၂၀၂၄ စက်တင်ဘာလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ
📌 ၂။ ကရင်နီပြည်ကြားကာလလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးခေါ်ယူ
📌 ၃။ မြန်မာရွေ့ပြောင်းကလေးငယ် တစ်ထောင်ကျော်ပညာသင်ကြားနေတဲ့ထိုင်းနိုင်ငံ စူရတ်ဌာနီမှ ကျောင်းတစ်ကျောင်းအပိတ်ခံရ
📌 ၄။ မြန်မာပြည်သူအပေါင်းတို့၏ အရေးတော်ပုံကြီးကို နှောင့်နှေး အားနည်းစေရန် ကြိုးပမ်းသည့် မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများ ကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက် ကြောင်း အသိပေးထုတ်ပြန်
📌 ၅။ အကြမ်းဖက်စစ်တပ်က အလာကားရတဲ့ ကူးတို့သင်္ဘော အသုံးပြုခတွေကို တိုးမြှင့်ကောက်ခံလိုက်ပြီး လူတစ်ဦး ကို ကျပ် ၃၀၀ အထိ တိုးမြှင့် ကောက်ခံလာ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေထံကနေ သိမ်းပိုက်ထားတဲ့ သံချပ်ကာယာဉ်တွေအသုံးပြုတိုက်ခိုက်
🚩 ၂။ မိုးမောက်-ဗန်းမော်လမ်းနဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA အသိပေး
🚩 ၃။ မြောက်ဒဂုံ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
🚩 ၄။ ကရင်နီပြည်တွင် စကစလေတပ်က၄ကြိမ် ဗုံးကြဲပြီး လေယာဥ်ပစ်စက်သေနတ်ဖြင့် ပတ်၍ပစ်ခတ်ခဲ့
🚩 ၅။ ခင်ဦးနယ်တွင် စကစတပ်နဲ့ပျူများက နှဲတွင်းရွာကို ၇ ရွာ မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်း ဆီဆုံလေးရွာကိုလည်း ၈ ရွာ မြောက် ထပ်မံဝင်ရောက် မီးရှို့
🚩 ၆။ မူဆယ်မြို့နယ် စယ်လန့်ရွာမီးလောင်မှု ကျပ်သိန်းတထောင်ဖိုးခန့် ဆုံးရှုံး
🚩 ၇။ KNU တပ်မဟာ ၅ နယ်မြေမှာ ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃၅ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ
စက်တင်ဘာ၅ရက်
အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ရန်သူအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတွေ ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနဲ့ စစ်ရှောင်စခန်းမှာနေတဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီး လက်နက်ငယ်မျိုးစုံနဲ့ ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ရန်သူအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းအင်အားကိုအသုံးပြုပြီး မြန်မာနိုင်ငံနေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက် ခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့လည်း အသိပေးပါတယ်။
အခုလို ရာဇဝတ်မှုတွေ ဆိုးရွားပြင်းထန်စွာကျူးလွန်နေတာဟာ နိုင်ငံတကာစစ်ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တဲ့အတွက် ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာတရားရုံးတွေနဲ့ စစ်ခုံရုံးတွေမှာအရေးယူပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ချမှတ်ရမယ်လို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်ရှိစွာနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တွေတင်မဟုတ်ဘဲ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ သက်ကြီးပိုင်းပြည်သူတွေကိုလည်း အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ကြိုးပမ်းလာနေပြီလို့ ဆက်လက်အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးစတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကိုကျူးလွန်နေပြီး မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းရေး ဦးတည် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်နေတာ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကို ထိခိုက်ပျက်စီးစေတဲ့ အဖွဲ့အစည်းဖြစ် နေတာကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူ -Enemy of the State အဖြစ် သတ်မှတ်လိုက်တာလို့ NUG က ရှင်းပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းများ၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားတွေမှာ ပါဝင်သူတွေနဲ့ အားပေး ကူညီတဲ့သူတွေဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို သစ္စာဖောက်ဖျက်သူ၊ အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံ အားပေးသူတွေအဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံဆောင်ရွက်စေခိုင်းမူတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ကို လိုလားကြတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စု ကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးကြဖို့ NUG က ပန်ကြားထားပါတယ်။
========================
📌📌 ၂။ ကရင်နီပြည်ကြားကာလလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးခေါ်ယူ
စက်တင်ဘာ၅ရက်
ကရင်နီပြည်ကြားကာလလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးခေါ်ယူကျင်းပမည်ဖြစ်ကြောင်းစက်တင်ဘာ ၅ ရက်မှာ ကရင်နီပြည်ကြားကာလလွှတ်တော်က အသိပေးကြေညာပါတယ်။
ကရင်နီပြည်ကြားကာလလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကိုစက်တင်ဘာ၆ရက်မနက်၈နာရီ၃၀အချိန်တွင်အွန်လိုင်းကတဆင့်ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
ကရင်နီပြည်ကြားကာလလွှတ်တော်ကိုတနှစ်တာကာလအတွင်းလေးကြိမ်ကျင်းပပြီးစီးခဲ့ပြီးပြည်နယ်တရားသူကြီးနှင့်တရားသူကြီးများလွှတ်တော်ကခန့်အပ်ခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာရွေ့ပြောင်းကလေးငယ် တစ်ထောင်ကျော်ပညာသင်ကြားနေတဲ့ထိုင်းနိုင်ငံ စူရတ်ဌာနီမှ ကျောင်းတစ်ကျောင်းအပိတ်ခံရ
စက်တင်ဘာ၅ရက်
မြန်မာရွေ့ပြောင်းကလေးငယ် တစ်ထောင်ကျော်ပညာသင်ကြားနေတဲ့ထိုင်းနိုင်ငံ စူရတ်ဌာနီမှ ကျောင်းတစ်ကျောင်းအပိတ်ခံရကြောင်းကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FEDက ဦးထူးချစ်က စက်တင်ဘာ၅ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဖော်ပြထားပါတယ်။
"မြန်မာရွေ့ပြောင်းကလေးငယ် တစ်ထောင်ကျော်ပညာသင်ကြားနေတဲ့ စူရတ်ဌာနီမှ ကျောင်းတစ်ကျောင်းအပိတ်ခံလိုက်ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။ထိုင်းနိုင်ငံတွင်း ရွေ့ပြောင်းကလေးငယ်များအတွက်၊ ကျောင်းများ တရားဝင် ဖွင့်နိုင်ရန် ကြိုးစားကြရပါမယ်"လို့ဖော်ပြထားပါတယ်။
ဆူရတ်ဌာနီခရိုင်တွင်းရှိ၊ဘန်ကူးမေတ္တာရိပ်၊မြန်မာရွှေ့ပြောင်းကလေးများကျောင်းသည်ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာန၊၂၀၀၇ခုနှစ်၊ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရတည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲလုပ်ဆောင်နေသောကြောင့်လက်ရှိတွင်၊လုပ်ငန်းအားလုံးအားရပ်ဆိုင်းလိုက်ပြီဖြစ်ပြီးယခုချိန်မှာတရားဥပဒေရအရေးယူရန်ပြင်ဆင်မှုလုပ်များလုပ်ဆောင်နေတယ်လို့ ထိုင်းအစိုးရ ခရိုင်ပညာရေးဌာမှ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မြန်မာပြည်သူအပေါင်းတို့၏ အရေးတော်ပုံကြီးကို နှောင့်နှေး အားနည်းစေရန် ကြိုးပမ်းသည့် မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများ ကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက် ကြောင်း အသိပေးထုတ်ပြန်
စက်တင်ဘာ၅ရက်
စက်တင်ဘာ၅ရက်မှာ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က အခုလိုအသိပေးထုတ်ပြန်ပါတယ်။
ယခုအချိန်ကာလသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာပြည်နေရာအနှံ့အပြားတွင် စစ်ရေးတိုက်ပွဲများကို တိုင်းရင်းသားအင်အားစုများနှင့်တကွ နွေဦးတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဖော်ဆောင် ဆင်နွှဲနေသည့် ကာလဖြစ်တယ်လို့ဆိုပါတယ်။
စစ်ရေးနည်းတင်မက လူထုနည်းဖြင့်ပါ မင်းအောင်လှိုင် စစ်အုပ်စုကို အဆုံးသတ်နိုင်ရေးအတွက် မြန်မာပြည်သူလူထုတရပ်လုံး အသက်သွေးချွေးများနှင့်ရင်း၍ တွန်းလှန်တိုက်ပွဲ၀င်နေကြချိန်ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာပြည်သူများအနေဖြင့် “စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအပါအဝင် မြန်မာနိုင်ငံရေးတွင် စစ်တပ်ကြီးစိုးစေမည့် မည်သည့် နိုင်ငံရေးလုပ်ငန်းစဥ်ကိုမှ အယုံအကြည် မရှိဘူးလို့လည်းဖော်ပြပါတယ်။
စစ်ကောင်စီ အလုံးစုံပျက်သုဥ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးကိုသာ ပိုင်းဖြတ် ယုံကြည်စွာဖြင့် တိုက်ပွဲဝင်လျက်ရှိပြီး မြန်မာပြည်သူအပေါင်းတို့၏ လွတ်လပ်ခွင့်၊ တရားမျှတမှု နှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ဆင်နွှဲတိုက်ပွဲဝင်နေသည့် အရေးတော်ပုံကြီးကို နှောင့်နှေး အားနည်းစေရန် ကြိုးပမ်းသည့် မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများ ကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက် ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်တပ်က အလာကားရတဲ့ ကူးတို့သင်္ဘော အသုံးပြုခတွေကို တိုးမြှင့်ကောက်ခံလိုက်ပြီး လူတစ်ဦး ကို ကျပ် ၃၀၀ အထိ တိုးမြှင့် ကောက်ခံလာ
စက်တင်ဘာ၅ရက်၊ ကိုမြင့်သူ
အကြမ်းဖက်စစ်တပ်က အခု စက်တင်ဘာလကစတင်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုခတွေကို တိုးမြှင့်ကောက်ခံလိုက်သလို ဒလ-ပန်းဆိုးတန်းသွား ကူးတို့ခတွေကိုလည်း ယခင် ကျပ်တစ်ရာကနေ အာဏာသိမ်းပြီးတဲ့နောက် ကျပ်နှစ်ရာ တိုးမြှင့်ကောက်ခံခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ကျပ် ၃၀၀ အထိ တိုးမြှင့် ကောက်ခံလာတာ ဖြစ်ပါတယ်။
ချယ်ရီ (၁)၊ ချယ်ရီ (၂) နဲ့ ချယ်ရီ (၃) ကူးတို့သင်္ဘောတွေနဲ့အတူ ဆိပ်ခံတံတား ၂ စင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ဂျ ပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ ဂျပန်နိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ်နဲ့ ပေးအပ်ခဲ့တဲ့ အဲဒီသင်္ဘော ၃ စီးကို အကြမ်းဖက်စစ်တပ် လက်အောက်က ပြည်တွင်းရေကြောင်းဦးစီးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲက စီမံလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက ပေးအပ်လာတဲ့ ကူးတို့သင်္ဘောတွေကို ဈေးတက်လာတဲ့အပြင် ဒလ-ပန်းဆိုးတန်း ကူးတို့ဆိပ်ကို ဖြတ်ကူးတဲ့ လူကူးခုံးကျော်တံတားရှိ စက်လှေကားမှာလည်း စက်သုံးဆီ အသုံးမပြုနိုင်တဲ့အတွက် ပိတ်ထားတာ ကိုလည်း တွေ့မြင်ရ မှာြဖစ်ပါတယ်။
မြန်မာပြည်သူတွေမှာ ပုဂ္ဂလိကအပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာပါ ဈေးနှုန်းတွေ မြင့်သထက်မြင့်လာပြီး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီလို အခက်အခဲတွေ ကြုံနေကြရပေမယ့် အကြမ်းဖက်စစ်တပ်ကတော့ အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၂၂ မြိုနယ်မှာ ပဋိပက္ခတွေကို ဖြစ်ပွားစေပြီး တိုက်ပွဲပေါင်း ၅၀၀၀ နီးပါးကို ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံ ဆင်နွှဲပြီးတဲ့နောက် လူပေါင်း ၆ သန်းကျော်ကိုလည်း အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည် ဖြစ်စေခဲ့ပါတယ်။
လတ်တလောမှာ အမေရိကန်ဒေါ်လာ နိုင်ငံခြားသုံးငွေတွေ ဈေးပြန်ကျလာပေမယ့်လည်း ကုန်ဈေးနှုန်းတွေက ကျဆင်းလာတာမရှိဘဲ နေ့စဥ် ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေထံကနေ သိမ်းပိုက်ထားတဲ့ သံချပ်ကာယာဉ်တွေအသုံးပြုတိုက်ခိုက်
စက်တင်ဘာ၅ရက်
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်တွေထံကနေ သိမ်းပိုက်ရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို အသုံးပြုတိုက်ခိုက် နေတဲ့ ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်- TNLA က စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းဒေသတိုက်ပွဲမှတ်တမ်းကိုဖော်ပြရာမှာ TNLA အနေနဲ့ စစ်ကောင်စီတပ်တွေထံက နေ သိမ်းပိုက်ရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို အသုံးပြုပြီး တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။
အခု စက်တင်ဘာလဆန်းပိုင်းမှာပဲ စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးတားမဝေါနဲ့ တပ်မဟာမှူး ၆ ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်ပြီး တောင်ခမ်းရွာအုပ်စုက စစ်ကောင်စီရဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တို့ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲမှတ်တမ်းဖြစ်ပါတယ်။
ဒီရုပ်သံမှတ်တမ်းမှာ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေတွေအပါအဝင် တိုက်ပွဲအတွင်း သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက်ကြီးလက်နက်ငယ်တွေကိုလည်း ဖော်ပြထား ပါတယ်။
တောင်ခမ်းဒေသမှာ အမြောက်တပ်ရင်း ၄ ခုရှိတဲ့အနက် အမတ ၄၀၆ နဲ့ အမတ ၂၀၆ တို့ကို သြဂုတ်လကုန်ပိုင်းမှာ TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေတဲ့ အမတ ၃၅၄ နဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ တပ်တို့ကို ထပ်မံ သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေတာလို့ သိရပါတယ်။
တရုတ်အစိုးရက တိုက်ပွဲတွေချက်ချင်းရပ်ဖို့ ဩဂုတ်လ ၂၉ ရက်မှာ ခြိမ်းခြောက်စာပေးပို့ခဲ့သလို သြဂုတ်လ ၃၀ ရက်နေ့မှာ လည်း တရုတ်အထူးကိုယ်စားလှယ်နဲ့ TNLA တို့ တွေ့ဆုံခဲ့တာရှိပေမယ့် TNLA ဘက်က စစ်ကောင်စီတပ်တွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာလဲဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကပေးပို့တဲ့ ခြိမ်းခြောက်စာဟာ တအာင်းတိုင်းရင်းသားတွေအပါအဝင် မြန်မာပြည်သူတရပ်လုံးအပေါ် ရိုင်းပြစော်ကားတဲ့အပြုအမူဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မိုးမောက်-ဗန်းမော်လမ်းနဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA အသိပေး
စက်တင်ဘာ၅ရက်
ကချင်ပြည်နယ် မိုးမောက်-ဗန်းမော်လမ်းပိုင်းနဲ့ ဖားကန့်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ပါဝင်တဲ့ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
စစ်ကောင်စီက မိုးမောက်မြို့နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းက မိုးမောက် - ဗန်းမော်လမ်း ၆ မိုင် အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်တယ်လို့ အသိပေးထားပေမယ့် ထိခိုက်ကျဆုံးအခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။
တိုက်ပွဲဖြစ်နေရာကို ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေဟာ လုံခြုံမယ်ထင်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း KIA ဘက်က အသိပေးပါတယ်။
KIA ပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ ဩဂုတ်လ ၁၉ ရက်မှာ မိုးမောက်အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခမရ-၄၃၇ တပ်ရင်းကို သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ ပြန်လည်ပြုလုပ်လာတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မနေ့က တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဆိုင်းတောင်အပါအဝင် ဒေသတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကနေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ရာဒေသက ပြည်သူတွေ လုံခြုံရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ ဖားကန့်နဲ့ မိုးမောက်မြို့နယ်အပြင် ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း၊ ဗျူဟာကုန်း၊ တပ်ရင်းဌာနချုပ်များအပါအဝင် စခန်းကြီးငယ် ၂၀၀ ကျော်ကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက စစ်ဆင်ရေးတွေမှာလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ မြောက်ဒဂုံ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
စက်တင်ဘာ၅ရက်
ရန်ကုန်မြို့တော် မြောက်ဒဂုံ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Column က အသိပေးထုတ်ပြန်ပါတယ်။
မနေ့ စက်တင်ဘာ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း၂လုံးနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲသုံကို တရပ်ကွက်လုံးနီးပါးကြားရပြီး အုပ်ချုပ်ရေးမှူးရုံးက အုတ်တံတိုင်းအချို့ ပြိုသွားတယ်လို့ ဒေသခံ ပြည်သူ တွေက ပြောပါတယ်။
ဒီအုပ်ချုပ်ရေးမှူးရုံးက ပျူစောထီးတွေဟာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး လူသစ်စုနေသောကြောင့် တိုက်ခိုက်ခဲ့တာ လို့ Rangoon Urban Column အဖွဲ့က အသိပေးထားပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဝင်တွေဟာ ဒဂုံမြို့သစ်မြောက်ပိုင်းက ဘေလီတံတားနဲ့ ပြည်ထောင်စုလမ်းမကြီး တို့မှာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Rangoon Urban Column အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ကရင်နီပြည်တွင် စကစလေတပ်က၄ကြိမ် ဗုံးကြဲပြီး လေယာဥ်ပစ်စက်သေနတ်ဖြင့် ပတ်၍ပစ်ခတ်ခဲ့
စက်တင်ဘာ၅ရက်
ကရင်နီပြည်တွင် စကစလေတပ်က၄ကြိမ် ဗုံးကြဲပြီး လေယာဥ်ပစ်စက်သေနတ်ဖြင့် ပတ်၍ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ၅ရက် ကရင်နီပြည်ဒေသခံ သတင်းအရင်းအမြစ်များထံကတဆင့်သိရပါတယ်။
"ယနေ့ နံနက် ၉:၀၀နာရီမှ ၉:၃၀နာရီ စကစမှ လေယာဥ် ၄ကြိမ်ဗုံးကြဲကြောင်း သိရပါတယ်။နံနက် ၉:၀၇ နာရီ မှာ နန်းမယ်ခုံမြို့ပတ်ဝန်းကျင်တွင် ဗုံး ၃ လုံးကြဲချခဲ့ပါတယ်။ နံနက် ၉:၁၅နာရီ တွင် ပေါင်၅၀၀ ၂လုံး နန်မယ်ခုံမှာကြဲချ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပါတယ်။ နံနက် ၉:၂၀နာရီ တစ်ကြိမ်၉:၃၀နာရီ တစ်ကြိမ် စုစုပေါင်း ၄ကြိမ် ဗုံးကြဲပြီး လေယာဥ်စက်သေနတ်ဖြင့် ပတ်ပစ်ခတ် ကြောင်းသိရပါတယ်"လို့ဆိုပါတယ်။
ချယ်ရီကုန်းမှာ နံနက် ၉:၁၀နာရီကျော်တွင် လေယာဥ်ဖြင့် ပေါင်၅၀၀ ဗုံးကိုကြဲချခဲ့ပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့သိရပါတယ်။
========================
🚩🚩 ၅။ ခင်ဦးနယ်တွင် စကစတပ်နဲ့ပျူများက နှဲတွင်းရွာကို ၇ ရွာ မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်း ဆီဆုံလေးရွာကိုလည်း ၈ ရွာ မြောက် ထပ်မံဝင်ရောက် မီးရှို့
စက်တင်ဘာ၅ရက်
ခင်ဦးနယ်တွင် စကစတပ်နဲ့ပျူများက နှဲတွင်းရွာကို ၇ ရွာ မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်း ဆီဆုံလေးရွာကိုလည်း ၈ ရွာ မြောက် ထပ်မံဝင်ရောက် မီးရှို့ခဲ့တယ်လို့စက်တင်ဘာ၅ရက်မှာ peoplesdefensecomradeက အသိပေးဆိုထားပါတယ်။
ကန့်ဘလူ ဝါသဝလက်အောက်ခံ အကြမ်းဖက်မီးရှို့ စစ်ကြောင်းဟာ ယမန်နေ့ညပိုင်းက နှဲတွင်းရွာကို ၇ ရွာ မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်း ဆီဆုံလေးရွာကိုလည်း ၈ ရွာ မြောက် ထပ်မံဝင်ရောက် မီးရှို့ တပ်စွဲထားတယ်လို့ဆိုပါတယ်။
နှဲတွင်း ဆီဆုံလေးရွာနဲ့ အနီးဝန်းကျင်ရှိ ပြည်သူများ အထူးဂရုစိုက်ကြဖို့ကိုလည်းအသိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၆။ မူဆယ်မြို့နယ် စယ်လန့်ရွာမီးလောင်မှု ကျပ်သိန်းတထောင်ဖိုးခန့် ဆုံးရှုံး
စက်တင်ဘာ၅ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့တာကြောင့် ကျပ်သိန်းတထောင်ဖိုးခန့် ဆုံးရှုံး သွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။
ကို တအာင်းတပ်မတော်(TNLA) မီးသတ်တပ်ဖွဲ့က ဦးဆောင် မီးငြှိမ်းသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁ ရက်က ဘုရားမီးပူဇော်ထားရာကနေ မီးလောင်မှု ဖြစ်ခဲ့ရတာလို့လည်း အသိပေးထားပါတယ်။
မီးလောင်တဲ့အိမ်မှာ အဖွားအိုတဦးတည်းရှိနေပြီး မီးလောင်ချိန် ၁ နာရီခန့် ကြာမြင့်ခဲ့တာကြောင့် အိမ်၂လုံးအပါအဝင် ကား ၅ စီး၊ ဆိုင်ကယ် ၃စီးနဲ့ အိမ်တွင်းရှိပစ္စည်းတွေ မီးလောင်သွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းတထောင်ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာကို TNLA မီးသတ်တပ်ဖွဲ့ကဦးဆောင်ပြီး နောင်မော်၊ မန်ဝိန်း၊ စွမ်စော်၊ပန်ခမ်းနဲ့ တိန်လုံးကျေးရွာက မီးသတ်ကားတွေနဲ့ မီးငြှိမ်းပေးခဲ့ရတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ KNU တပ်မဟာ ၅ နယ်မြေမှာ ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃၅ ဦးသေဆုံး
စက်တင်ဘာ၅ရက်
ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေမှာ ဩဂုတ်လအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃၅ ဦး သေဆုံးသွားတယ်လို့ KNU မူတြော်သတင်းစဉ်က ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ KNU ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၁၁၅ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃၅ ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။
ဩဂုတ်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၂၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခိုင်းနွားတကောင်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment