၂၀၂၄ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ MOU အလုပ်သမား (၄)ဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားမှ ဘဏ်စာအုပ်များသိမ်းယူသွားခဲ့၍ကူညီပေးခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
📌 ၂။ မြန်မာနိုင်ငံမှာ စစ်တပ်က စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေတိုးလာသလို ပိုပြီးရက်စက် ကြမ်းကြုတ်လာတယ်လို့ IIMM အကြီးအကဲပြော
📌 ၃။ မြန်မာစစ်တပ်က အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိသလို သည်းခံနိုင်ဖွယ်မဟုတ်ဘူးလို့ဆို
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမ်းမြို့ကပြန်လာတဲ့ ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ကားမှောက်တာကြောင့် စစ်သားတွေ ထပ်မံသေဆုံး
🚩 ၂။ မန္တလေး PDF ရဲ့ အချုပ်ဆောင်ကို စစ်တပ်က ထပ်မံဗုံးကြဲတာကြောင့် စစ်သုံပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံး
🚩 ၃။ ပေါက်မြို့နယ်က စစ်ရှောင်အိမ်တွေနဲ့ဆေးခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ဝ ဦး သေဆုံး
🚩 ၄။ မန္တလေးမြို့နဲ့ ၃ မိုင်ကျော်အကွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးသီးချတိုက်ခိုက်
🚩 ၅။ နမ့်ခမ်းမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေအအတွက် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းဖွင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ MOU အလုပ်သမား (၄)ဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားမှ ဘဏ်စာအုပ်များသိမ်းယူသွားခဲ့၍ကူညီပေးခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
အောက်တိုဘာ၃၀ရက်
ထိုင်းနိုင်ငံ နခွန်နရွတ်မြို့ တွင် အလုပ်လုပ်ကိုင်နေသော MOU အလုပ်သမား (၄)ဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားမှ ဘဏ်စာအုပ်များသိမ်းယူသွားခဲ့၍ကူညီပေးခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနက
အောက်တိုဘာ၃၀ရက်မှာဖော်ပြပါတယ်။
နခွန်နရွတ်မြို့တွင် အလုပ်လုပ်ကိုင်နေသော MOU အလုပ်သမား (၄)ဦးမှ ၎င်းတို့၏ Passport စာအုပ်များဖြင့် ထိုင်းပွဲစားမှ ဘဏ်စာအုပ်များ ပြုလုပ်ခဲ့ပြီး ဘဏ်စာအုပ်များသိမ်းယူသွားခဲ့၍ ဘဏ်စာရင်း ပိတ်ပေးစေလိုကြောင်း အကူညီတောင်းခံလာပါသဖြင့် နခွန်နရွတ်မြို့ရှိ ဘဏ်စာအုပ်ပြုလုပ်ခဲ့သော ဘဏ်ရုံးတွင် အမှုတည်ဆောက်ပြီး ဘဏ်စာရင်းအကောင့်များ ပိတ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးရာနှင့်ပတ်သက်၍တိုင်ကြားရေးယန္တရားကိုဖွင့်လှစ်ထားရှိပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံမှာ စစ်တပ်က စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေတိုးလာသလို ပိုပြီးရက်စက် ကြမ်းကြုတ်လာတယ်လို့ IIMM အကြီးအကဲပြော
အောက်တိုဘာ၃၀ရက်
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကျူးလွန်တဲ့အကြိမ်ရေ ပိုများ လာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား-IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် က ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်ကကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး မှာ IIMM အကြီးအကဲက ပြောဆိုလိုက်တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ ရာနဲ့ချီသေဆုံးခဲ့တာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှု အထောက်အထားတွေကို IIMM အနေနဲ့စုဆောင်းထားတယ်လို့ နီကိုးလတ်စ် က ဆိုပါတယ်။
စုဆောင်းထားတဲ့အချက်အလက်တွေထဲမှာ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတခုစီ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတပွဲနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ကို တိုက်ခိုက်တာတွေပါဝင်တယ်လို့လည်း ရှင်းပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ သူတို့ကိုဆန့်ကျင်တယ်လို့ယူဆတဲ့သူမှန်သမျှကို မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့ အသက်အရွက်ပေါင်းစုံ၊ Gender ပေါင်းစုံက လူပုဂ္ဂိုလ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတာတွေ၊ ညှဉ်ပန်းနှိပ်စက်တာတွေ ကျူးလွန်ခဲ့တယ်လို့ နီကိုးလတ်စ် က ဆက်ပြောပါတယ်။
အခုလိုကျူးလွန်နေတာတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ စုဆောင်းရာမှာ မြန်မာစစ်တပ်သာမက အခြားလက်နက်ကိုင် အဖွဲ့တွေကျူးလွန်တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာအထောက်အထားတွေကိုလည်း စုဆောင်းနေ တယ်လို့လည်း ပြောပါတယ်။
မည်သည့်နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ သို့မဟုတ် မည်သည့်လူမျိုးစုဝင်ကဖြစ်စေ ကျူးလွန်မှုတိုင်းအတွက် တာဝန်အရှိဆုံးသူတွေကို မခွဲခြားဘဲ ဖော်ထုတ်နိုင်ဖို့ IIMM ဘက်က လုပ်ဆောင်နေတယ်လို့လည်း ရှင်းပြထားပါတယ်။
IIMM အနေနဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အဓိကထားပြီး စုံစမ်းစစ်ဆေးမှုအသစ် တွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော်နဲ့မြန်မာစစ်တပ်တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားလူမျိုးစုပေါင်းစုံထိခိုက်မှု ဒဏ်ခံနေရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအပါအဝင် ကြောက်မက်ဖွယ်ရာဇ၀တ်မှု တွေအကြောင်း သတင်းပေးပို့ချက်တွေ IIMM က လက်ခံရရှိထားတယ်လို့လည်း နီးကိုးလတ်စ်က ရှင်းပြထားပါသေးတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထိခိုက်မှုဒဏ်ကို ပိုခံနေရပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်းဆိုပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ဖြစ်နေတဲ့အခြေအနေဟာ ကျူးလွန်သူတွေ ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ် ခွင့်ရနေတဲ့ အကျိုးဆက်ကြောင့်ဖြစ်ပြီး ရာဇ၀တ်မှုကျူးလွန်သူတွေကို တရားစွဲအရေးယူတာမျိုးမလုပ်နိုင်ရင် ရက်စက် ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်ဖြစ်နေဦးမှာဖြစ်တယ်လို့လည်း နီကိုးလတ်စ်က ထောက်ပြထားပါတယ်။
IIMM အနေနဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးတာ ဒါမှမဟုတ် တရားစွဲဆိုတာတွေလုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာမရှိပေမယ့် နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောကြားထားပါတယ်။
မြန်မာနိုင်ငံကပြည်သူတွေဟာ တရားမျှတမှုတစုံတရာရဖို့ ဆန္ဒပြင်းပြနေပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူမျိုးပြုန်းစေမှု စတဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သူတွေ ရာထူးအာဏာဘယ်လောက် ပဲ ကြီးမားနေပါစေ တရားမျှတမှုဖော်ဆောင်နိုင်တယ်ဆိုတဲ့ ခိုင်မာအားကောင်းတဲ့ သတင်းစကားကိုပေးနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား-IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် က ပြောထားပါတယ်။
========================
📌📌 ၃။ မြန်မာစစ်တပ်က အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိသလို သည်းခံနိုင်ဖွယ်မဟုတ်ဘူးလို့ဆို
အောက်တိုဘာ၃၀ရက်
မြန်မာစစ်တပ်က အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိသလို သည်းခံနိုင်ဖွယ်မဟုတ်ဘူးလို့ အောက်တိုဘာ၂၉ရက်မှာ ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောပါတယ်။
"နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။ဒါကြောင့် ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ်လိုက်တဲ့ ပိတ်ဆို့မှုများဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြန်မာပြည်သူပြည်သားများနဲ့ ၄င်းတို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ယူကေဟာ ကူညီထောက်ပံ့မှုများနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်တယ်လို့ဆိုထားပါတယ်။
အောက်တိုဘာ၂၉ရက်မှာအီးယူ၊ကနေဒါနဲ့ယူကေနိုင်ငံတို့ဟာ
- Asia Sun Group Company Limited
- Swan Energy Company Limited
- Myan-Oil Company Limited
- Rich Ray Trading Company Limited
- Progress Technology Support Company Limited (a.k.a Royal Shune Lei) ကုပ္မဏီတို့ကိုပိတ်ဆို့အရေးယူခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အမ်းမြို့ကပြန်လာတဲ့ ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ကားမှောက်တာကြောင့် စစ်သားတွေ ထပ်မံသေဆုံး
အောက်တိုဘာ၃၀ရက်
ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ယာဉ်တန်းကို ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်းမှာ တော်လှန်ရေး တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး မောင်းပြေးသွားတဲ့စစ်ကား တိမ်းမှောက်သွားတာ ကြောင့်လည်း စစ်သားတွေ ထပ်မံသေဆုံးသွားတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အမ်း-ပဒါန်းလမ်းအတိုင်း အမ်းမြို့နယ်ဘက်ကနေ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးပါတဲ့ စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် -ACDF နဲ့ မင်းဘူး ခရိုင် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရ တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် မောင်းနှင်ထွက်ပြေးသွားတဲ့ စစ်ကား ၂ စီးအနက် တစီးဟာ စွန်တဲနဲ့လင်းတဲကြားမှာ ချောက်ထဲကိုထိုးကျပြီး တိမ်းမှောက်သွားတာကြောင့် ကားပေါ်ပါ စစ်သား ၁၈ ဦးအနက်မှ ၁၂ ဦး ထပ်မံသေဆုံးပြီး ၆ ဦး ဒဏ်ရာရ သွားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် -ACDF က ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့ဘက်ကို စစ်အင်အားဖြည့်တင်းဖို့နဲ့ ရိက္ခာ ပေးပို့နိုင်ဖို့အတွက် မကွေးတိုင်း ငဖဲမြို့နယ်ထဲက အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုနေရတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ မန္တလေး PDF ရဲ့ အချုပ်ဆောင်ကို စစ်တပ်က ထပ်မံဗုံးကြဲတာကြောင့် စစ်သုံပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံး
အောက်တိုဘာ၃၀ရက်
စစ်ဆင်ရေးကာလက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုထားရှိရာ အချုပ်ဆောင်ကို စစ်တပ်က ထပ်မံဗုံးကြဲ တိုက်ခိုက်တာကြောင့် စစ်သုံပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံးကာ တဦး ဒဏ်ရာရသွားတယ်လို့ မန္တလေး PDF က ဒီနေ့ အောက်တိုဘာ ၃ဝ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲအချိန်မှာ အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး ၏ စစ်သုံပန်းများထားရှိရာ အချုပ်ဆောင်ကို လေကြောင်းတိုက်ခိုက်တာ ထပ်မံပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ဗိုလ်မှူးဦးအပါအဝင် ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တဦးရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ကလည်း လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် စစ်ဆင်ရေးကာလအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံပန်းများထားရှိရာ အချုပ်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သုံပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိခဲ့ပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီက သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ၂ ရက်တာအတွင်း သေဆုံးသူ ၁၆ ဦးအထိရှိလာခဲ့ပြီလို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့ စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိခဲ့တဲ့စစ်သုံပန်းတွေကို သုံပန်းဥပဒေနဲ့ အညီ ကောင်းမွန်စွာထိန်းသိမ်းထားပေမယ့် အကြမ်းဖက်စစ်ကောင်စီက သူတို့ရဲ့တပ်ဖွဲ့ဝင်ဟောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
စစ်တပ်ကလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်သုံပန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး က ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ပေါက်မြို့နယ်က စစ်ရှောင်အိမ်တွေနဲ့ဆေးခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ဝ ဦး သေဆုံး
အောက်တိုဘာ၃၀ရက်
မကွေးတိုင်း ပေါက်မြို့နယ် ရန်ကင်းရွာမြောက်ဘက်က ဒီးဒုတ်ကွင်း စစ်ဘေးရှောင်အိမ်တွေနဲ့ ဆေးခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၁ဝဝ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁ဝ ဦး သေဆုံးသွားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒီးဒုတ်ကွင်းက ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ အဲဒီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF ဝတ်စုံတွေဝတ်ဆင်ကာ အောက်တိုဘာ ၂၈ ရက်နေ့မနက် ၅ နာရီခန့်အချိန်မှာ စစ်ဘေးရှောင်အိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ ဒီးဒုတ်ကွင်းမှာရှိတဲ့ စစ်ဘေးရှောင်အိမ် ၇ လုံးနဲ့ဆေးခန်းတခုကို မီးရှို့ဖျက်ဆီးပြီး သံဃာတပါး ကို လူဝတ်လဲစေကာ စစ်ဘေးရှောင်ပြည်သူ ၁၇ ဦးနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ပြည်သူပိုင်ကားတွေ နဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အဓ္ဓမယူဆောင်သွားတယ်လို့ အသိပေးထားပါတယ်။
အခုလို စစ်ဘေးရှောင်တွေကိုဖမ်းပြီး ပြည်သူပိုင်ပစ္စည်းတွေလုယူလာတဲ့ ပျူစောထီးနဲ့ စစ်သားတွေပါတဲ့ စစ်တပ် စစ်ကြောင်းကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ ၁၂၊ ၁၈ တို့ပါတဲ့ တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ မုံရွာ-နမခ ကတက်လာတဲ့ Mi 35 စစ်ရဟတ်ယာဉ်ဟာ စစ်တပ်စစ်ကြောင်းဘက်ကနေ ပစ်ကူပေး တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၁ဝ ဦး သေဆုံးသွားတာ မျက်မြင်တွေခဲ့ရပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့လည်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲမှာ စစ်အုပ်စုထံကနေ MA- 3 တလက်၊ G-3 တလက်၊ AK တလက်၊ ကာဘိုင်တလက်နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်အဖွဲ့မှာပါတဲ့ ပေါက် ပကဖ က ရဲဘော်တဦး၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်သွားသလို စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာရသွားပြီး တဦးဟာ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ မန္တလေးမြို့နဲ့ ၃ မိုင်ကျော်အကွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးသီးချတိုက်ခိုက်
အောက်တိုဘာ၃၀ရက်
မန္တလေးမြို့နဲ့ ၃ မိုင်ကျော်အကွာမှာရှိတဲ့ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ အထိုင်ချတပ်ဆွဲပြီး သုံးဆယ်ပေးကျေးရွာနဲ့ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်စီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Drone နဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ပစ်မှတ်တွေကို တိကျစွာကြဲချနိုင်ခဲ့ပေမယ့် ဗုံးသီးတလုံး ချို့ယွင်းသွားတာကြောင့်မကွဲခဲ့ဘဲ တလုံးသာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ကနဦးရရှိထားတဲ့သတင်းတွေအရ စစ်သားတဦးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျေးရွာ တရွာလုံးပိတ်ဆို့ကာ ရွာထဲကဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ငယ် တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သားတဦးထိခိုက်ဒဏ်ရာရပြီး ပြည်သူပိုင်နွားတကောင်သေဆုံးသွားတယ်တယ်လို့ ဒေသခံတွေကလည်း သတင်းပေးလာတဲ့အတွက် အတိအကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က အသိပေး ထားပါတယ်။
ဒီတိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့နဲ့အတူ Acid Lpdf ၊ Royal Falcon၊ Phoenix SGG တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ နမ့်ခမ်းမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေအအတွက် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းဖွင့်
အောက်တိုဘာ၃၀ရက်
တအာင်းတပ်မတော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တပ်မဟာ-၁ နယ်မြေ နမ့်ခမ်းမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ပါတယ်။
PSLF/TNLA အုပ်ချုပ်ရေးဌာနက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အုပ်ချုပ်ရေးမှူးဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ ပေးခဲ့တာလို့ နားလည်ရပါတယ်။
အဆိုပါ အုပ်ချုပ်ရးမှူးသင်တန်းကို အောက်တိုဘာ ၂၄ ရက်နေ့ကဖွင့်လှစ်ခဲ့တာဖြစ်ပြီး PSLF/TNLA မန်အောင်ခရိုင် အုပ်ချုပ်ရေးမှူး ဗိုလ်မှူးတားပလန်ကဒူး၊ နမ့်ခမ်းမြို့နယ်စည်သာယာရေးဌာနမှူး ဗိုလ်ကြီးဆိုင်နော်နဲ့ အုပ်ချုပ်ရေးမှူး သင်ကြားရေးသင်တန်းဆရာတို့က အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီသင်တန်းဟာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ကွက်နဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ လုပ်ထုံး လုပ်နည်းဥပဒေနှင့်အညီ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ရပ်ကွက်နဲ့ကျေးရွာအတွင်း စည်ပင်သာယာရေးလုပ်ငန်း၊ မြေယာသစ်တောထိန်းသိမ်းရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ အခြား လုပ်ငန်းဆိုင်ရာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ပို့ချခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
ဒီသင်တန်းမှာ မူဆယ်၊ နမ့်ခမ်းနဲ့ မိုင်းဝီးမြို့နယ်တို့မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၁ ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလဟာ နိုဝင်ဘာလ ၉ ရက်နေ့ထိဖြစ်တဲ့အတွက် ၃ ပတ်နီးပါး သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းဖွင့်ပွဲကို PSLF/TNLA မန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး၊ နမ့်ခမ်းမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က စခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးတပ်ဖွဲ့၊ သင်ကြားရေးဆရာများ၊ ဒေသခံရပ်မိရပ်ဖများနဲ့ သင်တန်းသား ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၆၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment