၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးကောင်စီ (NUCC Operation Team) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ
📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားဖြစ်တယ်လို့ဆို
📌 ၃။ ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိပြီးဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးနေ
📌 ၄။ ပုလဲမြို့နယ်က စစ်ဘေးရှောင် တသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ
📌 ၅။ SDBဘဏ်Usersတသိန်းသုံးသောင်းကျော်ရှိလာ
📌 ၆။ ဒေါ်နယ်ထရန့်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်မယ့်မာကိုရူဘီယိုဟာ မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပိ တ်ဆို့ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သူဖြစ်
📌 ၇။ ”ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၃၀ရက် (စနေနေ့)မှာ ပြသသွားမှာဖြစ်ပြီးသရုပ်ဆောင်မင်းမော်ကွန်းကိုယ်တိုင်ပရိတ်သတ်များနှင့် လာရောက်တွေ့ဆုံမယ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖလမ်းနှင့် မင်းတပ်တိုက်ပွဲပြင်းထန်နေဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်
🚩 ၂။ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းမှူးကို စစ်ရေးဗျူဟာထူးချွန်ဆု ချီးမြှင့်
🚩 ၃။ သပိတ်ကျင်းမြို့နယ်က အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနဲ့ ကျောက်ကြီးစခန်းကို သိမ်းပိုက် နိုင်ရေး ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ PLA ပြော
🚩 ၄။ မြင်းမူနယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ၅ ဦး သေဆုံး
🚩 ၅။ နွားထိုးကြီးနယ် အမြန်လမ်းပိုင်းမှာရှိတဲ့ စစ်စခန်းကို ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၆။ PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
🚩 ၇။ ဟားခါးမြို့နယ်မှာ ၄ လအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF – Hakha ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးကောင်စီ (NUCC Operation Team) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ
နိုဝင်ဘာ ၁၃ ရက်
အမျိုးသားညီညွတ်ရေးကောင်စီ (NUCC Operation Team) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေး လုပ်ငန်းကော်မတီတို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC Operation Team) ဘက်မှ ကောင်စီဝင်များ၊ နည်းပညာအတွင်းရေးမှူးအဖွဲ့ဝင်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြပြီး မန္တလေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် တက်ရောက်သူများက ကြားကာလနိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားဖြစ်တယ်လို့ဆို
နိုဝင်ဘာ၁၄ရက်
နွေဦးတော်လှန်ရေးဟာ နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီက နိုဝင်ဘာလအတွင်းမှာ ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။
"တော်လှန်ရေးဆိုတာ အာဏာဟောင်း၊ စနစ်ဟောင်းကို ဖြိုချပြီး၊ အာဏာသစ်၊ စန်စသစ်ကို ထူထောင်တာ ဖြစ်တယ်။ အာဏာဟောင်း၊ စနစ်ဟောင်းကို ပြန်ထူထောင်ဖို့လုပ်ရင် ဒါဟာ တော်လှန်ရေးမခေါ်ဘူး။ တန်ပြန်တော်လှန်ရေးပဲ ခေါ်တယ်။ တန်ပြန်တော်လှန်ရေးသမားတွေရဲ့ လုပ်ရပ်တွေကို အထူးဂရုပြုဖို့လိုအပ်တယ်။ တန်ပြန်တော်လှန်ရေးသမားတွေဟာ နေရာတိုင်းကိုစိမ့်ဝင်ထိုးဖောက်နေတယ်။ ပုံစံမျိုးစုံနဲ့ သွေးခွဲသပ်လျှိုနေတယ်။ တော်လှန်ရေးမနိုင်တော့ဘူး ဆိုတဲ့အသံမျိုးကို မိမိတို့အင်အားစုတွေထဲ ရောက်အောင်နည်းမျိုးစုံနဲ့ဖြန့်တယ်။ တရုတ်က စကစကို ထောက်ခံလိုက်ပြီ မနိုင်နိုင်တော့ဘူး ဆိုတာမျိုး။ NUG ဦးဆောင်နေလို့ တော်လှန်ရေးက မနိုင်နိုင်တော့ဘူး ဆိုတာမျိုး။ စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာမျိုးစုံ၊ နည်းမျိုးစုံနဲ့ ပါဝါပျော့ကို သုံးပြီး တော်လှန်ရေးကို မနိုင်အောင် ဖျက်ဆီးလာနေကြတယ်။တကယ်တော့ တော်လှန်ရေးဟာ နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားပါ"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကို ဆွဲချဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာကို တော်လှန်ရေး အင်အားစုတွေအားလုံး တော်လှန်ရေးသတိ၊ တော်လှန်ရေး အသိကပ်ထားဖို့လိုတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိပြီးဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးနေ
နိုဝင်ဘာ၁၄ရက်
ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိပြီးဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးနေတယ်လို့ နိုဝင်ဘာလအတွင်းမှာ NUG ကိုရီးယားကိုယ်စားလှယ်ရုံးက အသိပေးကြေညာပါတယ်။
"ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိပါတယ်။ နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝကရဲ့ အဖမ်းအဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
တော်လှန်ပြည်သူ မည်သူမဆို လဝကရဲ့ အဖမ်းအဆီးနဲ့ ကြုံရလို့ အကူအညီ လိုအပ်ရင် ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ဖုန်း 010-9146-7482 သို့မဟုတ် ရုံးဖုန်း 010-8227-4773 သို့ ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။
========================
📌📌 ၄။ ပုလဲမြို့နယ်က စစ်ဘေးရှောင် တသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ
နိုဝင်ဘာ၁၄ရက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ပြည်သူ တသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဗမာအမျိုးသားကာကွယ်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုံက ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို နိုဝင်ဘာ ၁၂ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ ကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတာပဲဖြစ်ပါတယ်။
နိုဝင်ဘာ ၁၁ က စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ ၅ ကြိမ် ဗုံးအလုံး ၂ဝ ကြဲချခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၃ ရက်မှာလည်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသနေပြည်သူအချို့ ထိခိုက်သေဆုံးမှု တွေ ရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ယက်က အသိပေးထားပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့အတွက် ပုလဲမြိုအနီးနားက ကျေးရွာနေပြည်သူတွေ ထပ်မံတိမ်းရှောင်ရဖွယ်ရှိပြီး အရေးပေါ် စစ်ရှောင်ဦးရေလည်း ထပ်တိုးလာဖွယ်ရှိတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ယက်အဖွဲ့က ခန့်မှန်းထားပါတယ်။
မနေ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီအထိ၇ထားတဲ့စာရင်းတွေအရ ပုလဲမြို့ပေါ်က အိမ်ထောင်စု ၆၂၄ စုအပါအဝင် ကျေးရွာ ၁၁ ရွာက အိမ်ထောင်စုတွေနဲ့ဆိုရင် အိမ်ထောင်ဟု ၂၁၂ဝ က လူဦးရေ ၉၅၃၉ ဦး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့အတွက် စစ်ရှောင်ဦးရေထပ်တိုးလာနိုင်ပြီးစစ်ဘေးရှောင် တွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာကြောင့် ဝိုင်းဝန်ကူညီကြဖို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ယက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၅။ SDBဘဏ်Usersတသိန်းသုံးသောင်းကျော်ရှိလာ
နိုဝင်ဘာ၁၄ရက်
SDBဘဏ်Usersတသိန်းသုံးသောင်းကျော်ရှိလာတယ်လို့ နိုဝင်ဘာ၁၄ရက်မှာ SDBဘဏ်အကြောင်းရှင်းလင်းရာ၌ Head of Finance မှမချီလီက ပြောပါတယ်။
"ဒီကနေ့ဆိုရင်SDBဘဏ်Usersကတသိန်းသုံးသောင်းကျော်ရှိနေပါပြီ။ငွေကြေးကရွှေအပါအဝင်အားလုံးဆယ်မျိုးနဲ့နောက်တမျိုးပါရင်အားလုံးဆယ့်တမျိုး၊တနေရာတည်းမှာပဲကြိုက်တဲ့ငွေကြေးကိုလဲလှယ်နိုင်တယ်။ကိုယ်ကစင်ကာပူမှာနေပေမယ့်အဖွဲ့တခုခုထောက်ပံ့ချင်တယ်ဆိုရင်ထိုင်းဘတ်နဲ့ထောက်ပံချင်လားရတယ်။တနေရာတည်းမှာဆယ့်တမျိုးလုံးရှိနေတော့ခြေထောက်အညောင်းခံပြီးငွေလဲကောင်တာကိုသွားစရာမလိုတော့ဘူး။RM တွေဆိုရင်လည်း၂၃နိုင်ငံ ထပ်တိုးနိုင်ငံတွေမှာ relationship Mangerတွေရှိနေပါပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ SDBဘဏ်ဟာတော်လှန်ရေးကိုငွေကြေးစီးဆင်းနေပြီး ဘဏ်လုပ်ငန်းများလည်းတိုးချဲ့ဆောင်ရွက်နေလျက်ရှိပါတယ်။
========================
📌📌 ၆။ ဒေါ်နယ်ထရန့်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်မယ့်မာကိုရူဘီယိုဟာ မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပိ တ်ဆို့ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သူဖြစ်
နိုဝင်ဘာ၁၄ရက်
ဒေါ်နယ်ထရန့်၏နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်မယ့် မာကိုရူဘီယိုဟာ မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပိ တ်ဆို့ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သူဖြစ်တယ်လို့သိရပါတယ်။အထက်လွှတ်တော်အမတ်ဘဝမှာပင် မာကိုရူဘီယို (Marco Rubio) ဟာ မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပိ တ်ဆို့ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သူဖြစ်ပါတယ်။မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာနိုင်ငံတွင် ရေနံလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ငါးခုမှရရှိသည့် ဝင်ငွေများကို ထိန်းသိမ်းထားရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦးက၂၀၂၁ ခုနှစ်အစောပိုင်းတင်ပြရာမှာ ဖလော်ရီဒါပြည်နယ်မှ မာကိုရူဘီယိုလည်းအပါအဝင်ဖြစ်ပါတယ်။
ယခုအခါ Marco Rubio သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာနိုင်ဖွယ်ရှိနေပြီးမြန်မာ့အရေးအတွက်ပိုမိုကောင်းတဲ့နည်းလမ်းတွေအဖြေရှိမယ်လို့အမေရိကန်ရောက်မြန်မာအများစုကမျှော်လင့်နေကြပါတယ်။
========================
📌📌 ၇။ ”ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၃၀ရက် (စနေနေ့)မှာ ပြသသွားမှာဖြစ်ပြီးသရုပ်ဆောင်မင်းမော်ကွန်းကိုယ်တိုင်ပရိတ်သတ်များနှင့် လာရောက်တွေ့ဆုံမယ်
နိုဝင်ဘာ၁၄ရက်
"ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၃၀ရက် (စနေနေ့)မှာ ပြသသွားမှာဖြစ်ပြီးသရုပ်ဆောင်မင်းမော်ကွန်းကိုယ်တိုင်ပရိတ်သတ်များနှင့် လာရောက်တွေ့ဆုံမယ်လို့သိရပါတယ်။
သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ပထမဦးဆုံးပွဲဦးထွက် တော်လှန်ရေးကားကို Australia မှ Sydney ပရိတ်သတ်များအတွက် Australia Premiere ပြသသွားမှာဖြစ်ပါတယ်။
"ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၃၀ရက် (စနေနေ့)မှာ ပြသသွားမှာဖြစ်ပြီး ကိုမင်းမော်ကွန်းက သူ့ချစ်ပရိတ်သတ်များနှင့် လာရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
ပွဲမှရရှိငွေများကိုလဲ အလေအလွင့်မရှိ (Hall ဖိုးမှလွဲ တပြားမကျန်) မြေပြင်သို့တိုက်ရိုက်ထောက်ပံ့သွားမှာဖြစ်ကြောင်းသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၁။ အမ်း၊ တောင်ကုတ်၊ ဂွနဲ့မောင်တောတို့ကို သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုရောက်နေပြီလို့ ရခိုင့်တပ်တော်ဆို
နိုဝင်ဘာလ ၁၄ရက်။
ရခိုင်ပြည်မှာ စစ်ကောင်စီတပ်ကင်းစင်ပြီး အလုံးစုံချုပ်ငြိမ်းစေရေး အကောင်အထည်ဖော်နေတယ်လို့ ကြေညာထားတဲ့ ရခိုင့်တပ်တော် AA က အမ်း၊ တောင်ကုတ်၊ ဂွနဲ့မောင်တောတို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုရောက်နေပြီ လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရခိုင်ဒေသတွင်း တိုက်ပွဲများတနှစ်ပြည့်တဲ့နေ့မှာ ရခိုင့်တပ်တော် AA က ခုလို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲစတင်တဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ကနေ အခု နှစ်ပြည့်တဲ့အချိန်ထိ တိုက်ပွဲအရှိန် လျော့ကျသွားတာမရှိဘဲ တိုက်ပွဲ တွေ နေ့စဉ်နဲ့အမျှ ဆက်လက်ပြင်းထန်တယ်လို့ အသိပေးထားပါတယ်။
ရခိုင်ဒေသမှာ တိုက်ပွဲကာလ တနှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ထိုးစစ်စတင်ချိန်ကစပြီး တရက်မှ တိုက်ပွဲရပ်သွား တယ်ဆိုတာ မရှိလောက်အောင် AAဘက်က ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့သလို စစ်ကောင်စီဘက်က လည်း ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေရှိတာကြောင့် အာရက္ခနဲ့ပလက်ဝဒေသတခွင်လုံး တိုက်ပွဲတွေပြင်းထန်ခဲ့ တယ်လို့ သိရပါတယ်။
အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ့လက်ထဲ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းစင်ရေး စတဲ့ ရည်မှန်းချက်တွေအတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ ရခိုင့်တပ်တော်က ဆိုပါတယ်။
ဒါကြောင့် အပြီးသတ်သိမ်းပိုက်ဖို့ လက်တကမ်းအလိုကို ရောက်နေပြီဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလို့ သိရပါတယ်။
မောင်တောမြို့တခုလုံးကို သိမ်းပိုက်ရယူထားနိုင်ပြီလို့ ပြောလို့ပေမယ့် မြို့ပြင်အစပ်မှာရှိတဲ့ အမှတ် ၅ နယ်ခြားစောင့်စခန်း တခုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တဲ့အတွက် ဒီစခန်းကိုရဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ပြောပါ တယ်။
အခုလို တနှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြိုသိမ်းတိုက်ပွဲတွေမှာ အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခ တပ်တော်နဲ့ မိတ်ဖက်အဖွဲအစည်းအချို့ စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ စစ်သည်တော်များနဲ့ စစ်ဆင် ရေးမှာ ပုံစံတမျိုးမျိုးနဲ့ အထောက်အပံ့ဖြစ်စေခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် သက်ဆိုင်သူတွေအားလုံးကို AA က အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။
ဒါ့အပြင် ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလမှာ အဘက်ဘက်ကနေ ပုံစံအမျိုးမျိုးနဲ့ ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ အာရက္ခဒေသနေပြည်သူများ၊ မိမိတို့အဖွဲ့အစည်းနဲ့မိမိတို့လူမျိုးကို အားပေးထောက်ခံကြတဲ့ ပြည်သူလူထု၊ မဟာမိတ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန်တပ်စခန်း ၁၀ ကို ထိုးစစ်ဆင် နေတယ်လို့ AA အသိပေး
နိုဝင်ဘာလ ၁၄ရက်။
ရခိုင်ပြည်နယ်က အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကော်စီတပ်စခန်း ၈ ခုကို သိမ်းထားနိုင်းပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - နပခ အပါအဝင် လက်ကျန်တပ်စခန်း ၁၀ ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးပြောဆိုလိုက်ပါတယ်။
အာရက္ခဒေသနဲ့ ပလက်ဝဒေသစစ်ဆင်ရေးတနှစ်ပြည့် သတင်းထုတ်ပြန်ချက်ကို AA က ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက် အစောပိုင်းက ထုတ်ပြန်ရာမှာ အသိပေးထားတာဖြစ်ပါတယ်။
အမ်းမြိုနယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်စခန်းတွေထဲက အမှတ် -၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ်-၃၇၄ အမြောက်တပ်ရင်း၊ အမှတ်-၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် -၃၄၅ စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် - ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကို ရခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - နပခ၊ အမှတ်- ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၊ အမှတ် - ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် -၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် - ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် - ၉၂၆ ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ အမှတ် - ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊အမှတ် - ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊ အမှတ် - ၁၀ တပ်ထိန်းတပ်ခွဲ၊ အမှတ် - ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ သိမ်းပိုက်ရရှိထားပြီးတဲ့စခန်းတွေကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံ ချေမှုန်းတိုက်ခိုက်နေတာကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်မှ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ AA က ပြောပါတယ်။
ရခိုင့်တပ်တော်က အလုံးစုံသိမ်းပိုက်ရရှိထားတဲ့မြိုတွေမှာ တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ အာရက္ခ ပြည်သူတွေရဲ့ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနဲ့ ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ မပြီးပြတ်သေးတဲ့ထိုးစစ်တွေကို ဆက်လက်ဆင်နွဲရင်း ကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတာတွေကို အနှေးနဲ့အမြန် ဖြည့်ဆည်းပေးမယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စစ်ဆင်ရေးတနှစ်အတွင်း မြို့ ၁၂ မြို့သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး အာရက္ခဒေသ အလုံးစုံချုပ်ငြိမ်းအောင်ဆက်လုပ်နေ တယ်လို့ AA ပြော
နိုဝင်ဘာလ ၁၄ရက်။
စစ်ဆင်ရေးတနှစ်အတွင်း မြို့ ၁၂ မြို့သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး အာရက္ခဒေသ အလုံးစုံချုပ်ငြိမ်းအောင်ဆက်လုပ်နေ တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အာရက္ခဒေသလို့ခေါ်တဲ့ ရခိုင်ပြည်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာဖော်ဆောင်နေတဲ့ စစ်ဆင်ရေးတနှစ်ပြည့်အနေနဲ့ ရခိုင့်တပ်တော် AA က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တနှစ် ပြည့်တဲ့နေ့အထိ တိုက်ပွဲအရှိန် လျော့မသွားဘဲ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဆက်လက်ပြင်းထန်နေဆဲလို့ အသိပေးပါတယ်။
ထိုးစစ်စတဲ့ရက်ကနေ တနှစ်ပြည့်တဲ့အထိ နေ့စဉ်ရက်ဆက်ထိုးစစ်ဆင်တိုက်ခိုက်တာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေသလို ရန်သူ စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေကြောင့် အာရက္ခဒေသနဲ့ပလက်ဝဒေသ တခွင်လုံးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးစတာနဲ့ ရန်သူ့ပစ်မှတ်တွေကို မဟာဗျူဟာမြောက် အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့အားနည်း ချက်ကို အပြည့်အဝရယူနိုင်ခဲ့တာကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာလို့လည်း AA က ပြောပါတယ် ။
ဒါ့အပြင် စစ်ကောင်စီကို ဘုံရန်သူအဖြစ်သတ်မှတ်ထားပြီး ဘုံရည်မှန်းချက်တူညီတဲ့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေ ကလည်း နိုင်ငံအနှံ့မှာရှိတဲ့ စစ်မျက်နှာပြင်တွေမှာ တပြိုင်တည်း ရှေ့ဆင့်နောက်ဆင့် ဟန်ချက်ညီတိုက်ခိုက်နိုင်ခဲ့ကြတယ်လို့ဆိုပါ တယ်။
လက်ရှိမှာ ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲ နဲ့ ကျိန္တလီမြို့တွေမှာရှိတဲ့ ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေးတနှစ်မပြည့်မီ သိမ်းပိုက်ထိန်းချုပ်ထားနိုင် ခဲ့ပြီးဖြစ်တယ်လို့လည်း AA က ဆက်ပြီးအသိပေးထားပါတယ်။
ဒါကြောင့် အာရက္ခဒေသနေ ပြည်သူလူထုနဲ့ အာရက္ခတပ်တော်လို့ခေါ်တဲ့ ရခိုင့်တပ်တော်ရဲ့ အဓိက ရည်မှန်းချက်တခုဖြစ်တဲ့ အာရက္ခဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ AA က ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၄။ လှော်ကားနယ်မြေရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောကခွဲတိုက်ခိုက်
နိုဝင်ဘာလ ၁၄ရက်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းပြီး ဖောက်ခွဲတိုက်ခိုက်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းက ကင်းဂိတ်မှာ အရပ်ဝတ်ရဲတွေ အရပ်ဝိုင်းဖွဲ့သောက်နေချိန် နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီကျော်မှာ မြို့ပြ UG ရဲဘော်တွေက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနိုင် တယ်လို့ ဆိုပါတယ်။
ပစ်မှတ်ဖြစ်တဲ့ ကင်းဂိတ်ကို လက်ပစ်ဗုံးတွေပစ်သွင်းခဲ့ရာမှာ ၂လုံစလုံး ပစ်မှတ်နေရာမှာပေါက်ကွဲတာကြောင့် အရပ်ဝတ် ရဲတွေရော တာဝန်ကျရဲတွေပါ ထိခိုက်မှုရှိတယ်ဆိုပေမယ့် အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ Yangon UG People Army – YUPA က အသိပေးထားပါတယ်။
တိုက်ခိုက်မှုလုပ်ခဲ့တဲ့ မြို့ပြပြောက်ကျားရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) နဲ့ မဟာမိတ်ဖြစ်တဲ့ Yangon UG People Army - YUPA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Operation Flame - OF အနေနဲ့ ရန်ကုန်တော်လှန်ရေး မဟာမိတ်များအားလုံးနဲ့လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame – OF အဖွဲ့က ကြေညာထားသလို Yangon UG People Army – YUPA ကလည်း မြို့ပြမစ်ရှင်တွေ အရှိမြှင့်လုပ်ဆောင်ဖို့ရှိတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ အရာတော်မြို့နယ်တွင်းက စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်က အခမဲ့ဆေးကုသ ပေးခဲ့
နိုဝင်ဘာလ ၁၄ရက်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်က အခမဲ့ ဆေးကုသပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးဆွေးနွေးတာတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်အနေနဲ့ စစ်ကိုင်းတိုင်းတွင်းက စစ်ရှောင်ပြည်သူတွေကို အခမဲ့ဆေးဝါးကုသမှု အစီအစဉ် ပြုလုပ်နေတာနဲ့ပတ်သက်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အသိပေးလိုက်တာဖြစ်ပါတယ်။အခုတခေါက်မှာတော့ အရာတော်မြို့နယ်က စစ်ရှောင်ပြည်သူ ၁၃၀ ကျော်ကို အခမဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပြီး ပြည်သူ ၁၇၀ ကျော်ကိုလည်း ကျန်းမာရေးအသိပညာပေးဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။အခုလို အခမဲ့ဆေးဝါးကုသဖို့စီစဉ်ချိန်မှာ မြေပြင်မှာ လှုပ်ရှားရုန်းကန်ရတဲ့ အခက်အခဲတွေလည်း ရှိတယ်လို့ ကွန်ယက် တာဝန်တာဝန်ရှိသူတွေက ဆိုပါတယ်။
မြေပြင်မငြိမ်သက်မှုတွေကြား တိုက်ပွဲတွေကြားနဲ့ စစ်ကြောင်းထိုးခံရမှုတွေကြားထဲက အပြေးအလွှား လူနာကြည့်ကြရတာ ပြည်သူ့အပူကို ကူမျှယူကြရတာရှိနေပေမယ့် တကယ့်မြေပြင်က ပြည်သူတွေကြားထဲမှာ စိမ့်ဝင်လှုပ်ရှားနေတဲ့ ဆရာ၊ ဆရာမတွေရဲ့အားနဲ့ ထိထိရောက်ရောက် ကူမျှခွင့်ရနေတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူရပါတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အရာတော်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကိုယ်စား ကွန်ရက်ရဲ့ အရာတော်မြို့နယ် တာဝန်ခံအဖွဲ့ဖြစ်တဲ့ သမိုင်းသစ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment