၂၀၂၄ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းဦးရေ မြင့်တက်လာစေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
📌 ၂။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ
📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့် လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မောင်မယ်ရှောင် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံး
🚩 ၂။ ပခုက္ကူတွင် စစ်ကောင်စီ စစ်ကြောင်းကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ ငါးဇွန်မြို့နယ် မင်းနေကုန်း နယ်မြေခံရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး
🚩 ၄။ စစ်တပ်လုံခြုံရေးနဲ့လုပ်တဲ့ လောင်းကစားဝိုင်းမှာ အုတ်ဖိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
🚩 ၅။ ပေါက်တွင် စစ်ကောင်စီတပ်က ဓားစားခံအဖြစ် ဖမ်းဆီးသွားတဲ့ သံဃာတပါးနှင့် ပြည်သူ ၄ ဦးကို သတ်ဖြတ်
🚩 ၆။ မြောက်ခင်ရန်း ပျူရွာမှာ ထွက်လာတဲ့ စစ်ကြောင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရပြီး ၂ ဦး သေဆုံး
🚩 ၇။ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်တဲ့အတွက် နေအိမ်များထိခိုက်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းဦးရေ မြင့်တက်လာစေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
နိုဝင်ဘာ ၃
Radio NUG
အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဦးရေ မြင့်တက်လာစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ကလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးရဲ့ မသန်စွမ်းသူများ အခွင့်အရေးနဲ့စပ်လျဉ်းတဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့အချိန်ကစပြီး မသန်စွမ်းသူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၄၅ လတာ ကာလအတွင်း စစ်ကောင်စီဘက်က မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်အုပ်စုဘက်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တွေထဲမှာ လေကြောင်းကနေ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဖြစ်ရာဒေသက ကလေးငယ်တွေနဲ့လူငယ်တွေအပါအဝင် အရပ်သားပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့ဟာ ခြေလက် အင်္ဂါဆုံးရှုံးခဲ့ရပြီး မသန်စွမ်းဘဝ ရောက်ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ မြင့်တက်လာစေခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။
မသန်စွမ်းသူတွေနဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီဘက် ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်မှုတွေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် စိန်ခေါ်မှုများစွာရှိတဲ့ကြားက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချထားပြီး စစ်အာဏာရှင်တွေကို ခုခံတော်လှန်မှာ မသန်စွမ်း အမျိုးသမီးတွေက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းကနေ တက်ကြွစွာလှုပ်ရှားနေတယ်လို့လည်း ထပ်ပြီး အသိပေးခဲ့ပါတယ်။
ဒါကြောင့် သူတို့ရဲ့ မယိမ်းမယိုင်တဲ့သန္နိဋ္ဌာန်နဲ့ ကြီးမားသောထည့်ဝင်မှုများကို အသိအမှတ်ပြုပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်၊ မြှင့်တင်ပေးရေးနဲ့ လိုအပ်တဲ့အကူအညီတွေထောက်ပံ့ပေးရေးတို့ဟာ အရေးကြီးတယ်လို့ မြန်မာသံအမတ်ကြီး က ဆက်လက်ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ
နိုဝင်ဘာ ၃
Radio NUG
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လလယ်ခန့်မှာ မြောင်းမြအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် သေဒဏ်ကျအကျဉ်းသားက နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာ ဖြစ်ပါတယ်။
PPNM ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မြောင်းမြထောင် အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းက ရန်ငြှိုးဆိုလို့ ခိုက်ရန်တောင်မဖြစ်ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို သေချာပြင်ဆင်ပြုလုပ်ထားတဲ့ သံချွန်နဲ့ နောက်ကျောဘက်ကနေ အလစ်အငိုက် ဝင်ရောက် ထိုးသွင်းပြီး သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
PPNM ရဲ့စုံစမ်းချက်အရ ဖြစ်စဉ်မတိုင်ခင်တစ်ရက်မှာ ထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုရဲရင့်အောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့ကို ရိုက်နှက်ဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ရှင်းလင်းပေးမယ်လို့ လင်းလင်းကို နှုတ်နဲ့ညွှန်ကြားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြောင်းမြထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေနဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ဟာ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းခဲ့တဲ့ လင်းလင်းကို ထိရောက်တဲ့ အရေးယူမှုမရှိသလို ကျူးလွန်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဟန်ပြဆေးဝါးကုသမှုတွေသာ ပေးခဲ့တယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။
PPNM အနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေတဲ့ ဒုတာဝန်ခံ တင့်ဆွေအပါအဝင် တရားဝင် အရေးယူမှုမရှိတဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ကို အခုလို အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုအပြည့်နဲ့ ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံရေးအကျဉ်းသားတွေအရေးကိုလည်း လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့် လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်
နိုဝင်ဘာ ၃
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း(စနစ်ဟောင်း ဒဿမတန်း)ဖြေဆိုခွင့် လျှောက်ထားနိုင်မည့် ကာလ ရက်တိုးမြှင့်ကြောင်းကို နိုဝင်ဘာ ၂ရက် ရက်စွဲဖြင့် အသိပေးကြေညာလိုက်ပါတယ်။
အဆိုပါလျှောက်ထားနိုင်သည့်ကာလကို ယခင်က အောက်တိုဘာ ၄ရက်မှ နိုဝင်ဘာ ၃ရက်ထိ ဖြစ်ကြောင်းကြေညာခဲ့တာဖြစ်ပြီး ယခု အခါ မြေပြင်အခက်အခဲများ နည်းပညာဆိုင်ရာအခက်အခဲများ စသည့်အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့်လျှောက်ထားရန် ကျန်ရှိနေသေးတဲ့ ကျောင်းသား ကျောင်းသူများအတွက် လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၀ရက် မြန်မာစံတော်ချိန် ည ၁၂ နာရီအထိ ထပ်မံတိုးမြှင့်သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း(စနစ်ဟောင်း ဒဿမတန်း)ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် mes.moeedu.org မှာ အချိန်မီလျှောက်ထားနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မောင်မယ်ရှောင် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံး
နိုဝင်ဘာ ၃
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီ တပ်အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ နေရာကို ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ် အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။
၄ နာရီဝန်းကျင် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ယောက် မျက်မြင် သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း MA3 သေနတ် (၂) လက်၊ 5.56 ကျည် အတောင့် (၄၀၀) ၊ ကျည်ဘောက် (၇) ခု၊ ဦးထုပ် (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၃) လုံး၊ အီကွေ့မန့်ခါးပတ် (၁) ခု၊ စစ်သုံးပုခတ် (၁) ခု၊ ကင်မရာ (၁) လုံး၊ ဟန်းကော (၁) လုံး တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ ပခုက္ကူတွင် စစ်ကောင်စီ စစ်ကြောင်းကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
နိုဝင်ဘာ ၃
Radio NUG
မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်၊ အင်ပင် ကျေးရွာနဲ့ ကိုးပင် ကျေးရွာကြားက ရေနံချက်စက်ရုံ အနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One Pakokku အဖွဲ့က ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက် မနက် ၅ နာရီတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ချောက်ကန်ကျေးရွာမှ အနောက်တောင်ဘက် တောထဲကို စစ်ကောင်စီ တပ်က စစ်ကြောင်း ထိုးလာကြောင်း သတင်းရသဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်း နေခဲ့တယ်လို့ သိရပါတယ်။
သို့ပင်မယ့် စစ်ကောင်စီ စစ်ကြောင်းက အပင်ရွာနဲ့ ကိုးပင်ရွာကြားကို ထွက်ခွာသွားခဲ့ရာ ရေနံချက်စက်ရုံ အနီးသို့ အရောက်မှာ ရော့ကတ် လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Cobra One Pakokku နဲ့ မဟာမိတ်တပ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းမှာ ရှေ့ဆက်မတက်လာနိုင်တော့ဘဲ စက်ရုံဘက်ကို ပြန်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ငါးဇွန်မြို့နယ် မင်းနေကုန်း နယ်မြေခံရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး
နိုဝင်ဘာ ၃
Radio NUG
မန္တလေးတိုင်း၊ ငါဇွန်းမြို့နယ်၊ မင်းနေကုန်းရွာက နယ်မြေခံ ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁ ရက် မနက် ၁၁ နာရီတွင် မင်းနေကုန်း နယ်မြေခံ ရဲစခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်တပ် အထိုင်ချထားတဲ့ ရဲစခန်းခေါင်မိုး တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၇ Column 4 အမှောင်စစ်သည် အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ စစ်တပ်လုံခြုံရေးနဲ့လုပ်တဲ့ လောင်းကစားဝိုင်းမှာ အုတ်ဖိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
နိုဝင်ဘာ ၃
Radio NUG
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်အတွင်း အရပ်ဝတ် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးထားတဲ့ လောင်းကစားဝိုင်းကို တိုက်ခိုက်ခဲ့ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ပါတယ်။
မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တဦးလည်းဖြစ်တဲ့ အောင်မင်းထက် ဦးဆောင်ပြီး ပျူစောထီးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါတဲ့ လောင်းကစားဝိုင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက နို၀င်ဘာ ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်အချိန် ရှောင်တခင်စီးနင်းတိုက်ခိုက်ခဲ့တာ
ဒီတိုက်ခိုက်မှုအတွင်း အရပ်၀တ်စစ်ကောင်စီတပ်သားတွေနဲ့ အခြားအုပ်ချုပ်ရေးမှူးတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် လောင်းကစားဝိုင်းဦးဆောင်သူလည်းဖြစ် အုပ်စုအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ အောင်မင်းထက်ဆိုသူ သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားပါတယ်။
အောင်မင်းထက်ဟာ သတ္တိရှိရင် လာသတ်ကြဆိုပြီး တော်လှန်ရေးရဲဘော်တွေကို မိုက်ကြေးခွဲ စိန်ခေါ် ထားတဲ့အပြင် အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ကာ စစ်မှုထမ်းဖို့ လူစုပေးတာ၊ ငွေကြေးကောက်ခံတာ၊ သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေး ရဲဘော်တွေရဲ့သတင်းအချက်အလက်တွေကို ထောက်လှမ်းပြီး စစ်ကောင်စီထံသတင်းပို့ခြင်း၊ ဒေသခံလူငယ်တွေကိုစည်းရုံးပြီး စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ ဖွဲ့စည်းကာ ဒေသနေပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးနေတဲ့အတွက် အရေးယူခဲ့ရတာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးထံကနေ လက်ပစ်ဗုံးတလုံး၊ ဓားမြောင် ၂လက်၊ ငွေသား ၅သောင်းကျပ်နဲ့ ခါးပတ်အိတ်တခု သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၅။ ပေါက်တွင် စစ်ကောင်စီတပ်က ဓားစားခံအဖြစ် ဖမ်းဆီးသွားတဲ့ သံဃာတပါးနှင့် ပြည်သူ ၄ ဦးကို သတ်ဖြတ်
နိုဝင်ဘာ ၃
Radio NUG
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ သံဃာတပါးနဲ့ ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၅ နာရီခန့်တွင် ပေါက်မြို့နယ် ရန်ကင်းကျေးရွာ မြောက်ဘက်ရှိ ဒီးဒုတ်ကွင်း စစ်ဘေးရှောင် နေအိမ်များကို စစ်ကောင်စီ တပ်သားများနဲ့ ဒီးဒုတ်ကွင်း ပြည်သူ့စစ်များက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
၎င်းစစ်ကောင်စီတပ်က စစ်ရှောင် နေအိမ် ၇ လုံးနဲ့ ဆေးခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး သံဃာတပါးကို လူဝတ်လဲ စေကာ စစ်ရှောင် ပြည်သူ ၁၇ ဦးနဲ့အတူ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ရှောင်ပြည်သူတွေဖြစ်တဲ့ ဦးဌေးအောင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပြီး ဦးသိန်းစိန်ကို နေအိမ်ထဲမှာ ပိတ်လှောင်ကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုနောက် အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ပေါက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် အဝတ်ဗလာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ သံဃာတပါး၊ ကိုငချမ်း နဲ့ ဒေါ်သီတာထွေး တို့ရဲ့ ရုပ်အလောင်းများကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
အခြား ဖမ်းဆီးထားတဲ့ ပြည်သူများကိုလည်း ဒီးဒုတ်ကွင်းပျူရွာမှာ လက်ပြန်ကြိုးတုပ်ပြီး မနက်ပိုင်းမှ ညနေပိုင်းအထိ တနေကုန် နေပူထဲမှာ နေကိုမျက်နှာမူ ရပ်နေခိုင်းကာ ညှင်းပန်းနှိပ်စက်လျှက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မြောက်ခင်ရန်း ပျူရွာမှာ ထွက်လာတဲ့ စစ်ကြောင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရပြီး ၂ ဦး သေဆုံး
နိုဝင်ဘာ ၃
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီး ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့မှာ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးသီး ၂၁ လုံးနဲ့ ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ အပါအဝင် ဂန့်ဂေါခရိုင် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄ တပ်ရင်းများ၊ ABSDF နဲ့ ဂန့်ဂေါမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်တဲ့အတွက် နေအိမ်များထိခိုက်ပျက်စီး
နိုဝင်ဘာ ၃
Radio NUG
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်-၅ ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို နိုဝင်ဘာ ၂ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာ ၃ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
အခုလို စစ်ကောင်စီက ပြည်သူလူထုကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသနေပြည်သူတွေရဲ့ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ည ၉ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်စွဲထားတဲ့ ဒုဌဝတီမြစ်တဖက်ကမ်းကနေ နောင်ချိုမြို့ကို လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေရာ နိုဝင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကလည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနဲ့ သကြားစက်ရုံတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment