၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြားကာလအစီအမံ (မူကြမ်း) ကို ပဏာမအဆင့် စတင်ပြင်ဆင်ရေးသားဖို့ အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် ဆွေးနွေး
📌 ၂။ ADMM လို ကာကွယ်ရေးအစည်းအဝေးမှာ အာဆီယံ လူသတ်အုပ်စု စကစကိုယ်စားလှယ်တွေ တက်ခွင့်ပေးတာဟာ အာဆီယံ ပြောဆိုထားတဲ့ မူဝါဒတွေကို ကိုယ်တိုင်ချိုးဖောက်ပြနေတာ ဖြစ်တယ်လို့ ဆို
📌 ၃။ IIMM ရဲ့ ဝဘ်ဆိုဒ်အသစ်ကို လွှင့်တင်ထားပြီဖြစ်၍ နိုင်ငံတကာတရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အရင်းမြစ်တွေကို ရယူနိုင်
📌 ၄။ သထုံခရိုင်၌ အုပ်ချုပ်ရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
📌 ၅။ SDBဘဏ်ရဲ့အစုရှယ်ယာများရောင်းချမှု ၅ ရက်မြောက်နေ့ ဒေါ်လာ ၃.၅ သန်း ကျော်ဖိုးရရှိထားပြီးဖြစ်
📌 ၆။ ညောင်လေးပင်ခရိုင်အတွင်း ကရင်လူမူကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး(KORD)မှ ပြည်သူလူထုများအား သွားရောက်ကူညီထောက်ပံ့
📌 ၇။ မြန်မာနိုင်ငံအနှံ့အပြားကို လေးလအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်း တိုက််ခိုက်မှုပေါင်း အကြိမ် တစ်ထောင်ကျော် လုပ်ဆောင်ခဲ့
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KIA ဗိုလ်သင်တန်းကျောင်းတွင် ကျဆုံးခဲ့ရတဲ့ AAမှ ဗိုလ်လောင်း ၈ဦး အပါ ဗိုလ်လောင်း ၂၃ဦးအတွက် ၁၀နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
🚩 ၂။ စစ်တပ်နဲ့ ရှမ်းနီ တပ်စခန်း ၄ ခုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
🚩 ၃။ မူတြော်ခရိုင်မှာ နိုဝင်ဘာ လဝက်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး၊ ဒုရင်းမှူး အပါအဝင် ၇၇ ဦး သေဆုံး
🚩 ၄။ ထားဝယ်တွင် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
🚩 ၅။ တလိုင်းရပ် ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
🚩 ၆။ နောင်ချိုမြို့နယ်ရှိ ဆင်းရွှေလီ သကြားစက်ရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အင်ဂျင်နီယာ ၁ ဦး သေဆုံး
🚩 ၇။ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းပေးနေတဲ့ ညောင်ကုန်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့
🚩 ၈။ ရေဦးနဲ့ တန်ဆည်မြို့နယ်က ကျေးရွာများကို စကစတပ်များ မီးရှို့ဖျက်ဆီးရာမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသမီးငယ်ပါ မီးလောင်သေဆုံးခဲ့ရ
🚩 ၉။ အကြမ်းဖက်စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်လာ၍ ရန်ကုန်တိုင်းစစ်ဌာနမှ ဆုငွေချီးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြားကာလအစီအမံ (မူကြမ်း) ကို ပဏာမအဆင့် စတင်ပြင်ဆင်ရေးသားဖို့ အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် ဆွေးနွေး
နိုဝင်ဘာ ၁၉ရက်
Radio NUG
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြားကာလအစီအမံ (မူကြမ်း)ကို ပဏာမအဆင့် စတင်ပြင်ဆင်ရေးသားဖို့ အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် လုပ်ငန်းကော်မတီ ပုံမှန်အစည်းအဝေးကို(နိုဝင်ဘာလ ၁၉ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးမှာ လုပ်ငန်းကော်မတီအနေနဲ့ ချိတ်ဆက်တွေ့ဆုံခဲ့သည့် အစည်းအဝေးများအပေါ် သုံးသပ်ခြင်း၊ ဆက်လက် ချိတ်ဆက်တွေ့ဆုံကြရမယ့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ကြားကာလအစီအမံ (မူကြမ်း) ကို ပဏာမအဆင့် စတင်ပြင်ဆင်ရေးသားဖို့ ကော်မတီကနေ အလုပ်အဖွဲ့တခု ဖွဲ့စည်းတာဝန်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနောက်မှာ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ခဲ့ကြပါတယ်။ ယခုအပတ်မှာတော့ ကြားကာလအတွင်း စီမံဆောင်ရွက်ရမယ့် ကျန်းမာရေးကဏ္ဍကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ADMM လို ကာကွယ်ရေးအစည်းအဝေးမှာ အာဆီယံ လူသတ်အုပ်စု စကစကိုယ်စားလှယ်တွေ တက်ခွင့်ပေးတာဟာ အာဆီယံ ပြောဆိုထားတဲ့ မူဝါဒတွေကို ကိုယ်တိုင်ချိုးဖောက်ပြနေတာ ဖြစ်တယ်လို့ ဆို
နိုဝင်ဘာ၁၉ရက်
Radio NUG
ADMM လို ကာကွယ်ရေးအစည်းအဝေးမှာ အာဆီယံ လူသတ်အုပ်စု စကစကိုယ်စားလှယ်တွေ တက်ခွင့်ပေးတာဟာ အာဆီယံပြောဆိုထားတဲ့ မူဝါဒတွေကို ကိုယ်တိုင်ချိုးဖောက်ပြနေတာဖြစ်တယ်လို့ နိုဝင်ဘာ၁၉ရက် Defend Myanmar Democracy က ဖော်ပြပါတယ်။
"အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက်လို့ ဆိုပြီး လူသတ်အကြမ်းဖက် စစ်ရာဇဝတ်အုပ်စုကို ဖိတ်ကြား နေရာပေး ဝင်ရောက်ဆွေးနွေးခိုင်းတာက ဘယ်လိုသဘောလဲ နားမလည်နိုင်ပါဘူး။ အာဏာသိမ်းကြိုးပမ်းမှု စကတည်းက စစ်အုပ်စုက ကလေးငယ် ၆၀၀ ကျော်အပါအဝင် ပြည်သူပေါင်း ၅၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ဒီစစ်အုပ်စုဟာ ဘာကာကွယ်ရေး အင်အားစုမှ မဟုတ်ပါဘူး။ စစ်ရာဇဝတ်ကောင်တွေပါ။ လေယာဥ်နဲ့ နေ့စဥ်ဗုံးကြဲ၊ အုံလိုက်ကျင်းလိုက် သတ်ဖြတ်၊ မြို့တွေ ရွာတွေ ရစရာ မရှိအောင်ဖျက်ဆီးတဲ့ စစ်ရာဇဝတ်အုပ်စုပါ။ ADMM လို ကာကွယ်ရေးအစည်းအဝေးမှာ အာဆီယံ လူသတ်အုပ်စုကိုယ်စားလှယ်တွေ တက်ခွင့်ပေးတာဟာ လူသတ်ကောင်တွေရဲ့ ရာဇဝတ်မှုတွေကို တရားဝင်မှုပေးနေတာဖြစ်ပြီး အာဆီယံကိုယ်တိုင်ပြောဆိုထားတဲ့ မူဝါဒတွေကို ကိုယ်တိုင်ချိုးဖောက်ပြနေတာပါ"လို့ဆိုပါတယ်။
အချို့သော အာဆီယံကာကွယ်ရေးဝန်ကြီးတွေဟာ စကစရဲ့ စစ်အုပ်စု ဒီအစည်းအဝေးတွေ တက်ရောက်နေတာကို ကန့်ကွက်ခဲ့ကြပါတယ်။
ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူ စတဲ့ နိုင်ငံတွေကတော့ စစ်အုပ်စုပါတဲ့ အစည်းအဝေးတစ်ခုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ASEAN ဒိုင်ယာလော့ခ် မိတ်ဖက်တွေဖြစ်တဲ့ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ အမေရိကားတို့ကလည်း ထိုနည်း၄င်း ကန့်ကွက်ခဲ့ပါတယ်။
အာဆီယံအနေနဲ့ADMM လုပ်ငန်းတွေအားလုံးကနေ စစ်အုပ်စုကို ဖယ်ထုတ်ပေးပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုထားပါတယ်။
========================
📌📌 ၃။ IIMM ရဲ့ ဝဘ်ဆိုဒ်အသစ်ကို လွှင့်တင်ထားပြီဖြစ်၍ နိုင်ငံတကာတရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အရင်းမြစ်တွေကို ရယူနိုင်
နိုဝင်ဘာ၁၉ရက်
Radio NUG
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ ဝဘ်ဆိုဒ်အသစ်ကို လွှင့်တင်ထားပြီဖြစ်၍ နိုင်ငံတကာတရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အရင်းမြစ်တွေကို ရယူနိုင်တယ်လို့ နိုဝင်ဘာ၁၉ရက် IIMMက အသိပေးဆိုပါတယ်။
" IIMM ရဲ့ ဝဘ်ဆိုဒ်အသစ်ကို လွှင့်တင်လိုက်ပါပြီ။ ဝဘ်ဆိုဒ်အသစ်မှာ IIMM ရဲ့ လုပ်ငန်းစဥ်တွေအကြောင်း လေ့လာနိုင်သလို၊ နိုင်ငံတကာတရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ရင်းမြစ်တွေကိုလည်း ရယူနိုင်မှာပါ။ ဒါအပြင် နောက်ဆုံး ထုတ်ပြန်ချက်တွေနဲ့ သရုပ်ဖော်ရှင်းလင်းချက်တွေကိုလည်း ဒေါင်းလုပ်ရယူနိုင်ပါပြီ"လို့ဆိုပါတယ်။
IIMM ရဲ့ ဝဘ်ဆိုဒ်အသစ်ကို https://iimm.un.org မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိပဋိပက္ခများအတွင်း ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို ယန္တရားက ရရှိထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ယန္တရားက နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးရှိ ရိုဟင်ဂျာဆိုင်ရာ အမှုများ ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေထံ အချက်အလက်ပေါင်း တစ်သန်းကျော်နဲ့ စိစစ်သုံးသပ်ချက် ဖိုင်ပေါင်း ၁၀၀ နီးပါးကို မျှဝေထားပါတယ်။
========================
📌📌 ၄။ သထုံခရိုင်၌ အုပ်ချုပ်ရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာ ၁၉
Radio NUG
သထုံခရိုင်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းအား ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းသည် အနာဂတ် ကော်သူးလေအစိုးရတွင် အုပ်ချုပ်ရေးယန္တရားများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးသော ကောင်းမွန်သော ကော်သူးလေအစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ ခေါင်းဆောင်များ ၊ မြို့နယ်အသီးသီးမှ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၇၀)ကျော် တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၄)ရက်နေ့ထိ ကျင်းပခဲ့ကာ (၁၅) ရက်နေ့တွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ SDBဘဏ်ရဲ့အစုရှယ်ယာများရောင်းချမှု ၅ ရက်မြောက်နေ့ ဒေါ်လာ ၃.၅ သန်း ကျော်ဖိုးရရှိထားပြီးဖြစ်
နိုဝင်ဘာ၁၉ရက်
Radio NUG
SDBဘဏ်ရဲ့ အစုရှယ်ယာများရောင်းချမှု ၅ ရက်မြောက်နေ့ ဒေါ်လာ ၃.၅ သန်း ကျော်ဖိုးရရှိထားပြီး ဖြစ်တယ်လို့ နိုဝင်ဘာ၁၉ရက် နွေဦးဖွံဖြိုးရေး SDBဘဏ်က တရားဝင်အသိပေး ကြေညာပါတယ်။
"ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီအထိ ကိုယ်တိုင် နှင့် RM များမှ တဆင့် နွေဦးဘဏ် အစုရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၅ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။ ယခု နောက်ဆုံး ICO 2 မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၆) ရက်သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ မိတ်ဆွေတွေကို လက်မနှေးကြဖို့ အသိပေးကြရအောင်"လို့ ဆိုထားပါတယ်။
နွေဦးဖွံဖြိုးရေး SDBဘဏ် အစုရှယ်ယာများကို နိုဝင်ဘာ ၁၅ရက်မှ ဒီဇင်ဘာ ၅ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက် ICO round 2 မှာ အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ဝယ်၊ RM ဆီကဝယ်ဝယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ ညောင်လေးပင်ခရိုင်အတွင်း ကရင်လူမူကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး(KORD)မှ ပြည်သူလူထုများအား သွားရောက်ကူညီထောက်ပံ့
နိုဝင်ဘာ ၁၉
Radio NUG
ညောင်လေးပင်ခရိုင် ကရင်လူမူကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူများမှ ဦးဆောင်ပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာ(၁၂)ရက်နေ့တွင် မူးမြို့နယ်အတွင်း မိဿလင်ကျေးရွာနှင့် ဆေးပုလဲကျေးရွာ စသည့်ကျေးရွာပေါင်း(၂)ရွာမှ အိမ်ခြေ(၂၇၈)လုံး၊ လူဦးရေစုစုပေါင်း(၁,၄၈၄)ဦးကို မြန်မာငွေ (၁၄၀,၉၈၀,၀၀၀) ကျပ်ဖြင့် သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
၎င်းသွားရောက်လှူဒါန်းသည့် ကျေးရွာများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် သဘာဝဘေးအန္တရယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့် စားဝတ်နေရေး၊ အကျပ်အတည်း၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရသည့် ရွာများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၇။ မြန်မာနိုင်ငံအနှံ့အပြားကို လေးလအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်း တိုက််ခိုက်မှုပေါင်း အကြိမ် တစ်ထောင်ကျော် လုပ်ဆောင်ခဲ့
နိုဝင်ဘာ ၁၉
Radio NUG
မြန်မာနိုင်ငံအနှံ့အပြားကို လေးလအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်း တိုက််ခိုက်မှုပေါင်း အကြိမ် တစ်ထောင်ကျော် လုပ်ဆောင်ခဲ့ပါတယ်လို့ နိုဝင်ဘာ ၁၉ရက် Blood Money သွေးစွန်းငွေက အတည်ပြုဆိုပါတယ်။
"၂၀၂၄ ဇွန်လမှ စက်တင်ဘာလ ထိ ၄ လ အတွင်း အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံအနှံ့အပြားကို လေကြောင်း တိုက််ခိုက်မှု စုစုပေါင်း အကြိမ် ၁၂၁၀ ပြုလုပ်ခဲ့ပါတယ်။ ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၄၉ ဦး နှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၅၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၈၂၇ ဦး ရှိကြောင်း အတည်ပြုနိုင်ပါတယ်"လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၆၃၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၇၉ ခု၊ စာသင်ကျောင်း ၂၆ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၁ ခု၊ စီးပွားရေးနှင့်ဆိုင်သော အဆောက်အအုံ ၄၃၄ ခု၊ UN ရုံး ၁ ရုံး၊ စစ်ဘေးရှောင်စခန်း ၂ ခုနှင့် အချုပ်ထောင် ၂ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
၂၀၂၄ ဇွန်လမှ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုသည် ဒရုန်းတိုက််ခိုက်မှု စုစုပေါင်း ၉၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂၂ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၃၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၇၀ ဦး ရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၃၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၅ ခု၊ ဆေးရုံ၊ ဆေးခန်း ၂ ခု နှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KIA ဗိုလ်သင်တန်းကျောင်းတွင် ကျဆုံးခဲ့ရတဲ့ AAမှ ဗိုလ်လောင်း ၈ဦး အပါ ဗိုလ်လောင်း ၂၃ဦးအတွက် ၁၀နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
နိုဝင်ဘာ ၁၉
Radio NUG
KIA ဗိုလ်သင်တန်းကျောင်းတွင် ကျဆုံးခဲ့ရတဲ့ AAမှ ဗိုလ်လောင်း ၈ဦး အပါ ဗိုလ်လောင်း ၂၃ဦးအတွက် ၁၀နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။
KIA ဌာနချုပ်နယ်မြေ အတွင်းရှိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနေခဲ့တဲ့ အာရက္ခတပ်တော်မှ ဗိုလ်လောင်း (၈) ဦးနှင့် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးတို့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ KIA ဗိုလ်သင်တန်းကျောင်းဝင်းတစ်နေရာ၌ တပြိုင်နက်တည်း အသက်ကြွေလွင့်ခဲ့ရပါတယ်။
နိုဝင်ဘာလ ၁၉ရက်နေ့မှာ အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသည်မှာ (၁၀) နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အာရက္ခတပ်တော်မှ နိုဝင်ဘာလ (၁၉) ရက်နေ့တိုင်း အဆိုပါ ဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေး နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများ လဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတစ်ဝက်လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခု (၁၀) နှစ်ပြည့်နေ့ တွင် စစ်ရေး အခြေအနေအရ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခဲ့ပြီး အာရက္ခတပ်တော်အနေဖြင့် နိုဝင်ဘာလ (၁၉) ရက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်သည့်အပြင် အဆိုပါ ဗိုလ်လောင်းများ၏ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပီးဆပ်ခဲ့မှုများကိုလည်း အမြဲတမ်း သတိရနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စစ်တပ်နဲ့ ရှမ်းနီ တပ်စခန်း ၄ ခုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ ၁၉
Radio NUG
နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်အချိန်တွင် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသရှိ စစ်ရှုံးကောင်စီနဲ့ ရှမ်းနီ SNA တို့ရဲ့ ရွှေတွင်းလမ်းဆုံစခန်း၊ ပန်ချယ်ကုန်းနဲ့ မန်းစိမ်းချောင်းဖျား စခန်းတို့ကို သိမ်းပိုက်ရရှိသည့်အပြင် ဆယ်ဇင်း တစ်ဖက်ကမ်းရှိ စစ်ရှုံးကောင်စီနဲ့ SNA ရဲ့ ဆိုင်ပန်ကုန်း ပင်မတပ်စခန်းကို နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့် အချိန်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။
အဆိုပါ ဆယ်ဇင်းဒေသ စခန်းသိမ်း တိုက်ပွဲများအတွင်း KPDF (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူ အများအပြားရှိခဲ့ကာ တိုပြတ် ကျိုးကန်း စာရင်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ KIA တပ်မဟာ ၉ နယ်မြေအတွင်းရှိ တာမခန်၊ ဆိုင်းတောင်နဲ့ ဆယ်ဇင်းဒေသ တချို့တို့မှာ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများ ကင်းစင်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၃။ မူတြော်ခရိုင်မှာ နိုဝင်ဘာ လဝက်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး၊ ဒုရင်းမှူး အပါအဝင် ၇၇ ဦး သေဆုံး
နိုဝင်ဘာ ၁၉၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာ လဝက်အတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒု-ရင်းမှူး အပါအဝင် ၇၇ ဦး သေဆုံးခဲ့တယ်လို့ မူတြော် သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ်အထိ ဖြစ်ပွားခဲ့တာပါ။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးနဲ့ ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် (၇၇) ဦးထိ သေဆုံးခဲ့ကာ မော်တော်ယာဉ် တစီးကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်း တပ်ဖွဲ့ဝင်များ ဘက်မှလည်း ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ထားဝယ်တွင် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
နိုဝင်ဘာ ၁၉၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက် ကြားမှာ ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ခန့်မှာ သုံးဘီးယာဉ် အသုံးပြုပြီး လမ်းကင်း ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် MA 1 သေနတ် ၃ လက်၊ MA 3 သေနတ် ၁ လက်၊ MA 2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ အီကွေးမန့် ခါးပတ် ၁ ခုနဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်း တိုက်ခိုက်မှုကို ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) တို့မှ ပူပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ တလိုင်းရပ် ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
နိုဝင်ဘာ ၁၉၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာမှာ ကင်းပတ်နေတဲ့ ပျူစောထီး အဖွဲ့ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အမှတ် (၈၁၅) တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်မှာ တလိုင်းရပ် (ရွာသစ်) က ပျူပတ်ကင်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ အမှတ် (၈၁၅) တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ) က ပျူရွာအတွင်းထဲထိ ဝင်ရောက်ကင်းပုန်းဝပ် နေရာယူ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပျူခေါင်းဆောင် ကျော်မင်းထူး အပါအဝင် ရန်သူ့ ရုပ်အလောင်း နှစ်ခု နဲ့ Type 81 တလက်၊ ကာဘိုင် တလက်၊ Dayang ဆိုင်ကယ် တစီး၊ ကာဘိုင်ကျည် ၂၁ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း PLA အမှတ် (၈၅၁) တပ်ဖွဲ့ဟာ တလိုင်းရပ် ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းအပါအဝင် လက်နက်ခဲယမ်း တချို့ကို သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ နောင်ချိုမြို့နယ်ရှိ ဆင်းရွှေလီ သကြားစက်ရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အင်ဂျင်နီယာ ၁ ဦး သေဆုံး
နိုဝင်ဘာ ၁၉
Radio NUG
နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ရွာ အင်းဝိုင်းအမှတ် ၃ ဆင်းရွှေလီ သကြားစက်ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂လုံး ကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စက်ရုံဝန်ထမ်း အင်ဂျင်နီယာ ၁ဦး သေဆုံးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သကြားစက်ရုံပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဂိုထောင် မီးလောင်ခဲ့ကာ အဆောင်အချို့ ထိမှန်ပျက်စီးခဲ့သလို လေယာဉ်သံကြားလို့ ဆိုင်ကယ်ထွက်သိမ်းတဲ့ အင်ဂျင်နီယာ လူရွယ်ပိုင်းလည်း ဗုံးစထိမှန်ကာ သေဆုံးခဲ့ရပါတယ်။
========================
🚩🚩 ၇။ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းပေးနေတဲ့ ညောင်ကုန်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့
နိုဝင်ဘာ ၁၉၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ မင်းလှ မြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုဆောင်းပေးနေတဲ့ ညောင်တုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈ဝ၂) တပ်ခွဲ (၂) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်၊ မနက် ၈ နာရီ ၁၀ မိနစ်မှာ ညောင်တုန်း အုပ်ချုပ်ရေးမှူး ဖြစ်သူဟာ မင်းလှမြို့ကို ဆိုင်ကယ် စီးလာစဉ် ချောင်းနားရွာ တောင်ဘက်ထိပ် အရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ဦးခေါင်း ကျည်ထိမှန် ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၎င်းထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေ ၄၀၀,၀၀၀ ကျပ်၊ ဘေးလွယ်အိတ် တလုံးနဲ့ ဆိုင်ကယ် တစီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အာကြီး (ခ) ခင်ထွန်းလွင်ဟာ လူငယ်များကို စစ်မှုထမ်းဖို့ ခြိမ်းခြောက် ဖိအားပေးပြီး လူစုပေးခြင်း၊ စစ်မှုထမ်း ထောက်ပံ့ကြေး မပေးတဲ့ နေအိမ်များကို စစ်တပ်ခေါ် ဖမ်းခိုင်းခြင်း၊ မီးရှို့မယ်လို့ ချိန်းခြောက်ခြင်း၊ ပြည်သူများထံမှ မတရား ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေတာကြောင့် အခုလို အရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ ရေဦးနဲ့ တန်ဆည်မြို့နယ်က ကျေးရွာများကို စကစတပ်များ မီးရှို့ဖျက်ဆီးရာမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသမီးငယ်ပါ မီးလောင်သေဆုံးခဲ့ရ
နိုဝင်ဘာ ၁၉ရက်
Radio NUG
ရေဦးနဲ့ တန်ဆည်မြို့နယ်က ကျေးရွာများကို စကစတပ်များ မီးရှို့ဖျက်ဆီးရာမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသမီးငယ်ပါ မီးလောင်သေဆုံးခဲ့ရပါတယ်လို့ နိုဝင်ဘာ၁၉ရက် ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့က အတည်ပြုဆိုထားပါတယ်။
"နိုဝင်ဘာ (၁၇)ရက်နေ့တွင် အင်အား(၁၈၀)ခန့်ပါ အကြမ်းဖက်စစ်ခွေးတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရေဦးနယ်မြောက်ဘက်ခြမ်း ကျေးရွာပေါင်း(၇)ရွာမှ မီးလောင်အိမ်ခြေ စုစုပေါင်း (၁၇၀) မီးလောင်ပျက်ဆီးခဲ့ရပါတယ်။ ဆီဆုံရွာအတွင်းမှ စိတ်ဝေဒနာသည် အမျိုးသမီးငယ်တစ်ဦး အကြမ်းဖက်စစ်ခွေးများ နေအိမ်မီးရှို့သည့်အထဲတွင် ပါသွားပြီး မီးလောင်သေဆုံးခဲ့ရတယ်လို့ ထပ်မံအတည်ပြုသိရှိရပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တန့်ဆည်နယ်အရှေ့ခြမ်း ကလဇင်ရွာနဲ့ တပ်သစ်(မြောက်)ရွာ ကျေးရွာပေါင်း (၂)ရွာ မှ ကလဇင်ရွာ (၂၈) လုံး၊ တပ်သစ်(မြောက်)ရွာ (၆၅) လုံး ၊စုစုပေါင်းနေအိမ်ပေါင်း (၉၃) လုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း သိရှိရပါတယ် ။
========================
🚩🚩 ၉။ အကြမ်းဖက်စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်လာ၍ ရန်ကုန်တိုင်းစစ်ဌာနမှ ဆုငွေချီးမြှင့်
နိုဝင်ဘာ ၁၉ရက်
Radio NUG
ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁နှင့် ၅၁၀၂ သို့ အကြမ်းဖက်စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်လာ၍ ရန်ကုန်တိုင်းစစ်ဌာနမှ ဆုငွေချီးမြှင့်ခဲ့ကြောင်း နိုဝင်ဘာ၁၉ရက် ရန်ကုန်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ နှင့် တပ်ရင်း ၅၁၀၂ သို့ လက်နက်မဲ့ အလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်တို့ကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment