18th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်တပ်က လိင်ပိုင်းဆိုရာအကြမ်းဖက်မှုတွေလုပ်နေပေမယ့် မြန်မာအမျိုးသမီးတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး ရှေ့တန်းကပါဝင်နေတယ်လို့ မြန်မာသံအမတ်ကြီး ပြော

📌 ၂။ အကြမ်းဖက်စစ်က ဖမ်းဆီးထောင်ချထားတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ 

📌 ၃။ အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ရှေ့တန်းရောက်လာ 

📌 ၄။ နိုင်ငံတကာက စစ်အုပ်စုထံ လေယာဥ်ဆီပိတ်ဆို့ရေး အင်တာနက် ရရှိတဲ့ဒေသက ပြည်သူတွေအနေနဲ့ online petition (အွန်လိုင်း လက်မှတ်ထိုး) တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြေပြင်တော်လှန်ရေးရဲဘော်များနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတွေ့ဆုံ

🚩 ၂။ နမ့်ဖက်ကာမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကယမ်းတွေ ထုတ်ယူရာက ပေါက်ကွဲပြီး အရပ်သား ၂ဦးသေဆုံး 

🚩 ၃။ သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုနဲ့ဒီပဲယင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩 ၄။ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

🚩 ၅။ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ၁၂ဝ မမ နဲ့ ပွိုင့် လက်နက်ကြီးတွေ သိမ်းဆည်းရရှိ

🚩 ၆။ စစ်ဆင်ရေးအရှိန်မြှင့်နေတာကြောင့် စလင်း-ဆိပ်ဖြူလမ်းပိုင်းမှာ လိုက်နာရမယ့်အချက်တွေ မကွေးခရိုင်ကွပ်ကဲရေးရုံး ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်က လိင်ပိုင်းဆိုရာအကြမ်းဖက်မှုတွေလုပ်နေပေမယ့် မြန်မာအမျိုးသမီးတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး ရှေ့တန်းကပါဝင်နေတယ်လို့ မြန်မာသံအမတ်ကြီး ပြော


အောက်တိုဘာ၁၈ရက်


အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီးတွေကိုပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်နေပေမယ့် မြန်မာအမျိုးသမီးတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးလုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။


၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်အဝေးမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု နဲ့သက်ဆိုင်တဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်တခုသဖွယ်အသုံးပြုပြီး ခြိမ်းခြောက်နေပေမယ့်  မသန်စွမ်းအမျိုးသမီးတွေအပါအဝင် ရဲရင့်ပြီး ကိုယ်ကျိုးစွန့်လိုတဲ့စိတ်ရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ထိတ်လန့်ဖွယ်ကောင်းပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူများက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးလုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

အခုလို ရှေ့တန်းကပါဝင်နေတဲ့သူတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ စစ်အာဏာရှင်တွေကို ခုခံတော်လှန်နေတဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ကိုယ်ကျိုးစွန့် အနစ်နာခံမှုတို့ကို ဦးညွတ်ဂုဏ်ပြုလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

သူတို့ဟာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသမှု၊ အကြမ်းမဖက် အာဏာဖီဆန်ရေး စတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာတင် မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားကဏ္ဍတွေမှာလည်း အဓိကခေါင်းဆောင်မှုနေရာတွေကပါဝင်ပြီး အရင်က ထက် ပိုပြီးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ တာဝန်ယူလာကြတယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပေါ် ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အကြမ်းဖက်စစ်တပ်ဟာ အဓမ္မပြုကျင့်မှု အပါအဝင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုမြောက်များစွာကို လူမဆန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းက အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီး တထောင့်တရာ ၃၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ၅ထောင့်၆ရာ ၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့လည်း AAPP ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရှင်းပြခဲ့ပါတယ်။  

မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ ၁၈ ဒသမ သန်းအနက် အများစုဟာ မသန်စွမ်း အမျိုးသမီးတွေအပါအဝင် အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဖြစ်နေတယ်လို့လည်း နိုင်ငံတကာအသိုက်အဝန်းကို အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာလည်း သူတို့ရဲ့အခွင့်အရေးတွေကို အပြည့်အဝကာကွယ်ပြီး သူတို့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနာဂတ်ကို မျှော်မှန်းနိုင်တဲ့အခွင့်အရေးကို ကမ္ဘာကြီးနဲ့အတူ ခံစားခွင့်ရသင့်တာ ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်လက်ထဲ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ ငွေကြေးတွေမရောက် ရလေအောင် ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကျရှုံးရေး အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပေးကြဖို့  ကုလဆိုင်ရာ မြန်မာအမြဲတမ်းတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်က ဖမ်းဆီးထောင်ချထားတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ 


အောက်တိုဘာ၁၈ရက်

 

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့် အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ဆုချီးခံရတယ်လို့ သိရပါတယ်။

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri အဖွဲ့အစည်းက ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆုကို ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်။


ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်ရဲ့ လွတ်လပ်သော တရားရေးဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်နေမှု၊ နိုင်ငံရေးအကျဉ်း သားတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကာကွယ်လုပ်ဆောင်နေမှုတွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့တာတွေကြောင့် လူ့အခွင့်အရေးဆုကို ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုချီးမြှင့်သူတွေဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒေါ်ရွက်နုအောင်ဟာ လက်ရှိအချိန်ထိ မန္တလေးအိုးဘိုထောင်မှာ တိုက်ပိတ်ချုပ်နှောင်တာကို ခံနေရဆဲဖြစ်တာကြောင့် ဆုကို လာရောက်လက်ခံယူနိုင်ခြင်းမရှိတဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူသွားမယ်လို့ သိရပါတယ်။

ဆုပေးပွဲအခမ်းအနားကို ၂၈ ကြိမ်မြောက် အဖွဲ့ညီလာခံနောက်ဆုံးနေ့မှာ အထူးအစီအစဉ်အနေနဲ့ ပေးအပ်မှာဖြစ်တယ်လို့ လည်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေရဲ့အမှုများကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီက ပုဒ်မ- ၅၀- ဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ရှေ့တန်းရောက်လာ 


အောက်တိုဘာ၁၈ရက်


စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းက ပါဝင်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်လာပါတယ်။ 

အင်တာနက်လွတ်လပ်မှု အဆိုးရွားဆုံးဖြစ်နေတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့က ပူးတွဲစံချိန်တင်ထားတယ်လို့ Freedom House အဖွဲ့ရဲ့  Freedom on the Net ဆိုတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Freedom House ကသတ်မှတ်ထားတဲ့ စစ်တမ်းစည်းမျဉ်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အင်တာနက်လွတ်လပ်ခွင့်မှု အဆင့် ဟာ မှတ်သာရှိပြီး တရုတ်နိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အဆင့်အတန်းက မှတ်ဖြစ်နေတာကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်တောင် ဆိုးရွားလာတဲ့အခြေအနေဖြစ်နေတယ်လို့ အစိရင်ခံစာက ဆိုပါတယ်။ 

ဒါဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေကို အင်တာနက်ဖြတ်ထောက်ထားတာကြောင့်ပဲဖြစ်ပါတယ်။ 

စစ်တမ်းတွေအရဆိုရင် မြို့နယ်ပေါင်း ၃၃ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၈၈ ခုကို စစ်တပ်က အင်တာနက် ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။  

စစ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း အကြမ်းဖက်စစ်တပ်က ဒေသအလိုက် အင်တာနက် သုံးစွဲခွင့် ပိတ်ပင်တာနဲ့ အွန်လိုင်းအသုံးပြုမှုအပေါ် မူတည်ပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်လက်ပြုလုပ်လာတဲ့အပြင် အင်တာနက် ဒေတာသုံးစွဲခ ဈေးတက်လာတွေကြောင့် မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးဖြစ်လာ တာလို့ စစ်တမ်းက ဆိုပါတယ်။  

စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပေါက်ကြားမှုမရှိစေဖို့ ကန့်သတ်မှုတွေနဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းခဲ့သလို စစ်တပ်ကိုဆန့်ကျင်တဲ့စာတွေ လူမှုကွန်ယက်ပေါ်တင်ခဲ့ကြတဲ့ အင်တာနက်အသုံးပြုသူအများအပြားကို ထောင်ချခဲ့တာတွေရှိသလို စစ်တရားရုံးတွေကနေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး သေဒဏ်ပေးမှုတွေတောင် ပြုလုပ်ခဲ့ တယ်လို့ Freedom House က ပြောထားပါတယ်။ 

အခုလို စစ်တပ်က အင်တာနက်သုံးစွဲခွင့် ပိတ်ပင်တာတွေကြောင့် အရပ်သားပြည်သူတွေ အခက်အခဲဖြစ်ရတာမှာ တိုက်ပွဲ တွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသကအခြေအနေဟာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။


လိုင်စင်မဲ့ဂြိုလ်တုပစ္စည်းတွေနဲ့ အင်တာနက်အသုံးပြုတာဟာ တရားမဝင်ကြောင်းနဲ့ သုံးစွဲသူတွေကိုတရားစွဲမှာဖြစ်ကြောင်း စစ်တပ်ကကြေညာခဲ့တာဟာ မြန်မာ့အင်တာနက်အခြေခံအဆောက်အအုံကို အာဏာသိမ်းစစ်တပ်က ချုပ်ကိုင်ထားနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ နိုင်ငံတကာက စစ်အုပ်စုထံ လေယာဥ်ဆီပိတ်ဆို့ရေး အင်တာနက် ရရှိတဲ့ဒေသက ပြည်သူတွေအနေနဲ့ online petition (အွန်လိုင်း လက်မှတ်ထိုး) တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း


အောက်တိုဘာ၁၈ရက်


နိုင်ငံတကာက စစ်အုပ်စုထံ လေယာဥ်ဆီပိတ်ဆို့ရေး အင်တာနက် ရရှိတဲ့ဒေသက ပြည်သူတွေအနေနဲ့ online petition (အွန်လိုင်း လက်မှတ်ထိုး) တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။


အောက်တိုဘာ၁၈ရက်သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကဖော်ပြပါတယ်။


"တော်လှန်ရေးမှာ ပြည်သူတွေ တက်ညီလက်ညီ ဆက်ပြီး ပါဝင်နေတဲ့အတွက် မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေလည်း ဖြစ်ခဲ့ပါပြီ။  စင်္ကာပူနိုင်ငံက မင်းအောင်လှိုင်တို့ကို လက်နက်ရောင်းချမှု လျော့ကျတာ၊ EU က MOGE ကို Sanction ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာ MOGE ရဲ့ဝင်ငွေတချို့ ထုတ်ယူ သုံးစွဲလို့ မရတော့တာ၊  လေယာဉ်ဆီကို အရင်လောက် အလွယ်တကူ ဝယ်လို့မရတော့တာတွေဟာ ပြည်သူတွေရဲ့ လက်မှတ်တွေ၊ အသံတွေ၊ စုစည်းမှုတွေကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေသာ စုစည်းမှုရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ လေယာဉ်သာ ရှိပြီး လေယာဉ်ဆီ မရှိရင် တင်ပို့တဲ့ကုမ္ပဏီသာရှိပြီး ရေကြောင်း အာမခံပေးတဲ့ ကုမ္ပဏီတွေ မရှိတော့ရင် မြန်မာနိုင်ငံမှာ လက်ရှိ လူထုကို ဒုက္ခပေး ခြိမ်းခြောက်နေတဲ့ လေကြောင်းအန္တရာယ် လျော့ကျ ရပ်တန့်သွားမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


အင်တာနက် မရရှိနေတဲ့ဒေသက ပြည်သူတွေကလည်း မြေပြင်တောင်းဆိုမှုတွေ လုပ်နေသလိုအင်တာနက် ရရှိတဲ့ဒေသက ပြည်သူတွေအနေနဲ့ online petition (အွန်လိုင်း လက်မှတ်ထိုး) တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။


လေယာဥ်ဆီ ဖြတ်တောက်ဖို့ သဘောတူကြောင်း လက်မှတ်အရေအတွက် သိန်းချီရဖို့ လိုအပ်ကာ လက်မှတ်ရေးထိုးလိုပါကBloodMoneyCampaignMM Pagစာမျက်နှာတွင်ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြေပြင်တော်လှန်ရေးရဲဘော်များနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတွေ့ဆုံ


 အောက်တိုဘာလ ၁၈ ရက်


မြေပြင်တော်လှန်ရေးရဲဘော်များနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တယ်လို့ အောက်တိုဘာ၁၈ရက်မှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်

သန်းက ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြပါတယ်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြေပြင်တော်လှန်ရေးရဲဘော်များထံ ပြည်ထောင်စုဝန်ကြီးချုပ် မှသွားရောက်တွေ့ဆုံခဲ့ပြီး၊ရဲဘော်များကလည်း ပြည်ထောင်စုဝန်ကြီးချုပ်အား  အလေးပြုခြင်း နှင့် ဂါရဝပြုကန်တော့ခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ နမ့်ဖက်ကာမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကယမ်းတွေ ထုတ်ယူရာက ပေါက်ကွဲပြီး အရပ်သား ၂ဦးသေဆုံး 


အောက်တိုဘာ၁၈ရက်


တအာင်းပြည် တပ်မဟာ နယ်မြေ မန်အောင်ခရိုင် နမ့်ဖက်ကာမြို့နယ် နမ့်အွမ်အုပ်စု ပန်ခါးကျေးရွာက အမျိုးသား ၂ဦး ဟာ မပေါက်ကွဲသေးတဲ့ ၆၀ မမ အမျိုးအစား လက်နက်ကြီးကျည်တလုံးက ယမ်းတွေကို ထုတ်ယူရာက  ပေါက်ကွက်ပြီး ၂ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီ အောက်တိုက်ဘာ ၁၈ မနက်မှာ ထုတ်ပြန် ပါတယ်။

တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးတလုံးအတွင်းက ယမ်းမှုန့်တွေကို ထုတ်ယူဖို့ကြိုးစားနေစဉ် အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၀ အချိန်မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူတွေဟာ ပန်ခါးကျေးရွာမှာနေထိုင်တဲ့ ခွန်ဂျာချောင် အသက်  ၂၇ နှစ်နဲ့ ခိုမုန်းကျေးရွာမှာနေထိုင်တဲ့ ဦးညီထွမ်း အသက် ၆၀ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မန်အောင်ခရိုင် နမ့်ဖက်ကာရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း နမ့်ဖတ်ကာမှာပဲ အမျိုးသားတဦးဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံး ကို ယူဆော့ရာက ပေါက်ကွဲပြီး သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ထို့အတူ မေလ ၁၃ ရက်နေ့လည်း မပေါက်ကွဲသေးတဲ့မိုင်းကို ကလေးတွေယူဆော့ရာကနေ ပေါက်ကွဲပြီး တဦးသေဆုံးကာ ဦး ဒဏ်ရာရသွားတဲ့ဖြစ်စဉ်လည်းရှိပါတယ်။ 

အခုလိုအဖြစ်မျိုးတွေမကြုံစေဖို့ တိုက်ပွဲအတွင်းကျန်ရှိနေတဲ့ စစ်ကျန် လက်နက်ကြီးကျည်တွေနဲ့စစ်အသုံးအဆောင်ပစ္စည်း တွေ တွေ့ရင် ကိုင်တွယ်ကြည့်ရှုတာတွေမလုပ်ဖို့နဲ့ သက်ဆိုင်ရာနယ်မြေတွေက တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ထားပေမယ့် အရပ်သားပြည်သူတွေအနေနဲ့ လိုက်နာမှု အားနည်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုနဲ့ဒီပဲယင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ၁၈ရက်


သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ မနေ့ အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ နဲ့ စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေနဲ့က ပြောပါတယ်။

မနေ့ နာရီ ၄၈ မိနစ်ခန့်အချိန်မှာ နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ ၁၀ နာရီ မိနစ်မှာ စာရင်းစစ်ရုံးနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအနီး၊ ၁၁ နာရီ ၃၂ မိနစ်မှာ ရဲစခန်းတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ နောင်ချိုမြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေလည်း ပျက်စီးခဲ့ပြီး လူသေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေတာလည်း ရှိပါတယ်။

ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၇ ရက် ၁ဝ နာရီဝန်းကျင်ကနေ ဒီနေ့မနက်အစောပိုင်း နာရီဝန်းကျင်အထိ စံတော်သစ်စားသောက်ဆိုင်နဲ့ မြို့နယ်ရဲစခန်းကို ဗုံး ၇လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

 နောင်ချိုမြို့ကို တအာင်းတပ်မတော် TNLA က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လည်ပတ်နေတဲ့မြို့လို့ သိရပါတယ်။ 

ထို့အတူ စစ်ကိုင်းတိုင်းထဲက တော်လှန်အားကောင်းရာ ဒီပဲယင်းမြို့ကိုလည်း မနေ့ည နာရီခွဲကျော်ကမှာ လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုမှာတော့ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဒီပဲယင်းမြိုပေါ်ကို သတင်းကျွတ်လပြည့်နေ့ ၉နာရီခွဲကျော်အချိန်မှာ တံတားဦးကတက်လာတဲ့ MiG-29 ဖိုက်တာနဲ့  ကြိမ်ဗုံးကျဲသွားတာလို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ကလည်း အသိပေးထားပါတယ်။

စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ သြဂုတ်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့်  အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ၁၈ရက်


ပြည်သူလူထုအတွက်အထောက်အကူဖြစ်စေတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်က သိန္နခရိုင် ထဲမှာရှိတဲ့ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဓာတ်အားပေးစက် လျှပ်စစ်ဓာတ် ကြိုးတွေနဲ့ အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ကိုးကန့်တပ်မတော် MNDAA က ပြောပါတယ်။

သိန္နီခရိုင် နောင်မွန်ကျေးရွာအုပ်စု နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ပေါ်ကနေ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အလားတူ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းကလည်း အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်တွေက လားရှိုးမြို့ ရပ်ကွက် မှာရှိတဲ့ နားမခေါ် ဓာတ်အားပေးစက်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဓာတ်အားပေးစက်ရုံက စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံအရပ်သားတဦးသေဆုံးကာ တဦး ဒဏ်ရာရခဲ့သလို နေအိမ်အများအပြား ပျက်စီးစေခဲ့တယ်လို့လည်း အသိပေးထား ပါတယ်။

အခုလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုနေထိုင်ရာ အခြေခံအဆောက် အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာဟာ ပြည်သူလူထု နေထိုင်ရာအဆောက်အအုံတွေ ပျက်စီးအောင်လုပ်ဆောင်နေတာဖြစ်လို အုပ်ချုပ်ရေးယန္တယားနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပြန်လည်စတင်နေတာတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က ဒီနေ့ အောက်တိုဘာ ၁၈မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ၁၂ဝ မမ နဲ့ ပွိုင့် လက်နက်ကြီးတွေ သိမ်းဆည်းရရှိ


အောက်တိုဘာ၁၈ရက်


ထိုင်းမြန်မာနယ်စပ် နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက်ရည်ရွယ်ကာ စစ်ကောင်စီရဲ့ မစခ၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်းစခန်းကို သိမ်းပိုက်ခဲ့ရာမှာ ၁၂ဝ မမ နဲ့ ပွိုင့် လက်နက်ကြီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ အောက်တိုဘာ ၁၈ မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။


စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစပြီး ထိုင်းမြန်မာ နယ်စပ်တပ်စခန်းအဖြစ်တပ်စွဲကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့ရာက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မ-၂၂၊ တပ်မ-၄၄ နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့ရာ တပ်စခန်းတခုဖြစ်တယ်လို့ ဆိုပါတယ်။


နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီတပ်စခန်းဟာ လေကေ့ကော်မြို့သစ်ကို ကျူးကျော်တိုက်ခိုက်ချိန်ကစပြီး မြဝတီနဲ့ ဖလူးဒေသတလျှောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ရာ တပ်စခန်းဖြစ်တယ်လို့လည်း KNU ဗဟိုက အသိပေးထားပါတယ်။


ဒီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တို့ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လကြာ ဝန်းရံပိတ်ဆို့ပြီးနောက် အောက်တိုဘာ ၁၇ မနက် နာရီခွဲအချိန်မှာ  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။


စခန်းသိမ်းပိုက်ချိန်မှာ စစ်သုံ့ပန်းတွေအပြင် အကြမ်းဖက်စစ်ကောင်စီတပ် အသုံးပြုတဲ့ ၁၂၀ မမ လက်နက်ကြီး လက်၊ ပွိုင့်ဖိုက် တလက်နဲ့ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တာကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။  


စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြောက်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ Federal Wings တပ်ဖွဲ့ကလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့်ပျက်စီးနေတဲ့ စခန်းကုန်းအခြေအနေကို ရုပ်သံ မှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားပါတယ်။


အခုလို စွယ်တော်ကုန်းအမြောက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် KNU တပ်မဟာ နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်နယ်မြေတခုလုံး အကြမ်းဖက်စစ်ကောင်စီတပ်ကင်းရှင်းသွားတဲ့ လွတ်မြောက်နယ်မြေတခုဖြစ်လာခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ဆင်ရေးအရှိန်မြှင့်နေတာကြောင့် စလင်း-ဆိပ်ဖြူလမ်းပိုင်းမှာ လိုက်နာရမယ့်အချက်တွေ မကွေးခရိုင်ကွပ်ကဲရေးရုံး ထုတ်ပြန်


အောက်တိုဘာ၁၈ရက်


မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးအရှိန်မြှင့်နေတာကြောင့် စလင်း-ဆိပ်ဖြူလမ်းပိုင်းကိုအသုံးပြုနေကြတဲ့  မော်တော် ယာဥ်မောင်းများ လိုက်နာရမယ့်အချက်တွေကို မကွေးခရိုင်ကွပ်ကဲရေးရုံးက အောက်တိုဘာ ၁၇ ရက်မှာ ကြေညာချက် တစောင်ထုတ်ပြန်ပြီး အသိပေးထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ စလင်း-ဆိပ်ဖြူလမ်းပိုင်းကို အရေးပေါ်အခြေအနေကလွဲပြီး ညပိုင်းသွားလာတာမလုပ်ဖို့၊ နေ့အချိန် ခရီးသွားလာရာမှာ မော်တော်ယာဉ်တွေကို မှန်ချပြီး မောင်းနှင်ဖို့နဲ့ မိုးကာအုပ်မိုးတာတွေမလုပ်ဖို့၊ စစ်ကောင်စီယာဉ်တန်း တွေနဲ့ အနီးကပ်မောင်းနှင်သွားလာတာတွေမလုပ်ဖို့အပါအဝင် အရှိန်လျှော့မောင်းဖို့နဲ့ တာဝန်အရ စစ်ဆေးတာတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

အခုလိုထုတ်ပြန်ရတာဟာ မကွေးခရိုင်ကွပ်ကဲရေးအောက်မှာရှိတဲ့တပ်ရင်းတွေ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေနဲ့ စစ်ဆင်ရေး လုပ်ငန်းတွေ အရှိန်မြှင့်တင်ဆောင်ရွက်နေတာကြောင့်ဖြစ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ဖြစ်တယ်လို့ မကွေးခရိုင်ကွပ်ကဲရေးရုံးက အသိပေးထားပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့နဲ့ ပြည်သူတွေဘေးကင်းစေဖို့ထုတ်ပြန်ထားချက်တွေကို မပျက်မကွက်ပူးပေါင်းဆောင်ရွက်ပေး ဖို့လည်း မကွေးခရိုင်ကွပ်ကဲရေးရုံးက မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment