၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် အရင်းအနှီးများစွာ ပေးဆပ် လျှောက်လှမ်းနေကြသည့် မြန်မာပြည်သူတို့၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို စစ်အာဏာရှင်များက မဖျက်ဆီးနိုင်ဘူးလို့ CRPH ဆို
📌 ၂။ NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်များနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ အနောက်နိုင်ငံများမှာ ပညာဆက်လက်သင်ယူနိုင်သူများ ရှိနေပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြား
📌 ၃။ စစ်ကောင်စီဟာ အကြမ်းဖက်ပြီးတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များကို မဒိန်းမှုကျူးလွန်ခဲ့တာအမှုပေါင်း ၁၅၀ ကျော်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး
📌 ၄။ "မြန်မာ့နွေဦးတော်လှန်ရေး နဲ့ တရုတ်ရဲ့ပါ၀င်လာမှုအပေါ် ရှေ့ဆက် ဘယ်လိုလုပ်မလဲ" ခေါင်းစဥ်နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ကွန်ဖရင့် စည်းဝေးခန်းမှာ လွှတ်တော်အမတ်များ ဆွေးနွေးခဲ့
📌 ၅။ မြင်းမူနှင့် အရာတော်တွင် "၁၀၄နှစ်မြောက်အမျိုးသားအောင်ပွဲနေ့" အထိမ်းမှတ် စာစီစာကုံး၊ ပန်းချီစွမ်းရည်ပြိုင်ပွဲ ကျောင်းသားနိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်
📌 ၆။ ရမည်းသင်းတွင် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရ
📌 ၇။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု" ပြုလုပ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြန်
🚩 ၂။ မိုင်းကိုင် SSPP/SSA တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး ဒေသခံပြည်သူနဲ့ တပ်သားတစ်ချို့ကို ဖမ်းဆီး သတ်ဖြတ်ကာ အိမ်တွင်း အဖိုးတန်ပစ္စည်းများ ယူဆောင်သွားတယ်လို့ SSPP ထုတ်ပြန်
🚩 ၃။ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် Pai ခရိုင်ရှိ နယ်မြေများမှ UWSA ဆုတ်ခွာရန် ထိုင်းစစ်တပ် အမိန့်ပေးပြီးနောက် စစ်ရေးတင်းမာ
🚩 ၄။ လားရှိုး၊ သံလွင်ရွာနှင့် နမ့်ပေါင်ရွာရှိ စာသင်ကျောင်း နှစ်ကျောင်းကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်
🚩 ၅။ မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း လမ်းပိုင်းအား လတ်တလော စစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများ ကန့်သတ်
🚩 ၆။ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာရောက်သည့် စစ်ကားများအား လုံခြုံရေးယူပေးသည့် စစ်သားများကို ချုံခိုတိုက်ခိုက်
🚩 ၇။ ခမရ ၅၈၉ မှ တပ်သားတစ်ဦး ခလယ်လွီထူခရိုင်မှာ လက်နက်ချအလင်းဝင်၍ ဆုကြေးငွေ ကျပ် (၂၀) သိန်း အား ချီးမြင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် အရင်းအနှီးများစွာ ပေးဆပ် လျှောက်လှမ်းနေကြသည့် မြန်မာပြည်သူတို့၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို စစ်အာဏာရှင်များက မဖျက်ဆီးနိုင်ဘူးလို့ CRPH ဆို
နိုဝင်ဘာလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကပေးပို့ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ တိုင်းရင်းသားပြည်သူများအားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိသောစိတ်၊ စုစည်းညီညွတ်မှုရှိသောစိတ်ဓာတ်၊ အေးအတူ၊ ပူအမျှနေထိုင်ပြီး ဒုက္ခကိုလည်း အတူတူခံ၍ သုခကိုလည်း အတူတူမျှဝေခံစားလိုသော စိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပြီး ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံ၍ နယ်ချဲ့အင်္ဂလိပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားလွတ်မြောက်ရေးကို မိမိတို့ ရရှိခံစားနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များအပါအဝင် မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်နှင့်လူမျိုး၏အနာဂတ်ကို ဖျက်ဆီးနေသည့် အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ထုတ်နေကြသော အချိန်ကာလဖြစ်ပြီး အမျိုးသားရေး စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်များကို ဆန့်ကျင်တိုက်ထုတ်ကာ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သကဲ့သို့ တည်ဆောက်ပြီးသော စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စံတန်ဖိုးများကို အခြေပြုလျက် လူမဆန်သောအာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မျှော်လင့်နေသည့် ငြိမ်းချမ်းသောအနာဂတ်ကို အမြန်ဆုံး ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်တယ်လို့ ဆိုပါတယ်။
လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် အရင်းအနှီးများစွာပေးဆပ် လျှောက်လှမ်းနေကြသည့် မြန်မာပြည်သူတို့၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်များက မဖျက်ဆီးနိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အတားအဆီးကမျှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်များနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ အနောက်နိုင်ငံများမှာ ပညာဆက်လက်သင်ယူနိုင်သူများ ရှိနေပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြား
NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်များနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ အနောက်နိုင်ငံများမှာ ပညာဆက်လက်သင်ယူနိုင်သူများရှိနေပြီလို့ ဝါရင့်သတင်းသမား ဦးခင်မောင်စိုးနဲ့ တော်လှန်ရေးသမားများနဲ့ စကားပြောခြင်းအစီအစဥ်မှာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးကာလအတွင်းမှာ ဆေးပညာဘွဲ့ရတဲ့သူတွေ ရှိလာတယ်။ မြေပြင်မှာ ဖွင့်နိုင်တဲ့တက္ကသိုလ်တွေ၊ မြေပြင်မှာ ဖွင့်နိုင်တဲ့ ကျောင်းတွေပေါ့လေ။ အဲဒီမှာ ဖွင့်ခဲ့တယ်။ လွတ်မြောက်ဒေသတွေမှာ တက္ကသိုလ်တွေဖွင့်ခဲ့တယ်။အွန်လိုင်းတက္ကသိုလ်တွေ ဖွင့်ခဲ့တယ်။ ဖွင့်ပြီး ပုံမှန်အဲဒီကနေ ပုံမှန်ပညာသင်ကြားရေးကို ပြန်သွားတော့ ၂၀၂၃-၂၀၂၄မှာ ဘွဲ့ရတဲ့သူတွေရှိလာတာပေါ့။ အဲဒီဘွဲ့ရတဲ့လူတွေ ပညာဆက်ပြီး သင်နိုင်အောင် မာစတာ၊ ဒီဂရီတွေ တက်နိုင်အောင်၊ နိုင်ငံတကာက အသိအမှတ်ပြုအောင် ကျနော်တို့ လုပ်ခဲ့ကြတယ်။ အဲဒါကြောင့် နိုင်ငံတကာက အသိအမှတ်ပြုမှုတွေ ရှိတယ်။ အရှေ့တောင်အာရှက ဂျပန်တို့ကိုရီးယားတို့ မှာ တက်တာရှိသလို သြစတြေးလျတို့၊ ယူကေ၊ ယူအက်စ်မှာ တက်တာလည်း ရှိတယ်။ အခုကတော့ ကျနော်တို့ဘွဲ့ကို Englishလိုရော Myanmarလိုရော နှစ်ခုလုံး ထုတ်ပေးနေပါတယ်" လို့ ဝန်ကြီးက ပြောပါတယ်။
NUG ပညာရေးဝန်ကြီးဌာန၏ မူဝါဒအတိုင်း လူတိုင်းပညာသင်ခွင့်အခွင့်အရေးကို ကြိုးစားအကောင်အထည်ဖော်ဆောင်နေပြီး မြေပြင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီဟာ အကြမ်းဖက်ပြီးတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များကို မဒိန်းမှုကျူးလွန်ခဲ့တာအမှုပေါင်း ၁၅၀ ကျော်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး
စစ်ကောင်စီဟာ အကြမ်းဖက်ပြီးတော့ အမျိုးသမီးနဲ့မိန်းကလေးငယ်များကို မဒိန်းမှုကျူးလွန်ခဲ့တာအမှုပေါင်း ၁၅၀ ကျော်ခဲ့ပြီဖြစ်တယ်လို့ နိုဝင်ဘာ၂၅ရက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သတင်းစကားပါးဆိုပါတယ်။
"အခုဆိုလို့ရှိရင် နွေဦးတော်လှန်ရေးအစပြုခဲ့တာဆိုလို့ရှိရင် ၄ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ စစ်ကောင်စီဟာ အကြမ်းဖက်ပြီးတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များကို မဒိန်းမှုကျူးလွန်ခဲ့တာ အမှုပေါင်း ၁၅၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ကျမတို့ ဒီအမှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့ ကုလသမဂ္ဂ အရေးယူမှုဆိုင်ရာတွေကိုလည်း ကျမတို့ပို့ပေးပြီး ဖြစ်ပါတယ်။ ကျမတို့သည် ဒီစကစရဲ့ကျူးလွန်မှုများကို မျက်နှာလွှဲလို့မရဘူး။ ဒီအကြမ်းဖက်စစ်ကောင်စီသာမက ကျမတို့ရဲ့တော်လှန်ရေးအဖွဲ့ဝင်တွေကော ပြည်သူအချင်းချင်းကျူးလွန်တဲ့အမှုတွေကော ထိရောက်စွာ အရေးယူဖို့ ကြိုးစားနေပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရေးအတွက် လှုပ်ရှားမှုပြုလုပ်တဲ့ Profile Frame လှုပ်ရှားမှုမှာလည်း ပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၄။ "မြန်မာ့နွေဦးတော်လှန်ရေး နဲ့ တရုတ်ရဲ့ပါ၀င်လာမှုအပေါ် ရှေ့ဆက် ဘယ်လိုလုပ်မလဲ" ခေါင်းစဥ်နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ကွန်ဖရင့် စည်းဝေးခန်းမှာ လွှတ်တော်အမတ်များ ဆွေးနွေးခဲ့
"မြန်မာ့နွေဦးတော်လှန်ရေး နဲ့ တရုတ်ရဲ့ပါ၀င်လာမှုအပေါ် ရှေ့ဆက် ဘယ်လိုလုပ်မလဲ" ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်း နေ့လည် ၂နာရီမှ ညနေ၆နာရီအထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ကွန်ဖရင့် စည်းဝေးခန်း အခန်းအမှတ် ၇ ၌ မြန်မာ့နွေဦးတော်လှန်ရေးနှင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ ၊ အကျိုးသက်ရောက်မှုများ၊ သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကို မြန်မာ့တော်လှန်ရေးအား တစိုက်မတ်မတ် ထောက်ခံအားပေးနေသည့် အီယုန်ဆွန်း အမတ်နှင့် အခြားလွှတ်တော်အမတ် ၇-ဦးက ကမကထပြုပြီး၊ ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှအန်ဂျီအိုဌာန ပါမောက္ခ ဘတ်အွန်ဟွန်းက ဦးဆောင် ကျင်းပခဲ့ပါတယ်။
ဆိုးလ်လ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂျောင်ဟွီ၊ နိုင်ငံတကာရေးရာဌာန ပါမောက္ခဟောင်း ဘဲဂုံချန်၊ ဆောင်ဂယွန်းတက္ကသိုလ် အရှေ့အာရှဌာန ပါမောက္ခ လီယူးဘီ၊ ကိုရီးယားတက္ကသိုလ် အရှေ့တောင်အာရှသုတေသနဌာန ပါမောက္ခ ဂျန်းဂျွန်ယောင်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိဂျယ်၊ ဘုဂယောင်းတက္ကသိုလ် သတင်းပညာ ပါရဂူကျောင်းသား ကိုခန့်တို့က စာတမ်းအသီးသီး တင်ပြ၍ ပါဝင်ဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးပွဲကို MFDMC ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်း အတူတက်ရောက်ခဲ့ကြပါတယ်။
အဓိက ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး စွက်ဖက်မှု၏ အလားအလာသည် တော်လှန်ရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် သက်ရောက်မှု၊ နိုင်ငံတကာ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ကျော်လွှားရန် မြန်မာတော်လှန်ရေးအတွက် မဟာဗျူဟာစတဲ့အကြောင်းအရာများကို ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၅။ မြင်းမူနှင့် အရာတော်တွင် "၁၀၄နှစ်မြောက်အမျိုးသားအောင်ပွဲနေ့" အထိမ်းမှတ် စာစီစာကုံး၊ ပန်းချီစွမ်းရည်ပြိုင်ပွဲ ကျောင်းသားနိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်
၅/အရတ အရာတော်လူထုသပိတ်၊ မြင်းမူမြို့နယ်သပိတ်တက်ကြွလှုပ်ရှားသူများ အတူပူးပေါင်းဦးဆောင်၍ အရာတော်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ပြည့်သူ့အခြေပြုစာသင်ကျောင်းများတွင် "၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ်" စာစီစာကုံး၊ ပန်းချီ စွမ်းရည် ပြိုင်ပွဲများနှင့် ကျောင်းသားနိုင်ငံရေးဆွေးနွေးခြင်းများ၊ ကျောင်းတွင်း အားကစား ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ မှ ရဲဘော်များလဲ ပူးပေါင်းဝန်းရံခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ ကျောင်းသားသမိုင်းများ ပြောကြား၍ ကျောင်းသူ၊ ကျောင်းသူများမှ ကျောင်းသားနိုင်ငံရေးနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စာစီစာကုံး၊ ပန်းချီ စွမ်းရည်ပြိုင်ပွဲ ဆုရ ကျောင်းသူကျောင်းသားများ၊ အားကစားပြိုင်ပွဲ ဆုရ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်၍ ခေါက်ဆွဲကြော် ၊ အချိုရည်နှင့် မုန့်များ ကျွေးမွေးခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ ရမည်းသင်းတွင် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရ
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ နိုဝင်ဘာလ တတိယအပတ်အထိ ရမည်းသင်းမြို့နယ် ကမ္မကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာအုပ်စုတို့တွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ မဲနှိုက်ခိုင်းမှု၊ လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ တစ်အိမ်ကို ငွေကျပ် ၂ သောင်းကောက်တာခြင်း၊ လမ်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရခြင်း၊ မဲနှိုက်ခိုင်းခြင်းနှင့် ကျေးရွာထဲမှာ အတင်းအကျပ် လာခေါ်ခြင်းတို့ကြောင့် ရာဂဏန်းနီးပါးခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု" ပြုလုပ်
နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့" အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု" ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားကျူးလွန်တဲ့ အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ အဲဒီလှုပ်ရှားမှုကို "အမျိုးသမီးထုတိုက်ပွဲ အကြမ်းဖက်မှုမှန်သမျှ အဆုံးသတ်ဆင်နွှဲ" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
"ကျမတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်ပေါင်းများစွာကတည်းကနေ အခုထိ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင် တဆင့်ချဆက်ဆံခံနေကြရပြီး အများစုကလည်း အဲဒီလို ခွဲခြားဆက်ဆံမှုတွေကို အစဥ်အလာတရပ်အနေနဲ့ မှားယွင်းစွာလက်ခံမှတ်ယူနေကြပါတယ်။ အဲဒီလို ခွဲခြားဆက်ဆံမှုတွေကနေပဲတဆင့် အမျိုးသမီးတွေဟာ အကြမ်းဖက်မှု ကျူးလွန်ခံရဖို့အတွက် သားကောင်တွေ ဖြစ်လာခဲ့ကြရပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအများစုဟာလည်း ပတ်ဝန်းကျင်ရဲ့ အကာအကွယ်ပေးမှုမဲ့တာ၊ လစ်လျူရှုခံရတာတွေကို သိသိသာသာခံစားလာခဲ့ရပါတယ်။ ကျမတို့မြန်မာနိုင်ငံမှာတော့ ဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်ကနေစပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာတွေ များသထက်များလာနေပါတယ်။ ကျမတို့ အမျိုးသမီးထုအနေနဲ့ကတော့ အဲဒီလို ကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကနေ လုံးဝကင်းလွတ်ခွင့်မရအောင် မိမိတို့ ကျူးလွန်ခံရမှုကို နှုတ်ဆိတ်မနေဘဲ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုကြရမှာဖြစ်ပါတယ်" လို့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) က ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြန်
တအာင်းပြည်ဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွါးနေသော တိုက်ပွဲများတွင် စကစ မြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရသည့် ဒေသခံ မိဘပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း၊ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှာ TNLA မှ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့် အမြင်ဖြင့် အမြဲပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပြီး ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တအာင်းဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ စစ်တပ်စခန်းများ၊ စစ်ကြောင်းများကို မိမိတို့ မြို့ရွာနယ်မြေဒေသများတွင် ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့သော်လည်း စကစ- မြန်မာစစ်တပ်မှ ပြည်သူလူထုတို့အား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထုတို့ စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရတယ်လို့ ဆိုထားပါတယ်။
PSLF/TNLA သည် တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်နှင့် တအာင်းပြည်နယ် ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့် အတူတကွ တည်ဆောက်ရန် အမြဲတစေကြိုးပမ်းဆောင်ရွက်နေပါသောကြောင့် စစ်ဘေးဒဏ်အလူးအလဲ ခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် PSLF/TNLA မှ အမြဲတမ်းအဆင်သင့်ရှိပါကြောင်း သဘောထားအား ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မိုင်းကိုင် SSPP/SSA တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး ဒေသခံပြည်သူနဲ့ တပ်သားတစ်ချို့ကို ဖမ်းဆီး သတ်ဖြတ်ကာ အိမ်တွင်း အဖိုးတန်ပစ္စည်းများ ယူဆောင်သွားတယ်လို့ SSPP ထုတ်ပြန်
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းငယ်နှစ်ခု နှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ နေအိမ်တစ်လုံးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော်မှ စစ်ကြောင်း သုံးကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးအပါအဝင် SSPP/SSA တပ်ဖွဲဝင်(၈) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကာ ကျေးရွာ ကော်မတီဝင် တစ်ဦးအား လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ ပစ္စည်းများ မွှေနှောက်ယူဆောင်ကာ နေအိမ်ကိုပါ မီးရှိူ့ဖျက်စီးခဲ့ကြောင်း SSPP မှ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် RCSS စစ်ကြောင်းနှစ်ကြောင်းသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲ ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်သား(၄)ဦးအား ဖမ်းဆီးသွားကာ စခန်းသုံး မော်တောဆိုင်ကယ်(၄) စီး ၊ ကားတစ်စီး အပါအဝင် စခန်းများကို မီးရှိူ့ဖျက်စီးခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျန်ရှိ RCSS စစ်ကြောင်းတစ်ကြောင်းသည် ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဦး၏ နေအိမ်ကို လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေ ပစ္စည်းများ မွှေနှောက်ယူဆောင်ကာ အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းအား လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှိူ့ဖျက်စီးလိုက်တယ်လို့ သိရပါတယ်။
ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနှင့် ဒေသခံပြည်သူ (၁) ဦးအား ထပ်မံ ဖမ်းစီး သွားခဲ့ပြီး ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက် ဖျက်စီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွားတယ်လို့ ဆိုထားပါတယ်။
ယခုချိန်ကာလသည် ရှမ်းပြည်သူလူထုတရပ်မှ မိမိတို့ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်ပြီးပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ် နှင့် တွေ့ဆုံ ညိုနိုင်းရေးလုပ်ဆောင်နေစဥ်ကာလဖြစ်သည့်အတွက်ကြောင့် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှူ့ပြီး SSPP/SSA တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွား စေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းအဖြစ် အသုံးချကာ ယခုလို တပ်စခန်းများ ၊ တပ်ဖွဲ့ ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက်ခိုက် သတ်ဖြတ် ဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် Pai ခရိုင်ရှိ နယ်မြေများမှ UWSA ဆုတ်ခွာရန် ထိုင်းစစ်တပ် အမိန့်ပေးပြီးနောက် စစ်ရေးတင်းမာ
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် Pai ခရိုင်ရှိ နယ်မြေများမှ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဆုတ်ခွာရန် ထိုင်းစစ်တပ်က အမိန့်ပေးပြီးနောက် စစ်ရေးတင်းမာလျက်ရှိတယ်လို့ ထိုင်းမီဒီယာများမှာ ဖော်ပြထားပါတယ်။
မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြားနေရာ ၅ ခုမှာ UWSA စစ်စခန်းတွေ အခြေချထားတာကို ထိုင်းနိုင်ငံက သူတို့နိုင်ငံ ပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ ထိုင်းနိုင်ငံက တောင်းဆိုခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော် (RCSS-SSA) တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ်ဟာ မယ်ဟောင်ဆောင်အနီးတစ်ဝိုက်က UWSA စခန်းတွေကို ဝင်ရောက်လာပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ နှစ်ဖက် တင်းမာမှုတွေ မြင့်တက်လာတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ထိုင်းစစ်တပ်နှင့် UWSAတို့မှ လက်နက်ကြီးတွေကို တပ်ဆင် အသင့်ပြင်ထားပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားရန် အတင်းမာဆုံး အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
အဆိုပါ နယ်မြေများသည် ၁၉၉၅ ခုနှစ်မတိုင်မီက ခွန်ဆာ ခေါင်းဆောင်သော MTA က သိမ်းပိုက်ခဲ့သော နေရာများဖြစ်ပြီး UWSA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လားရှိုး၊ သံလွင်ရွာနှင့် နမ့်ပေါင်ရွာရှိ စာသင်ကျောင်း နှစ်ကျောင်းကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုးမြို့၊ လျင်ဟို ဒေသအတွင်းရှိ သံလွင်ရွာနှင့် နမ့်ပေါင်ရွာရှိ စာသင်ကျောင်း နှစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
အနည်းဆုံး ဗုံးလေးလုံး ကြဲချခဲ့ပြီး သံလွင်ရွာရှိ ဂွိုယု ကျောင်းနှင့် နမ့်ပေါင်ရွာရှိ မြန်မာအထက်တန်းကျောင်းတို့ ပြင်းထန်စွာ ဖျက်စီးခံရသည့်အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာရရှိသူအား သက်ဆိုင်ရာ ဒေသခံ ဌာနဆိုင်ရာများက ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ရှင်းလင်းရန် ဒေသခံပြည်သူများအား ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း လမ်းပိုင်းအား လတ်တလော စစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများ ကန့်သတ်
၂ဝ၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော “မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း လမ်းပိုင်း"အား လတ်တလော စစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများ စတင် ကန့်သတ်သွားမည်ဖြစ်ကြောင်း မန္တလေး PDF မှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်စိုးမိုးဒေသများတွင် အကြမ်းဖက် စစ်တပ်၏ ထုတ်ကုန် ပစ္စည်းများကို တင်သွင်းခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည် ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများ စီစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ် တစ်စုံတစ်ရာထုတ်ပြန်မှု မပြုလုပ်မချင်း ယခုကြေညာချက်သည် အတည်ဖြစ်ကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၆။ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာရောက်သည့် စစ်ကားများအား လုံခြုံရေးယူပေးသည့် စစ်သားများကို ချုံခိုတိုက်ခိုက်
နိုဝင်ဘာလ ၂၅ရက် နံနက်( ၀၆:၁၅ ) နာရီတွင် ချင်းကာကွယ်ရေးတပ် - အရှိုမှ အမ်း - ပဒါန်းလမ်း စိုးမိုးနိူင်ရန် လုံခြုံရေး ဆောင်ရွက်နေစဉ် ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်း၌ တပ်စွဲနေရာယူထားသော စစ်ကောင်စီအဖွဲ့မှ တပ်သား (၂၀)ကျော်သည် မင်းဘူးမြို့ဘက်မှ ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အင်အားဖြည့် စစ်ကူလာရောက်သည့် စစ်ကားများအား ကားလမ်းမ တစ်လျှောက် လုံခြုံရေးယူပေးရန် အမ်း - ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲသို့ လာရောက်စဉ် လက်ဦးမှုယူကာ ချုံခိုတိုက်ခိုက်ခဲ့ကြောင်း CDF - Ashoမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ( ၄ )ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့ပြီး ရန်သူစစ်ကောင်စီ တပ်သားများထံမှ အမ်အေ( ၁ )အမျိုးအစား သေနတ်( ၁ )လက်၊ ကျောပိုးအိတ်( ၁ )လုံး၊ တပ်မ(၈၈)တံဆိပ်ပါ စစ်အင်္ကျီ နှင့် စစ်ဝတ်စုံအချို့ စသည်များ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ခမရ ၅၈၉ မှ တပ်သားတစ်ဦး ခလယ်လွီထူခရိုင်မှာ လက်နက်ချအလင်းဝင်၍ ဆုကြေးငွေ ကျပ် (၂၀) သိန်း အား ချီးမြင့်
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြိုနယ်၊ တပ်ရင်း (၉) နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ၅၈၉ တွင် တာဝန် ထမ်းဆောင်ခဲ့သော ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) ဆင်း တပ်သား ကျော်မင်းအောင်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၄) နေ့တွင် ၎င်းကိုင်ဆောင်သော လက်နက်များနှင့်တကွ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ နိုဝင်ဘာ၂၅ရက် ကေအဲန်ယူဗဟိုက တရားဝင်သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
တပ်သား ကျော်မင်းအောင် လက်နက်ချအလင်းဝင်စဉ်အတွင်း ၎င်းနှင့်အတူပါလာသော MA-3 (၁) လက်၊ ကျည်ဘောက် (၅) ခု၊ လက်ပစ်ဗုံး (၁) လုံး နှင့် ၅.၅၆ ကျည် (၁၅၀) တောင့်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ အပ်နှံခဲ့ပြီး ၎င်းအား တပ်ရင်း (၉) မှ ဆုကြေးငွေ မြန်မာငွေ ကျပ် (၁၀) သိန်း နှင့် လယ်ဒိုမြို့နယ်မှ ဆုငွေ ကျပ် (၁၀) သိန်း စုစုပေါင်း ကျပ် သိန်း (၂၀) အား ချီးမြင့် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment