၂၀၂၄ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြင်းခြံနယ်မှာဖြစ်တဲ့ ၇ ရက်တာတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၆ ဦးသေပြီး ၄ဝ ကျော်ဒဏ်ရာရ
📌 ၂။ မင်္ဂလာဒုံ မြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ရာမှာ ရဲတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်
📌 ၃။ ရခိုင်ပြည် အမ်းဘက်ကို စစ်ကူသွားမယ့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၉ ဦးသေဆုံးပြီး
📌 ၄။ မြင်းခြံမြို့က ထွေအုပ်ရုံးနဲ့ စစ်တပ် တပ်စွဲရာနေရာတွေကို ဖောက်ခွဲတိုက်ခိုက်
📌 ၅။ စစ်ကောင်စီ၏ မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရသော စကခ(၈) အခြေစိုက်၊ ခလရ (၂၈၂) မှ တပ်သား တဦးလက်နက်ခဲယမ်းနဲ့အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ထံသို့ အလင်းဝင်ရောက် ခိုလှုံခဲ့
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ ၂ သန်းကို SDB ICO-2 ကနေ.. ထုတ်နုတ်သုံးစွဲလျက်ရှိ
🚩 ၂။ မန္တလေး ကြားကာလလုပ်ငန်းကော်မတီကို အကြံပြုလမ်းညွှန်ထောက်ပြမှုတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်
🚩 ၃။ ရခိုင့်ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးနဲ့ငါးဖမ်းလှေများကို ဘင်္ဂလားနယ်ခြားစောင့်တပ်ထံ AA လွှဲပြောင်း
🚩 ၄။ အင်အားလိုအပ်နေတဲ့ စစ်ကောင်စီက ပခုက္ကူမြို့မှာ အဖမ်းအဆီးကြမ်းနေတယ်လို့ သပိတ်ကော်မတီ သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြင်းခြံနယ်မှာဖြစ်တဲ့ ၇ ရက်တာတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၆ ဦးသေပြီး ၄ဝ ကျော်ဒဏ်ရာရ
နိုဝင်ဘာ၂၁ရက်
မန္တလေးတိုင်း မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ Myingyan Black Tiger-MBTတပ်ဖွဲ့ စစ်ကြောင်း-၃ စစ်ရေး လှုပ်ရှားတဲ့ နယ်မြေအတွင်းကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင်ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက် က ၃၆ ဦးသေပြီး ၄ဝ ကျော်ဒဏ်ရာရသွားတယ်လို့ MBTတပ်ဖွဲ့ က ဒီနေ့ နိုဝင်ဘာ ၂၁ မနက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ ခဲယမ်း ပျက်တောက်သွားတာကြောင့် ပထမ ခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက်ကျေးရွာကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆုတ်ခွာပေး ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၁၅ ရက်နေ့ ည ၈ ခွဲအချိန်ကစပြီး ရန်သူစစ်ကောင်စီတပ်နဲ့ နောက်တကြိမ် ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ် လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီးဖြစ်ခဲ့တဲ့ ဒုတိယအကြိမ် ခုခံစစ်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ထိကြာခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်တပ်ဘက်က Mi-35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ် ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ် ခဲ့ပြီး မြင်းခြံမြို့မှာရှိတဲ့ ခမရ-၁၅ ကလည်း ဟောင်ဝှစ်ဇာ ၅ လုံးနဲ့ ပစ်ကူပေးခဲ့တယ်လို့ အသိပေးပါတယ်။
MBT တပ်ဖွဲ့က ရဲဘော်တွေအနေနဲ့ ရန်သူဘက်က ကြည်းကြောင်း လေကြောင်းတို့နဲ့တိုက်ခိုက်တာကို ခုခံတိုက်ခိုက် နိုင်ခဲ့ပေမယ့် ခဲယမ်းပျက်တောက်သွားတာကြောင့် ဒုတိယခံစစ်စည်းဖြစ်တဲ့ ခြေဆေးကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရတယ် လို့ ထပ်အသိပေးပါတယ်။
အခုလို ခံစစ်စည်းတွေကနေ ဆုတ်ခွာပေးခဲ့ရပေမယ့် ၇ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ၂ပွင့်ဗိုလ်အပါအဝင် စစ်သား ၃၆ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရအောင်တိုက်ခိုက်နိုင်ခဲ့ကာ MBT တပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး MBT တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေဘက်က ပြန်လည်ခုခံနေတာကြောင့် စစ်ရေးတင်းမာနေဆဲလို့ သိရပါတယ်။
မြင်းခြံခရိုင်အမှတ်-၉တပ်ရင်း Myingyan Black Tiger-MBT ရဲ့ ၇ရက်တာ ခုခံတိုက်ပွဲမှာ Popa Guerilla Force -PGF ၊ မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈) ၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ်-၈၁၅ ပြည်သူ့လွတ်မြောက် ရေး တပ်မတော် -PLA၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့- စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊နှလုံးလှ လူမိုက်တပ်ဖွဲ့တို့ လာရောက်အားဖြည့် ပူးပေါင်းတိုက်ပွဲ၀င်ပေးကြတဲ့အတွက် အထူးပင်ကျေးဇူးတင်တယ်လို့ MBTတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
========================
📌📌 ၂။ မင်္ဂလာဒုံ မြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ရာမှာ ရဲတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်
နိုဝင်ဘာ၂၁ရက်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ရာမှာ ရဲတွေထိခိုက်မှုရှိပြီး လက်နက်ငယ် တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာရှိတယ်လို့ DARK SHADO တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲနဲ့ပြည်လမ်းထောင့်က မင်္ဂလာဒုံမြို့မ ရဲစခန်းကို Dark Shadow တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီခန့်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့သိရတဲ့အတွက် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပေမယ့် DARK SHADO တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြည်သူလူထုကို နေ့စဉ်လို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို DARK SHADO ရဲဘော်တွေအနေနဲ့ ရရာနေရာကနေ တိုက်ခိုက်သွားမှာဖြစ်ပြီး နောက်ထပ် ပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ပတ်သတ်တဲ့နေရာတွေ ရဲများ၊ စစ်သားများနဲ့ပျူစောထီးများ၊ အရပ်ဝတ် စစ်ကောင်စီ တပ်သားများ စုဝေးရာနေရာတွေကို မသွားကြဖို့ DARK SHADO တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၃။ ရခိုင်ပြည် အမ်းဘက်ကို စစ်ကူသွားမယ့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၉ ဦးသေဆုံးပြီး
နိုဝင်ဘာ၂၁ရက်
ရခိုင်ပြည်နယ် အမ်းဘက်ကို စစ်ကူသွားမယ့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရသွားတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု-PRA- Magway သတင်းနှင့်ပြန်ကြားရေးကော်မတီက ဒီနေ့ နိုဝင်ဘာ ၂၁ မှာထုတ်ပြန်ပါတယ်။
အမ်းဘက်ကို စစ်ကူသွားမယ့် အင်အား ၄ဝ ပါတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု-PRA- Magway က ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့် အကွာကနေ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ချိန်ဟာ ၁၅ မိနစ်ခန့်သာကြာပြီး စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးအဆင့်အပါအဝင် စစ်သား ၉ ဦးသေဆုံး ကာ စစ်သား ၁၀ ဦးခန့် ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်-မစခ-၉၀၅ လက်အောက်ခံတပ်တွေနဲ့ ပေါ်တာ ဆွဲခံရတဲ့ စစ်မှုထမ်း သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ငဖဲမြို့နယ်ကိုဖြတ်သွားတဲ့ ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်ရေးဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု-PRA- Magway က ချမှတ်ထားတဲ့ ရှေ့ပြေးလှုပ်ရှားမှုဖြစ်တဲ့အတွက် စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ PRA- Magway က ထုတ်ပြန်ထားပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခံရချိန်ကစပြီး စစ်ကောင်စီဟာ လေကြောင်း၊ ကုန်းကြောင်းကနေ စစ်ကူအင်အားတွေ ကြိုးစားဖြည့်တင်းနေပေမယ့် စစ်တပ်စခန်းတွေနဲ့ တပ်ရင်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
========================
📌📌 ၄။ မြင်းခြံမြို့က ထွေအုပ်ရုံးနဲ့ စစ်တပ် တပ်စွဲရာနေရာတွေကို ဖောက်ခွဲတိုက်ခိုက်
နိုဝင်ဘာ၂၁ရက်
မန္တလေးတိုင်း မြင်းခြံမြို့ ပေါ်က စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ Myingyan Hotel အနီးမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဓိကတပ်စွဲတဲ့ ကျောက်ရုံးကြီးလို့ခေါ်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နဲ့ စစ်သားတွေနားခိုရာ Myingyan Hotel အနီးက နေရာတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
Myingyan Hotel မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေများပြီး စစ်အရာရှိတွေနဲ့ ပျူစောထီးတွေ ဖဲရိုက်လေ့ရှိသလို ဂျင်ဝိုင်း တွေလည်းရှိတယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ်အတွင်းက ဒေသနေပြည်သူတွေရဲ့ အိုး၊အိမ်၊စည်းစိမ်တွေကို အကြမ်းဖက် ခိုးယူမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးမစ်ရှင်ဖြစ်တယ်လို့ MBTတပ်ဖွဲ့က အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မြင်းခြံမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်လာတဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Myingyan Black Tiger -MBT တပ်ဖွဲ့အနေနဲ့ မြို့တွင်းစစ်ရေးမစ်ရှင်တွေ ထပ်လုပ်ဖို့ရှိတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်စခန်းတွေအနီး သွားလာတာမျိုးမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီ၏ မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရသော စကခ(၈) အခြေစိုက်၊ ခလရ (၂၈၂) မှ တပ်သား တဦးလက်နက်ခဲယမ်းနဲ့အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ထံသို့ အလင်းဝင်ရောက် ခိုလှုံခဲ့
နိုဝင်ဘာ၂၁ရက်
စစ်ကောင်စီ၏ မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရသော စကခ(၈) အခြေစိုက်၊ ခလရ (၂၈၂) မှ တပ်သား တဦးလက်နက်ခဲယမ်းနဲ့အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ထံသို့ အလင်းဝင်ရောက်ခိုလှုံခဲ့တယ်လို့ နိုဝင်ဘာ၂၁ရက်မှာ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLFက အသိပေးဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရသော စကခ(၈) အခြေစိုက်၊ ခလရ (၂၈၂) မှ တပ်သား စိုင်းလင်းကို သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ထံသို့ MA3 သေနတ်တစ်လက်၊ ကျည်ဘောက် ၁ ဘောက်နှင့် 5.56 ကပစ ကျည် ၂၃ တောင့်တို့နှင့်အတူ အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့အတည်ပြုဆိုပါတယ်။မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် အလင်းဝင်ရောက် ခိုလှုံလာသော တပ်သား စိုင်းလင်းကိုအား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF မှ ဆုငွေ သိန်းငါးဆယ်ကို ချီးမြှင့်ခဲ့တယ်လို့အတည်ပြုပါတယ်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF သည် လက်နက်ချ၊ အလင်းဝင် ၊ထွက်ပြေး ခိုလှုံလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မတရား ညှဉ်းပန်း နှိပ်စက်မှုမှ ကင်းလွတ်ခွင့်ရစေပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသက်အန္တရာယ်ကို အာမခံချက် ပေးမယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ ၂ သန်းကိုSDB ICO-2 ကနေ.. ထုတ်နုတ်သုံးစွဲလျက်ရှိ
နိုဝင်ဘာ၂၁ရက်
တော်လှန်ရေးအတွက် လိုအပ်တဲ့ဒေါ်လာ ၂ သန်းကို SDB ICO-2 ကနေထုတ်နုတ်သုံးစွဲလျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က နိုဝင်ဘာ၂၀ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။
"ဒီကနေ့ပဲ.. တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ ၂ သန်းကိုSDB ICO-2 ကနေ.. ထုတ်နုတ်သုံးစွဲလျက်ရှိနေပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက်ICO round 2 မှာ"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ယူနိုင်သလိုRMများကတဆင့်လည်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင်နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၂၁ ရက် မနက် ၉ နာရီအထိ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏအမေရိကန် ဒေါ်လာ ၄ သန်း ကျော် ရရှိထားပြီလို့
နိုဝင်ဘာ၂၁ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးဆိုထားပါတယ်။ငွေကြေး (၁၀) မျိုး ဝယ်ယူမှုအားမှာ သက်ဆိုင်ရာ ငွေကြေးပမာဏများပင်ဖြစ်သည့်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အိမ်ပြန်လှိုင်းစီးမည့် အင်အားကို ပြသဖိို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ နှမ်းစေ့ပေါင်းများစွာ၏ နောက်ဆုံး လှိုင်းအရွေ့မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၄) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ နိုင်ငံအသီးသီးရှိ မိတ်ဆွေတွေကို လိုက်ပါကြဖို့ လက်တို့ကြရအောင်"လို့ဆိုထားပါတယ်။
နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာများကို နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၅ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပါတယ်။
🚩🚩 ၂။ မန္တလေး ကြားကာလလုပ်ငန်းကော်မတီကို အကြံပြုလမ်းညွှန်ထောက်ပြမှုတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်
နိုဝင်ဘာ၂၁ရက်
မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူကြမ်းရေးဆွဲရေးကော်မတီကို အကြံပြုလမ်းညွှန်ထောက်ပြမှုတွေ ပေးပို့ကြဖို့ အဲဒီကော်မတီက ဖိတ်ခေါ်ထားပါတယ်။
မန်းလေး ကြားကာလလုပ်ငန်းကော်မတီက သတ်မှတ်အလုပ်တာဝန်တွေကို ထမ်းရွက်ရာမှာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အကြံပြုမှုများ၊ လမ်းညွှန်ထောက်ပြမှုများဟာ အထူးအရေးပါ၊ တန်ဖိုးရှိတာကြောင့် လုပ်ငန်းကော်မတီကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက လိုအပ်သလို အကြံပြုကြဖို့၊ လမ်းညွှန်ထောက်ပြကြဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
များများ လမ်းညွှန်ထောက်ပြပေးကြပါ၊ များများ အကြံပြုပေးကြပါလို့ ကော်မတီဝင် ဒေါက်တာတေဇာစန်း ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေး ဖိတ်ခေါ်ထားပါတယ်။
အကြံပြု၊ လမ်းညွှန်ထောက်ပြမှုတွေကို Telegram Account ၊ ဆစ်ဂနယ် Signal No. နဲ့ Email လိပ်စာတွေဖြစ်တဲ့ Telegram Account: @mdy_iwc ၊ Signal No. +61 861 617 980 ၊ Email Address: iwc.mdy@proton.me တိုကနေ ဆက်သွယ်ပေးပို့နိုင်တယ် သိရပါတယ်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်း ကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်တို့ နိုဝင်ဘာ ၁၈နေ့ကပဲ အွန်လိုင်းကနေ ဆွေ့ဆုံ ဆွေးနွေးခဲ့တာရှိပါတယ်။
========================
🚩🚩 ၃။ ရခိုင့်ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးနဲ့ငါးဖမ်းလှေများကို ဘင်္ဂလားနယ်ခြားစောင့်တပ်ထံ AA လွှဲပြောင်း
နိုဝင်ဘာ၂၁ရက်
ရခိုင့်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးနဲ့ ငါးဖမ်းလှေများကို ဘင်္ဂလားနယ်ခြားစောင့်တပ် BGP ထံ လွှဲပြောင်းပေးလိုက်တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
အာရက္ခရေပိုင်နက်ထဲကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစင်း ၆၀ ခန့်ကို AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေ နိုဝင်ဘာ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ AA က မနေ့ နိုဝင်ဘာ ၂ဝ ညမှာ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အခုလိုဖမ်းဆီးရာမှာ စက်တပ်ငါးဖမ်းလှေ ၂စင်းအပါအဝင် လှေ ၁၅ စင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို AA က ၂ ရက်ကြာ ထိမ်းသိမ်းထားခဲ့ပြီး စစ်ဆေးမေးမြန်းတာ တွေလုပ်ခဲ့ပြီး အာရက္ခပိုင်နက်ထဲကို နောက်ထပ်ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းတာတွေမလုပ်ဖို့ ခံဝန်ကတိလက်မှတ် ထိုးစေပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်-BGP လက်ထဲ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့တာလို့ အသိပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းကို ငါးဖမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူတွေလို့သိရပါတယ်။
အခုလို ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေကို ပြန်လည်လွှဲပြောင်းပေးတာဟာ သူတို့ မိသားစု စားဝတ်နေရေး အကျပ်အတည်းကို ထောက်ထားငဲ့ညှာတာဖြစ်တဲ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့ကြား နှစ်ဖက် နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရာမှာ အရင်ထက် ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်ပြီး ဘာပြစ်ဒဏ်မှ မပေးဘဲ ငါးခိုးဖမ်းသမားတွေကို ချက်ချင်းပြန်လွှတ်ပေးခဲ့တာလို့ AA က ထုတ်ပြန်ပါတယ်။
မောင်တောဒေသမှာ စစ်ရေးပြင်းထန်နေတာနဲ့ငါးဖမ်းလှေတွေထိမ်းသိမ်းထားတဲ့နေရာကနေ ပြန်လည်ပေးအပ်ရမယ့် နေရာကိုပို့ဆောင်ရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေရတဲ့အတွက် ငါးခိုးဖမ်းရာမှာ အသုံးပြုတဲ့လှေတွေကိုတော့ မနေ့ နိုဝင်ဘာ ၂ဝ ရက်နေ့မှ ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ငါးဖမ်းလှေ ၁၅ စင်း အနက် ၇ စင်းကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်-BGP ထံလွှဲပြောင်းပေးနိုင်ခဲ့ ပြီး ကျန်ငါးဖမ်းလှေ ၈ စင်းကိုတော့ လုံခြုံရေးအာမခံချက်ရှိတဲ့အချိန်မှ ထပ်မံလွှဲပြောင်းပေးအပ်မယ်လို့ AA က ပြောပါ တယ်။
တဆက်တည်းမှာ အာရက္ခရေပိုင်နက်အတွင်းကိုကျူးကျော်ပြီး အခုလို ငါးခိုးဖမ်းဖို့ ဝင်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို AA ရဲ့ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ ရခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်လိုက်ပါတယ်။
========================
🚩🚩 ၄။ အင်အားလိုအပ်နေတဲ့ စစ်ကောင်စီက ပခုက္ကူမြို့မှာ အဖမ်းအဆီးကြမ်းနေတယ်လို့ သပိတ်ကော်မတီ သတိပေး
နိုဝင်ဘာ၂၁ရက်
မကွေးတိုင်းအတွင်း စစ်သားအင်အားလိုအပ်ချက်အရဆိုပြီး စစ်ကောင်စီက ပခုက္ကူမြို့က လူငယ်တွေကို စစ်ဆေးဖမ်းဆီး နေတဲ့အတွက် အသွားအလာဂရုစိုက်ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထုတ်ပြန်လိုက်ပါတယ်။
ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီဘက်က လုပ်ဆောင်နေတဲ့လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီ က မနေ့ နိုဝင်ဘာ ၂၀ရက်မှာ သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
ပုခုက္ကူမြို့အဝင် အထွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ရဲနဲ့ ဌာနဆိုင်ရာအဖွဲ့တွေနဲ့အတူ စစ်ဆေးပြီး လူငယ်အချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ မြို့ခံလူငယ်တွေမဟုတ်ဘဲ ပခုက္ကူဘက် အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်နေတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ထိဆက်နေတဲ့ မင်းဘူးနဲ့ ပွင့်ဖြူ စစ်ကိုင်းတိုင်း ချင်းပြည်နယ်တို့နဲ့ထိဆက်နေတဲ့ ယောဒသတို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတာကြောင့် အင်အားလိုအပ်နေတဲ့ စစ်ကောင်စီဘက် က လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားသစ်အဖြစ်စုဆောင်းနေတာပဲဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment