၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချင်းတိုင်းရင်းသားအချင်းချင်း စည်းလုံးချိန် တန်ပြီဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဆာဆာ တိုက်တွန်း
📌 ၂။ အောက်တိုဘာလအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ထုတ်ဖော်
📌 ၃။ ကိုယ်လက်ဆုံးရှုံး ရဲဘော်များအား လစဉ်ထောက်ပံ့ငွေများ စတင်ပေးအပ်
📌 ၄။ ရေဦးနယ် မီးဘေးသင့် စစ်ရှောင်ပြည်သူများအတွက် ဆောင်းတွင်းဝတ် အနွေးအင်္ကျီ နှင့် ခြုံစောင်များ အကူအညီလိုအပ်လျှက်ရှိ
📌 ၅။ နယ်မြေအေးချမ်းမှုမရှိသည့် တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓါးပြတိုက်ခံရရာမှ ဝန်ထမ်း (၁) ဦး သေနတ်မှန် သေဆုံး
📌 ၆။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားတက္ကသိုလ် လူ့အခွင့်ရေးပရိုဂရမ် နှင့် Artists' Shelter တို့ ပူးပေါင်းကျင်းပမယ့် အွန်လိုင်းရုပ်ရှင်ပြပွဲမှာ Artists' Shelter မှ ရုပ်ရှင် (၄) ကားကို ပြသမယ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ TNLA ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
🚩 ၂။ ရခိုင်မှာ AA ရဲ့ ထိုးစစ် ၁ နှစ်ပြည့်ပြီ၊ အာရက္ခတပ်တော်နဲ့ လူထုတွေနဲ့ စုစည်း ညီညွတ်မှုအားကြောင့် အောင်မြင်မှုတွေ ရခဲ့တယ်လို့ AA ပြောကြား
🚩 ၃။ ပင်လောင်း-ဖယ်ခုံ မြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထား
🚩 ၄။ ဥသျှစ်ပင်မြို့တွင် ပြည်သူ ၂၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီး
🚩 ၅။ အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
🚩 ၆။ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပုလဲမြို့ကို လက်လွှတ်အဆုံးရှုံးမခံရဖို့အတွက် လေကြောင်း သာလွန်သုံးကာ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လျှက် ရှိနေ
🚩 ၇။ ၂ ပတ်ကျော်ကြာ ထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
🚩 ၈။ ဝန်ထမ်းအိမ်ယာဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ၂ ဦးသေဆုံး
🚩 ၉။ ဘုန်းကြီးကျောင်းအတွင်း တပ်ဖွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၅ ဦးထိခိုက်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချင်းတိုင်းရင်းသားအချင်းချင်း စည်းလုံးချိန် တန်ပြီဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဆာဆာ တိုက်တွန်း
ချင်းတိုင်းရင်းသားအချင်းချင်း စည်းလုံးချိန် တန်ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက နိုဝင်ဘာလ (၁၀) ရက်နေ့မှာကျင်းပတဲ့ အမေရိကန်ပြည်ထောင်စု Indianapolis လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
"ချင်းတွေထဲမှာ ဒီအချိန်မှာ မစည်းလုံးဘူးဆိုရင် ဘယ်အချိန်မှာ စည်းလုံးမှာလဲ။ ဒီအချိန်မှာ ထမင်းအတူတူ မစားဘူးဆိုရင် ဘယ်အချိန်မှာ စားမှာလဲ။ ဒီအချိန်မှာ မဆွေးနွေးရင် ဘယ်အချိန်မှာ ဆွေးနွေးမှာလဲ။ ကျနော်တို့မှာ သက်ဆိုင်ရာအဖွဲ့အလိုက်ကို ကျနော်တို့ လိုက်တွေ့နေပါတယ်။ ချင်းတွေရဲ့ ခေါင်းဆောင်နဲ့ တခုပြီးတခု ကျနော်တွေ့ပါတယ်။ကျနော်တို့ ချင်းတွေ စည်းလုံးရေးသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အင်မတန်မှ အရေးကြီးတယ်။ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ချင်းတွေရဲ့ စည်းလုံးရေးဟာ မကြာမီမွေးလာမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်" လို့ ဝန်ကြီးက ပြောပါတယ်။
ချင်းပြည်နယ်အရေးကိစ္စကို အမေရိကန်၊ ယူကေ၊ ပြင်သစ်နဲ့ အီးယူရှိ အစိုးရနဲ့ တာဝန်ရှိသူများက စိတ်ဝင်တစား မေးမြန်းမှုများရှိပြီး ချင်းပြည်နယ် အနာဂါတ်နဲ့ ချင်းတိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရန်မှာ စည်းလုံးမှုသာ အဖြေဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ အောက်တိုဘာလအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ထုတ်ဖော်
အောက်တိုဘာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၅၉၉) မှုကို စစ်အုပ်စုက ရက်ရက်စက်စက် ကျူးလွန်ခဲ့တာကို တွေ့ရတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ဆိုပါတယ်။
"အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အောက်တိုဘာလအတွင်း ကောက်ယူရရှိတဲ့ မှတ်တမ်းတွေအရ တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့ အမှုပေါင်း ၁၂၃ မှု၊ နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အမှုပေါင်း ၁၀၉ မှု၊ အခြားချိုးဖောက်မှု ၁၃၈ မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၉၉ မှုကို ရက်ရက်စက်စက်ကျူးလွန်ခဲ့တာကို တွေ့ရပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေ ကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းနှင့်ပြည်နယ်အလိုက်၊ အမှုအမျိုးအစားအလိုက်အပြင် အထူးဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာယန္တရားတွေကိုလည်း အချိန်နဲ့ တပြေးညီ ပေးပို့ထားရှိတယ်လိို့လည်း သိရပါတယ်။
အလားတူ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ပိုတိုးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကလည်း ပြောကြားထားပါသေးတယ်။
"အခြေအနေက ပိုပြီးဆိုးရွားနေပါတယ်။ ရာဇဝတ်မှုတွေ ပိုဖြစ်နေပါတယ်။ လူတွေ ပိုပြီး ဒုက္ခရောက်ကြသလို နေရပ်စွန့်ခွာပြေးနေရတဲ့ လူအရေအတွက်လည်း တိုးနေပါတယ်။ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ အခြေအနေက ပိုပြီးသာ ဆိုးနေပါတယ်" လို့ IIMM အကြီးအကဲက ပြောကြားထားပါတယ်။
========================
📌📌 ၃။ ကိုယ်လက်ဆုံးရှုံး ရဲဘော်များအား လစဉ်ထောက်ပံ့ငွေများ စတင်ပေးအပ်
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တွင် တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် တပ်ဖွဲ့ဝင်ရဲဘော်များကို (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ထောက်ပံ့ငွေများ စတင်ပေးအပ်ခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်
တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လပတ်အစည်းဝေး (၆/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁၆) အရ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လစဉ်ထောက်ပံ့ကြေးကို ဆောက်လုပ်ရေးဌာနမှူး ရဲဘော်ပေါက်ကျိုင်းနှင့် ရဲဘော်ပီတာတို့အား ပေးအပ်ခဲ့ပြီး ထောာက်ပံ့ငွေပမာဏမှာ တစ်ဦးလျှင် ၃၀၀၀၀ ကျပ် (ကျပ်သုံးသောင်း) ဖြစ်တယ်လို့ သိရပါတယ်။
“ထောက်ပံ့ငွေ ပေးအပ်တာသည် တပ်ဖွဲ့က ကိုယ့်ရဲဘော်တွေကို ပစ်ထားတယ်ဆိုတာမျိုး မဖြစ်စေလိုတဲ့အတွက် တပ်ဖွဲ့ရဲ့ ရန်ပုံငွေအင်အားကို မူတည်ပြီး ထောက်ပံ့တာပါ။ ဒီထက်မက လုပ်ပေးနိုင်အောင် ကြိုးစားရဦးမယ်။” လို့ တပ်ဖွဲ့ ဥက္ကဌ ရဲဘော်ယောလေးက လပတ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ လစဉ်ထောက်ပံ့ကြေးအပြင် တပ်ဖွဲ့တွင် အမြဲတမ်းတာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်များကိုလည်း ရာထူးတာဝန်အလိုက် လစဉ်ဆက်သွယ်ရေးအသုံးစရိတ်နှင့် သာရေးနာရေး ကူညီထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ပေးလျက်ရှိပြီး တခြားသော ကူညီထောက်ပံ့ရမည့် CDMer များလည်း ရှိနေသေးသည့်အတွက် ပြည်သူလူထုအနေဖြင့် တတ်အားသမျှ ကူညီလှုဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၄။ ရေဦးနယ် မီးဘေးသင့် စစ်ရှောင်ပြည်သူများအတွက် ဆောင်းတွင်းဝတ် အနွေးအင်္ကျီ နှင့် ခြုံစောင်များ အကူအညီလိုအပ်လျှက်ရှိ
ရေဦးနယ် မီးဘေးသင့် စစ်ရှောင်ပြည်သူများအတွက် ဆောင်းတွင်းဝတ် အနွေးအင်္ကျီ နှင့် ခြုံစောင်များ အကူအညီလိုအပ်လျှက် ရှိတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးက နိုဝင်ဘာလ (၁၃) ရက်မှာ အသိပေးပါတယ်။
"ဆောင်းတွင်းလဲ ဝင်လာပြီဖြစ်တာကြောင့် အညာဒေသမှာရှိတဲ့ မီးဘေးသင့်ပြည်သူများအတွက်ရော စစ်ကြောင်းထိုးလာလျှင် အရေးပေါ်ထွက်ပြေးတိမ်းရှောင်ကြရမည့် ပြည်သူများအတွက်ပါ အနွေးအင်္ကျီများနဲ့ ခြုံစောင်များ အကူအညီလိုအပ်နေပါတယ်။ မီးလောင်ပြင်ဖြစ်ထားကြတဲ့ အညာဒေသရဲ့ဒီဇင်ဘာဆောင်းဟာ မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်သည့်အတွက် မီးလောင်ပြင်ဖြစ်ထားကြသည့် ပြည်သူများအတွက် အနွေးဓာတ်များ လိုအပ်နေတာကြောင့် ရပ်ဝေးရပ်နီး ပြည်တွင်းပြည်ပမှ စေတနာ့ရှင်ပြည်သူများအနေဖြင့် အနွေးအင်္ကျီတစ်ထည်ပဲ တတ်နိုင်တတ်နိုင် ခြုံစောင်တစ်ထည်ပဲ တတ်နိုင်တတ်နိုင် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံနှိုးဆော်အပ်ပါတယ်" လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် အပါအဝင် နယ်ချင်းကပ်ရက် ညီနောင်မြို့နယ်များဖြစ်ကြသည့် ဒီပဲယင်း၊ ဘုတလင်၊ ခင်ဦး၊တန့်ဆည် စသည့် မီးဘေးသင့်ပြည်သူများအတွက်ပါ လက်ခံရရှိသည့် အလှူငွေ/ ပစ္စည်းအရေအတွက်ပေါ် မူတည်ပြီး လုံလောက်မည်ဆိုပါက မြို့နယ်တာဝန်ခံများနဲ့ချိတ်ဆက်၍ ပြန်လည်မျှဝေကူညီပေးသွားမယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၅။ နယ်မြေအေးချမ်းမှုမရှိသည့် တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓါးပြတိုက်ခံရရာမှ ဝန်ထမ်း (၁) ဦး သေနတ်မှန် သေဆုံး
နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီခွဲ ဝန်းကျင်အချိန်တွင် တာချီလိတ်မြို့ ဖုန်းဆိုင် ဓါးပြတိုက်ခံရ၍ ဝန်ထမ်း (၁) ဦး သေနတ်မှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၄) ဦးဟာ ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်း ဝင်ရောက် ဓါးပြတိုက်ပြီး iPhone အလုံး (၂၀) ကျော် ယူဆောင်သွားကြောင်း သိရပါတယ်။
၎င်းတို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖုန်းဆိုင်ဝန်ထမ်းဖြစ်သူ အသက် (၂၀) ကျော်အရွယ်ရှိ ကိုဟိန်းမြတ်သူသည် ကျည်ထိမှန်သွားပြီး သေဆုံးသွားကြောင်း သိရပါတယ်။
တာချီလိတ်မြို့ပေါ်ရှိ ဖုန်းဆိုင်များ မကြာခဏ ဖောက်ထွင်းခိုးခံရမှုများရှိပြီး ရဲကို CCTV မှတ်တမ်းနှင့်အတူ အကြောင်းကြားသော်လည်း "အင်တာနက်မှာ မတင်နဲ့။ ငါတို့ရအောင် ရှာဖမ်းပေးမယ်" လို့ ပြောပေမယ့် ဖမ်းဆီးအရေးယူနိုင်စွမ်း မရှိ၍ ပိုမိုအတင့်ရဲလာခြင်းဖြစ်သည်ဟု ဖုန်းဆိုင်လုပ်ငန်းရှင်များက ပြောဆိုထားပါတယ်။
ဟောင်လိတ်နယ်မြေရဲစခန်းအပိုင် နယ်မြေတွင်း ဖုန်းဆိုင်အများဆုံးရှိသည့် ရန်အောင်မြေ နှင့် ဝိန်းကျောက်ရပ်ကွက်နှင့် မြို့မရဲစခန်းအပိုင် နယ်မြေအတွင်း ဝမ်ကောင်း၊ ဆန်ဆိုင်း နှင့် မယ်ခေါင်ရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်များလည်း ဖောက်ထွင်းခိုးခံရဖူးကြောင်း သိရပါတယ်။
========================
📌📌 ၆။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားတက္ကသိုလ် လူ့အခွင့်ရေးပရိုဂရမ် နှင့် Artists' Shelter တို့ ပူးပေါင်းကျင်းပမယ့် အွန်လိုင်းရုပ်ရှင်ပြပွဲမှာ Artists' Shelter မှ ရုပ်ရှင် (၄) ကားကို ပြသမယ်
အမေရိကန်နိုင်ငံ၊ University of Arizona အရီဇိုးနားတက္ကသိုလ် လူ့အခွင့်ရေးပရိုဂရမ် နှင့် Artists' Shelter တို့ ပူးပေါင်းကျင်းပမယ့် အွန်လိုင်းရုပ်ရှင်ပြပွဲမှာ Artists' Shelter မှ ရိုက်ကူးထားသော ရုပ်ရှင် (၄) ကားကို ပြသမယ်လို့ Artists' Shelter က အသိပေးထားပါတယ်။
"အမေရိကန်နိုင်ငံ၊ University of Arizona အရီဇိုးနားတက္ကသိုလ် လူ့အခွင့်ရေးပရိုဂရမ် နှင့် Artists' Shelter တို့ ပူးပေါင်းကျင်းပပြုလုပ်မည့် အွန်လိုင်းရုပ်ရှင်ပြပွဲ "Virtual Film Screening Event" တခုပြုလုပ်သွားဖို့ရှိပါတယ်။ တော်လှန်ရန်ပုံငွေ ရရှိရေး ရည်ရွယ်ပြုလုပ်မယ့် ဒီရုပ်ရှင်ပြပွဲကို မြန်မာစံတော်ချိန်အရ ခုလာမယ့် နိုဝင်ဘာလ (၁၉) ရက်နေ့ (စနေနေ့) မနက် (၈:၃၀) အချိန်မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။
ဒီရုပ်ရှင်ပွဲတော်မှာ Artists' Shelter မှ ရိုက်ကူးထားသော ရုပ်ရှင် (၄) ကားကို ပြသမှာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြားမှ မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားမှုများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပါဝင်ကြည့်ရှုဖို့အတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး တော်လှန်ရန်ပုံငွေအတွက် တတ်စွမ်းသလောက် လှူဒါန်းခွင့်ရမှာဖြစ်ကာ ရုပ်ရှင်ပြပွဲအပြီးမှာ ဒါရိုက်တာဏကြီးနှင့်အတူ ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသုတို့မှ Artist Talks အနေနဲ့ အမေးအဖြေကဏ္ဍ ပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ TNLA ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်မြေ တနေရာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် TNLA စစ်ဦးစီး အရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက “၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားရန် မိမိတို့ တဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနဲ့ အနာဂတ် မျိုးဆက်သစ်တို့ အတွက် မျိုးချစ်စိတ်ဓါတ် ထားရှိရန် လိုအပ်ကြောင်း” အမှာစကား ပြောကြားခဲ့ပါတယ်။
ထိုနောက် သင်တန်းဌာနမှူး ဗိုလ်မှူးတားပဲခူးမှ စစ်သားတစ်ဦး ထားရှိသင့်တဲ့ ရဲဘော်ရဲဘက်စိတ် မွေးမြူထားရှိရန်၊ မိမိလူမျိုး၊ မိမိရဲဘော် အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်း ထားရှိရန်၊ မိမိအထက် လူကြီးများရဲ့ အမိန့် နာခံမှုရှိရန်၊ မိမိကြောင့် ပြဿနာ မဖြစ်အောင် မိမိကိုယ်ကို ထိန်းသိမ်းရန်နှင့် တပ်သား တစ်ဦးတွင် ဖြတ်ထိုးဉာဏ် နဲ့ သွက်လက်ဖြတ်လတ်မှုရှိရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။
အဆိုပါ သင်တန်းတွင် သင်တန်းသား ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး စစ်ဆင်ရေးနဲ့ ရှေ့တန်း တိုက်ခိုက်ရေးတွင် ကျွမ်းကျင်မှု အဆင့်ရှိစေရန် အဓိက ထားကာ ၃ လကျော်ကြာ လေ့ကျင့်သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ အမျိုးသမီး စစ်သင်တန်း အမှတ်စဉ် ၆၆ - (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင်း ကျင်းပခဲ့ပါတယ်။
၎င်းသင်တန်းကို သင်တန်းသူ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း စစ်မေများကို PSLF/TNLA ရဲ့ အုပ်ချုပ်ရေး ဌာန၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီး ဖွံဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နဲ့ စစ်ဦးစီးချုပ်ရုံးတို့ကို အသီးသီး တာဝန်ခွဲဝေ ပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ရခိုင်မှာ AA ရဲ့ ထိုးစစ် ၁ နှစ်ပြည့်ပြီ၊ အာရက္ခတပ်တော်နဲ့ လူထုတွေနဲ့ စုစည်း ညီညွတ်မှုအားကြောင့် အောင်မြင်မှုတွေ ရခဲ့တယ်လို့ AA ပြောကြား
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော်-AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အာရက္ခတပ်တော်နဲ့ လူထုတွေနဲ့ စုစည်း ညီညွတ်မှုအားကြောင့် အောင်မြင်မှုတွေ ရခဲ့တာဖြစ်ကာ ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်အတိုင်း ချီတက်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့ AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ရွှေဖီမြေကို နိုဝင်ဘာလ ၁၃ ရက်မှာ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
(၁) နှစ်ကြာ ထိုးစစ်အတွင်း ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ သံတွဲ၊ ရသေ့တောင်နဲ့ ဘူးသီတောင်စတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တော၊ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပြောဆိုထားပါတယ်။
ထိန်းချုပ်ထားတဲ့ မြို့တွေမှာ AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီလို့လည်း ခိုင်သုခက ဆိုပါတယ်။
၁ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ရေတပ်စခန်းအပါအဝင် တပ်စခန်းပေါင်း ရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၃။ ပင်လောင်း-ဖယ်ခုံ မြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထား
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ပူချယ်ကျေးရွာက ကောက်ရိတ်ပြန်လာတဲ့ အရပ်သား ၂၀၀ ကျော်ကို စစ်ကောင်စီ စစ်ကြောင်းက မတရား ဖမ်းဆီးထားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
ပင်လောင်း - ဖယ်ခုံ မြို့နယ်များတွင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အဆိုပါ အရပ်သား ပြည်သူများကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၀၀ ဦးကို ပင်လောင်းမြို့၊ အားကစားရုံ အတွင်းမှာ ထိန်းသိမ်း ထားတယ်လို့ သိရပြီး အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ ပင်လောင်း - ဖယ်ခုံ ကြားမှ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် ကျေးရွာများနဲ့ ဖယ်ခုံမြို့ပေါ်က နေအိမ်များကို ဖောက်ထွင်းလုယက် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
ထို့အပြင် စစ်ကြောင်းထိုးနေစဉ် ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ထပ်မနည်း လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် အသက် ၈ နှစ်အရွယ် ကလေးတဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ရပါသေးတယ်။
========================
🚩🚩 ၄။ ဥသျှစ်ပင်မြို့တွင် ပြည်သူ ၂၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့လမ်းဆုံတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ဆိုင်ကယ်စစ်ဆေးသည်ဟု အကြောင်းပြကာ နိုဝင်ဘာ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ၂၅ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံခဲ့ရသူများတွင် အသက်မပြည့်သူများလည်း ပါဝင်ပြီး မိသားစုမှ ငွေဖြင့် လိုက်လံထုတ်ယူနေရကာ အများစုမှာ ယခုအချိန်ထိ ပြန်လွတ်မလာသေးကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မြို့ရွာအများစုတွင် စစ်မှုထမ်းရန်အတွက် တပ်သားသစ်များ နည်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိပြီး မလိုက်ပါလိုသည့် အရပ်သားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများကို လုပ်ဆောင်နေဆဲ ဖြစ်တယ််လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် (၄:၁၀)မိနစ် အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့ စကခ (၁၉)လက်အောက်ခံ ခလရ (၆၁) မှ ဒေါနတပ်ရင်း စိုးမိုးနယ်မြေဖြစ်သော ကျုံလောင်းရွာဟောင်းအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
စာသင်ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ပြည်သူလူထုအား ထိခိုက်မှုမရှိဘဲ စာသင်ကျောင်းအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေါနတပ်ရင်းအနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ရေးမြိုနယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မဟာမိတ်တပ်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ရင်း တပ်ခွဲ (၂) ဒေါနကျားတပ်ခွဲ၊ ဒေါနတပ်ရင်း တပ်ခွဲ (၃) YGF တပ်ခွဲ၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ KNLA တပ်ရင်း (၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ YRF တို့နှင့်အတူ စစ်ရေးအရှိန်မြင့်တင်ပြီး စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပုလဲမြို့ကို လက်လွှတ်အဆုံးရှုံးမခံရဖို့အတွက် လေကြောင်း သာလွန်သုံးကာ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လျှက် ရှိနေ
အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပုလဲမြို့ကို လက်လွှတ်အဆုံးရှုံးမခံရဖို့အရေးအတွက် နိုဝင်ဘာလ (၁၁) ရက်နေ့ကစလို့ လေကြောင်းကနေ သာလွန်သုံးကာ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခုခံလျှက်ရှိနေကြောင်း 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 မှ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက ပုလဲမြို့ကို အကြမ်းဖက်စစ်ရှုံးကောင်စီမှ တံတားဦးတက် YAK-130 ဂျက်ဖိုက်တာဖြင့် 9:44am & 9:46am & 9:47am & 9:49 am ခန့်တို့မှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်သွားပြီး မုံရွာ နမခတက် Mi-35p တိုက်ခိုက်ယာဥ်ဖြင့်လည်း 10:44am ခန့်က စလို့ 11:14 am အထိ ပုလဲမြို့ပတ်ချာလည်ကို ထပ်မံပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရပါတယ်။
လက်ရှိ နေ့ခင်းပိုင်းအချိန်အထိ တံတားဦးတက် ဂျက်ဖိုက်တာများ အဆက်မပြတ်တက်လာပြီး 11:47am & 11:52am & 11:54am & 11:55am ခန့်တို့မှာ ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဖော်ပြထားပါတယ်။
တံတားဦး/မိတ္ထီလာရှမ်းတဲ/မကွေး စသည့်လေတပ်များမှ Y-8 စစ်ခွေးထောက်ပို့ယာဥ် - Y-12 ဗုံးကြဲ/ ထောက်ပို့ယာဥ် - F-7M ဂျက်ဖိုက်တာများ၊ MiG-29 ဂျက်ဖိုက်တာများလည်း ပုလဲနယ်ထဲကို ဦးတည်ပျံသန်းလျှက်ရှိကြောင်း သတင်းရရှိပါတယ်။
========================
🚩🚩 ၇။ ၂ ပတ်ကျော်ကြာ ထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှာ နှစ်ပတ်ကျော် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၇ နာရီ အချိန်တွင် ဘော်ဘင်ဆည် တမံ (၁) တိုက်ပြာနဲ့ သစ်လုံးဆောင်ကြားမှာ ပဒေသာမိုင်းဖြင့် အချိန်ကိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ ဘော်ဘင်ဆည် တမံ (၂) ဘက်ကို လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ် ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ခွဲက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ ဝန်ထမ်းအိမ်ယာဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အရှေ့ခြမ်း၊ ဧရာဝတီ မြစ်ကမ်းဘေးက ဝန်ထမ်းအိမ်ယာ ဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People's Defence Force Myinmu က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၃ ရက်၊ မနက် ၄ နာရီ ၂၅ မိနစ်တွင် ဝန်ထမ်းအိမ်ယာ ဝင်းအတွင်းက စစ်ကောင်စီ အထိုင်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စီးနင်းနိုင်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ DK PDF မြင်းမူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး ပစ်ကူများ ပေးခဲ့တဲ့အပြင် မြင်းမူ အထက (၁) အတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့ကလည်း သံပြားကာ ကားဖြင့် စစ်ကူရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU)၊ Moe Nyo Revolution Force (M.N.R.F.)၊ မြင်းမူမြု့နယ် ပ.က.ဖ၊ ဇေယျာရွှေမြေ၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖ စတဲ့ ညီနောင်မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၉။ ဘုန်းကြီးကျောင်းအတွင်း တပ်ဖွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၅ ဦးထိခိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် အခြေပြု တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၅ ဦး ထိခိုက်သေဆုံး နိုင်တယ်လို့ နယ်စီးမခြား ရွှေဘိုသား LPDF က ထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက် မနက် ၇ နာရီခွဲ ခန့်မှာ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို ၆၀ မမ ဒရုန်းဗုံးသီး ၁၄ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို နယ်စည်းမခြား ရွှေဘိုသား (LPDF) ဒရုန်းတပ်ဖွဲ့၊ တာနောယက္ခ ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ PZ Sky Max ဒရုန်းတပ်ဖွဲ့နဲ့ National Pefrend Defence Force (LPDF) ညီနောင်မဟာမိတ် ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment