၂၀၂၄ စက်တင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်နယ်တွေ လွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ ERO တွေက အဓိက တာဝန်ယူကြမှာဖြစ်ပြီးတော့ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက် NUG PDF များက အဓိက တာဝန်ယူကြမယ်လို့ ကာကွယ်ရေးဝန်ကြီး အတိအလင်းပြောကြား
📌 ၂။ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် မြေပြင်တရားရုံး (၃) ရုံး ဖွဲ့စည်းနိုင်ခဲ့ပြီလို့ တရားရေးအသိပေး
📌 ၃။ ညီနောင်မဟာမိတ် (၃) ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ကြေညာ
📌 ၄။ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်ဟု သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးတွဲထုတ်ပြန်
📌 ၅။ စစ်ရှောင်ပြည်သူများအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စားနပ်ရိက္ခာများနှင့် အလှူရှင်များမှ လှူဒါန်းထားသော လှူဒါန်းငွေများကို ထောက်ပံ့ပေးအပ်
📌 ၆။ ဩဂုတ်လအတွင်း လောင်းလုံးမြို့နယ်အတွင်းနေ ပြည်သူများကို Launglone PDF Medical Team မှ ဆေးဝါးကုသထောက်ပံ့ပေးခဲ့
📌 ၇။ စစ်တပ်ထုတ် Mytel (မိုင်တဲလ်) ဖုန်းဘေ၊ ဖုန်းဆင်းကဒ်များ ဆက်လက်ရောင်းချနေသည့် ထားဝယ်မြို့မှ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ထားဝယ်ခရိုင်သပိတ်ကော်မတီက တားမြစ်သည့်တိုက်တွန်းချက် ထုတ်ပြန်
📌 ၈။ စစ်အုပ်စုအနေဖြင့် ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေပြီး ချင်းပြည်နယ်သို့ ATR စစ်တပ်လေယာဉ်ဖြင့် စစ်သည်များပို့ဆောင်ခဲ့
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြင်းခြံကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁) ဦးနှင့် အမျိုးသမီး (၄) ဦး သေဆုံး
🚩၂။ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် (၂)ကြိမ် ဗုံးချတိုက်ခိုက်မှုတွင် အရပ်သား ၉ဦး သေဆုံးခဲ့
🚩၃။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများရှိလာ
🚩၄။ ပြင်ဦးလွင် စစ်တက္ကသိုလ်များနှင့် တပ်ရင်း၊ စခန်းများအားလုံး ညပိုင်းအမှောင်ချ၊ စစ်သားတွေရဲ့ ဇနီး ကျောင်း ဆရာမများ ကျောင်းမတက်တော့ပဲ လစာသာ ထုတ်ယူနေ
🚩၅။ ဝဲလောင်တံတားထိပ်တွင် စခ နှင့် ပျူ ပစ်ခတ်မှုဖြစ်ပွားပြီး ထနောင်းကုန်း ပျူတစ်ယောက် သေဆုံး
🚩၆။ "PDF ဆိုတာ ခွေးလောက် တောင် ဂရုစိုက်စရာမလိုဘူး" ဟု စိန်ခေါ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်နယ်တွေ လွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ ERO တွေက အဓိက တာဝန်ယူကြမှာဖြစ်ပြီးတော့ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက် NUG PDF များက အဓိက တာဝန်ယူကြမယ်လို့ ကာကွယ်ရေးဝန်ကြီး အတိအလင်းပြောကြား
ပြည်နယ်တွေလွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ ERO တွေက အဓိက တာဝန်ယူကြမှာဖြစ်ပြီးတော့ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက် NUG PDF များက အဓိက တာဝန်ယူကြမယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဧရာဝတီသတင်းဌာန နဲ့ စနေသတင်းစကားဝိုင်းအစီအစဉ်မှာ အတိအလင်း ပြောကြားလိုက်ပါတယ်။
"လက်ရှိ တော်လှန်ရေးမှာ ပြည်နယ်တွေလွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ ERO တွေက အဓိက တာဝန်ယူကြမယ်။ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက်တော့ NUG PDF များက အဓိက တာဝန်ယူကြမယ်ပေါ့။ အဲဒီတော့ PDF တွေ ပိုပြီးတော့ အားကောင်းလာအောင်၊ ပိုပြီးတော့ တိုက်စွမ်းရည်တက်လာအောင်လဲ ERO တွေက နယ်မြေဒေသ အလိုက် ဝိုင်းပြီးတော့ ကူညီကြတယ်။ ဒါသည်ပင်လျှင် လက်ရှိတော်လှန်ရေးကာလရဲ့ နားလည်မှု၊ အလုပ်တာဝန်ခွဲဝေမှုလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ တော်လှန်ရေး အောင်တဲ့အခါ၊ တနည်းအားဖြင့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီးတဲ့အခါမှာတော့ ပြည်ထောင်စု တခုလုံးရဲ့ လုံခြုံရေးကို NUG/PDF များနဲ့ ERO များ လက်တွဲပူးပေါင်းပြီး တာဝန်ယူသွားကြဖို့ ရှိပါလိမ့်မယ်" လို့ ဝန်ကြီးက ပြောကြားထားတာပဲ ဖြစ်ပါတယ်။
========================
📌📌 ၂။ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် မြေပြင်တရားရုံး (၃) ရုံး ဖွဲ့စည်းနိုင်ခဲ့ပြီလို့ တရားရေးအသိပေး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၇ /၂၀၂၄) ကို သြဂုတ်လ (၃၁) ရက်က ကျင်းပခဲ့ရာတွင် တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူးမှ "အမှုအခင်းများ စစ်ဆေးစီရင်ရာတွင် ဥပဒေနှင့်အညီ စစ်ဆေးစီရင်ရန်၊ ပြစ်ဒဏ်ချမှတ်မည်ဆိုလျင်လည်း ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေနှင့်အညီ မျှတစွာ ချမှတ်ရန်ဖြစ်ကြောင်း၊ ယခုဆိုလျှင် ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် မြေပြင်တရားရုံး(၃)ရုံး ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မြို့နယ်တရားရုံးများရှိ မုဒိန်းမှုများနှင့်ပတ်သက်၍ အမှုစစ်ဆေးနိုင်မှုအခြေအနေများကို စိစစ်ခြင်း၊ တရားရုံးများတွင် ထားရှိအသုံးပြုရမည့် မှတ်ပုံတင်စာအုပ်များ ရေးသွင်းခြင်းနှင့် ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် တရားသူကြီးများမှ မေးမြန်းလာသော မြေပြင်တွင် ကြုံတွေ့နေရသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းချက်များကို ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး နှင့် လုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူးတို့မှ ပြန်လည်ဖြေကြားခဲ့ကြတယ်လို့ သိရှိရပါတယ်။
အစည်းအဝေးသို့ ကြားကာလ တရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ရုံးအဖွဲ့မှူး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ညီနောင်မဟာမိတ် (၃) ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ကြေညာ
စက်တင်ဘာ (၂) ရက် ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရုပ်သံဌာနများက ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အသိပေးကြောင်း ကြေညာသွားတယ်လို့ သတင်းရရှိပါတယ်။
ကြေညာချက်အရ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက သတ်မှတ်ကြောင်း ဖော်ပြထားပါတယ်။
ကြေညာချက်တွင် စစ်ကောင်စီသည် ၄င်းတို့စစ်ရှုံးနေမှုကို ဝန်မခံထားဘဲ ညီနောင်အဖွဲ့များက မြို့ရွာများနှင့် အရပ်သားများကို အကြောင်းမဲ့ တိုက်ခိုက်သယောင်စွပ်စွဲ ပြစ်တင်ထားပြီး ၄င်းတို့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတို့ကို ဖုံးကွယ်ထားပါတယ်။
========================
📌📌 ၄။ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်ဟု သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးတွဲထုတ်ပြန်
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှု အဖွဲ့သစ်၏ လုပ်ငန်းစဉ်များတွင် နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သာမက ရပ်ကွက်၊ ကျေးရွာများတွင် စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ ပါဝင်ပြီး အသက် (၃၅) နှစ် မှ (၆၅) နှစ် အကြား အရပ်သားအမျိုးသားများကို ပစ်မှတ်ထားကာ အကောင်အထည် ဖေါ်သွားမည်ဖြစ်ပြီး ရပ်/ကျေးများတွင် စတင်လူစုနေသည် ကြားသိရတာကြောင့် ပြည်သူများမှ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နှင့် လုံးဝ မပါဝင် မပတ်သက်ရန်နှင့် ဆန့်ကျင်သွားရန်၊ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးများမှလည်း ထိုအဖွဲ့အား လုံးဝမကူညီရန်၊ ထိုအဖွဲ့အား အမျိုးမျိုး ပါဝင်လုပ်ဆောင် ကူညီနေသူများကို ပြည်သူများမှ သတင်းပေးပို့သွားရန်နှင့် ၄င်းတို့အား ပြည်သူ့သစ္စာဖေါက်ဟု သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့များ MSFC-DoD၊ MSRF နှင့် MSDF တို့မှ ပူးတွဲ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ကာလတွင် လက်နက်အင်အားအရ အသာစီးရနေသေးသော်လည်း စိတ်ဓါတ်အင်အား၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုစွမ်းရည်များတွင် သိသိသာသာကျဆင်းလာပြီး ကျားအစစ်မှ စက္ကူကျား အဆင့်သို့ လျင်မြန်စွာ ကျဆင်းနေသည်ကို ပြည်သူများ မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း၊ စုဆောင်းလာသူများကို ရပ်ကွက်၊ ကျေးရွာလုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် ပထမအဆင့်အနေဖြင့် ရည်ရွယ်ထားသော်လည်း အင်းအားနည်းပါးနေသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်ကို အားဖြည့်ရန် ထိခိုက်ကျဆုံးမှုများသော ရှေ့တန်းသို့ မကြာမီ ပို့ဆောင်သွားရန် အစီအစဉ်လည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ရှောင်ပြည်သူများအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စားနပ်ရိက္ခာများနှင့် အလှူရှင်များမှ လှူဒါန်းထားသော လှူဒါန်းငွေများကို ထောက်ပံ့ပေးအပ်
ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုမှ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးကာ လက်နက်ကြီး၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသော စစ်ရှောင်ပြည်သူများအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စားနပ်ရိက္ခာများနှင့် အလှူရှင်များမှ လှူဒါန်းထားသော လှူဒါန်းငွေများကို စက်တင်ဘာလ (၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် လူသားစာနာတာဝန်ခံနှင့် တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထို့နောက် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကမှ ဦးဆောင်ကာ အကြမ်းဖက်စစ်အုပ်စုမှ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗုံးခိုကျင်းလိုအပ်နေသော မြို့နယ်တွင်းရှိ ကျေးရွာတစ်ခုသို့ ဗုံးခိုကျင်း ဖြစ်မြောက်ရေးကော်မတီထံသို့ အလှူရှင်များမှ လှူဒါန်းထားသော ငွေကျပ် (၂,၁၂၆,၀၀ဝိ/) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အခွန်ကောက်ခံရရှိငွေမှ ငွေကျပ် (၁,၀၀၀,၀၀ဝိ/)၊ စုစုပေါင်း ငွေကျပ် (၃,၁၂၆,၀၀ဝိ/) ကို ကျေးရွာတာဝန်ခံထံသို့ လက်ရောက်ပေးအပ်ခဲ့တယ်လို့ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြပါတယ်။
========================
📌📌 ၆။ ဩဂုတ်လအတွင်း လောင်းလုံးမြို့နယ်အတွင်းနေ ပြည်သူများကို Launglone PDF Medical Team မှ ဆေးဝါးကုသထောက်ပံ့ပေးခဲ့
ဩဂုတ်လအတွင်း လောင်းလုံးမြို့နယ်အတွင်းနေ မိုးရာသီတုတ်ကွေးအဖျား နှင့် ကူးစက်ယားနာ ပြန့်ပွါးမှုရှိနေတဲ့ ပြည်သူများစွာကို ဆေးဝါးကုသ ထောက်ပံ့ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆေးဘက်အဖွဲ့ Launglone PDF Medical Team မှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လအတွင်း ပထမနှင့် ဒုတိယအကြိမ် (၆၅၅)ဦး ၊ တတိယအကြိမ် (၁၆၇)ဦး စုစုပေါင်း ပြည်သူ (၁,၀၃၃) ဦးတို့အား ဆေးဘက်ဆိုင်ရာ ကုသမှု ၊ ဆေးဝါးဝယ်ယူထောက်ပံ့မှုများစွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ပြည်သူများနှင့် ပြည်သူအများ ကျန်းမာရေးအထူး ဂရုစိုက်ကြပါရန်လည်း Launglone PDF Medical Team မှ တိုက်တွန်းဖော်ပြထားပါတယ်။
========================
📌📌 ၇။ စစ်တပ်ထုတ် Mytel (မိုင်တဲလ်) ဖုန်းဘေ၊ ဖုန်းဆင်းကဒ်များ ဆက်လက်ရောင်းချနေသည့် ထားဝယ်မြို့မှ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ထားဝယ်ခရိုင်သပိတ်ကော်မတီက တားမြစ်သည့်တိုက်တွန်းချက် ထုတ်ပြန်
စစ်တပ်ထုတ် Mytel(မိုင်တဲလ်) ဖုန်းဘေ၊ ဖုန်းဆင်းကဒ်များ ဆက်လက်ရောင်းချနေသည့် ထားဝယ်မြို့မှ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ထားဝယ်ခရိုင်သပိတ်ကော်မတီကတားမြစ်သည့်တိုက်တွန်းချက်ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။
"တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ဖော်ပြပါ ဓာတ်ပုံပါ ဖုန်းဆိုင်၊ ကုန်စုံဆိုင်တချို့သည် စစ်တပ်ထုတ်ကုန်ဖြစ်သည့် Mytel ဖုန်းငွေဖြည့်ကဒ်၊ Mytel ဖုန်းဆင်းကဒ်တို့ကို ဆက်လက်ဖြန့်ဖြူးရောင်းချနေသည်ကို ကော်မတီမှ စိတ်မကောင်းစွာဖြင့် စုံစမ်းတွေ့ရှိရတယ်" လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက Mytel အပါအဝင် စစ်တပ်ထုတ် ကုန်ပစ္စည်းများကို ဝယ်ယူရောင်းချတာ၊ သုံးစွဲတာမျိုးမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုအသီးသီးမှ တိုက်တွန်းနှိုးဆော်လာခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။
Mytel ဟာ စစ်အာဏာရှင်စနစ်အသက်ဆိုးရှည်စေရေးအတွက် စစ်ကောင်စီတပ်ကို အသက်ဆက်ပေးနေသည့် စီးပွားရေးထောက်တိုင်များထဲတွင် စစ်တပ်ကို ဘဏ္ဍငွေ အများအပြား ရှာဖွေပေးနိုင်သည့် ကုန်ပစ္စည်းတခုဖြစ်ပြီး Mytel အပါအဝင် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဘဏ္ဍာငွေများဖြင့် စစ်တပ်က ပြည်သူများအပေါ် နေ့စဥ် ဗုံးကြဲတိုက်ခိုက်၊ ဖမ်းဆီးသတ်ဖြတ်မှုများကို အစဥ်တစိုက် ပြုလုပ်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
သို့ဖြစ်၍ Mytel ထုတ်ကုန်များကို လက်ရှိအချိန်ထိ ဖြန့်ဖြူးရောင်းချနေသည့် ထားဝယ်မြို့ပေါ်မှ ဖုန်းဆိုင်၊ ကုန်စုံဆိုင်များအနေဖြင့် Mytel ထုတ်ကုန်များကို ဆက်လက်ဖြန့်ဖြူးမရောင်းချကြဖို့နှင့် ပြည်သူများအနေဖြင့်လည်း ဝယ်ယူမသုံးစွဲကြဖို့ ကော်မတီမှ အနူးအညွတ် တိုက်တွန်းအပ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၈။ စစ်အုပ်စုအနေဖြင့် ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေပြီး ချင်းပြည်နယ်သို့ ATR စစ်တပ်လေယာဉ်ဖြင့် စစ်သည်များပို့ဆောင်ခဲ့
စစ်အုပ်စုအနေဖြင့် ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေပြီး ချင်းပြည်နယ်သို့ ATR စစ်တပ်လေယာဉ်ဖြင့် စစ်သည်များပို့ဆောင်ခဲ့တယ်လို့ စက်တင်ဘာ (၂) ရက်မှာ JusticeForMyanmar က ထုတ်ပြန်ဖော်ပြပါတယ်။
ADS-B Exchange မှတဆင့် ရရှိသည့် ပျံသန်းမှုအချက်အလက်များက စစ်အုပ်စုအနေဖြင့် ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေတယ်လို့ ဆိုပါတယ်။
(၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် MSN-927 ကို ပျံသန်းအသုံးပြုထားသည်ကို တွေ့ခဲ့ရပြီး၊ ယင်းပျံသန်းမှုသည် မြန်မာစစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ထားရာဒေသဖြစ်သည့် မြန်မာနိုင်ငံ အနောက်မြောက်ဒေသသို့ ပျံသန်းခဲ့ခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
(၂၀၂၄) ခုနှစ်အတွင်း စစ်သားတစ်ယောက်က TikTok ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ချင်းပြည်နယ်သို့ ATR စစ်တပ်လေယာဉ်ဖြင့် စစ်သည်များ ပို့ဆောင်ခဲ့မှုကို တွေ့ရှိရပြီး (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် မြန်မာစစ်အုပ်စုသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားသည့် ၎င်းတို့၏ စစ်သည် (၉၂) ဦးအား ATR လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ JusticeForMyanmar ကထုတ်ဖော်လိုက်ပါတယ်။
(၂၀၂၂) ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် မြန်မာလေတပ်သည် မြဝတီမြို့နယ်တောင်ပိုင်း၊ သေဘောဘိုးဒေသတွင် မြေပြင်-ဝေဟင်ပေါင်းစပ်စစ်ဆင်ရေး ဆောင်ရွက်ခဲ့မှုအတွင်း လေကြောင်းထောက်လှမ်းမှု လုပ်ဆောင်ရန်အတွက် ATR-42 လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပါတယ်။
မြန်မာ့လေတပ်အနေဖြင့် အပိုပစ္စည်းများနှင့် အစားထိုးပစ္စည်းများ လက်လှမ်းမှီဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းများနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားမှုများ ရရှိနေမှု၊ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်မှုအတွက် လိုအပ်သော လမ်းညွှန်ချက်များ ရရှိနေမှုများကို ပိတ်ပင်တားဆီးရန် အစိုးရများနှင့် ပစ္စည်းတင်သွင်းရောင်းချသူများအား Justice For Myanmar က တောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြင်းခြံကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁) ဦးနှင့် အမျိုးသမီး (၄) ဦး သေဆုံး
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာအုပ်စု မြင်းခြံကုန်းကျေးရွာတွင် အကြမ်းဖက် စကစက တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိဘဲ ဗုံး (၄) လုံး ကြဲချရာ (၃) လုံး လေထဲ မှာ ပေါက်ကွဲပြီး ကျန်တစ်လုံးမှာ ရွာဦးဘုန်းကြီးကျောင်း အနီးအနား ကျရောက်ပေါက်ကွဲခြင်းကြောင့် အိမ် (၂) လုံး မီးလောင်ပြီး အပြစ်မဲ့ အမျိုးသမီး (၃) ဦး နှင့် ကလေးတစ်ဦး စုစုပေါင်း (၄) ဦးသေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်းလူငယ်ကွန်ယက်မှ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၂) ရက်နေ့ မနက်တွင် ဒဏ်ရာရ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး အသက် (၁၂) နှစ်သားတစ်ဦး ခြေ/ လက်ပြတ် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩၂။ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် (၂)ကြိမ် ဗုံးချတိုက်ခိုက်မှုတွင် အရပ်သား ၉ဦး သေဆုံးခဲ့
ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် (၂)ကြိမ် ဗုံးချတိုက်ခိုက်မှုတွင် အရပ်သား ၉ဦး သေဆုံးခဲ့ရကြောင်း ထီးချိုင့်TR Team က စက်တက်ဘာ (၂) ရက်မှာ အတည်ပြုဆိုထားပါတယ်။
စက်တင်ဘာ (၁) ရက် မွန်းလွဲ (၂:၃၀)နာရီ နဲ့ (၃:၀၀) နာရီကြား မိတ္ထီလာက တက်လာသော ဂျက်ဖိုက်တာ (၁) စီးဖြင့် လေကြောင်း (၂) ကြိမ် ဗုံးချတိုက်ခိုက်မှုတွင် မောင်းကုန်းရွာရှိ ပိပိရိရိ ဆိုင်ရှေ့နှင့် ဂရိတ်ဝေါ ဝင်ပေါက်နား (၂) နေရာ ဗုံးကျခဲ့ပြီး ပိပိရိရိ ဆိုင်ရှေ့ကျသော ဗုံးသီးသည် ဆီပေပါများ တင်ထားသော ကားပေါ်ကျကာ ပေါက်ကွဲပြီး ပြည်သူ (၆) ဦး ခန့်သေဆုံးခဲ့ပါတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ထပ်မံသေဆုံးမှုအရ စုစုပေါင်း (၉) ဦး သေဆုံးကာ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
၎င်းနေရာသည် ဈေးအနီးဖြစ်ပြီး စစ်ရေး ပစ်မှတ်များ မရှိဘဲ အရပ်သားများ ရှိသောနေရာသာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩၃။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများရှိလာ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်ရာဇဝတ်မှုများကို အစဉ်တစိုက် ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
သြဂုတ်လ (၂၇) ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူများ ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
ထိုနေ့တွင်ပင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင်နှင့် အနီးရှိ နေအိမ်တချို့ ပျက်စီးခဲ့သည့်အပြင် ဒေသခံနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး သြဂုတ်လ (၂၈) ရက်နေ့တွင်လည်း မန္တလေးတိုင်းရှိ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဒေသခံနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩၄။ ပြင်ဦးလွင် စစ်တက္ကသိုလ်များနှင့် တပ်ရင်း၊ စခန်းများအားလုံး ညပိုင်းအမှောင်ချ၊ စစ်သားတွေရဲ့ ဇနီး ကျောင်း ဆရာမများ ကျောင်းမတက်တော့ပဲ လစာသာ ထုတ်ယူနေ
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီ တပ်ရင်းနှင့် စခန်းများအားလုံး လုံခြုံရေးအရ ညပိုင်း အမှောင်ချနေပြီး စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့ကြောင်း ပြင်ဦးလွင် ဒေသသတင်းရင်းမြစ်များမှ သိရပါတယ်။
လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်သွားပြီးချိန်မှစ၍ ပြင်ဦးလွင်တပ်နယ်တွင် ညပိုင်း မီးများ မထွန်းတော့ပဲ အမှောင်ချထားပြိး (၂၄) နာရီ ကင်းများနှင့် ကင်းပုန်းများ အပြည့်ချထားတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်တွင် စစ်တပ်က ဧည့်စာရင်း စစ်ဆေးမှုများကို လုပ်ဆောင်လာပြီး မြို့လုံခြုံရေးကို ပြည်သူ့စစ်၊ ပျူစောထီးများက အဓိက တာဝန်ယူနေတယ်လို့ သိရပါတယ်။
ထို့အပြင် ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အပါအဝင် ကကပြည် လက်အောက်ခံ တပ်ကျောင်းများတွင် စစ်သားတွေရဲ့ ဇနီး ကျောင်းဆရာများ ကျောင်းလုံး၀မတက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ပြီး စာလည်း မသင်တော့ဘဲ လစာ ပုံမှန်ထုတ်ယူကြ သိရပါတယ်။
ကျောင်းသားတွေ စာမသင်ရတာ (၂) လ လောက် ရှိနေပြီး မြို့နယ်တို့ ခရိုင်တို့ကလည်း ထိထိရောက်ရောက် အရေးမယူရဲဘူးလို့ သိရပါတယ်။
စက်တင်ဘာလ (၁) ရက်နေ့ ည (၇) နာရီမှာ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် နောင်ချို၊ တောင်ခမ်းဘက်ကို အဆက်မပြတ် လက်နက်ကြီးအလုံးရေ (၃၀) နီးပါး ပစ်ခတ်ခဲ့ပါတယ်။
========================
🚩🚩၅။ ဝဲလောင်တံတားထိပ်တွင် စခ နှင့် ပျူ ပစ်ခတ်မှုဖြစ်ပွားပြီး ထနောင်းကုန်း ပျူတစ်ယောက် သေဆုံး
ဝဲလောင်စာသင်ကျောင်းအတွင်း တပ်စွဲထားသော ပျူအုပ်စုနှင့် စစ်သားများ ပြဿနာတတ်ပြီး စက်တင်ဘာ (၁) ရက်နေ့ ညနေပိုင်းကတည်းက ပျူအုပ်စုမှာ ထနောင်းကုန်း၊ ရွာသစ်ဘက်သို့ ပြန်သွားပြီး ကျေနပ်မှု မရှိသော ပျူအုပ်စုမှ ည (၉) နာရီခန့်တွင် ဖောကားအဖြူရောင်ဖြင့် PDF ဟန်ဆောင်ကာ ဝဲလောင်သို့ အရှေ့ဘက်မှ ဝင်ရောက်ခဲ့စဉ် တံတားထိပ်ရှိ စခ ကင်းပုန်းမှ စတင်ပစ်ခတ်သဖြင့် ကားပေါ်ပါ ပျူများ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာမှ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၂) ရက်နေ့ ညနေ (၅) နာရီခန့်တွင် အထကကျောင်းအတွင်း ကျန်ရှိနေသော စစ်သားများသည် ကားတစ်စီးဖြင့် မြင်သတောင် ဘက ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများထံ သွားရောက်ပူပေါင်းခဲ့ပြိး ဝဲလောင်စခန်းရှိ ရဲများမှ အထက အတွင်း ကျန်ရှိနေသော စစ်များ၏ ကျောပိုးအိတ်နှင့် လက်ကျန်ပစ္စည်းများ စခန်းထဲသို့ သယ်ယူထားရကြောင်း သိရပါတယ်။
ဝဲလောင် အထက စာသင်ကျောင်းအတွင်း တပ်စွဲထားသော ရွာသစ်၊ ထနောင်းကုန်း၊ သဘွတ်စုမှ ပျူအင်အား (၃၀) ခန့်ဟာ ဝဲလောင်ရွာနှင့် အနီးတစ်ဝိုက်မှ ပြည်သူများထံမှ စားနပ်ရိက္ခအတွက် အကြောင်းပြကာ အတင်းအဓမ္မ ဆန်၊ ဆီ များလုယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩၆။ "PDF ဆိုတာ ခွေးလောက် တောင် ဂရုစိုက်စရာမလိုဘူး" ဟု စိန်ခေါ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
စက်တင်ဘာလ (၁) ရက် ည (၁၁) နာရီခန့်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ "PDF ဆိုတာ ခွေးလောက်တောင် ဂရုစိုက်စရာမလိုဘူး" ဟု စိန်ခေါ်ခဲ့သော ပျူစောထီးခေါင်းဆောင် ပျဉ်းကတိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ပါတယ်။
ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးဌေးနိုင်ကို သေနတ်နဲ့ (၁) ချက် ပစ်ခတ်ရှင်းလင်းခဲ့ပြိး စက်တင်ဘာလ (၂) ရက် နံနက် (၆) နာရီခန့်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်သွားကြောင်း သိရပါတယ်။
အုပ်ချုပ်ရေးမှူးကို (၂၀၂၂) ခုနှစ်ကတည်းက သတိပေးစာ ထုတ်ဖူးခဲ့ပြီး ပျူခေါင်းဆောင်လည်းဖြစ်သလို စစ်ကောင်စီကို လောင်းကစားဝိုင်းတွေ လုပ်ပြီး ငွေရှာပေးခြင်း၊ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပြီး ငွေရှာပေးခြင်း၊ အုပ်ချုပ်ရေးမှူး ဌေးနိုင်ကြောင့် အပြစ်မဲ့ ပြည်သူ (၁၀) ဦးထက်မနည်း ဖမ်းဆီးခံရဖူးခြင်းနှင့် စစ်မှုထမ်းအကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေတောင်းခံတာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးမှူး ဌေးနိုင်ကို နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment