15th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ "Harnessing science, technology and innovation for a more peaceful and sustainable future." ဆောင်ပုဒ်ဖြင့် ကျင်းပတဲ့ ညီလာခံ၏ General Debate အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့

📌 ၂။ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုအဖြစ် တော်လှန်သီတင်းကျွတ်မှာ ဆီမီးသပိတ်ဆင်နွှဲဖွဲ့ တိုက်တွန်းနှိုးဆော်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဦးရည်မွန် သွားရောက် တွေ့ဆုံ၍အားပေး

🚩 ၂။ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုအပါအဝင်ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ခရီးသွားလာခွင့်နဲ့ဆေးဝါးနှင့် စားသောက်ကုန်များကို ကန့်သတ်ပိတ်ပင်ထား

🚩 ၃။ အရှေ့၊ အနောက်၊ တောင်၊ မြောက်က PDF တွေဟာ တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေကြပြီလို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ "Harnessing science, technology and innovation for a more peaceful and sustainable future." ဆောင်ပုဒ်ဖြင့် ကျင်းပတဲ့ ညီလာခံ၏ General Debate အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့


အောက်တိုဘာ၁၅ရက်


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ "Harnessing science, technology and innovation for a more peaceful and sustainable future." ဆောင်ပုဒ်ဖြင့် ကျင်းပတဲ့ ညီလာခံ၏ General Debate အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့တယ်လို့ အောက်တိုဘာ၁၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထပ်မံသတင်းထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံဒုတိယနေ့မြောက်ဖြစ်သည့်အောက်တိုဘာ ၁၄ရက်နေ့၊  နံနက်ပိုင်းတွင် အမှုဆောင်ကောင်စီအစည်းအဝေးနှင့် ဒီမိုကရေစီကို နောက်ပြန်ဆွဲခြင်းအား ကာကွယ်ရေးအတွက် ပါလီမန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

 ယင်းဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပါဝင်ဆွေးနွေးသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီးမွန်းလွဲပိုင်းတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် "Harnessing science, technology and innovation for a more peaceful and sustainable future." ဆောင်ပုဒ်ဖြင့် ပြုလုပ်သည့် ညီလာခံ၏ General Debate အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union  IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson ဒိန်းမတ်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ ပူးပေါင်းဆောင်ရွက်သွားလိုသည့် ကဏ္ဍများကိုလည်း ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၂။ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုအဖြစ် တော်လှန်သီတင်းကျွတ်မှာ ဆီမီးသပိတ်ဆင်နွှဲဖွဲ့ တိုက်တွန်းနှိုးဆော်


အောက်တိုဘာ ၁၅ 


လူထုအာဏာဖီ ဆန်ရေး လှုပ်ရှားမှုအဖြစ် တော်လှန်သီတင်းကျွတ်မှာ ဆီမီးသပိတ် ဆင်နွှဲကြဖို့ အတွက် သပိတ်အင်အားစုတွေက တိုက်တွန်းနှိုးဆော်နေကြပါတယ်။

သီတင်းကျွတ် ဆီမီးများနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ အချိန်ကို ရောက်တော့မှာဖြစ်တဲ့အတွက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုအနေနဲ့ ပုံဖော်ကာ တော်လှန်သီတင်းကျွတ် ကာလ အဖြစ် ဖြတ်သန်းကြမယ်လို့ အသိပေးပါတယ်။

နေအိမ်ခြံဝင်း၊ဘုရားစေတီ ရင်ပြင်တွေမှာ ထွန်းညှိမယ့် သီတင်းကျွတ် ဆီမီးတွေက ဓမ္မတရားကို ပူ‌ဇော်တာဖြစ်သလို၊ ဓမ္မ ဘက်တော်သာများကို ဂုဏ်ပြုမှာဖြစ်ပြီး၊ အဓမ္မတရား နဲ့ အဓမ္မဝါဒီ တွေကို လေင်ကျွမ်းစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

လူထုရဲ့  ထွန်းညှိတဲ့ ဆီးမီးတွေနဲ့အတူ ပြည်သူအပေါ် ဖိနှိပ်သူ မှန်သမျှ ပူလောင်ကျရှုံးစေဖို့၊ ဆုတောင်း ကြွေးကြော်သံတွေ များ နဲ့အတူ ဓမ္မကို ပူဇော်၊အဓမ္မကို လောင်ကျွမ်း လူထုအနာဂတ်ကို တော်လှန်ဆီးမီး နဲ့ထွန်းညှိကြဖို့  တော်လှန်သီတင်းကျွတ်မှာ ပါဝင်ကြဖို့ အသိပေးတိုက်တွန်းထားတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဦးရည်မွန် သွားရောက် တွေ့ဆုံ၍အားပေး


အောက်တိုဘာလ (၁၅) ရက်


စစ်ကိုင်းတိုင်းရှိပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဦးရည်မွန် သွားရောက် တွေ့ဆုံ၍အားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။

စစ်ရေးအရ မဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ PDF တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်တာဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ ခံစစ်လိုင်းတခုကို ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်

ပြန်ပြောဆိုထားပါတယ်။

ပင်လည်ဘူးမြို့ဟာ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင် စတဲ့မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်း မြစ်ဝှမ်းဆက်သွယ်ရာ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် ရန်သူ့တပ်အတွက် အရေးပါတဲ့ ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့အပြင် မြေပြန့်ဒေသမှာ ထုအင်အားနဲ့ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့အရေးကြီး သော အောင်ပွဲကိုရယူနိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဖေါ်ပြထားပြီးဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ရက်ကစတင်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ထိုးစစ်ကာလ ၅၄ မှာ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၆၇ဝ မှာ ဗု့းသီးအလုံးရေ ၅ထောင်ကျော် ကြဲချတိုက်ခိုက်တဲ့အပြင် မြေပြင်အင်အား ၈၀၀ နီးပါးနဲ့ ခုခံခဲ့တာလို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း ရန်သူ့ဘက်က ၇၀ ခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးကာ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပေမယ့် PDF ပူးပေါင်းတပ်ဘက်ကထိခိုက်ကျဆုံး  အခြေအနေအသေးစိတ်ကို ဖော်ပြမထားပါဘူး။ 

ရန်သူ့ထံက လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲ၊ယမ်း၊မီး၊ကျောက် အမြောက်အမြားနဲ့ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို အလင်းဝင်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပြီး ရန်သူ့တပ်သားတွေကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားတာတွေ့ရပြီး ရန်သူ့တပ်တွေ အဓိက အခြေပြုနေတဲ့ ရဲစခန်းအတွင်းက ဘိန်းမဲအထုပ် ၁၈ထုပ် (ခန့်မှန်း ပိဿာထုပ်) ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူ အထုပ်သေး ၁၂၈၅ ခု သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အား ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများကိုလည်း တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုအပါအဝင်ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ခရီးသွားလာခွင့်နဲ့ဆေးဝါးနှင့် စားသောက်ကုန်များကို ကန့်သတ်ပိတ်ပင်ထား


အောက်တိုဘာလ (၁၅) ရက်


စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုအပါအဝင်ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ခရီးသွားလာခွင့်နဲ့ဆေးဝါးနှင့် စားသောက်ကုန်များကို ကန့်သတ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPကသတင်းထုတ်ပြန်ဖော်ပြပါတယ်။

အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်အုပ်စုက ဦးတည်လုပ်ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ခရီးသွားလာခွင့်များပိတ်ပင်ခြင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆေးဝါးနှင့် စားသောက်ကုန်များကို ကန့်သတ်ပိတ်ပင်ထားသည့်အပြင် ၎င်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။

အလားတူပင် အရပ်သားပြည်သူလူထုနေထိုင်ရာ ဒေသများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တရားလက်လွတ်ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုများကိုလည်း ပြုလုပ်နေခဲ့ရာ ယခင်သီတင်းပတ်အတွင်း မကွေးတိုင်း မြစ်ခြေမြို့၌ ဒေသခံသုံးဆယ်ခန့် ဖမ်းဆီးခံခဲ့ရသလို၊ စစ်ကိုင်းတိုင်း ဘုတလင်မြို့ကို ဝင်ရောက်စီးနင်းရာ၌လည်း ဒေသခံအချို့သတ်ဖြတ်ခံခဲ့ရပါတယ်။


========================


🚩🚩 ၃။ အရှေ့၊ အနောက်၊ တောင်၊ မြောက်က PDF တွေဟာ တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေကြပြီလို့ဆို


အောက်တိုဘာ၁၅ရက်


အရှေ့၊ အနောက်၊ တောင်၊ မြောက်က PDF တွေဟာ တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေကြပြီလို့ အောက်တိုဘာ၁၅ရက်မှာ စစ်ရေးသုံးသပ်ချက်များရေးသားဖော်ပြတဲ့ PDFInsightကဆိုပါတယ်။

"လွန်ခဲ့တဲ့ တနှစ် ၂၀၂၃ နှစ်စ၊ နှစ်လယ်မှာ PDF တွေ စစ်မတိုက်ဘူးလား ဆိုပြီး စိုးရိမ်မှုတွေ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ နားလည်လိုက်တာက  ပြည်သူတွေဆီ တိုက်ပွဲသတင်း ပြန့်နှံ့မှုက အားနည်းနေတယ်။  ပကတိ စစ်ရေးအခြေအနေတွေကို  ခြုံငုံနားလည်ဖို့ လိုအပ်နေတယ်။ ဒါ့ကြောင့် ငါတို့ PDF တွေ စစ်တိုက်နေပါတယ်ကွ ဆိုတာကို ပြသနိုင်ဖို့ PDF Insight ကို စတင်ခဲ့ပါတယ်။ ဒီကာလ အတွင်း စစ်ရေးအခြေအနေအပြောင်းအလဲ အများကြီး ဖြစ်လာသလို စုဖွဲ့ပြင်ဆင်မှုတွေလုပ်ရင်းကပဲ PDF တွေရဲ့ စစ်ရေးစွမ်းရည်ဟာလည်း တိုးသထက် တိုးတက်လာပါပြီ။ အခုဆို အရှေ့၊ အနောက်၊ တောင်၊ မြောက်က PDF တွေဟာ တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေကြပါပြီ"လို့ဆိုပါတယ်။

လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့စစ်ရေးအရပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment