ချင်းပြည်နယ် အောက်တိုဘာ ၁ ရက်နေ့ မနက် မိုးမလင်းခင်အချိန် မြေပြို၊ ရေကြီးနိုင်ကြောင်း အထူးမိုးလေဝသသတင်း ထုတ်ပြန်



ချင်းပြည်နယ် အောက်တိုဘာ ၁ ရက်နေ့ မနက် မိုးမလင်းခင်အချိန် မြေပြို၊ ရေကြီးနိုင်ကြောင်း အထူးမိုးလေဝသသတင်း ထုတ်ပြန်

Radio NUG စက်တင်ဘာ ၂၉၊ ၂၀၂၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် အောက်တိုဘာလ ၁ ရက်နေ့ မနက် ၁ နာရီကနေ ၂ ရက်နေ့ မနက် ၁ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မမှ ၈ လက်မခွဲခန့်အထိ မိုး အလွန်များများရွာသွန်းနိုင်ကြောင်း ECMWF MODEL Detail Forecast ကို ကိုးကားပြီး အရပ်ဘက် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနက်ဖြန် စက်တင်ဘာလကုန် ၃၀ ရက်မှစပြီး အောက်တိုဘာလ ၄ ရက်နေ့အထိ ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ခြင်း အပါအဝင် နယ်နိမိတ်ချင်း ကပ်လျက် တည်ရှိနေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း မိုးအလွန်များပြီး တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း ၁-၁၀-၂၀၂၄ ရက်နေ့မှ ၅-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ MRTV မှလည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အကြံပေးထုတ်ပြန်ထားပါတယ်။

Photo - စစ်ဘေးအပြင် သဘာဝဘေးဒဏ်နှင့်ပါရင်ဆိုင်နေရ သောချင်းပြည်နယ် ဒေသခံတစ်ဦးအားတွေ့ရစဥ်...
Share:

No comments:

Post a Comment