မြေပြို ရေကြီးခဲ့တဲ့ ဟိုပုံးမြို့နယ်မှာ ဝမ်းစာစပါးနဲ့ အစေ့ထုတ်ပြောင်းသီးနှံခင်းများ အများအပြား ပျက်စီး



မြေပြို ရေကြီးခဲ့တဲ့ ဟိုပုံးမြို့နယ်မှာ ဝမ်းစာစပါးနဲ့ အစေ့ထုတ်ပြောင်းသီးနှံခင်းများ အများအပြား ပျက်စီး

ကိုမြင့်သူ Radio NUG အောက်တိုဘာ ၁၆၊ ၂၀၂၄

ဟိုပုံးမြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၉ အုပ်စုမှာ မြေပြို ရေကြီးမှုတွေကြောင့် ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ စပါး၊ အစေ့ထုတ်ပြောင်းနဲ့ ကော်ဖီခြံတွေ ပျက်စီးသွားခဲ့ပြီး အကူအညီလည်း သိပ်မရောက်တဲ့အတွက် ဒေသခံတွေမှာ စားရေး သောက်ရေးကအစ မလုံမလောက် ဖြစ်လာပါတယ်။ ရေကြီး နစ်မြုပ်တဲ့အတွက် အစေ့ထုတ်ပြောင်းစိုက်ခင်းတွေ ပျက်စီးသွားတဲ့ အခြေအနေကို ဟိုပုံးမြို့နယ်မှ အစေ့ထုတ်ပြောင်း စိုက်ပျိုးသူတောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ရေထွက်ကြီးကနေ ရေတွေ အတင်းကျော်တက်လာတော့လေ၊ ဒီဘက်ချောင်းကြီးကနေ လျှံတက်လာတော့ ဒီပြောင်းခင်းက မအောင်တော့ဘူး။ မအောင်တော့ ကျွန်တော်တို့ တောင်သူတွေ မနည်းဘူး နစ်နာတယ်။ ဆုံးရှုံးတယ်။ ကျွန်တော်တို့ ပုံစံပြောရရင် စီးပွားရေးဈေးကွက်ထဲ မဝင်တော့ဘူး”

လွန်ခဲ့တဲ့ တစ်လကျော်ကာလက ပြောင်းပင်သက်တမ်းနုချိန်မှာ ပြောင်းခင်းထဲ ရေလွှမ်းနစ်မြုပ်ခဲ့တဲ့အတွက် အပင်အားနည်းလာပြီး အရည်အသွေးပြည့်ဝတဲ့ ပြောင်းဖူးတွေ ဖြစ်မလာဘဲ ပြောင်းခင်းတစ်ခုလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ရေဝင် နစ်မြုပ်တဲ့ ပြောင်းခင်းတွေမှာ တောင်သူတွေအတွက် အဓိကဝင်ငွေ ဖြစ်စေတဲ့ ပြောင်းဖူးတွေမှာ အစေ့အဆံမပါသလောက် ဖြစ်လာပြီး ရေလွတ်တဲ့ ပြောင်းခင်းတွေက အဖူးတွေနဲ့ မယှဥ်သာအောင် အရည်အသွေးရော အထွက်နှုန်းပါ ကျဆင်းသွားတာြ ဖစ်ပါတယ်။ တချို့အခင်းတွေမှာ ပြောင်းတပင်လုံး ခြောက်သွေ့ဆွေးမြည့်တဲ့အထိ ရေဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။ ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောတစ်ခုလုံး စိုက်ပျိုးရေးလုပ်ငန်းနဲ့ အဓိက အသက်မွေးကြတာဖြစ်ပြီး ပြောင်းခင်းတွေအပြင် ဝမ်းစာအတွက် အဓိကထား စိုက်ပျိုးကြတဲ့ စပါးခင်းတွေလည်း ပျက်စီးခဲ့ရတယ်လို ပင်လျမ်းကျေးရွာခံတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ တစ်နှစ်တာလောက် ထိခိုက်မှုရှိတယ်။ အမှန်အတိုင်းပြောရင် ဒီလယ်တွေက ပြန်ဖော်ဖို့ မလွယ်တော့ဘူး။ တချိုနေရာမှာကျတော့ ရေချောင်းဖြစ်သွားတာပေါ့။ ရေချောင်းနဲ့ လယ်နဲ့ ပြောင်းပြန် ဖြစ်သွားတာပေါ့”

ဒေသတွင်းက သိမီသူတွေရဲ့ ပြောဆိုချက်အရ အခုလို ဆိုးရွားတဲ့ မြေပြို ရေကြီးမှုဒဏ်ကို မကြုံဖူးတဲ့ ဒေသခံတွေမှာ ပြင်ဆင်ချိန် ဘာတစ်ခုမှ မသိလိုက်ရဘဲ အသက်အိုးအိမ်နဲ့ အသက်မွေးလုပ်ငန်းတွေ ပျက်စီးခဲ့ရပြီး အကြမ်းဖက် စစ်တပ်ကလည်း ဘာတစ်ခုမှ ဆောင်ရွက်ပေးနိုင်တာ မရှိပါဘူး။ ရပ်ဝေး အလှူရှင်နည်းပါးတဲ့ အဲဒီဒေသမှာ အိမ်သုံး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကအစ မြေပြို ဖုံးလွှမ်းသွားတဲ့အတွက် ဒေသခံ စိုက်ပျိုးစီးပွား တောင်သူလုပ်ငန်းရှင်တွေမှာ ပြန်လည်ထူထောင်ရေးအတွက် မှန်းဆလို့မရနိုင်အောင် ဖြစ်လာပါတယ်လို့ ဟိုပုံးမြို့နယ်က ယုပ္ပေးရွာသူတစ်ဦးက ပြောပါတယ်။

“ဘဝရှေ့ဆက်ဖို့ အခုက ဘယ်လိုမှ တွေးလို့မရဘူးရှင်။ ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ စပါးလည်း ပါသွားပြီ။ သနပ်ဖက်ခြံလည်း ပါသွားပြီ။ အခုက ဘာမှ လုပ်စရာမရှိတော့ဘူး”

အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံး မြေပြို ရေကြီးမှုကြောင့် စပါးစိုက်ဧက ၈သိန်းနီးပါး ပျက်စီးဆုံးရှံးခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာ ထုတ်ပြန်ခဲ့ပြီး အခြားသီးနှံများအပါအဝင် သီးနှံအမယ်စုံ ထိခိုက်ပျက်စီးမှုကိုတော့ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။

Photo - ဟိုပုံးမြိုနယ်အတွင်း ဝင်ငွေရသီးနှံအဖြစ်စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းခင်း ရေဝင်ပျက်စီး နေသည်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်နေ့က တွေ့ရစဥ်...

Share:

No comments:

Post a Comment