၂၀၂၄ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့တော်လှန်ရေးဟာ အကြပ်အတည်း အခက်အခဲတွေကြားကပင် ရှေ့ကိုဆက်ပြီး တစ်လှမ်းချင်း ချီတက်နေကြရတဲ့ အနေအထားဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာ ကန့်ကွက်ရန် တိုက်တွန်း
📌 ၃။ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် အခြေအနေအောက်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း" တို့ ကျူးလွန်နေ
📌 ၄။ ပြည်သူလူထု လက်လှမ်းမီနိုင်တဲ့ အတိုင်းအတာနဲ့ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို ရောင်းချပေးနေ၍ ဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်တိုက်တွန်း
📌 ၅။ မြန်မာမှ ကန့်ကွက်ခဲ့လို့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေကြောင်း သတိပေးပြီး လက်တုံ့ပြန်သည့် နိုင်ငံရေးတွင် ပါဝင်ရန် အာဆီယံကို အသုံးမချဖို့ မြန်မာကို တိုက်တွန်း
📌 ၆။ ထောင်ချထားခံရသည့် NLD အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း ဆေးရုံတင်ထားရ
📌 ၇။ ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့ တွေ့ဆုံဆွေးနွေး
📌 ၈။ ဖားဆောင်းမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော အနွေးထည်များ အလှူရှင်အသီးသီးမှ သွားရောက်လှူဒါန်း
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော ဗိုလ်မှူး ကျော်ဇေယျ ဦးစီးတဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံး၊ လက်နက် (၉) လက် သိမ်းဆည်းရရှိ
🚩 ၂။ ထီးလင်းမြို့မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်
🚩 ၃။ ရန်ကုန် မြ၀တီအသံလွှင့်ဌာနအား M79 လက်နက်ကြီးဖြင့် ၄၀ မမ (၃)လုံး ပစ်ခတ်
🚩 ၄။ နေပြည်တော် ပျဉ်းမနား၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
🚩 ၅။ နောင်ချိုတွင် စစ်ကောင်စီမှ ဗုံး ထပ်မံ ကြဲချမှုကြောင့် ဒေသခံ(၂)ဦး သေဆုံး၊ (၅) ဦး ဒဏ်ရာရ
🚩 ၆။ လောင်းလုံး၊ ကျောက်နီမော်ကျေးရွာ (မိုက်ခရိုဝေ့ဖ်) စခန်းကုန်းတွင် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ဦး အလင်းဝင်
🚩 ၇။ ကြယ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်ငြိမ်းချမ်းအပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ မြင့်မြတ်စွာကျဆုံးခဲ့သူများ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့တော်လှန်ရေးဟာ အကြပ်အတည်း အခက်အခဲတွေကြားကပင် ရှေ့ကိုဆက်ပြီး တစ်လှမ်းချင်း ချီတက်နေကြရတဲ့ အနေအထားဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
နိုဝင်ဘာလ (၂၁) ရက်
Radio NUG
ပြည်သူ့တော်လှန်ရေးဟာ အကြပ်အတည်း အခက်အခဲတွေကြားကပင် ရှေ့ကိုဆက်ပြီး တစ်လှမ်းချင်းချီတက်နေကြရတဲ့ အနေအထားဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၂/၂၀၂၄) မှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
"လက်ရှိတော်လှန်ရေးရဲ့ အခြေအနေတွေအရ နိုင်ငံရေးဆိုင်ရာ အရေးကြီး အစည်းအဝေးတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ ခပ်စိပ်စိပ်ရှိလာခဲ့ပြီး ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးဟာ အကြပ်အတည်း အခက်အခဲတွေကြားကပင် ရှေ့ကိုဆက်ပြီး တစ်လှမ်းချင်းချီတက်နေကြရတဲ့ အနေအထားဖြစ်ကြောင်း၊ အရေးကြီးတဲ့ stakeholder တွေ တွေ့ဆုံကြတဲ့ အစည်းအဝေးတွေမှာ လက်ရှိတော်လှန်ရေး အခြေအနေ၊ နိုင်ငံရေးအနေအထားတွေ စဥ်းစားကြတဲ့အခါမှာ အုပ်ချုပ်ရေး ကဏ္ဍက မပါမဖြစ် ထည့်သွင်းစဥ်းစားကြရတာဖြစ်ကြောင်း၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုမှာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုကိုပဲ လုပ်ဆောင်ရတာမျိုးမဟုတ်ဘဲနဲ့ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ ဘုံရည်မှန်းချက်ပန်းတိုင်တူညီကြတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း စုစည်းရင်း ရှေ့ဆက်နေကြရတာဖြစ်ပါကြောင်း၊ အတူတကွသွားနိုင်မှသာ တော်လှန်ရေး သာမက အုပ်ချုပ်မှုယန္တရားထူထောင်မှုမှာလည်း အောင်မြင်လာမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာ ကန့်ကွက်ရန် တိုက်တွန်း
နိုဝင်ဘာ၂၁ရက်
Radio NUG
နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာ ကန့်ကွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် စပ်လျဉ်း၍ တံခါးပိတ် အစည်းအဝေးမကျင်းပမီ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်က သတင်းစာရှင်းလင်းပြောကြားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
"မြန်မာပြည်သူများသည် ၎င်းတို့၏ ဆန္ဒကို ၂၀၂၀ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် စစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် တရားမဝင်အာဏာသိမ်းမှုဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒကို လျစ်လျူ ရှုခဲ့ပါကြောင်း၊ မြန်မာပြည်သူများသည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ပယ်ချပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း စစ်အုပ်စု၏ ဤအတုအယောင် ရွေးကောက်ပွဲအား ခိုင်မာစွာ ကန့်ကွက်ရန် တိုက်တွန်းပါကြောင်း" သံအမတ်ကြီးက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပရန် ဥပဒေကြောင်းအရ တရားဝင်မှုသာမက၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခွင့်အာဏာပါ မရှိကြောင်း သံအမတ်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် အခြေအနေအောက်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း" တို့ ကျူးလွန်နေ
နိုဝင်ဘာ၂၁ရက်
Radio NUG
"စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဖန်တီးထားသည့် အခြေအနေအောက်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှု နှင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း"တို့ကို ကျူးလွန်နေတယ်လို့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြု ဆုံးဖြတ်ချက် မချမှတ်မီ ဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားခဲ့ပါတယ်။
"စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဖန်တီးထားသည့် အခြေအနေအောက်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော အကြမ်းဖက်မှုများ ကျူးလွန်နေခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်းမှု၊ ရက်စက် ကြမ်းကြုတ်မှုများ နေ့စဉ် ကျူးလွန်နေခြင်းနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အားပေးနေခြင်းကြောင့် မြန်မာပြည်သူများ အနေဖြင့် ယခင်က မကြုံတွေ့ဖူးသည့် အတိုင်း အဆဖြင့် ဒုက္ခရောက်နေကြရကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ တစ်ထောင့်တစ်နေရာမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ရရှိနေသော ပံ့ပိုးမှုများကြောင့် ထိုကဲ့သို့သော လူမဆန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခွင့် ရရှိနေသည်မှာ ရှင်းလင်းမြင်သာကြောင်း" သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံ အကျပ်အတည်းအတွက် သင့်လျော်စွာ မဖော်ပြခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ ဤနေရာတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက် အိုးအိမ်ကို မျက်ကွယ်ပြု နေသည်လော၊ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စု၏ ယုတ်ရင်းကြမ်းတမ်းသော ရည်ရွယ်ချက်များကိုသာ ထောက်ခံအားပေးနေလောဟူသည့် အထူးစိုးရိမ်ရသည့် အမေးများကိုသာ ဖြစ်ပေါ်လာစေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
========================
📌📌 ၄။ ပြည်သူလူထု လက်လှမ်းမီနိုင်တဲ့ အတိုင်းအတာနဲ့ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို ရောင်းချပေးနေ၍ ဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်တိုက်တွန်း
နိုဝင်ဘာ၂၁ရက်
Radio NUG
ပြည်သူလူထု လက်လှမ်းမီနိုင်တဲ့ အတိုင်းအတာနဲ့ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို ရောင်းချပေးနေ၍ ဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်တိုက်တွန်းဆိုပါတယ်။
"နွေဦးဘဏ် တည်ထောင်ချိန်ကစပြီး ယနေ့အချိန်အထိ ဘဏ္ဍာရေးစစ်မျက်နှာပြင်မှာ စွမ်းစွမ်းတမံတိုက်ပွဲဝင်လျက်ရှိပါတယ်။ မနှစ်ကလည်း ဒီလိုအချိန်မှာ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို ပြည်သူလူထုထံ လက်လှမ်းမီနိုင်အောင်လို့ ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလ ၁၅ရက်ကနေ ဒီဇင်ဘာလ ၅ရက်နေ့အထိမှာလည်း ပြည်သူလူထု လက်လှမ်းမီနိုင်တဲ့ အတိုင်းအတာနဲ့ ကျမတို့ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို ရောင်းချပေးနေပါတယ်။ နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို နွေဦးဘဏ်အကောင့်တခုရှိယုံနဲ့ ဝယ်ယူနိုင်ပြီး CDM တွေအတွက် ထောက်ပံ့ပေးနေတဲ့ နွေဦးထီလို ကဏ္ဍမျိုးတွေမှာလည်း ဝင်ရောက်အားပေးလို့ရပါတယ်" လို့ ဆိုပါတယ်။
ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက် ICO round 2 မှာ"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ယူနိုင်သလို RMများကတဆင့်လည်း ဝယ်ယူနိုင်ပါတယ်။
========================
📌📌 ၅။ မြန်မာမှ ကန့်ကွက်ခဲ့လို့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေကြောင်း သတိပေးပြီး လက်တုံ့ပြန်သည့် နိုင်ငံရေးတွင် ပါဝင်ရန် အာဆီယံကို အသုံးမချဖို့ မြန်မာကို တိုက်တွန်း
နိုဝင်ဘာ ၂၁
Radio NUG
ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံ၏ မိတ်ဖက်နိုင်ငံများ ပိုမိုပါဝင်လာခြင်းကို မြန်မာနိုင်ငံမှ ကန့်ကွက်ခဲ့လို့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကြိုးပမ်းတည်ဆောက်ခဲ့သည့် အာဆီယံ ဗဟိုချုပ်ကိုင်မှုကို ထိခိုက်စေကြောင်း ကာကွယ်ရေးဝန်ကြီး Dr. Ng Eng Hen က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် (၁၈) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) အပြီးတွင် ဒေါက်တာ Ng က မြန်မာနိုင်ငံမှ တစ်ဦးတည်း ကန့်ကွက်မှုကြောင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချို့သော ကိစ္စရပ်များတွင် သောင်မတင်ရေမကျ ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာရင် မလေးရှားက ၂၀၂၅ မှာ ပြန်ပြီး ဆွေးနွေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲ အစီအစဉ်ပါ အချက်တချို့ကို မြန်မာဘက်က ကန့်ကွက်လိုက်တာ ဖြစ်တယ်လို့ ဒေါက်တာ ငင်က ပြောပါတယ်။
သောင်မတင်ရေမကျ ဆက်လက်ရှိနေပါက ADMM ၏ ယုံကြည်စိတ်ချရမှု ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြီး လက်တုံ့ပြန်သည့် နိုင်ငံရေးတွင် ပါဝင်ရန် အာဆီယံကို အသုံးမချဖို့ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
မတ်လ အစည်းအဝေးအပြီး ADMM သည် တိုးချဲ့ကာကွယ်ရေးအစည်းအဝေး ADMM-Plus အတွက် အဖွဲ့ဝင်အသစ်များကို လက်ခံရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ပြီး လက်ရှိတွင် ဆွေးနွေးဖက် ရှစ်နိုင်ငံပါဝင်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်နှင့် အနောက်နိုင်ငံအချို့က ADMM-Plus တွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။
လာအိုနိုင်ငံတွင် ကျင်းပနေသည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း တက်ရောက်နေခြင်း ဖြစ်ပါတယ်။
========================
📌📌 ၆။ ထောင်ချထားခံရသည့် NLD အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း ဆေးရုံတင်ထားရ
နိုဝင်ဘာ ၂၁
Radio NUG
ဖမ်းဆီးထောင်ချထားခံရသည့် NLD အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရပါတယ်။
ဦးသောင်းထွန်းအား နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီခွဲက အိုးဘိုအကျဥ်းထောင်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး (၆)ထပ်ဆောင်ရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၊ နှလုံးရောဂါအထူးကုဌာနသို့ ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာကြီးမှုအမှတ်(၄၁၊ ၄၂၊ ၄၃/၂၀၂၁)၊ အဂတိ(၅၅)ဖြင့် စွပ်စွဲကာ မန္တလေးဗဟိုအကျဉ်းထောင်၌ ထောင်(၉)နှစ် ချထားခြင်းဖြစ်ပါတယ်။
ဦးသောင်းထွန်းသည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည့်အပြင် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
========================
📌📌 ၇။ ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ၂၁
Radio NUG
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံနှင့် ဒုတာဝန်ခံများ နိုဝင်ဘာလ(၂၁)ရက်၊ နေ့လယ် (၀၂.၀၀) နာရီမှ (၀၃.၄၀) နာရီထိ ဌာနအတွင်း ပုံမှန်အစည်းအဝေးကို online Zoom မှ တဆင့်ကျင်းပခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုကို ခရိုင်တာဝန်ခံ၊ ဒုတာဝန်ခံစစ်ရေး၊ ဒုတာဝန်ခံစည်းရုံးရေးနှင့် မြို့နယ်ပ.က.ဖတာဝန်ခံ၊ ဒုတာဝန်ခံ အသီးသီးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
မြို့နယ်ပ.က.ဖ တာဝန်ခံများမှ ကဏ္ဍအလိုက် လုပ်ဆောင်ချက်များ၊ အကြံပြုချက်များ ဆွေးနွေးခြင်း၊ ခရိုင်ပကဖ တာဝန်ခံများမှာ ကဏ္ဍအလိုက် ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၈။ ဖားဆောင်းမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော အနွေးထည်များ အလှူရှင်အသီးသီးမှ သွားရောက်လှူဒါန်း
နို၀င်ဘာ ၂၁
Radio NUG
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာ၀န်ရှိသူများနှင့် အလှူရှင်အသီးသီးတို့မှနေ၍ ဖားဆောင်းမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော အနွေးထည်များကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ်များအတွက် မုန့်နှင့် အအေးဘူးများ ပေးဝေခြင်း၊ ဆောင်းရာသီ၌ နွေးနွေးထွေးထွေး ၀တ်ဆင်နိုင်စေရန် အတွက် ကလေး/လူကြီး မရွေး ၀တ်ဆင်နိုင်သော အနွေးထည်များအား သွားရောက်လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းပြင် အလှူရှင်များမှ စစ်ဘေးရှောင် စာသင်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူ/သား ၊ ဆရာ/မ များအတွက် လိုအပ်သော စာရေးကိရိယာများလည်း လှူဒါန်းခဲ့ပြီး စစ်ရှောင်ပြည်သူအရေအတွက် အင်မတန်များတာကြောင့် လူတိုင်းစေ့ ပေးလှူနိုင်ခြင်း မရှိသေးသည့်အတွက် လှူဒါန်းလိုသော အလှူရှင်များအား အမြဲတမ်းကြိုဆိုလျက်ရှိပါကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော ဗိုလ်မှူး ကျော်ဇေယျ ဦးစီးတဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံး၊ လက်နက် (၉) လက် သိမ်းဆည်းရရှိ
နိုဝင်ဘာ ၂၁
Radio NUG
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။
ရန်သူ့အဖွဲ့သည် မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့် MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
ညနေ ၅နာရီ ၉မိနစ်တွင် နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ညနေ ၅နာရီ ၁၁မိနစ်တွင် မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ကာ ညနေ ၅နာရီ ၁၃မိနစ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ထီးလင်းမြို့မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်
နိုဝင်ဘာ ၂၁
Radio NUG
နိုဝင်ဘာလ ၁၈ရက် ညနေပိုင်းတွင် ထီးလင်းမြို့မှ စတင်ထွက်ခွာလာသော အင်အား ၉၀ ကျော်ပါ စစ်ကြောင်းသည် နိုဝင်ဘာလ ၂၀ရက်နေ့တွင် ကျားခဲကျေးရွာ တောင်ဘက်ပတ်ဝန်းကျင်သို့ ရောက်ရှိနေချိန် ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်းရဲဘော်များမှ Fixed Wing Drone များဖြင့် ဗုံးသီးအလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ယောတပ်တော် (YA) မြေပြင်စစ်ကြောင်းနှင့် YRA ပူးပေါင်း၍ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေစဥ် နေ့လယ် (1:20PM)တွင် မုံရွာ နမခတက် MI 35 တစ်စီးမှ နာရီဝက်ခန့်ကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်/ကျဆုံးမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၁ရက်နေ့ နေ့လယ် (1:00PM)ခန့်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာ ဝင်ရောက်သွားပြီဖြစ်ပြီး ရန်သူထိခိုက်/ကျဆုံးများအား စုံစမ်းစိစစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ရန်ကုန် မြ၀တီအသံလွှင့်ဌာနအား M79 လက်နက်ကြီးဖြင့် ၄၀ မမ (၃)လုံး ပစ်ခတ်
နိုဝင်ဘာ ၂၁
Radio NUG
နိုဝင်ဘာလ ၁၀ရက်နေ့မှ ကျရောက်ခဲ့တဲ့ Yangon Army (YA)၏ တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ( ၅း၁၀ ) နာရီ၀န်းကျင်အချိန်ခန့်တွင် ရန်ကုန်တိုင်း ၊ မှော်ဘီမြို့ နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ မြ၀တီအသံလွှင့်ဌာနအား Yangon Army (YA) ရဲဘော်များမှ M79 လက်နက်ကြီးဖြင့် ၄၀မမ (၃)လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ် ပစ်မှတ်ကြီးများကိုလည်း အကြမ်းဖက် စစ်အာဏာရှင် မပြုတ်မခြင်း ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်တာကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများနှင့် ဝေးဝေး နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၄။ နေပြည်တော် ပျဉ်းမနား၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
နိုဝင်ဘာ ၂၁
Radio NUG
နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ သိရပါတယ်။
ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့် NPT-PDF တပ်ရင်းများဖြစ်သော ၈၀၁ ၊ ၈၀၂ ၊ ၈၀၄ ၊ ၈၀၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရရှိပါတယ်။
========================
🚩🚩 ၅။ နောင်ချိုတွင် စစ်ကောင်စီမှ ဗုံး ထပ်မံ ကြဲချမှုကြောင့် ဒေသခံ(၂)ဦး သေဆုံး၊ (၅) ဦး ဒဏ်ရာရ
နိုဝင်ဘာ ၂၁
Radio NUG
နိုဝင်ဘာလ ၂၀ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိ အသက် (၂၃) နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား (၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အလားတူ ညသန်းခေါင်ယံ (၁၂း၀၀) အချိန်တွင်လည်း ကံကြီးကျေးရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းသို့ ပေါင် (၅၀၀) ဗုံး(၁) လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသား (၁)ဦး ထိမှန်သေဆုံးကာ (၃) ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သည် လေကြောင်းကို အသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ကာ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ(၁) ရက်နေ့မှ (၂၁)ရက်နေ့အထိ ဒေသခံ (၁၇)ဦး သေဆုံးပြီး (၂၆) ဦးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ လောင်းလုံး၊ ကျောက်နီမော်ကျေးရွာ (မိုက်ခရိုဝေ့ဖ်) စခန်းကုန်းတွင် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ဦး အလင်းဝင်
နိုဝင်ဘာ ၂၁
Radio NUG
နိုဝင်ဘာလ(၂)ရက်နေ့ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ (မိုက်ခရိုဝေ့ဖ်)စခန်းကုန်းတွင် တာဝန်ထမ်းဆောင်နေသော ကိုကျော်သက်ဦး (ပစ။ ၁ဝ၇ဝ၄၅၊ ခလရ ၂၆၇)သည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
MA1 (၂)လက်၊ ကျည်ဘောက် (၅)ဘောက်နှင့် ကျည် (၂၄၆)တောင့်တို့အား ယူဆောင်လာကာ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသော ကိုကျော်သက်ဦးနှင့် သူ၏မိသားစုအား ဂုဏ်ပြုဆုငွေ (၈၀)သိန်းကျပ် ချီးမြှင့်ကာ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်စီစဉ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ကြယ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်ငြိမ်းချမ်းအပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ မြင့်မြတ်စွာကျဆုံးခဲ့သူများ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နိုဝင်ဘာ၂၁ရက်
Radio NUG
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကြယ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်ငြိမ်းချမ်းအပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ မြင့်မြတ်စွာကျဆုံးခဲ့သူများ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ပါတယ်။
နိုဝင်ဘာ၂၁ရက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုဆိုထားပါတယ်။
နိုဝင်ဘာလ ၂၁ရက်နေ့သည် ကြယ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော မိမိတို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အာဇာနည်သူရဲကောင်း ရဲဘော်ငြိမ်းချမ်း (၃) နှစ်ပြည့်နေ့ဖြစ်ပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကြယ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်ငြိမ်းချမ်းအပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ မြင့်မြတ်စွာ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းတို့အား အလံတစ်ဝက်ချ လွှင့်ထူကာ ရဲဘော်တို့အား အလေးပြုခမ်းနား ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
ထို့အတူ မိသားစု၀င်များမှ ရဲဘော်ငြိမ်းချမ်းအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူခြင်းနှင့် သင်တန်းတက် ရဲဘော်များအား ဒံပေါက်နှင့် ကြက်သားဟင်း အဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment