ကြီးများ၊ တိုက်လေယာဉ်များကိုသာ တွင်တွင်အသုံးပြုလာရာ၌ အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ဟူသမျှအလေးမထားပဲ တမင်ရည်ရွယ်ကာ နေ့စဉ်ပစ်ခတ်လျက်ရှိတယ်လို့ ကေအဲန်ယူ-မူတြော် သတင်းစဉ်ကဖော်ပြပါတယ်။

ထိုကဲ့သို့ပစ်ခတ်ရာ၌ တမြန်နေ့ စက်တင်ဘာလ(၂၁)နေ့တွင် ဖာပွန်မြို့၏အနောက်တောင်ဖက်ရှိ ကစယ်သဲဖလယ်(တောင်သုံးလုံး)တွင်အခြေစိုက်သည့်စကစတပ်များသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတဲတိနှင့် ထီးသဘလူထာအုပ်စုအတွင်းရှိ ထီးသဲလေးနှင့် ထီးလော်သိထာကျေးရွာအတွင်းသို့ လက်နက်ကြီး()လုံးတမင်ရည်ရွယ်ကာပစ်ခတ်ခဲ့ရာတွင် စောကျောဘွယ်နှင့် စောမြဇော်အိမ်နှစ်လုံးထိမှန်ပျက်စီးသွားသည်သာမက အိမ်တွင်း၌ရှိရှိသမျှပစ္စည်းပစ္စယအားလုံး ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment