၂၀၂၄ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်နိုင်ငံ Dallasမြို့ရှိမြန်မာအင်အားစုများနဲ့ NUGဝန်ကြီးများတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပပြီးစီး
📌 ၂။ နေရာဒေသပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုမှတွန်းလှန် ရုန်းထွက်နိုင်ရန်အတွက် အားလုံးပါဝင်ဖို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းနှိုးဆော်
📌 ၃။ ”ပညာဉာဏ်နဲ့ အမှန်တရားကိုပေါင်းစပ်ထားတဲ့ နွေဦးတော်လှန်ရေးဟာ အောင်ကိုအောင်မှာဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ဆို
📌 ၄။ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ပင်လယ်ကမ်းခြေမှာ အာရှနိုင်ငံများက ပညာရေးအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ASPBAE နှစ် ၆၀ အခမ်းအနားကိုဒေါက်တာသိန်းလွင်တက်ရောက်
📌 ၅။ ဟင်္သာတအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအား ဦးခေါင်းထိပ်ကွဲတဲ့အထိ ထောင်အာဏာပိုင်တို့က နှိပ်စက်ညှင်းပန်းခဲ့တယ်လို့သတင်းထွက်ပေါ်
📌 ၆။ ဆေးသိပ္ပံတက္ကသိုလ်နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေစာမေးပွဲများ ကျင်းပမည်
📌 ၇။ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄.၈ သန်း ကျော် ရရှိထားပြီးဖြစ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ “(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာ” ပေးပို့
🚩 ၂။ Lose and Hope ရုပ်ရှင်ပြပွဲကို သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင်ကျင်းပရာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်
🚩 ၃။ KNDF အမှတ် (၄) ဗျူဟာ ကနေ ဦးစီးပြုလုပ်မည့် စု ကျည် ၊ ကာ ကျည်၊ တော်လှန် ကျည် ဆိုတဲ့Ammo-ကျည် ပရောဂျက် ကိုပါဝင်ပေးဖို့လူထုကိုမေတ္တာရပ်ခံ
🚩 ၄။ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ် TNLAအမျိုးသမီးရဲဘော်များလှုပ်ရှား
🚩 ၅။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေကို ကြုံတွေ့နေရ
🚩 ၆။ မြန်နူန်းမြင့် ဒုံးကျည် SD-10A ကို အကြမ်းဖက် စစ်အုပ်စုက ပြင်သစ်နိုင်ငံ Airbus ရှယ်ယာပါတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVICကနေ ၀ယ်ယူရရှိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန်နိုင်ငံ Dallasမြို့ရှိမြန်မာအင်အားစုများနဲ့ NUGဝန်ကြီးများတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပပြီးစီး
နိုဝင်ဘာ၂၅ရက်
အမေရိကန်နိုင်ငံ Dallasမြို့ရှိ မြန်မာအင်အားစုများနဲ့ NUGဝန်ကြီးများတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ နိုဝင်ဘာ၂၅ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီးဘဦးအောင်ကျော်မိုးက အသိပေးဆိုလိုက်ပါတယ်။
"ဧည့်ဝတ်ကျေပွန်မှုနှင့် နွေဦးတော်လှန်ရေးအတွက် ဆက်လက်ပံ့ပိုးပေးမှုအတွက် Dallas ရှိ မြန်မာအသိုင်းအဝိုင်းနှင့် မြန်မာအသိုင်းအဝိုင်းမှ မိတ်ဆွေများကို ကျေးဇူးတင်ရှိပါတယ်။ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အတူတူ စကားပြောရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်"လို့ဆိုပါတယ်။အမေရိကန်နိုင်ငံတွင်မြန်မာအရေးအား မြန်မာအင်အားစုများကလက်ရှိမှာတွန်းတွန်းတိုက်တိုက်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ နေရာဒေသပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုမှတွန်းလှန် ရုန်းထွက်နိုင်ရန်အတွက် အားလုံးပါဝင်ဖို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းနှိုးဆော်
နိုဝင်ဘာ၂၅ရက်
နေရာဒေသပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုမှတွန်းလှန် ရုန်းထွက်နိုင်ရန်အတွက် အားလုံးပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ နိုဝင်ဘာ၂၅ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
"အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ တို့များအတူ ပူးပေါင်းစို့"UNITE to End Violence Against Women and Girls နိုဝင်ဘာလ (၂၅) ရက်၊ ၂၀၂၄ ခုနှစ်ဒီနေ့ဟာအမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရေးအတွက် လှုပ်ရှားမှုပြုလုပ်တဲ့နေ့ဖြစ်ပါတယ်။နေရာဒေသပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုမှတွန်းလှန် ရုန်းထွက်နိုင်ရန်အတွက် အားလုံးပါဝင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်"လို့ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာနယ်မြို့များမှာ အရပ်သားအမျိုးသမီးများကိုသတ်ဖြတ်ခြင်းနဲ့ လိင်အကြမ်းဖက်မှုများကိုကျူးလွန်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ”ပညာဉာဏ်နဲ့ အမှန်တရားကိုပေါင်းစပ်ထားတဲ့ နွေဦးတော်လှန်ရေးဟာ အောင်ကိုအောင်မှာဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ဆို
နိုဝင်ဘာ၂၅ရက်
"ပညာဉာဏ်နဲ့ အမှန်တရားကိုပေါင်းစပ်ထားတဲ့ နွေဦးတော်လှန်ရေးဟာ အောင်ကိုအောင်မှာဖြစ်တယ်"လို့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က နိုဝင်ဘာ၂၅ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။
"အိမ်နီးချင်းမကောင်းရင် ကိုယ်တွေက အချင်းချင်းပိုပြီး ကျောချင်းကပ်ထားမှ တော်ကာကျမယ်။ အဲဒီသတိလေးသာကပ်ထား။ ဇွဲ၊ လုံ့လ၊ ဝီရိယ သုံးခုစလုံးနဲ့ပြည့်စုံသလို ပညာဉာဏ်နဲ့ အမှန်တရားကိုပါပေါင်းစပ်ထားတဲ့ ဒီတော်လှန်ရေးဟာ အောင်ကိုအောင်မှာ"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနဟာ အကြမ်းဖက်စစ်အုပ်စုရဲ့အင်တာနက်ဖြတ်တောက်ထားသည့်နေရာဒေသများတွင်အင်တာနက်ရရှိရေး၊ဆက်သွယ်ရေးစနစ်ကောင်းမွန်ရရှိရေးတို့ကိုဆောင်ရွက်ပေးလျက်ရှိပြီးNUGအစိုးရဌာနဆိုင်ရာ နည်းပညာအချက်အလက်များလုံခြုံရေးကိုလည်းကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ပင်လယ်ကမ်းခြေမှာ အာရှနိုင်ငံများက ပညာရေးအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ASPBAE နှစ် ၆၀ အခမ်းအနားကိုဒေါက်တာသိန်းလွင်တက်ရောက်
နိုဝင်ဘာ၂၅ရက်
ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ပင်လယ်ကမ်းခြေမှာ အာရှနိုင်ငံများက ပညာရေးအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ASPBAE နှစ် ၆၀ အခမ်းအနားကိုဒေါက်တာသိန်းလွင် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာ၂၅ရက်မှာ စဉ်းစားတွေးခေါ်သောစာသင်ခန်းဖောင်ဒေးရှင်းတည်ထောင်သူ ဒေါက်တာသိန်းလွင်က အသိပေးဆိုထားပါတယ်။
"ယခင်တပါတ်က တောတွေတောင်တွေဖြတ်ပြီး ကယန်းအမျိုးသားတက္ကသိုလ်ကို ရောက်ခဲ့ပါတယ်။ ယခုအပါတ်မှာ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ပင်လယ်ကမ်းခြေမှာ အာရှနိုင်ငံများက ပညာရေးအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ASPBAE နှစ် ၆၀ အခန်းအနားကို တက်ရောက်နေပါတယ်။ ASPBAE Executive Council မှာ ကျနော် ၈ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Thinking Classroom Foundation က ဆရာမအစိုင်းက Executive Council မှာ၂၀၂၅-၂၀၂၉ အတွက် တာဝန်ယူဖို့ ရွေးကောက်တင်မြှောက်ခံရပါတယ်"လို့ဆိုပါတယ်။
စဉ်းစားတွေးခေါ်သောစာသင်ခန်းဖောင်ဒေးရှင်းဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပညာရေးလုပ်ငန်းဆောင်တာများ ဖြစ်မြောက်ရေးအတွက် အထူးပင်ကူညီခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
========================
📌📌 ၅။ ဟင်္သာတအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအား ဦးခေါင်းထိပ်ကွဲတဲ့အထိ ထောင်အာဏာပိုင်တို့က နှိပ်စက်ညှင်းပန်းခဲ့တယ်လို့သတင်းထွက်ပေါ်
နိုဝင်ဘာ၂၅ရက်
ဧရာဝတီတိုင်း ဟင်္သာတအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအား ဦးခေါင်းထိပ်ကွဲတဲ့အထိ ထောင်အာဏာပိုင်တို့ကနှိပ်စက်ညှင်းပန်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
နိုဝင်ဘာလ ၁၁ရက်နေ့ ညအချိန် ဧရာဝတီတိုင်း ဟင်္သာတထောင်ထဲတွင် နိုင်ငံရေးအကျဥ်းသမားများအား ရပ်တည်ချက်မပြောင်းလဲသဖြင့် ပြင်းပြင်းထန်ထန်နှိပ်စက်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဖြစ်ရပ်ကို ထောင်တွင်းနိုင်ငံရေးအကျဥ်းသမားတဦး၏ မိသားစုဝင်ထံမှ ပြန်လည်သိရှိခဲ့ရပါတယ်။
"ဖြစ်တာက နိုဝင်ဘာလ ၁၁ရက်နေ့ ညတုန်းက ဖြစ်တာ။ လက်ကြိုးတုပ်ပြီး လက်တွေကိုလှုပ်လို့မရအောင် ရေတောင် ကိုယ့်ဟာကိုယ် ယူမသောက်နိုင်တော့လောက်အောင် ရိုက်ထားတယ်။ပြီးတော့လည်ပင်းကို ပုဆိုးနဲ့ပတ်ပြီးတော့ သံတိုင်အနောက်ကနေ ဆောင့်ဆောင့်ဆွဲတယ်။ အုတ်နံရံတွေကိုလည်း ခေါင်းနဲ့ဆောင့်တယ်။ အရှေ့ရော အနောက်ရော ဆောင့်ထားတာ။ ပြီးတော့ လူတယောက်ကို လေးဂွနဲ့ပစ်ရင် လောက်စာလုံးတလုံးကို ကွဲအောင်ပစ်တယ်။ မကွဲမချင်းပစ်တာတဲ့။ မကွဲရင် ပြန်ကောက်ပြီး ထပ်ပစ်တယ်။ အဲ့လိုပစ်တယ်တဲ့။"တချို့လူတွေဆို ထိပ်တွေကွဲပြီး သွေးတွေထွက်ကုန်တယ် ပြောတယ်။ ဆေးကုသခွင့်လည်းမပေးဘူး"လို့ဆိုပါတယ်။
ကျူးလွန်သူမှာ အရာရှိ အောင်ကျော်မြင့် ၁ပွင့်ရာထူးရှိကြောင်းသိရပြီး၄င်းနဲ့အတူတပည့်ဖြစ်သူများမှာ အရပ်မူးလာတိုင်း ဝင်ရောက်ရိုက်နှက်လေ့ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဆေးသိပ္ပံတက္ကသိုလ်နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေစာမေးပွဲများ ကျင်းပမည်
နိုဝင်ဘာ၂၅ရက်
ဆေးသိပ္ပံတက္ကသိုလ် နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေစာမေးပွဲများ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံတက္ကသိုလ်နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်မေးနှုတ်ဖြေစာမေးပွဲများကို
ဒီဇင်ဘာ၁၆ရက်နေ့ နှင့် ၁၇ရက်နေ့တို့တွင် ကျင်းပသွားမယ်လို့သိရပါတယ်။
ဆေးသိပ္ပံတက္ကသိုလ်ဝင်ခွင့်အတွက် နှုတ်မေးနှုတ်ဖြေစာမေးပွဲကို ဒီဇင်ဘာ၁၆ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သူနာပြုသိပ္ပံတက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဖြေဆိုရမယ်လို့သိရပါတယ်။
လူတွေ့နှုတ်မေးနှုတ်ဖြေစာမေးပွဲဖြစ်သည့်အတွက် လူကိုယ်တိုင်လာရောက်ဖြေဆိုရန်လိုအပ်ကြောင်းနှင့် Online မှ ဖြေဆို၍မရကြောင်းကိုကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကအသိပေးကြေညာထားပါတယ်။
========================
📌📌 ၇။ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄.၈ သန်း ကျော် ရရှိထားပြီးဖြစ်
နိုဝင်ဘာ၂၅ရက်
နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄.၈ သန်း ကျော် ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။
"ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၂၄ ရက် ညနေ ၄နာရီခွဲ အထိ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄.၈ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်"လို့ နွေဦးဖွံဖြိုးရေးSDBဘဏ်ကအသိပေးဖော်ပြပါတယ်။
နှမ်းစေ့ပေါင်းများစွာ၏ နောက်ဆုံး လှိုင်းအရွေ့မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၁) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ နိုင်ငံအသီးသီးရှိ မိတ်ဆွေတွေ လက်မနှေးကြဖို့နွေဦးဘဏ်ကအသိပေးဆိုထားပါတယ်။
နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာများကို နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၅ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက်ICO round 2 မှာ"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ယူနိုင်သလိုRMများကတဆင့်လည်းဝယ်ယူနိုင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ “(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာ” ပေးပို့
နိုဝင်ဘာ၂၅ရက်
နိုဝင်ဘာလ ၂၅ ရက်မှာကျရောက်သော “(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ဂုဏ်ပြုသဝဏ်လွှာ”ပေးပို့ထားပါတယ်။သဝဏ်လွှာ၌ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အတူတကွကျောချင်းကပ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်တိုင် နှစ်စဉ်အမျိုးသားနေ့ အောင်ပွဲကို တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ပြီး မြန်မာတစ်နိုင်ငံလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ဆင်နွဲခဲ့ကြသည့် တော်လှန်ရေးစိတ်ဓာတ် နိုးကြားစေခဲ့သော နေ့ရက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် အတိတ်သမိုင်းကို ပြန်ထောက်ရှုရလျှင် တိုင်းတပါး၏ ကျူးကျော်ကျွန်ပြုခြင်းကို ခေါင်းငုံမခံဘဲ မိမိနိုင်ငံကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်စွာဖြင့် လူထုကို စည်းရုံးလှုံဆော်ခြင်း၊ ကိုလိုနီနယ်ချဲ့များကို သပိတ်လက်နက်ကိုင်စွဲပြီး ဆန့်ကျင်မှုများမှတဆင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို အရယူအောင်ပွဲဆင်နိုင်ခဲ့သည့် လွတ်လပ်ရေးသမိုင်းသည် ထင်ရှားပြီးဖြစ်ကာ ယနေ့ခေတ်တွင်လည်း တိုင်းရင်းသားပြည်သူလူထုအပေါ်တွင် လူမဆန်စွာ ရက်စက်နေသည့် စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဖက်ဆစ်စစ်တပ်ကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက်နက်စွဲကိုင်ပြီး အပြီးသတ်အမြစ်ဖြတ် ခုခံ တွန်းလှန်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်ရည်မှတ်ပြီး နွေဦး တော်လှန်ရေး ကြီးကို ဆင်နွဲနေသည့်ကာလလည်းဖြစ်တယ်လို့ဆိုပါတယ်။
ထပ်လောင်း၍ကတိပြုရလျှင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူတကွကျောချင်းကပ် ဆောင်ရွက်မယ်လို့ဆိုပါတယ်။
ထို့အတူ နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစု အသီးသီး ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာဖြင့် စနစ်တကျ တွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် အတူကြိုးစားကြရေး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဖိတ်ခေါ်ပန်ကြားရင်း (၁၀၄) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာအားပေးပို့ အပ်တယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၂။ Lose and Hope ရုပ်ရှင်ပြပွဲကို သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင်ကျင်းပရာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်
နိုဝင်ဘာ၂၅ရက်
Lose and Hope ရုပ်ရှင်ပြပွဲကို သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင် နိုဝင်ဘာလ ၂၄ ရက်ကပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်က" နွေဦးတော်လှန်ရေးအစတွင် လက်သုံးချောင်းထောင်ကာလှည့်လည်ပြီး ပြည်သူ့အာဏာပြည်သူ့ပြန်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ရာ အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် ဖမ်းဆီးပစ်ခတ်ခဲ့သဖြင့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်ဟာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ခုခံကာကွယ်မှုအတွက် လက်နက်စွဲကိုင်ပြီး ပထမဦးဆုံးတော်လှန်ခဲ့သော ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသေးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ရဲ့ လူဦးရေ ၈၅%ဟာဆိုရင်လည်း စစ်ဘေးရှောင်ဖြစ်ခဲ့ရပြီး၊ အရပ်သားသေဆုံးမှု ၅၀၀ ဦးကျော်ရှိခဲ့ပါတယ်။ ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေးတပ်ပေါင်းစု တပ်သားများဟာလည်း ၆၀၀ ကျော်ကျဆုံးခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်ရဲ့ပေးဆပ်မှုတွေကို အားလုံးအသိပဲဖြစ်ပါတယ်။ခုခံတွန်းလှန်ဖို့ဘာမှ မရှိတဲ့အနေအထားကနေ တော်လှန်ခဲ့ရာကနေ အခုဆိုရင် ပြည်တွင်းပြည်ပက ပြည်သူလူထုထောက်ခံကာ ပံ့ပိုးအားပေးမှုကြောင့် အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်"လို့ပြောပါတယ်။
ထိုရုပ်ရှင်ပြပွဲကို Karenni Federation of Australia(KNFA)က ဦးစီးပြသခဲ့ခြင်းဖြစ်ပြီး KNFA ဥက္ကဋ္ဌ ရစ်ချက်ဌေးရယ်ကလည်း ရုပ်ရှင်ပြသရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ပြောကြားခဲ့ပါတယ်။
========================
🚩🚩 ၃။ KNDF အမှတ် (၄) ဗျူဟာ ကနေ ဦးစီးပြုလုပ်မည့် စု ကျည် ၊ ကာ ကျည်၊ တော်လှန် ကျည် ဆိုတဲ့Ammo-ကျည် ပရောဂျက် ကိုပါဝင်ပေးဖို့လူထုကိုမေတ္တာရပ်ခံ
နိုဝင်ဘာ၂၅ရက်
KNDF အမှတ် (၄) ဗျူဟာကနေ ဦးစီးပြုလုပ်မည့် စု ကျည် ၊ ကာ ကျည်၊ တော်လှန် ကျည် ဆိုတဲ့ Ammo-ကျည် ပရောဂျက်ကို ပါဝင်ပေးဖို့ နိုဝင်ဘာ၂၅ရက်မှာ KNDF အမှတ် (၄) ဗျူဟာက လူထုကိုမေတ္တာရပ်ခံလိုက်ပါတယ်။
"ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင်တော်လှန် တိုက်ခိုက်နေကြသော အဖွဲ့အစည်းများသည်လည်း များစွာသော အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရပါတယ်။ ဘယ်လို အခက်အခဲ၊ စိန်ခေါ်မှုတွေပဲရှိရှိ ပြည်သူနဲ့ လက်နက်ကိုင်တော်လှန်ရေး သမားတွေ လက်တွဲ ညီညီ နဲ့ စည်းလုံးညီညွှတ်ကြမယ်ဆိုရင် အဆုံးထိ အတူတကွ လက်တွဲရင် အကြမ်းဖက် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နှင့် အခြားသောတော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ဆိုရင် ခဲယမ်းလုံလောက်စွာ ရှိဖို့လိုအပ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ KNDF အမှတ် (၄) ဗျူဟာ ကနေ ဦးစီးပြုလုပ်မည့် စု ကျ-ည် ၊ ကာ ကျ-ည်၊ တော်လှန် ကျ-ည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Ammo-ကျ-ည် ပရောဂျက် ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လ ၂၄ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ၈ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
တော်လှန်ရေး ကာလ တလျှောက် KNDF အမှတ် (၄) ဗျူဟာ ကနေ ပထမ အကြိမ် The Fence ဆိုတဲ့ စည်းရိုး ပရောဂျက် ဆောင်ရွက်ခဲ့ချိန်မှာ ပြည်တွင်း/ပြည်ပ ရှိ ပြည်သူတွေ တစ်ခဲနက် အားပေးကူညီ ထောက်ပို့မှုကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။
========================
🚩🚩 ၄။ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ် TNLAအမျိုးသမီးရဲဘော်များလှုပ်ရှား
နိုဝင်ဘာ၂၅ရက်
နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ် TNLAအမျိုးသမီးရဲဘော်များပါဝင်လှုပ်ရှားခဲ့ကြကြောင်းကို နိုဝင်ဘာ၂၅ရက်မှာ PSLF/TNLAက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်အရနိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ Online campaign လှုပ်ရှားမှုလို့ ဖော်ပြထားပါတယ်။
PSLF/TNLAကစစ်ပွဲအတွင်းလိုက်နာရမည့်ကျက့်ဝတ်များကိုလည်းလိုက်နာဆောင်ရွက်လျက်ရှိပြီးအမျိုးသမီးနဲ့ကလေးသူငယ်များကိုအကာအကွယ်ပေးစောင့်ရှောက်လျက်ရှိပါတယ်။
========================
🚩🚩 ၅။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေကို ကြုံတွေ့နေရ
နိုဝင်ဘာ၂၅ရက်
မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတယ်လို့
နိုဝင်ဘာ၂၅ရက်မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားက ဖော်ပြပါတယ်။
"အမျိုးသမီးများကို အကြမ်းဖက်မှုအတွက် ဆင်ခြေပေးစရာ အကြောင်းမရှိပါ။မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေကို ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ထိန်းသိမ်းချုပ်နှောင်ခံထားရချိန်မှာလည်း ဒီအကြမ်းဖက်မှုတွေကို ညဥ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးအဖြစ် ကျူးလွန်ခံနေရပါတယ်။ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးရဲ့ တစိတ်တပိုင်းအဖြစ်၊ ပဋိပက္ခဖြစ်ပွားနေချိန်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ခွဲခြားဆက်ဆံမှုက ဘယ်လိုဆိုးရွားနေတယ်ဆိုတာကို ယန္တရားက စိစစ်သုံးသပ်နေပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အမျိုးသမီးနဲ့ မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ နိုင်ငံတကာဥပဒေတွေအရ ဒီရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေးဖို့ တာဝန်ရှိတဲ့ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေကို ယန္တရားက စုံစမ်းစစ်ဆေးနေပြီး၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ လိင်နဲ့ဂျင်ဒါအခြေပြုရာဇဝတ်မှုတွေကို စစ်ဆေးပြီး အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း အသေးစိတ်ဆန်းစစ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ယန္တရားက ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ မြန်နူန်းမြင့် ဒုံးကျည် SD-10A ကို အကြမ်းဖက် စစ်အုပ်စုက ပြင်သစ်နိုင်ငံ Airbus ရှယ်ယာပါတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVICကနေ ၀ယ်ယူရရှိနေ
နိုဝင်ဘာ၂၅ရက်
မြန်နူန်းမြင့် ဒုံးကျည် SD-10A ကို အကြမ်းဖက် စစ်အုပ်စုက ပြင်သစ်နိုင်ငံ Airbus ရှယ်ယာပါတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVICကနေ ၀ယ်ယူရရှိနေတယ်လို့ နိုဝင်ဘာ၂၅ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းအဖွဲ့ကအသိပေးဆိုထားပါတယ်။
"SD-10A လေကြောင်းပစ် ဒုံးကျည်ကို တရုတ်နိုင်ငံက၂၀၀၀ ခုနှစ် အစောပိုင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ တရုတ်လေတပ် (PLA Air Force) မှာ တရားဝင်အသုံးပြုမှု စတင်ခဲ့တာပါ။China Academy of Launch Vehicle Technology (CALT) နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီ China Aviation Industry Corporation (AVIC) တို့က SD-10A ကို ပူးပေါင်ထုတ်လုပ်ထားပြီး ရန်သူရဲ့ တည်နေရာကို ထောက်လှမ်းဖို့အတွက် တိုက်ခိုက်ရေးလမ်းညွှန်စနစ် ( Radar Homing) တို့ကို ပေါင်းစပ်အသုံးပြုထားပါတယ်။စွမ်းဆောင်ရည်မြင့် ဒုံးကျည်တစ်ခု ဖြစ်ပြီး အသံထက် လေးဆမြန်တဲ့အပြင် အကွာအဝေး ကီလိုမီတာ ၇၀ ကနေ ၁၀၀ အထိ တိတိကျကျ ပစ်ခတ်နိုင်စွမ်းလဲ ရှိပါတယ်။ဒီလို မြန်နူန်းမြင့် ဒုံးကျည် SD-10A ကို အကြမ်းဖက် စစ်အုပ်စုက ပြင်သစ်နိုင်ငံ Airbus ရှယ်ယာပါတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVICကနေ ၀ယ်ယူရရှိနေသလို မြန်မာပြည်တွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဒုံးကျည်အမျိုးအစားလဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
SD-10A ဟာ တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး အထူးသဖြင့် JF-17 Thunder တိုက်လေယာဉ်မှာ အသုံးများသလို နိုင်ငံတကာလက်နက်စျေးကွက်မှာလဲ ဈေးကွက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment