၂၀၂၄ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီပြည်မှာ ဥပဒေရုံးတွေနဲ့ အကျဉ်းထောင် ၂ ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ IEC ပြော
📌 ၂။ မင်းအောင်လှိုင်ကို ICC အနေနဲ့ ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထားချက်ကို အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ထောက်ခံကြိုဆို
📌 ၃။ စစ်ရှောင်ဆင်တွေနဲ့ ဆင်ထိန်းမိသားစုဝင်တွေကို တော်လှန်ရေးအဖွဲ့တွေ စောင့်ရှောက်ထား
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သွေးသောက်အဖွဲ့ခေါင်းဆောင်အဖြစ်လူသိများတဲ့ မင်းမင်းနဲ့ သက်တော်စောင့်ကို နေပြည်တော်နယ်မြေမှာ ရှင်းလင်း
🚩 ၂။ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံး
🚩 ၃။ ဆားတောင်မြို့မှာ ဆက်ကြေးကောက်နေတဲ့ ရဲနဲ့ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီပြည်မှာ ဥပဒေရုံးတွေနဲ့ အကျဉ်းထောင် ၂ ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ IEC ပြော
နိုဝင်ဘာလ ၃၀ရက်။
ကရင်နီပြည်မှာ ဥပဒေရုံးတွေနဲ့ အကျဉ်းထောင် ၂ ခု တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး ရာဇဝတ်မှု ၈ဝ နီးပါးကို လက်ခံဆောင်ရွက် နေတယ်လို့ ရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ တရားရေးဌာန တနှစ်ပြည့် အစီရင်ခံစာကို မနေ့ နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ တရားရေးဌာနကို မနှစ် နိုဝင်ဘာ ၂၉ ရက်မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် အခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ တနှစ်တင်းတင်းပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
ကရင်နီပြည်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး မဏ္ဍိုင်တခုဖော်ဆောင်ရာမှယ အထောက်အကူပြုနိုင်ဖို့၊ ဥပဒေ နဲ့အညီ လွတ်လပ်စွာတရားစီရင်ရာမှာ အထောက်အကူပြုနိုင်ဖို့ ပြည်သူလူထုရဲ့ ဥပဒေပါ အခွင့်အရေးတွေ ရရှိစေဖို့ တရား ဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ တရားရေးဌာန ကို တည်ထောင်ခဲ့တာလို့ သိရပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ တရားရေးဌာနမှာ ဌာနရုံး၊ စီမံ/ဘဏ္ဍာဌာနခွဲ၊ ဥပဒေရေးရာကြီးကြပ်မှု ဌာနခွဲ၊ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနခွဲတို့ပါဝင်ကာ အကျဉ်းထောင်တွေနဲ့ ရဲအချုပ်ခန်းတွေ ထူထောင်နိုင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တရားရေးဌာနအနေနဲ့ တနှစ်အတွင်း ရာဇဝတ်ကြီးမှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ၂၆ မှု ပြီးပြတ်ထား ပြီလို့ သိရပါတယ်။
ဒီရာဇဝတ်ကြီးမှု ၇၁ မှုမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ စွဲဆိုတဲ့အမှု ၂၀ ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရ စွဲဆိုတဲ့ အမှု ၄၁ မှု၊ မတရားအသင်း အက်ဥပဒေအရ စွဲဆိုတဲ့အမှုတမှု၊ လူသတ်မှု ၂ မှုနဲ့ ရာဇသတ်ကြီးအရ စွဲဆိုတဲ့အမှု ၇ မှုတို့ ပါဝင်တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးအမှု ၁၀ မှု၊ မူးယစ်ဆေးဝါးမှု ၁၀ မှု၊ မတရားအသင်းအမှုတမှုနဲ့ရာဇသတ်ကြီးအမှု ၅ မှု တို့ကို ပြီးပြတ်တဲ့အထိ အရေးယူဆောင်ရွက်ထားနိုင်ပြီး လူသတ်မှု ၂ မှုကတော့ မပြီးပြတ်သေးဘူးလို့လည်း သိရပါတယ်။
တရားရေးဌာနအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကြီးမားတာနဲ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြီးမားတာတွေ ကြောင့် လိုအပ်ချက်တွေရှိနေပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ ဥပဒေပါအခွင့်အရေးတွေရရှိရေး ဦးစားပေး လုပ်ဆောင်သွားမယ်လို့ အစီရင်ခံစာမှာဖော်ပြထားတယ်။
========================
📌📌 ၂။ မင်းအောင်လှိုင်ကို ICC အနေနဲ့ ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထားချက်ကို အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ထောက်ခံကြိုဆို
နိုဝင်ဘာလ ၃၀ရက်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC အနေနဲ့ ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထား တာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ -APHR အနေနဲ့ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်က ရိုဟင်ဂျာတွေကို မောင်းထုတ်တာနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာကို ကြိုဆိုရမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တာဝန်ခံစေတဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ APHR က မှတ်ချက်ပြထားပါတယ်။
APHR ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်အဖွဲ့ဝင် Mercy Chriesty Barends က “မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် Karim Khan ရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကြိုဆိုပါတယ်။ နှစ်ပေါင်းများစွာ ရှာဖွေ ထားတဲ့ သက်သေအထောက်အထားတွေစုဆောင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေကို ကြီးလေးတဲ့ တာဝန်ခံမှုရှိစေတဲ့ ကတိကဝတ်ပြုမှုအတွက် နိုင်ငံတကာအသိုက်အဝန်းကလည်း ခိုင်ခိုင်မာမာရပ်တည်နေမှာပါလို့ ဆိုပါတယ်။
APHR ပူးတွဲဥက္ကဌလည်းဖြစ် မလေးရှားပါလီမန်အမတ်ဟောင်း Charles Santiago က “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သားကောင်တွေ အတွက် တရားမျှတမှုကို ရှာဖွေရာမှာ ICC နဲ့အတူ ကျနော်တို့ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။ ရိုဟင်ဂျာ လူမျိုး တွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံအတွင်းက ကြောက်မက်ဖွယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် တရားမျှတမှုရှိရမယ်၊ တာဝန်ခံမှုဆိုတာ ညှိနှိုင်းလို့မရပါဘူး။” အသိပေးသွားပါတယ်။
မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးဖို့လည်း ICC တရားသူကြီးတွေကို APHRက တိုက်တွန်း ထားပါတယ်။
မင်းအောင်လှိုင်လက်ထက်မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ရာဇ၀တ်မှုတွေဟာ အမြင့်ဆုံးအဆင့်မှာရှိနေတဲ့ အတွက် မြန်မြန်ဆန်ဆန်နဲ့ အလျှော့မပေးဘဲ တာဝန်ခံဖို့ တောင်းဆိုတယ်။ ဒါကြောင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို တောင်းဆိုပါတယ်” ဟု APHR ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင် က ပြောထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို ICC က စုံစမ်းစစ်ဆေးတာနဲ့တရားစွဲဆိုတာတွေကို ထောက်ခံအားပေးဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို APHR က ဆက်လက်တိုက်တွန်းထားပါတယ်။
“အရှေ့တောင်အာရှက လက်ရှိ လွှတ်တော်အမတ်ဟောင်းတွေပါဝင်တဲ့ APHR က မြန်မာအကျပ်အတည်းကို ဖြေရှင်းရာမှာ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အာဆီယံကို ထပ်ခါထပ်ခါ တောင်းဆိုထားပါတယ်” လို့ APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ထိုင်းပါလီမန်အမတ် Kasit Piromya က ပြောသည်။
မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိရေး အာဆီယံအနေနဲ့ စစ်တပ်အပေါ် အကာအကွယ်ပေးခြင်းနဲ့ ထိရောက်မှု မရှိတဲ့ မူဘောင်ချမှတ်နေတာတွေ အဆုံးသတ်ဖို့လည်း APHR က တောင်းဆိုထားပါတယ်။
"အာဆီယံ ဥက္ကဋ္ဌတာဝန်သစ် စတင်လိုက်တာနဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေကို အကာအကွယ်ပေးတာနဲ့ ထိရောက်မှု မရှိတဲ့ မူဘောင်ချမှတ်တဲ့ပုံစံတွေ အဆုံးသတ်ရမှာဖြစ်ပါတယ်။ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ တက်ကြွစွာ ချန်ပီယံဖြစ်ဖို့ အချိန်တန်ပြီ” ဟု APHR ဘုတ်အဖွဲ့ဝင်နဲ့ ဖိလစ်ပိုင် အောက်လွှတ်တော်အဖွဲ့ဝင် Arlene Brosas က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ ICC ရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆို နေပေမယ့် တဘက်မှာတော့ ICC ခုံရုံးကနေ ဖမ်း၀ရမ်းထုတ်လာရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ တုံပြန်ရမယ့် နည်းလမ်းများ၊ ဥပဒေဆိုင်ရာသုံးသပ်ချက်တွေ အမြန်ဆုံးတင်ပြကြဖို့ သူ့လက်အောက်က ဝန်ထမ်းတွေကို မင်းအောင်လှိုင်က ညွှန်ကြားထားပြီဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ရှောင်ဆင်တွေနဲ့ ဆင်ထိန်းမိသားစုဝင်တွေကို တော်လှန်ရေးအဖွဲ့တွေ စောင့်ရှောက်ထား
နိုဝင်ဘာလ ၃၀ရက်။
မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့က စစ်ဘေးရှောင်ဆင်တွေနဲ့ ဆင်ထိန်း မိသားစုဝင်တွေကို တော်လှန်ရေးအဖွဲ့တွေက စောင့်ရှောက်ထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က နိုဝင်ဘာ ၂၈ မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းအတွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင် ၁၃၈ကောင်နဲ့ ဆင်ဦးစီး ဆင်အုပ်၊ ဆင်ထိန်းမိသားစုတွေဟာ ဘေးကင်းရာနေရာဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA လှုပ်ရှားအုပ်ချုပ် စစ်နယ်မြေကို အခုနှစ် ဇူလိုင် ၁၀ ရက်ကတည်း ရောက်ရှိလာတဲ့အတွက် PLA က ကာကွယ် စောင့်ရှောက်ထိန်းသိမ်းခဲ့တယ် လို့ သိရပါတယ်။
လက်ရှိမှ စစ်ဘေးရှောင်ဆင်တွေနဲ့ ဆင်ဦးစီး၊ ဆင်ထိန်းမိသားစုဝင်တွေကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA ကပါ ခွဲဝေတာဝန်ယူထားတယ်လို့ PLA တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဆင်တွေဟာ မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်းမြို့နယ်တို့ကဖြစ်ပြီး ဆင်တွေအပါအဝင် ဆင်ဦးစီး၊ ဆင်ထိန်းနဲ့ သူတို့ မိသားစု ဝင်တွေနဲ့ပါဆိုရင် လူဦးရေ ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းစောင့်ရှောက်ထားတာလို့ သိရပါတယ်။
ပြည်သူ့အစိုးရသစ်လက်ထက်မှာ ဒီဆင်တွေနဲ့ ဆင်ဦးစီး ဆင်အုပ်၊ ဆင်ထိန်းမိသားစုတွေကို သက်ဆိုင်ရာဌာနကို ပြန်လည် အပ်နှံပေးမှာဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA တာဝန်ရှီသူတွေက အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပနယ်မြေက ဆင်တွေနဲ့ဆင်ဦးစီးမိသားစုဝင်တွေကိုလည်း ဒေသ ကာကွယ်ရေးအဖွဲ့တွေက စောင့်ရှောက်ထားတာရှိတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းခရိုင်အတွင်းမှာရှိတဲ့ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်းနဲ့ မိုးကုတ်မြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့ တွေက ထိန်းချုပ်ထားတာကြောင့် စစ်ဘေးရှောင် ဆင်ဝိုင်းတွေက ဆင်ကြီးတွေနဲ့ဆင်ပေါက်လေးတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သွေးသောက်အဖွဲ့ခေါင်းဆောင်အဖြစ်လူသိများတဲ့ မင်းမင်းနဲ့ သက်တော်စောင့်ကို နေပြည်တော်နယ်မြေမှာ ရှင်းလင်း
နိုဝင်ဘာလ ၃၀ရက်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဆုကြေးထုတ်ခြင်းခံထားရတဲ့ နာမည်ကျော်ပျူစောထီးတဦးဖြစ်ပြီး သွေးသောက်အဖွဲ့ခေါင်း ဆောင်အဖြစ်လူသိများတဲ့ မင်းမင်းနဲ့ သူရဲ့သက်တော်စောင့်ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရှိရာ နေပြည်တော်နယ်မြေမှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ် မကွေးအရှေ့ခြမ်းက အသိပေးထားပါတယ်။
မကွေးတိုင်းအရှေ့ခြမ်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ကြိုးကြာနီတပ်ရင်း BO-7 က တပ်ရင်းမှူး အောင်ဖြိုးဟိန်း (ခ) ရဲဘော်ဇိုးကြီး နိုဝင်ဘာ ၂၄ ရက်နေ့က ပဲခူးရိုးမတနေရာမှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ရက်ပိုင်းမှာပဲ ဆုကြေးထုတ်ခြင်းခံထားရတဲ့သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းနဲ့ သူ့ရဲ့သက်တော်စောင့်ကို ရှင်းလင်းနိုင် ခဲ့တာပဲဖြစ်ပါတယ်။
မနေ့ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁နာရီခန့်မှာ နေပြည်တော် ဥတ္တသီရိမြို့နယ် ပျဥ်းမနား - တောင်ညိုလမ်းပိုင်းတနေရာက ကြက်ဝိုင်းကို ဆပ်ကြေးလာကောက်ချိန်မှာ မင်းမင်းနဲ့ သူ့ရဲ့သက်တော်စောင့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေက မင်းမင်းကို ပစ်ခတ်ရှင်းလင်းချိန်မှာ သူ့တပည့်က ဓားနဲ့ဝင်ခုတ်တဲ့အတွက် သူတို့ကိုပါ ပစ်ခတ် ရတာဖြစ်တဲ့အတွက် ၂ ဦး သေသွားတယ်လို့လည်း သိရပါတယ်။
မင်းမင်းဟာ လင်းယုန်ပရဟိတအဖွဲ့အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်တွေအလှူခံပေးတာ မဘသနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူလို့ဆိုပါတယ်။
ပျူစောထီးနဲ့သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းကို စစ်ကောင်စီက သေနတ်ကိုင်ဆောင်ခွင့်ပြုထားပေမယ့် အခင်းဖြစ် ချိန်မှာ ဓားရှည်တွေသာပါလာတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရှင်းလင်းခံလိုက်ရတဲ့မင်းမင်းဟာ NLD ပါတီဝင်များ၊ PDF ရဲဘော်များ သူတို့နဲ့ဆက်နွယ်သူတွေကို သတ်ဖြတ်ဖို့ဖွဲ့စည်းထား တဲ့ သွေးသောက်အဖွဲ့ ဖွဲ့စည်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေကို အပြစ်ပေး အရေးယူဖို့ လူမှုကွန်ယက်တွေကနေ လှုံ့ဆော်နေသူလို့လည်း သိရပါတယ်။
========================
🚩🚩 ၂။ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံး
နိုဝင်ဘာလ ၃၀ရက်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကနားနယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ Natogyi People Defence Force အဖွဲ့က ပြောပါတယ်။
ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကနားနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခန့်မှာ ဒရုန်းနဲ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးပြီး တဦးကတော့ ခြေတဖက် ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ အနေနဲ့ စစ်ကောင်စီတပ်တွေကို ဆကလက်ပြီး အတတ်နိုင်ဆုံး ကြိုးစားသုတ်သင် ရှင်းလင်းသွားမယ်လို့ Natogyi People Defence Force အဖွဲ့က အသိပေးထားပါတယ်။
အခုတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း အမှတ် -၁၀ တပ်ရင်းနဲ့ Myingyan District Drone Strike တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ ဆားတောင်မြို့မှာ ဆက်ကြေးကောက်နေတဲ့ ရဲနဲ့ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာလ ၃၀ရက်။
စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ ပြည်သူလူထုထံကနေ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ ပျူစောထီးတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ Royal Falcon Guerilla Force -Sadaung Falcon က ထုတ်ပြန်ထားပါတယ်။
ဆားတောင်ရဲစခန်းက ရဲတွေနဲ့ ညောင်ငုတ်တိုပျူစောထီးရွာက ပျူစောထီးတွေပိုက်ဆံကောက်နေချိန် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီခန့်နဲ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၉ လုံးကြဲချ တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၂ ဦး ထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရဲဘော်ထိခိုက်မှုမရှိပေမယ့် ဒရုန်းတစင်း ဂျန်ဘာ မိပြီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
ပျက်ကျသွားတဲ့ဒရုန်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Royal Falcon Guerrilla Force-Sadaung Falcon၊ Phoenix -Sagaing၊ Unicorn Guerrilla Force ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး Phoenix-Sagaing က ထုတ်တဲ့ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment