၂၀၂၄ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေး သေချာပေါက်အနိုင်ရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးခိုင်မာစွာပြောကြား
📌 ၂။ Tom Andrews နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပါဝင်ဆွေးနွေးမယ်
📌 ၃။ စစ်အရာရှိကြီးများအပါအဝင် တာဝန်ရှိသူများကိုယ်တိုင် ဆိုဒ်ဘာလိမ်လည်မှုတွင်ပါဝင်နေပြီး လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်နေတယ်လို့ ကုလဆိုင်ရာ သံအမတ်ကြီးပြော
📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
📌 ၅။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ထောင်တွင်း ကျန်းမာရေး ဆိုးဝါးလာနေလို့ မန္တလေး ဆေးရုံကြီးကို ပြောင်းရွှေ့ကုသ
📌 ၆။ "UK, EU, Canadaနိုင်ငံ တို့က စကစကို လေယာဥ်ဆီနဲ့စစ်လေယာဥ်အစိတ်အပိုင်းဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့
📌 ၇။ Spring Bees နွေဦးပျားစစ်သည်များအဖြစ် နေ့စဉ်တာဝန် မပျက်မကွက် ပါဝင်ကစားမှုကို လေးစားဂုဏ်ပြုသောအားဖြင့် Pollen ပွိုင့် အများဆုံး စုထားနိုင်သူ ( ၃၀ ) ဦး အတွက် USD ၅ဒေါ်လာကိုချီးမြှင့်မယ်
📌 ၈။ ဘုတလင်မြို့နယ် ကျေးရွာများမှာစစ်ဘေးရှောင်နေကြရတဲ့ပြည်သူအယောက်တစ်ထောင်ကျော်အား ဆရာတော်မင်းသုည အာဟာဒါနကျွေးမွေးလှူဒါန်း
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အောက်ဘက် ဒေသမှာ စစ်ရှိန်မြှင့်လာတဲ့အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကိုပါ ပိုမို တိုက်ခိုက်လာနိုင်မှာ ဖြစ်တယ်လို့ PDF Insightသုံးသပ်
🚩 ၂။ ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ဖွဲ့စည်းတည်ထောင်
🚩 ၃။ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၁၃ ဦးထက်မနည်း သေဆုံး
🚩 ၄။ ပြင်စည်ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
🚩 ၅။ ချောက်မြို့နယ်တိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး
🚩 ၆။ လားရှိုးမြို့မှာ တရက်အတွင်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ ဘုရားကျောင်းတွေ ထိခိုက် ပျက်စီးခဲ့
🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်တာဝန်ထမ်းဆောင်ရန်အတွက် ထပ်မံဖွင့်လှစ်သော သင်တန်းတွင်သင်တန်းသားသစ်များ အလိုရှိတယ်လို့ သန်လျင်မြေအောက်ပြောက်ကျား တပ်ဖွဲ့ အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေး သေချာပေါက်အနိုင်ရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးခိုင်မာစွာပြောကြား
အောက်တိုဘာ၂၉ရက်
Radio NUG
နွေဦးတော်လှန်ရေး သေချာပေါက်အနိုင်ရရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ခိုင်မာစွာပြောကြားလိုက်ပါတယ်။
အောက်တိုဘာလအတွင်းဆေးတက္ကသိုလ်၁မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့တော်လှန်ရေးကာလဟာ ၃နှစ်နဲ့၉လရှိလာပြီဖြစ်ပါတယ်။ တော်လှန်ရေးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးဟာအဆင့်တခုကို တက်လှမ်းနေပြီ။ ရောက်နေပြီဖြစ်ပါတယ်။ တကယ်တော့ရန်သူကရော၊ ကမ္ဘာကြီးကရော ကျွန်တော်တို့တော်လှန်ရေးကို ဒီနေရာအထိရောက်မလာဘဲ ပျောက်သွားမယ်။ ကျရှူံးသွားမယ်လို့ ထင်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့စိတ်ဓာတ်နဲ့ သုညနဲ့စခဲ့တဲ့ တော်လှန်ရေးဟာ ဒီနေ့ အောင်မြင်မှုတွေရနေတယ်။ ဘယ်တော့မှ မကျရှုံးနိုင်ဘူးဆိုတဲ့ အာရှမှာနံပါတ်ခြောက်ဆိုတဲ့ စစ်တပ်ကို ကျွန်တော်တို့တွေစပြီးအနိုင်ယူနေပြီ။ စတော်လှန်နေပြီ။ ကျွန်တော်တို့တော်လှန်ရေးဟာ သေချာပေါက်အနိုင်ရရှိမှာဖြစ်တယ်"လို့ဝန်ကြီးက ပြောပါတယ်။
အကြမ်းဖက်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ဆန့်ကျင်မှုနဲ့အတူ ယနေ့တော်လှန်ရေးကာလ မောင်မယ်သစ်လွင်များကို အထူးပဲ သမိုင်းတွင်၊သမိုင်းတင်၊ မှတ်တမ်းလည်းတင်အပ်တယ်လို့ ဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ Tom Andrews နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပါဝင်ဆွေးနွေးမယ်
အောက်တိုဘာ၂၉ရက်
Radio NUG
Tom Andrews နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။
"New York မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေ တင်ပြ၊ ဆွေးနွေးနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ Tom Andrews နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တင်ပြမှုအစီအစဥ်လေးပါ။ Mr.Tom Andrews နဲ့အတူပါဆွေးနွေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဆွေးနွေးပွဲတွင် ဒေါ်ဝေဝေနု, Gum San Nsang တို့ကလည်း ပါဝင်ဆွေးနွေးပြီးတော့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကလည်း အဖွင့်စကားပြောကြားမယ့် အစီအစဥ်ဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်အရာရှိကြီးများအပါအဝင် တာဝန်ရှိသူများကိုယ်တိုင် ဆိုဒ်ဘာလိမ်လည်မှုတွင်ပါဝင်နေပြီး လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်နေတယ်လို့ ကုလဆိုင်ရာ သံအမတ်ကြီးပြော
အောက်တိုဘာ ၂၉ရက်
Radio NUG
မြန်မာစစ်တပ်က စစ်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေကိုယ်တိုင် ဆိုဒ်ဘာလိမ်လည်မှုတွေမှာ ပါဝင်နေပြီး လာဘ်ပေး လာဘ်ယူမှုတွေ ကျူးလွန်နေတယ်လို့ ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီ၏ “အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်နဲ့လုပ်တဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်တပ်က တရားမဝင်အာဏာသိမ်းယူပြီးနောက် နယ်စပ်ဒေသတွေမှာ စစ်အုပ်စုဩဇာခံ ပြည်သူ့စစ်အဖွဲ့တွေ နယ်ခြားစောင့်တပ်ဖွဲ့တွေ သူတို့နဲ့ဆက်စပ်နေတဲ့ ဒေသတွင်းက ဆိုဒ်ဘာရာဇတ်ဝတ်မှုကျူးလွန်သူတွေဟာ ဆိုက်ဘာမူခင်းကျူးလွန်မယ့် ကွန်ပေါင်းတွေ တည်ထောင်လာကြတယ်လို့ သံအမတ်ကြီးက အသိပေးထားပါတယ်။
အဲဒီလို ဆိုက်ဘာမူခင်းကျူးလွန်မယ့် ကွန်ပေါင်းတွေတည်ထောင်ရာမှာ စစ်တပ်ကအရာရှိကြီးတွေအပါအဝင် တာဝန်ရှိသူတွေကိုယ်တိုင် ဆိုဒ်ဘာလိမ်လည်မှုမှာ ပါဝင်တာ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်တာမျိုးတွေမှာ ပါဝင်ပတ်သက်နေကြပြီး အချို့ကို စစ်ခေါင်းဆောင်က ဂုဏ်ပြုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒီအထဲကအချို့ဟာ စစ်တပ်နောက်ခံနိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်နေတယ်လို့လည်း တဆက်တည်း အသိပေးခဲ့ပါတယ်။
မြန်မာပြည်သူတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားဒေသကလူတွေဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်ပြီး ဆိုက်ဘာမှုခင်းက တဆင့် လူကုန်ကူးခံရတာ ငွေလိမ်ခံရတာတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ လိမ်လည်ခံနေရတယ်လို့ သိရပါတယ်။
နိုင်ငံတကာဖိအားပေးမှုတွေကြောင့် စစ်အုပ်စုဟာ ဆိုက်ဘာရာဇဝတ်ကျူးလွန်သူတွေကို ဖမ်းဆီးပြခဲ့ပေမယ့် ဒီလုပ်ငန်းတွေဟာ စစ်အုပ်စုရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆက်လက်လည်ပတ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အဆိုးရွားဆုံးသောလုပ်ဆောင်ချက်ဟာ နယ်စပ်ဒေသတွေမှာ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့များ ဖြစ်ပေါ်လာစေဖို့ အားပေးနေခြင်းဖြစ်ပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်တာတွေ တိုးပွားလာတာကြောင့်လည်း ပြီးခဲ့တဲ့ လအနည်းငယ်က နိုင်ငံတကာသတင်းဖြစ်ခဲ့ရတယ်လို့ သံအမတ်ကြီးက ထောက်ပြထားပါတယ်။
တဖက်မှာလည်း တရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာ သတင်းအချက်အလက်နဲ့ နည်းပညာကို ပြည်သူများအား လူမဆန်စွာ နှိမ်နင်းရာမှာ လက်နက်သဖွယ်အသုံးပြုနေတာတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး ပဋိပက္ခဖြစ်ရာနေရာတွေမှာ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း အစည်းအဝေးတက်လာသူတွေကို အသိပေးခဲ့ပါတယ်။
ဆက်လက်ပြီး (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် "စစ်အုပ်စု၏ ဥပဒေမဲ့ ကွပ်မျက်ခြင်း ချုပ်ငြိမ်းရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့အတွက် မြန်မာပြည်သူများက ကြိုးပမ်းနေသည့် အားစိုက်ထုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက်မှုရှိသော အရေးယူ ဆောင်ရွက်ချက်များကို ချက်ချင်းလုပ်ဆောင်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးသင့်ကြောင်း၊ အနာဂတ်တွင် စစ်ကောင်စီကဲ့သို့သော အဖွဲ့အစည်းမှ ကျူးလွန်လျက်ရှိသည့် ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်း၊ အကျဉ်းချုပ် သို့မဟုတ် တရားလက်လွတ် သတ်ဖြတ်ခြင်းများအား နိုင်ငံတကာ အသိုက်အဝန်းမှ ပိုမို ကောင်းမွန်စွာ တုံ့ပြန်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အထူး အစီရင်ခံစာ တင်သွင်းသူအနေဖြင့် မည်သို့ အကြံပြုလိုသည်ကို မေးမြန်းလိုပါ ကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင်တွေက ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ကျင့်သုံးနေတာကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်စွာထုတ်ဖော်ခွင့် ကန့်သတ်ပိတ်ပင်ခံနေရပြီး တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာ စစ်အုပ်စုက စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်သွားမှာဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူများနဲ့ထပ်တူ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
အောက်တိုဘာ၂၉ရက်
Radio NUG
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၉ရက်မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ (၆) ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၈၉%) တက်ရောက်ခဲ့ကြပြီး ဒီအစည်းအဝေးမှာ အစီအစဉ် (၁) အနေနဲ့ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်ရေးလုပ်ငန်းစဉ်အကြောင်း ဖော်ပြထားတဲ့ ရုံးအဖွဲ့ရဲ့ PowerPoint Presentation ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီနောက် အစီအစဉ် (၂) အနေနဲ့ လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းကော်မတီရဲ့ ရုံးအဖွဲ့ကို လူအင်အားထပ်ဖြည့်ပြီး တိုးချဲ့ဖွဲ့စည်းရေးကို ဆွေးနွေးကြပြီး အစီအစဉ် (၃) အနေနဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ခဲ့ကြပါတယ်။
========================
📌📌 ၅။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ထောင်တွင်း ကျန်းမာရေး ဆိုးဝါးလာနေလို့ မန္တလေး ဆေးရုံကြီးကို ပြောင်းရွှေ့ကုသ
အောက်တိုဘာ ၂၉၊
Radio NUG
မန္တလေး အိုးဘိုထောင်မှာ မတရား ဖမ်းဆီးထောင်ချ ခံထားရတဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဟာ ထောင်တွင်းမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတာကြောင့် မန္တလေး ဆေးရုံကြီးကို ပြောင်းရွေ့ကုသနေရတယ်လို့ သိရပါတယ်။
အသက် ၇၃ နှစ် အရွယ် ဦးဝင်းခိုင်ဟာ နှလုံးရောဂါအခံရှိသူ တဦးဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ မကြာခဏ နာမကျန်း ဖြစ်နေကာ လက်ရှိ မန္တလေး ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင် (ICU) မှာ ကုသနေရတယ်လို့ ဆိုပါတယ်။
NLD အစိုးရ လက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းခိုင်ကို စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီလမှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ် ၃၀ နီးပါး ချမှတ်ကာ အိုးဘိုထောင်မှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။
ဦးဝင်းခိုင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့စာကို အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်း ရောဂါပြင်းထန်နေချိန် မှာ စစ်ကောင်စီက ဆေးရုံမှာပဲ လာရောက်ဖတ်ပြသွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း မန္တလေးအိုးဘိုထောင်မှာ မတရား ဖမ်းဆီးထောင်ချ ခံထားရတဲ့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသမှု မရခဲ့တာကြောင့် ကွယ်လွန်ခဲ့ရပါသေးတယ်။
========================
📌📌 ၆။ "UK, EU, Canadaနိုင်ငံ တို့က စကစကို လေယာဥ်ဆီနဲ့စစ်လေယာဥ်အစိတ်အပိုင်းဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့
အောက်တိုဘာ၂၉
Radio NUG
"UK, EU, Canadaနိုင်ငံတို့က စကစကို လေယာဥ်ဆီနဲ့ စစ်လေယာဥ်အစိတ်အပိုင်း ဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့လိုက်ပါတယ်။
အောက်တိုဘာ၂၉ရက်မှာ ပြင်သစ်ဆိုင်ရာ NUGကိုယ်စားလှယ်မနန်းဆုမွန်အောင်က အဆိုပါသတင်းကိုအသိပေးဆိုထားပါတယ်။
"UK, EU, Canada တို့က စကစကို လေယာဥ်ဆီရောင်းချဖြန့်ဖြူးပေးနေတဲ့ကုမ္ပဏီ (သို့) တားမြစ်ပစ္စည်းများနဲ့ စစ်လေယာဥ်အစိတ်အပိုင်း ဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီ ၆ ခုကို စန်ရှင်ချမှတ်လိုက်ပါပြီ။ အားလုံးဝိုင်းတောင်းဆိုလှုံ့ဆော်ခဲ့ကြတဲ့အား"လို့ဆိုထားပါတယ်။
အရေးယူပိတ်ဆို့ခံရသော ကုပ္မဏီစာရင်းတွင် Asia Sun Group Company Limited ပါဝင်ပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ အကျိုးစီးပွားအတွက်ဖြစ်စေ ရရှိနိုင်သော စီးပွားရေးအရင်းအမြစ်များဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် ယူကေမှ ပိတ်ဆို့အရေးယူခံထားရသော စီးပွားရေးလုပ်ငန်းရှင် ဇော်မင်းထွန်းက ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်တယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ၂၉ရက်ဖော်ပြထားပါတယ်။
အလားတူ Swan Energy Company Limited - Asia Sun Trading Company Limited နှင့် ဆက်စပ်နေပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ သို့မဟုတ် အကျိုးအမြတ်အတွက် ရရှိနိုင်သော စီးပွားရေးအရင်းအမြစ်များ (လေကြောင်းလောင်စာ) ဖန်တီးခြင်းဖြင့်၊ Myan-Oil Company Limited သည် Asia Sun Trading Company Limited နှင့် ဆက်စပ်နေတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် Rich Ray Trading Company Limited - Asia Sun Trading Company Limited နှင့် ဆက်စပ်နေပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ အကျိုးစီးပွားအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ရရှိနိုင်သော စီးပွားရေးအရင်းအမြစ်များ (လေကြောင်းလောင်စာ) ဖန်တီးခြင်း၊ Progress Technology Support Company (a.k.a Royal Shune Lei Co) သည် မြန်မာနိုင်ငံသို့ ကန့်သတ်ကုန်ပစ္စည်းများ သို့မဟုတ် ကန့်သတ်နည်းပညာ သို့မဟုတ် ယင်းကုန်စည် သို့မဟုတ် နည်းပညာနှင့် ပတ်သက်သည့် ပစ္စည်းများ ပံ့ပိုးမှုတွင် ပါဝင်နေခြင်း၊ King Royal Technologies Company Limitedသည် မြန်မာနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှု သို့မဟုတ် အလွဲသုံးစားပြုမှုတို့ကို ဆိုးရွားစွာဖြစ်စေနိုင်သည့် ကုန်ပစ္စည်း သို့မဟုတ် နည်းပညာများ ပေးဝေရာတွင် ပါဝင်ပတ်သက်နေခြင်းတို့ရှိတဲ့အတွက်လို့ ဖော်ပြပါတယ်။
========================
📌📌 ၇။ Spring Bees နွေဦးပျားစစ်သည်များအဖြစ် နေ့စဉ်တာဝန် မပျက်မကွက် ပါဝင်ကစားမှုကို လေးစားဂုဏ်ပြုသောအားဖြင့် Pollen ပွိုင့် အများဆုံး စုထားနိုင်သူ ( ၃၀ ) ဦး အတွက် USD ၅ဒေါ်လာကိုချီးမြှင့်မယ်
အောက်တိုဘာ၂၉ရက်
Radio NUG
Spring Bees နွေဦးပျားစစ်သည်များ အဖြစ် နေ့စဉ်တာဝန် မပျက်မကွက် ပါဝင်ကစားမှုကို လေးစားဂုဏ်ပြုသောအားဖြင့် Pollen ပွိုင့် အများဆုံး စုထားနိုင်သူ ( ၃၀ ) ဦး အတွက် USD ၅ဒေါ်လာကိုချီးမြှင့်မယ်လို့ အောက်တိုဘာ၂၉ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်SDBက သတင်းထုတ်ပြန်ပါတယ်။
မတရားမင်းလုပ်အုပ်စိုးချင်တဲ့ ဖက်ဆစ် ဝက်ဝံဆိုးများကို တွန်းလှန်အမြစ်ဖြုတ်ဖို့ Spring Bees နွေဦးပျားစစ်သည်များ အဖြစ် နေ့စဉ်တာဝန် မပျက်မကွက် ပါဝင်ကစားမှုကို လေးစားဂုဏ်ပြုသောအားဖြင့် Pollen ပွိုင့် အများဆုံး စုထားနိုင်သူ ( ၃၀ ) ဦး အတွက် USD 5 စီကို သက်ဆိုင်ရာ SDB အကောင့်ထဲသို့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
ဒီအစီအစဉ်ကို Beta ကာလ အတွင်း SpringBees ဂိမ်းကို တတပ်တအား ဆော့ကစားသူတိုင်း အကျုံးဝင်တာကြောင့် နိုဝင်ဘာလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
========================
📌📌 ၈။ ဘုတလင်မြို့နယ် ကျေးရွာများမှာစစ်ဘေးရှောင်နေကြရတဲ့ပြည်သူအယောက်တစ်ထောင်ကျော်အား ဆရာတော်မင်းသုည အာဟာဒါနကျွေးမွေးလှူဒါန်း
အောက်တိုဘာ၂၉ရက်
Radio NUG
ဘုတလင်မြို့နယ် ကျေးရွာများမှာ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူအယောက်တစ်ထောင်ကျော်အား ဆရာတော်မင်းသုည အာဟာဒါနကျွေးမွေးလှူဒါန်းခဲ့တယ်လို့ အောက်တိုဘာ၂၉ရက်မှာ ဆရာတော်မင်းသုညက ဆိုရှယ်မီဒီယာမှာအသိပေးဖော်ပြပါတယ်။
ဘုတလင်မြို့နယ် ကျေးရွာများမှာ စစ်မိစ္ဆာတွေစစ်ကြောင်းထိုးနေသည့်အတွက် စစ်ဘေးရှောင်နေကြရသည့် ပြည်သူအယောက်တစ်ထောင်ကျော်အား အာဟာရဒါန ကျွေးမွေးလှူဒါန်းပေးခဲ့ပါတယ်လို့ မိန့်ကြားထားပါတယ်။
စစ်ရှောင်များဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာကြပါစေလို့ ဆရာတော်ကဆုမွန်ကောင်း တောင်းပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အောက်ဘက် ဒေသမှာ စစ်ရှိန်မြှင့်လာတဲ့အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကိုပါ ပိုမို တိုက်ခိုက်လာနိုင်မှာ ဖြစ်တယ်လို့ PDF Insightသုံးသပ်
အောက်တိုဘာ၂၉ရက်
Radio NUG
အောက်ဘက်ဒေသမှာ စစ်ရှိန်မြှင့်လာတဲ့အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကိုပါ ပိုမိုတိုက်ခိုက်လာနိုင်မှာ ဖြစ်တယ်လို့ PDF Insightက အောက်တိုဘာ ၂၉ရက်မှာ သုံးသပ်ဖော်ပြပါတယ်။
"တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ မြို့သိမ်း၊ နယ်သိမ်းနိုင်မှုနဲ့ ဆက်စပ်ကြည့်လိုက်ရင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်ဒေသတွေမှာလည်း မကြာခင် ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာနိုင်တာ သိသာထင်ရှားပါတယ်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်မျက်နှာသစ် ဖွင့်လှစ်မယ်၊ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေး ဆောင်ရွက်မယ်၊ နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က တရားဝင် ပြောကြားထားပြီးဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ရေခံမြေခံတွေ အရ မကြာခင်ကာလမှာ နွားထိုးကြီးv၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ထုမျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒီအခြေအနေကို အကြမ်းဖက် စစ်အာဏာရှင်တွေ သိရှိပေမယ့်လည်း တပ်အင်အား မလုံလောက်တာ၊ တပ်အသစ်တွေ တိုက်စွမ်းရည် မပြည့်ဝတာ၊ တပ်တွေ စိတ်ဓာတ်ကျဆင်းနေတာကြောင့် ခိုင်ခိုင်မာမာ တားဆီးနိုင်မှာ မဟုတ်ပါဘူးလို့ဆိုထားပါတယ်။
လက်ရှိ ကာလမှာ ပဲခူးရိုးမ နယ်မြေ မှာ စစ်ကြောင်း လိုက် အထိနာအောင် တိုက်နိုင်တာ၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ဒေသမှာ စစ်ရေးလှုပ်ရှားနိုင်တာ၊ မကွေးတိုင်းထဲက လက်နက်စက်ရုံတွေကို ပုံမှန် တိုက်ခိုက်နိုင်တာတွေ တွေ့ရှိရတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ဖွဲ့စည်းတည်ထောင်
အောက်တိုဘာ၂၉ရက်
Radio NUG
ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သိရပါတယ်။
ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ဖွဲ့စည်း တည်ထောင်ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မနက်ပိုင်းက ဖယ်ခုံမြို့နယ်အတွင်းရှိ ကယန်းဒေသ တစ်နေရာမှာကျင်းပခဲ့ပါတယ်။
လွိုင်ကော်ဒေသ၊ ဒီမောဆိုဒေသ၊ မိုးဗြဲဒေသ၊ ဖယ်ခုံဒေသနဲ့ တခြားကယန်းဒေသတွေမှာပြန့်ကြဲနေတဲ့ ကယန်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် (KNA)ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ကယန်းအမျိုးသားတပ်မတော်ကို အခြေခံမူ ၉ချက် ၊ အမျိုးသားရေးရည်မှန်းချက် ၅ချက်၊ သစ္စာအဓိဌာန် ၄ချက်တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
========================
🚩🚩 ၃။ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၁၃ ဦးထက်မနည်း သေဆုံး
အောက်တိုဘာ ၂၉
Radio NUG
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ၃ ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၁၃ ဦး ထက်မနည်းသေဆုံးသွားတယ်လို့ လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ကစပြီး လောင်းလုံးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။
ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲဖို့ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ရင်းဘုတ်ရွာအနီးမှာ တကြိမ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဂေါ့အင်းရွာအနီးမှာ တကြိမ် အောက်တိုဘာ ၁၆ ရက်နေ့က အောက်ရေဖြူရွာအနီးမှာ ၁ ကြိမ် နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရာရှိတဦးအပါအ၀င် စစ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတာလို့ လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖက အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းကို တပတ်ခန့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်-၁ တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်-၂ တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ပြင်စည်ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
အောက်တိုဘာ ၂၉၊
Radio NUG
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၊ ရဲစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၄ တပ်ရင်း - နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီ ခွဲခန့်တွင် ပြင်စည်ရွာရဲစခန်းကို ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်း ခေါင်မိုးနဲ့ ကင်းပုန်း နေရာများကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ချောက်မြို့နယ်တိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး
အောက်တိုဘာ ၂၉ရက်
Radio NUG
မကွေးတိုင်း ချောက်မြို့နယ်မှာဖြစ်တဲ့ ၄ ရက်ကြာတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးမှုများသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မကွေးခရိုင်ကွပ်ကဲရေးရုံးနဲ့ တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချောက်မြို့နယ် ကုန်းကြီး - ထိန်စမ်းလမ်းအတိုင်း အောက်တိုဘာ ၂၅ ရက်နေ့က အင်အားအလုံးအရင်းနဲ့ဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ထိန်းစမ်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား အများအပြားသေဆုံးခဲ့ပြီး လေကြောင်းပစ်ကူရယူကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဂွေးပင် - သရက်ပင်ကျေးရွာလမ်းအတိုင်းဝင်လာတဲ့ အခြား စစ်ကြောင်းနဲ့ပေါင်းပြီး ညနေ ၄ နာရီအချိန်ခန့်မှာ ကတိုင်တောင်ရွာဘက်ကို ဝင်ရောက်စီးနင်းကာ ည ၇ နာရီမှာ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာလဲ စစ်ကြောင်းတွေခွဲပြီး နရွဲတောကျေးရွာကို ဝင်လာပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ် ၃၃ အိမ်မီးလောင် ပြာကျခဲ့တယ်လို့ Chauck Revolution Army-CRA က ပြောပါတယ်။
စစ်သားတွေ မီးရှို့ဖျက်ဆီးနေချိန်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားတွေ ထိခိုက် သေဆုံးမှုများပြီး နရွဲတောရွာတောင်ဘက်ကနေ စစ်တပ်စစ်ကြောင်း ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လယ် ၁ နာရီခန့်မှာ ရွာမရွာဘက်ကနေ စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် နေ့လယ် ၂ နာရီကနေ ၅ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး မကွေးလေတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် တိုက်ခိုက်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ပွဲမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၂ ဦးသေဆုံးကာ ရွာမဘုန်းကြီးကျောင်း ပျက်စီးခဲ့သလို ကျေးရွာပေါင်း ၂၂ ရွာက ဒေသခံပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေခဲ့ရတယ်လို့လည်း သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို Chauck Revolution Army-CRA၊ သရက်ခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင် တပ်ရင်း ၄ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မကွေးခရိုင် တပ်ရင်း ၂ ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖနဲ့ ပခုက္ကူ ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ လားရှိုးမြို့မှာ တရက်အတွင်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ ဘုရားကျောင်းတွေ ထိခိုက် ပျက်စီးခဲ့
အောက်တိုဘာ ၂၉
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ မွန်းတည်ချိန်နဲ့ မွန်းလွဲပိုင်းမှာ ရပ်ကွက် (၁၁) ဂေါက်ကွင်း အနီးက လူနေရပ်ကွက်နဲ့ ရပ်ကွက် (၁) က သာသနာ ၂၅၀၀ ဘုရားတို့ကို လေကြောင်းကနေ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုရာကျောင်းဆောင်တွေနဲ့ လမ်းဘေးမှ လျှပ်စစ်မီးကြိုးတွေ ကဲ့သို့သော အများပိုင် ပစ္စည်းတွေ ပျက်စီးခဲ့ရပါသေးတယ်။
========================
🚩🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်တာဝန်ထမ်းဆောင်ရန်အတွက် ထပ်မံဖွင့်လှစ်သော သင်တန်းတွင်သင်တန်းသားသစ်များ အလိုရှိတယ်လို့ သန်လျင်မြေအောက်ပြောက်ကျား တပ်ဖွဲ့ အသိပေး
အောက်တိုဘာ၂၉ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွbင် တာဝန်ထမ်းဆောင်ရန်အတွက် ထပ်မံဖွင့်လှစ်သော သင်တန်းတွင်သင်တန်းသားသစ်များ အလိုရှိတယ်လို့ သန်လျင်မြေအောက်ပြောက်ကျား တပ်ဖွဲ့က အောက်တိုဘာ၂၉ရက်မှာ အသိပေးဆိုပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ထပ်မံဖွင့်လှစ်သော သင်တန်းတွင် တက်ရောက်ကာ အမှုထမ်းရန် သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
သင်တန်းသားအဖြစ် တက်ရောက်ရန်အသက်-၁၈နှစ်ပြည့်ပြီးသူ၊ သင်တန်းတက်ရောက်ရန် လိုအပ်သောကျန်းမာကြံ့ခိုင်မှုရှိသူ၊၂နှစ်အနည်းဆုံးတာဝန်ထမ်းဆောင်နိုင်သူတို့ဖြစ်ရမယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment