၂၀၂၄ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာ မြန်မာကွန်မြူနတီနဲ့ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့ တက်ရောက်မည်
📌 ၂။ ထိုင်းနိုင်ငံ၊ မဟာချိုင် (အုန်းရိုင်)တွင် ရောက်ရှိနေသော မြန်မာ MOU အလုပ်သမား အယောက် (၅၀)ရဲ့အလုပ်သမားအရေးကိုဖြေရှင်းပေးခဲ့
📌 ၃။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၁ က “မျှော်လင့်ခြင်း ရန်ကုန်” ကမ်ပိန်း ပြုလုပ်နေ
📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းခြောက်ထောင်နီးပါးရှိလာ
📌 ၅။ Fight Delta Fight ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ၁ရက်နေ့စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံ (Golden Mile tower) မှာ ပြသသွားမည်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖလမ်းနှင့် မင်းတပ်တိုက်ပွဲပြင်းထန်နေဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်
🚩 ၂။ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းမှူးကို စစ်ရေးဗျူဟာထူးချွန်ဆု ချီးမြှင့်
🚩 ၃။ သပိတ်ကျင်းမြို့နယ်က အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနဲ့ ကျောက်ကြီးစခန်းကို သိမ်းပိုက် နိုင်ရေး ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ PLA ပြော
🚩 ၄။ မြင်းမူနယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ၅ ဦး သေဆုံး
🚩 ၅။ နွားထိုးကြီးနယ် အမြန်လမ်းပိုင်းမှာရှိတဲ့ စစ်စခန်းကို ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၆။ PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
🚩 ၇။ ဟားခါးမြို့နယ်မှာ ၄ လအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF – Hakha ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာ မြန်မာကွန်မြူနတီနဲ့ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့ တက်ရောက်မည်
နိုဝင်ဘာ၁၃ရက်
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာမြန်မာကွန်မြူနတီနဲ့ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်မယ်လို့
နိုဝင်ဘာ၁၃ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက အသိပေးဆိုထားပါတယ်။
"ဒီလ နိုဝင်ဘာ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာ Dr. Sasa နဲ့ အတူ မြန်မာကွန်မြူနတီနဲ့ တွေ့ဆုံပွဲ"လို့အသိပေးဆိုထားပါတယ်။NUGဝန်ကြီးများမှအမေရိကန်ပြည်ထောင်စုသို့အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေခြင်းဖြစ်ပါတယ်။
========================
📌📌 ၂။ ထိုင်းနိုင်ငံ၊ မဟာချိုင် (အုန်းရိုင်)တွင် ရောက်ရှိနေသော မြန်မာ MOU အလုပ်သမား အယောက် (၅၀)ရဲ့အလုပ်သမားအရေးကိုဖြေရှင်းပေးခဲ့
နိုဝင်ဘာ၁၃ရက်
ထိုင်းနိုင်ငံ၊ မဟာချိုင် (အုန်းရိုင်)တွင် ရောက်ရှိနေသော မြန်မာ MOU အလုပ်သမား အယောက် (၅၀)ရဲ့အလုပ်သမားအရေးကိုဖြေရှင်းပေးခဲ့တယ်လို့ နိုဝင်ဘာ၁၃ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာနက ဖော်ပြပါတယ်။ထိုင်းနိုင်ငံ၊ မဟာချိုင် (အုန်းရိုင်)တွင် ရောက်ရှိနေသော မြန်မာ MOU အလုပ်သမား အမျိုးသမီး (၂၅) ယောက် နှင့် အမျိုးသား (၂၅) ယောက် စုစုပေါင်း အယောက် (၅၀)သည် အေဂျင်စီတစ်ခု နှင့် ပထုံဌာနီသို့ ရောက်ရှိလာကာ ဆောက်လုပ်ရေး အလုပ်မရရှိ ၍ ငါးသေတ္တာရုံ ထည့်ပေးမည်ဟု အေဂျင်စီ မှ ပြောဆိုခေါ်ဆောင်သဖြင့် မဟာချိုင်(အုန်းရိုင်) သို့ စက်တင်ဘာ၂၁ရက်နေ့ တွင် ရောက်ရှိခဲ့တယ်လို့သိရပါတယ်။
အလုပ်သမားများသည် မိမိတို့ ပိုက်ဆံဖြင့် အခန်းများ ငှားရပြီး အေဂျင်စီ ထည့်ပေးမည့်အလုပ်ကို စောင့်လာခဲ့သည်မှာ( ၁ ) လ ကြာမြင့်လာသော်လည်း အလုပ်များမလုပ်ရသဖြင့် တိုင်ကြားလာ၍ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး အေဂျင်စီဘက်မှ ကိုယ်စားလှယ်အားခေါ်ယူကာ ညှိနှိုင်းခဲ့ရာ အေဂျင်စီမှအလုပ်သမားများအား (၁၄)ရက်အတွင်း မဟာချိုင်ရှိ ငါးသေတ္တာစက်ရုံ တစ်ရုံတွင် အလုပ်သွင်းပေးမည် ဖြစ်ကြောင်းနှင့် သက်မှတ်ရက် အလုပ်မဆင်းရပါက စမတ်ကြေးငွေနှင့် ဘိုင်ကျန့်အော့ကို ပြန်ထုတ်ပေးရန် အေဂျင်စီနှင့်အလုပ်သမားကြား သဘောတူညီမှုရရှိခဲ့သည်ထိ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၁ က “မျှော်လင့်ခြင်း ရန်ကုန်” ကမ်ပိန်း ပြုလုပ်နေ
နိုဝင်ဘာလ ၁၃ရက်
ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ မှ ရဲဘော်များကို လက်နက်တပ်ဆင်နိုင်ရေးအတွက် “မျှော်လင့်ခြင်း ရန်ကုန်” ကမ်ပိန်း ပြုလုပ်နေတယ်လို့ ကမ်ပိန်း တာဝန်ရှိသူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၀ ရက် ကနေ ဒီဇင်ဘာလ ၃၁ ရက်ထိ ပြုလုပ်သွားမယ့် အဆိုပါ ကမ်ပိန်းကနေ လက်နက် အလက် ‘၁၀၀’ တပ်ဆင်သွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
"ရန်ကုန်ကို မြန်မြန် ရောက်အောင် ဒီအရွေ့ကို ကျွန်တော်တို့ တွန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ သင့်တင့် မျှတတဲ့ ကာကွယ်ရေး ပစ္စည်းတွေ ရလာတဲ့ အခါကျရင် ယခုထက်ပိုပြီး ERO တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးတွဲ ပြီး စစ်ဆင်ရေး များကို လုပ်ဆောင်သွားပါမယ်၊ အဲ့ဒီအတွက်လဲ ပြည်သူတွေက ဝိုင်းဝန်းထောက်ပံ့ ကူညီကြပါ။” လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၁ တာဝန်ခံ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိန်းက ပြောပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ကို ဩဂုတ်လ ၁၉ ရက်နေ့မှာ ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းက ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ကျောက်တန်းမြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်က တော်လှန်ရေး ရဲဘော်များ ပူးပေါင်းပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂) ရဲ့ COC အောက်ကနေ တပ်ခွဲ ၂ ခုဖြင့် လှုပ်ရှားနေပြီး မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များ၊ ညီနောင် EROs များနဲ့ စစ်ရေးလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) ဟာ ရန်ကုန်နဲ့ ဆက်စပ် ဒေသတွေမှာ UG လှုပ်ရှားမှု ၁၈၄ ကြိမ်၊ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ၄၆ ကြိမ်ထိ ဖော်ဆောင်ထားနိုင်ခဲ့တဲ့ တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။
ယခုကမ်ပိန်းမှာ ပါဝင်ထောက်ပံ ကူညီလိုပါက “မျှော်လင့်ခြင်း ရန်ကုန်” Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ နိုင်ငံတကာ fundraiser များမှဖြစ်စေ Facebook page မှာ တိုက်ရိုက်ဖြစ်စေ ဆက်သွယ်ပြီး ပါဝင်ထောက်ပံ နိုင်မှာ ဖြစ်ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းခြောက်ထောင်နီးပါးရှိလာ
နိုဝင်ဘာ၁၃ရက်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၄၄) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၆၁) ဦးရှိပြီး ထိုအထဲမှ (၂၁၁၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၀၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။အကြမ်းဖက်စကစတပ်များဟာအရပ်သားများကိုနယ်မြို့များတွင်ဖမ်းဆီးသတ်ဖြတ်မှုများလည်းပိုမိုတိုးမြှင့်လုပ်ဆောင်လာပါတယ်။
========================
📌📌 ၅။ Fight Delta Fight ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ၁ရက်နေ့စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံ (Golden Mile tower) မှာ ပြသသွားမည်
နိုဝင်ဘာ၁၃ရက်
Fight Delta Fight ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ၁ရက်(တနင်္ဂနွေနေ့) နေ့လည် ၂ နာရီအချိန်မှာ စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံ (Golden Mile tower) မှာ ပြသသွားမှာ ဖြစ်ပြီး လက်မှတ်တွေကို Online ကနေစတင်ဝယ်ယူလို့ ရနေပြီလို့သိရပါတယ်။ဒီရုပ်ရှင်မှာ စစ်တပ်ကို အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းများ၊ မြေပြင်တော်လှန်ရေး ရဲဘော်/ရဲမေများ၊ ၈၈နိုင်ငံရေးမျိုးဆက်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူလူငယ်များ ဖြင့် အရောင် အသွေးစုံလင်စွာ ပါဝင်အားဖြည့်ရိုက်ကူးထားကြပြီး ဖြစ်ရပ်မှန်အခြေခံ တော်လှန်ရေးရုပ်ရှင်ကားကြီး ဖြစ်တယ်လို့ သိရပါတယ်။
စင်္ကာပူရုပ်ရှင် Censor အဖွဲ့က NC16 သတ်မှတ်ပေးထားတာဖြစ်လို့ အသက်၁၆နှစ် ပြည့်ပြီးသူတိုင်း လာရောက်အားပေးကြည့်ရှုလို့ရတဲ့အပြင် English subtitles လည်း ပါဝင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖလမ်းနှင့် မင်းတပ်တိုက်ပွဲပြင်းထန်နေဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်
နိုဝင်ဘာလ ၁၃ရက်။
ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ ဖလမ်းမြို့မှာရှိတဲ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်းနေတယ်လို့ ချင်းညီနောင်အဖွဲ့ -Chin Brotherhood- က ဒီနေ့ နိုဝင်ဘာ ၁၃ မှာ တရားဝင် ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။
မင်းတပ်နဲ့ ဖလမ်းမြို့မှာရှိတဲ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေးတပ်တွေ နိုဝင်ဘာ ၉ ရက်ကစပြီး တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်။
ဒါဟာ ချင်းညီနောင်စစ်ဆင်ရေး -Operation CB ကို ဖော်ဆောင်နေတာဖြစ်ပြီး မဟာမိတ်အဖွဲ့အစည်းအချို့ကလည်း မိတ်ဖက်အဖွဲ့အစည်းတွေကလည်း အိမ်နီးချင်းကောင်းပီသစွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ အသိပေးထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာဆိုရင် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တာကြောင့် မြို့စွန်မှာရှိတဲ့ ခလရ-၂၆၈ တပ်ကိုသာ သိမ်းပိုက်ဖို့ကျန်တော့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီဘက်က မြို့မကျရေး ကလေးမြို့မှာရှိတဲ့ အမြောက်တပ်ကနေ ဖလမ်းမြို့ ဘက်ကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ကူပေးပြီး အပြင်းအထန်ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ထို့အတူ မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်နီးပါး အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေက နေအိမ်အချို့ မီးလောင်ပျက်စီးနေတာတွေလည်း ရှိနေပါတယ်။
အခုလို တိုက်ပွဲတွေပြင်ထန်နေတဲ့အချိန်မှာ စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး သတင်းမှားတွေ ထွက်ပေါ် နေတဲ့အတွက် သတင်းအမှတ်းတွေ ရေးသားဖြန့်ဝေတာမျိုး မလုပ်ကြဖို့ ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံထားပါ တယ်။
ချင်းညီနောင်အနေနဲ့ တိကျမှန်ကန်တဲ့ သတင်းတွေနဲ့အောင်ပွဲရသတင်းတွေကို အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန် ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားကောင်စီ-မင်းတပ်၊ ချင်းအမျိုးသားအဖွဲ့ချုပ်-CNO၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU၊ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်၊ ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီ တပ်မဟာ-၁နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင် စီ-MTC တို့ ပါဝင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းမှူးကို စစ်ရေးဗျူဟာထူးချွန်ဆု ချီးမြှင့်
နိုဝင်ဘာလ ၁၃ရက်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်စစ်ဆင်ရေးအတွင်း ကျည်တချက်မဖောက်ရဘဲ ပျူစောထီးခေါင်းဆောင်တဦးဖြစ်တဲ့ ရေတော်ငနိုင်အပါအဝင် ပျူခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်ပျူတွေ လက်နက်ချအညံ့ခံလာစေဖို့ စည်းရုံးသိမ်းသွင်း နိုင်ခဲ့တဲ့ တပ်ရင်းမှူး ဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်းလိုက်တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်ပါတယ်
၁၀၂၇ ဒုတိယလှိုင်း စဉ့်ကူးမြို့နယ်စစ်ဆင်ရေးမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေကနေ ထွက်ပြေးနေတဲ့ စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် ရေတော်ငနိုင်အပါအဝင် ထုံးကြီး၊ ဆည်သည် ၊ ဒိုးပင်ကုန်း ၊ ဇီးပင်ကုန်း၊ရေတော် အစရှိတဲ့ရွာတွေ က ပျူစောထီးခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်ပျူ စုစုပေါင်း ၁၀၀ ခန့်ကို PDF တပ်ရှိရာနယ်မြေထိခေါ်ပြီး စည်းရုံးသိမ်း သွင်းနိုင်ခဲ့တဲ့အတွက် မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး ဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ် ချီးမြှင့်လိုက်တာလို့ သိရပါတယ်။
ရန်သူ့နယ်မြေရောက်ပြီးသားပျူတွေနဲ့ ထွက်ပြေးသွားတဲ့ပျူတွေ လက်နက်နဲ့တကွ ရန်သူ့နယ်မြေရောက်နေချိန်မှာ စစ်ပရိ ယာယ်သုံးပြီး ပြန်လည်စည်းရုံးသိမ်းသွင်းပြီး လက်နက်ချအညံ့ခံခိုင်းခဲ့တာလို့ ဆိုပါတယ်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင်တွေအပြင် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးတဦး၊ ဗိုလ်မှူး တဦး၊ ဗိုလ်ကြီး ၄ဦး၊ဗိုလ်တဦး၊ တပ်ကြပ်ကြီး ၄ဦး၊ဒုတပ်ကြပ် ၄ ဦး၊ တပ်ကြပ် ၂ဦး၊တပ်သား ၉ ဦး၊ လက်ပံလှနဲ့စဥ့်ကူးမြို့နယ်က စခန်းမှူး ၂ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုတော့ ဇူလိုင် ၁၉ ရက်နေ့မှာ မန္တလေး PDF ထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ စဉ့်ကူးမြို့နယ်ကိုသိမ်းပိုက်နိုင်တာဟာ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်တဲ့ မြို့ ဖြစ်ပြီး စစ်ဆင်ကာလအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့တာကြောင့် မြို့နေ ဧရိယာနဲ့ အရပ်သားပြည်သူပိုင်အိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
========================
🚩🚩 ၃။ သပိတ်ကျင်းမြို့နယ်က အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနဲ့ ကျောက်ကြီးစခန်းကို သိမ်းပိုက် နိုင်ရေး ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ PLA ပြော
နိုဝင်ဘာလ ၁၃ရက်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်း ကျောင်း-တကက-၁၃၊ ၇ မိုင်စခန်းနဲ့ ကျောက်ကြီးစခန်းတို့ကို သိမ်းပိုက်နိုင်ဖို့ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို TNLA နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တို့ ဩဂုတ် ၁၇ မနက် ၇ နာရီကစပြီး တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီမှာ တွင်းငယ်တပ်စခန်းက အကြမ်းဖက်စစ်သား တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တာ ၃ လနီးပါး ရှိနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ် မိုးမိတ်- တွင်းငယ်လမ်းတခုလုံးကို TNLA/ PLA နဲ့ အခြားမဟာမိတ်တပ်တွေ ထိန်းချုပ်ထား ပြီး မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းက ခလရ ၁၄၈ ၊ ဖော့တောလမ်းဆုံက စစ်တပ်စခန်းတွေကိုလည်း TNLA ၊ PLA နဲ့ အခြားတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် သိမ်းပိုက်ဖို့ကျန်နေတဲ့ တတက ၁၃၊ ၇ မိုင် နဲ့ ကျောက်ကြီးစခန်းတို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ TNLA ၊ PLA နဲ့ အခြားတပ်ပေါင်းစုတွေ ကြိုးစားနေတာလို့ နားလည်ရပါတယ်။
တတက ၁၃ တပ်ကို PLA နဲ့ TNLA တို့ပူးပေါင်းတိုက်ခိုက်နေပြီး ၇ မိုင်နဲ့ ကျောက်ကြီးတပ်ကိုတော့ PLA ၊ TNLA နဲ့ မန္တလေး PDF တို့ ပေါင်းပြီးတိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း - တတက ၁၃ ကို ဝိုင်းရံပိတ်ဆို့ထားတာ ၃ လနီးပါး ရှိနေ ပြီဖြစ်ကာ ၇ မိုင်နှင့် ကျောက်ကြီးစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ဖို့ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မြင်းမူနယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ၅ ဦး သေဆုံး
နိုဝင်ဘာလ ၁၃ရက်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးသွားတယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က ဆိုပါတယ်။
စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က ထွက်လာတဲ့ စစ်ကား ၂ စီးနဲ့ မုံရွာမြို့ဘက်ကထွက်လာတဲ့စစ်ကား ၂ စီးဟာ မနေ့ နိုဝင်ဘာလ ၁၂ ရက် နေလယ် ၁၂ နာရီခွဲခန့်မှာ မုံရွာ - မန္တလေး လမ်းပိုင်းက မြောင်လမ်းခွဲမှာရှိတဲ့စစ်သားတွေကိုတင်ပြီး ထွက်သွားတယ်လို့ သတင်းရတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မြောင်လမ်းခွဲမှာရှိတဲ့စစ်သားတွေကိုတင်ပြီး စစ်ကိုင်းဘက်ပြန်လာတဲ့ စစ်ကား ၂ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ အနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
အခုလို မိုင်းဆွဲခံလိုက်ရပေမယ့် စစ်ကားတွေပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ရမ်းသစ်ပစ်ခတ်ကာ ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့ခြေစိုက် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့၊ ဇာမဏီ တပ်ဖွဲ့နဲ့ ဒေါင်းဘုရင်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။
========================
🚩🚩 ၅။ နွားထိုးကြီးနယ် အမြန်လမ်းပိုင်းမှာရှိတဲ့ စစ်စခန်းကို ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
နိုဝင်ဘာလ ၁၃ရက်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းက အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၇ မှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDF တပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲပြီး အထိုင်ချနေတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အင်အား ၄ဝ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားများရှိရာနေရာကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲလို့ အသိပေးထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
နိုဝင်ဘာလ ၁၃ရက်။
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်လေ့ရှိတဲ့ ကူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 21 Bagan People Defense Force က ထုတ်ပြန်ထားပါတယ်။ကူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦးကို နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ဇော်လင်းဦးဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေညှစ်တာ၊ လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖိအားပေးစေခိုင်းတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်း ပါဝင်တာတွေလုပ်ဆောင်ခဲ့ပြီး PDF ကိုလည်း မကြာခဏဆိုသလို စိန်ခေါ်လေ့ရှိသူလို့ သိရပါတယ်။
ကူတောကျေးရွာအုပ်ကြီးဟာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားချိန်မှာ သူ့မိန်းမက ထွက်ပြေးသွားတယ်လို့ သိရပြီး အလောင်းကိုလည်း မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းအထိ လာကောက်တဲ့သူမရှိဘူးလို့ ဒေသနေသူတွေက ဆိုပါတယ်။
သေဆုံးသွားတဲ့ ကူတော်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူဟာလည်း ညောင်ဦးရဲစခန်းမှာတာဝန်ကျနေပြီး ဒေသနေ ပြည်သူလူထုအပေါ် မောက်မောက်မာမာဆက်ဆံကာ ညှင်းပန်းနှိပ်စက်နေသူဖြစ်တာကြောင့် သူ့ရဲ့ကားကိုလည်း မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သလူထုအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ယုတ်မာနေတဲ့ စစ်တပ်ထောက်တိုင်တွေနဲ့ လက်ပါးစေတွေကို ဆက်လက်တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ - 21 Bagan People Defense Force က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ဟားခါးမြို့နယ်မှာ ၄ လအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF – Hakha ဆို
နိုဝင်ဘာလ ၁၃ရက်။
ချင်းပြည်နယ်ထဲက ဟားခါးမြို့နယ်မှာ ၄ လအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး စစ်ရဟတ်ယာဉ်တစင်းကိုပါ ဖျက်ဆီးနိုင်ခဲ့ တယ်လို့ CDF – Hakha က အသိပေးထုတ်ပြန်ပါတယ်။
အခုနှစ် ဇူလိုင် ၁၂ ရက်ကနေ နိုဝင်လာ ၁၂ ရက်အထိ ၄ လတာကာလအတွင်း CDF-Hakha ရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း အကျဥ်းချုပ်ကို ထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
ဒီကာလအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦး သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၁၄ ဦး ဒဏ်ရာရရှိစေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟားခါးမြို့နယ်အတွင်းမှာ တာဝန်ကျနေတဲ့ ရဲ ၁၃ နဲ့ စစ်သား ၄ ဦး စုစုပေါင်း ၁၇ ဦး CDF – Hakha ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်တဲ့ သေနတ် ၄၃ လက် သိမ်းဆည်းရရှိခဲ့သလို အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင် တွေကလည်း သေနတ် ၉ လက်ယူဆောင်လာတဲ့အတွက် ၆၀မမ၊ MA 15 နဲ့ M79 အပါ လက်နက်မျိုးစုံ ၅၂ လက် ရရှိခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ Mi 17 ရဟတ်ယာဉ်တစင်းကိုလည်း အမြီးပိုင်းပျက်စီးအောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုပြင် ထန်တလန်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကူမသွားနိုင်အောင် ရက်ပေါင်း ၈၂ ရက် တားဆီးပိတ်ပင်နိုင်ခဲ့ တယ်လို့ CDF Hakha က အသိပေးထားပါတယ်။
အခုလို ဟားခါးမြို့ကနေ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကူမသွားနိုင်အောင် ပိတ်ဆို့တားဆီးတာဟာ ချင်းတော်လှန်ရေးတပ်တွေဘက်က ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment