၂၀၂၄ နိုဝင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO တည်ထောင်ခြင်း ၂၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ သဝဏ်လွှာပို့
📌 ၂။ ရှမ်းမြောက်စစ်ရေးလို လုပ်မရပေမယ့် နိုင်ငံရေးလမ်းစဉ်၊ အင်အားအခြေအနေအရ တဆင့်ခြင်းသွားနေတယ်လို့ KNU ပြော
📌 ၃။ ကျည်ဝယ်ရလွယ်တဲ့ ကာဘိုင်သေနတ်တမျိုး မြင်းခြံ MBT တပ် ထုတ်လုပ်
📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးကို နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားနေတဲ့တရုတ်အစိုးရကို ကန့်ကွက်ရှုံ့ချပွဲ နယူးယောက် မြို့က တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ ပြုလုပ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။မြစ်ခြေမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်၂ဦး ကျဆုံး
🚩 ၂။ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွေက ထွက်ပြေးလာတဲ့ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ
🚩 ၃။ အကြမ်းဖက်စစ်အုပ်စုက ကျွန်းလှနယ်က အရပ်သား ၂ ဦးကို သတ်ဖြတ်ကာ ၃ ဦး ဖမ်းဆီးသွား
🚩 ၄။ မှော်ဘီလေတပ်စခန်းကို တာဝေးပစ်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ USO ပြောက်ကျားတပ်ဖွဲ့ ပြော
🚩 ၅။ ငါန်းဇွန်မြို့နယ် မြို့သာကနေထွက်လာတဲ့ စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO တည်ထောင်ခြင်း ၂၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ သဝဏ်လွှာပို့
နိုဝင်ဘာလ ၉ရက်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO တည်ထောင်ခြင်း ၂၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီက သဝဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၉ ရက်မှာကျရောက်တဲ့ KNSO တည်ထောင်ခြင်း ၂၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက သဝဏ်လွှာတစောင်ပေးပို့လိုက်တာဖြစ်ပြီး ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်အားလုံးကို လေစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO ဟာ ဖွဲ့စည်းချိန်ကစပြီး နယ်မြေအေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်နယ်အကျိုးကို ဘက်ပေါင်းစုံကနေ ဦးဆောင်ပံ့ပိုးပေးခဲ့တဲ့အဖွဲ့တခုဖြစ် တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို မတရားသိမ်းယူခဲ့ပြီး အပြစ်မဲပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ ထောင်သွင်းအကျဉ်းချတာ ညှင်းပမ်းနှိပ်စက်တာ၊ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို လက်မခံဘဲ ကရင်နီပြည်အတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့အတွက်လည်း လေးစားအသိအမှတ်ပြုတယ်လို့ လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်အပါအဝင် မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ထွန်းရေး၊ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးအပါအဝင် ပြည်သူလူထုတရပ်လုံးနဲ့အတူ အောင်မြင်မှုရတဲ့အထိ တိုက်ပွဲဝင် အောင်ပွဲဆင် နိုင်ပါစေကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီကပေးဖို့တဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
========================
📌📌 ၂။ ရှမ်းမြောက်စစ်ရေးလို လုပ်မရပေမယ့် နိုင်ငံရေးလမ်းစဉ်၊ အင်အားအခြေအနေအရ တဆင့်ခြင်းသွားနေတယ်လို့ KNU ပြော
နိုဝင်ဘာလ ၉ရက်။
ကရင်အမျိုးသားအစည်းအရုံး-KNU အနေနဲ့ နိုင်ငံရေး၊ စစ်ရေးဆောင်ရွက်ရာမှာ ရှမ်းမြောက်ဒေသ စစ်ရေးဖော်ဆောင်မှု အပါအဝင် အခြားသူတွေလုပ်နေသလို လုပ်လို့မရဘဲ အဖွဲ့ကချမှတ်ထားတဲ့ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်အတိုင်း တဆင့်ခြင်း လုပ်နေတယ်လို့ KNU အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး စောကပီ က ပြောပါတယ်
KNU ဘက်က လက်ရှိသွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးလမ်းစဥ်တွေနဲ့ပတ်သက်လို့ ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် ဆရာစောကပီက ကရင်ဘာသာနဲ့ ရှင်းပြထားတဲ့ရုပ်သံကို KNU ဗဟိုက နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ အင်္ဂလိပ်စာတန်းထိုးပြီး ထုတ်ပြန်ထားပါတယ်။
KNU အနေနဲ့ KNU ကွန်ဂရက်ကချမှတ်တဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်သွားနေပြီး နိုင်ငံရေးလမ်းစဉ်နဲ့လုပ်ငန်းစဉ်အရ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့အစည်းတခုအဖြစ် ကွန်ကရက်တကြိမ်ပြီး တကြိမ် ချမှတ်ထားတယ်လို့ ရှင်းပြထားပါ တယ်။
အခု ဖြစ်ပေါ်နေတဲ့ လက်ရှိနိုင်ငံရေးအခြေအနေကိုပြောရမယ်ဆိုရင် ကျနော်တို့ကို ကျနော်တို့ရဲ့ ပြည်သူတွေဖြစ်စေ အခြား ပြည်သူတွေဖြစ်စေ ကျနော်တို့အဖွဲ့အစည်းလုပ်ငန်းအပေါ် အားမလိုအားမရတာတွေရှိမယ်ဆိုတာသိပေမယ့် လက်ရှိရင်ဆိုင် နေရတဲ့ အခြေအနေတွေမှာ ကျနော်တို့လုပ်ဆောင်နေတဲ့အထဲမှာ ပထမတခုက နိုင်ငံရေးအရချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း သွားတယ်။ ဒုတိယတခုက အင်အားနဲ့အခြေအနေအရ မိမိအခွင့်အရေးအခြေအနေအရ မူတည်ပြီးသွားတယ်။ တတိယတခု ကတော့ တဆင့်ပြီးတဆင့်သွားတယ်လို့ ဆရာစောကပီက ပြောပါတယ်။
စစ်ရေးအခြေအနေဟာ ရှမ်းပြည်မြောက်ပိုင်း အခြေအနေအပါအဝင် နိုင်ငံတခုလုံးရဲ့အခြေအနေတွေ မတူညီတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အနေနဲ့ စစ်ရေးကို လုပ်ငန်းစဉ်ချမှတ်ထားပြီး KNU ကချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်များအတိုင်း တဆင့်ပြီးတဆင့် ဦးဆောင်မှုအခြေအနေ အခွင့်အရေးတွေအတိုင်း သွားနေတယ်လို့လည်း အသိပေးထားပါတယ်။
ဒီလိုသွားနေရာမှာ အရေးကြီးဆုံးကတော့ ကျနော်တို့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကို လမ်းလွဲမသွားဖို့ပဲ လိုတယ်လို့လည်း ရှင်းပြထားပါတယ်။
KNU နယ်မြေမှာ ကော်ဘရာစစ်ကြောင်းလို စစ်ကြောင်းတွေရှိနေပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် ပူးပေါင်း လုပ်ဆောင်ခြင်း၊ အားပေးခြင်း၊ စစ်သင်တန်းအကူအညီပေးခြင်း၊ အခြားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် အကူအညီပေးခြင်း စတာတွေရှိပြီး ပြည်တွင်းက ဗမာတိုင်းရင်းသားများကို သင်တန်းပေးခြင်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တနင်္သာရီတိုင်းဘက်မှာ အုပ်ချုပ်နယ်မြေတွေရှိသလို ပဲခူးတိုင်းဘက်မှာလည်း ကော်သူးလေအုပ်ချုပ်နယ်မြေရှိကာ မွန်ပြည်နယ်ဘက်မှာလည်းရှိတာကြောင့် ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ် နယ်မြေဟာ အကျယ်ဆုံးဖြစ်တာကြောင့် နိုင်ငံရေးလုပ်ငန်းတွေမှာဖြစ်စေ နိုင်ငံရေးလမ်းစဉ်တွေဖြစ်စေ မြေပြင်စစ်ရေး လှုပ်ရှားမှုတွေမှာဖြစ်စေ အခြားသူတွေလုပ်သလိုပုံစံတူ လုပ်လို့မရပေမယ့် KNU လမ်းစဉ်အတိုင်း တဆင့်ပြီးတဆင့် သွားနေတယ်လို့ သိရပါတယ်။
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း KNU အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ရဲဘော် များနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေတယ်လို့ နိုဝင်ဘာ ၅ ရက်ကကျင်းပခဲ့တဲ့ NUG နဲ့ K2C တို့ပါဝင်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အသိပေးထားပါတယ်။
========================
📌📌 ၃။ ကျည်ဝယ်ရလွယ်တဲ့ ကာဘိုင်သေနတ်တမျိုး မြင်းခြံ MBT တပ် ထုတ်လုပ်
နိုဝင်ဘာလ ၉ရက်။
မန္တလေးတိုင်း မြင်းခြံခရိုင်မှာအခြေစိုက်တဲ့ Myingyan Black Tiger-MBT တပ်ဖွဲ့က ကျည်ဝယ်ရလွယ်တဲ့ ၅ ပွိုင့် ၅၆ မီလီ မီတာကျည်သုံး ကာဘိုင်သေနတ်အမျိုးအစားအား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။
၅ ပွိုင့် ၅၆ မီလီမီတာကျည်သုံးပြီးပစ်ခတ်ရတဲ့ ကာဘိုင်အမျိုးအစား သေနတ်ကို နိုဝင်ဘာ ၇ ရက်ကပဲ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျည်ရှားပါးနေသော ရဲဘော်တွေအတွက် အဓိကထားပြီး ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ Myingyan Black Tiger-MBT တပ်ဖွဲ့က အသိပေးထားပါတယ်။
အခုထုတ်လုပ်ထားတဲ့ ကာဘိုင်သေနတ်အမျိုးအစားဟာ ပေါ့ပါးပြီး ပစ်မှတ်ကို မီတာ ၁၀၀ အတွင်း တိကျစွာပစ်ခတ်နိုင်တဲ့ အပြင် ကျည်ရှားပါးမှုပြသနာကိုပါ ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် မကြာခင်ကာလမှာ ရှေ့တန်းစစ်မြေပြင်မှာ ကျားမဲလေးများ ကိုင်ဆောင်တဲ့ ကိုးလုံး (ရှော့ဂမ်း) အစား ၅ ပွိုင့် ၅၆ မီလီမီတာကျည်သုံး ကာဘိုင်များနဲ့ အစားထိုးအသုံးပြုသွားမယ်လို့ MBT တပ်ဖွဲ့က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ MBT တပ်ဖွဲ့အနေနဲ့ တိုက်ပွဲဝင်ရဲဘော်တွေအတွက် "End Point" ကမ်ပိန်းပြုလုပ်နေရာ လက်ရှိ အချိန်ထိ ၄ဝ ရာခိုင်နှုန်းသာရသေးတဲ့အတွက် ဆက်လက်ကူညီထောက်ပံ့ပေးဖို့လည်း ပြည်သူလူထုကို မေတ္တာရပ်ခံထား ပါတယ်။
Myingyan Black Tiger-MBT တပ်ဖွဲ့ဟာ မြင်းခြံခရိုင်အပြင် မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာပါ မဟာမိတ် တော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းကာ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
========================
📌📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးကို နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားနေတဲ့တရုတ်အစိုးရကို ကန့်ကွက်ရှုံ့ချပွဲ နယူးယောက် မြို့က တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ ပြုလုပ်
နိုဝင်ဘာလ ၉ရက်။
မြန်မာ့နွေဦးတော်လှန်ရေးကို နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုံ့ချပွဲတခုကို အမေရိကရောက် မြန်မာနိုင်ငံသားတွေက နယူးယောက်မြို့မှာရှိတဲ့ တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲ တမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တရုတ်အစိုးရကို ကန့်ကွက်ရှုံ့ချခဲ့တာလို့ သိရပါတယ်။
မြန်မာပြည်တွင်းမှာ ဥပဒေမဲ့စွာနဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်မီးရှို့ဗုံးကြဲတာတွေလုပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်တည်ပေးခြင်း၊ မြန်မာ့ပြည်တွင်းရေးကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်ကွန်မြူနစ်အစိုးရအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချတယ်လို့ ဒီပွဲတက်ရောက်သူတွေက ဆိုပါတယ်။
ဒီကန့်ကွက်ရှုံ့ချ ဆန္ဒပြပွဲမှာပါဝင်သူတွေက “ကိုယ်အိမ်ကိုယ် ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊“တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင်ဆုံးဖြတ်မယ်”၊“ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ”၊“အရာရာဟာ ပြည်သူ့သဘော ထားအတိုင်း ဖြစ်ရမယ်" ဆိုတဲ့ ကြွေးကြော်သံတွေလည်း ဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်ရှိနေပြီး ၁ဝ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား -မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေ တက်ရောက်နေချိန်မှာလုပ်တဲ့ ကန့်ကွက်ရှုံ့ချဆန္ဒပြပွဲဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။မြစ်ခြေမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်၂ဦး ကျဆုံး
နိုဝင်ဘာလ ၉ရက်။
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်၂ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၆ ရက်က ပခုက္ကူခရိုင် မြစ်ခြေမြို့ ဖလံအိုကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်ဆင်ကြီး (ခ) မြို့လှိုင် နဲ့ ရဲဘော်မီးလက်ဝါး (ခ) ချမ်းမြေ့ဦးတို့ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့၂ဦးဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကဖွင့်တဲ့ စစ်သင်တန်းကို တက်ရောက်အောင်မြင်ထားသူတွေဖြစ်ပြီး အသက်ရှိစဥ်ကာလမှာ ဖိနှိပ်ခံပြည်သူလူထုဘက်ကရပ်တည်ပြီး ဖက်ဆစ်စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က အသိပေးထားပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ဝင်များနဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်-PDA က စစ်သည်များအနေနဲ့ ရဲဘော်ဆင်ကြီး (ခ) မြို့လှိုင်နဲ့ ရဲဘော်မီးလက်ဝါး (ခ) ချမ်းမြေ့ဦးတို့ မြင့်မြတ်စွာကျဆုံးမှုအတွက် အထူးဝမ်းနည်းရတယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်များအနေနဲ့လည်း ရဲဘော်တွေကျဆုံးရခြင်းအတွက် ဝမ်းနည်းမှုတွေကနေ အင်အားအဖြစ်ပြောင်းပြီး ရန်သူကို ပိုမိုထိရောက်စွာ တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြည်သူ့ဒီမိုကရက် တစ်တပ်တော်က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွေက ထွက်ပြေးလာတဲ့ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ
နိုဝင်ဘာလ ၉ရက်။
ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရရှိထားတယ်လို့ CDF – Asho အဖွဲ့က ပြောပါတယ်။
အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- နပခ ကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ထွက်ပြေး လာတဲ့ စစ်သား ၄ ဦးကို ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ် CDF – Asho စစ်ဆင်ရေးဒေသနယ်မြေတခုမှာ ဖမ်းဆီးရမိခဲ့တာ လို့ ဆိုပါတယ်။
အမ်းမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၇၃ တပ်ရင်းကို ရခိုင့်တပ်တော်- AA က တိုက်ခိုက် သိမ်းပိုက်ချိန်မှာ လက်နက်တွေစွန့်ပစ်ပြီး ထွက်ပြေးလာတဲ့ တပ်သား သက်နိုင်နဲ့ သက်နိုင်ဦးတို့ကို အောက်တိုဘာ ၃၁ရက်နေ့ မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ခမရ ၃၇၁ ရှေ့ တန်းစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်သား ရဲမွန်ဦးနဲ့ ကျော်မင်းဦးတို့ကိုတော့ နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ် ကြက်ရေစမ်းနယ်ခြားဂိတ်အနီးမှာ ဖမ်းမိခဲ့တာလို့ CDF – Asho က အသိပေးပါတယ်။
ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho ) အနေနဲ့ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများနဲ့အညီ စနစ်တကျထိန်းသိမ်းထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်အုပ်စုက ကျွန်းလှနယ်က အရပ်သား ၂ ဦးကို သတ်ဖြတ်ကာ ၃ ဦး ဖမ်းဆီးသွား
နိုဝင်ဘာလ ၉ရက်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာက အရပ်သား ၂ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့ပြီး အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းက ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းတပ်ကနေ ကား ၂စီးနဲ့ထွက်လာတဲ့ အင်အား ၇ဝ ခန့်ပါ စစ်ကြောင်းဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျွန်းလှမြို့က ပျူစောထီးတွေ ပေကုန်းရွာက ပျူစောထီးတွေနဲ့ပေါင်းပြီး စုစုပေါင်း အင်အား ၁၂၀ ခန့်နဲ့ ကံပေါက်တောကျောင်းကတဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
ဒီ အကြမ်းဖက်စစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာ ဘအင်းသရက်တောရွာကိုစီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ရွာခံအမျိုးသား ၂ ဦးကို ရိုက်နှက်သတ်ဖြတ်ကာ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဆိုပါတယ်။
အဲဒီစစ်ကြောင်းက ရွာထဲကို တိတ်တဆိတ် ဝင်လာတာဖြစ်တဲ့အတွက် ရွာသားတွေအနေနဲ့ ဘာပစ္စည်းမှမသယ်နိုင်ဘူးလို့ ထွက်ပြေးလွတ်မြောက်လာသူတွေက ပြောပါတယ်။
စစ်အုပ်စုစီးနင်းချိန်မှာ အမျိုးသမီးတွေအပါအဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ်အမျိုးသား၂ ဦးကို ရိုက်သတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဘအင်းသရက်တောရွာဟာ မနှစ်ကလည်း စစ်အုပ်စုရဲ့ မီးရှို့ဖျက်စီးတာကိုခံထားရတဲ့ရွာဖြစ်ပြီး အခုတကြိမ်ထပ်မံမီးရှို့တာနဲ့ ဆိုရင် ပြန်ဆောက်ထားတဲ့အိမ်တွေပါ မီးရှို့ခံရတာလို့ ဒေသနေသူတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဘအင်းသရက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် အရပ်သားပြည်သူ ၃ ဦးကိုဖမ်းဆီးကာ ညနေ ၅ နာရီ ခန့်မှာ ပေကုန်းရွာကတဆင့် ကျွန်းလှမြို့ကို ပြန်သွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု စီးနင်းဖျက်ဆီးခဲ့တဲ့ ဘအင်းသရက်တောရွာဟာ တောင်ယာဆိပ်ကျေးရွာအုပ်စုမှာပါပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံရပြီး မြင်သာဦးရွာက အိမ် ၂၁ လုံး၊ ဘအင်းသရက်တော ရွာက အိမ် ၃၃ လုံး၊ အောင်ရန်ကင်းရွာက အိမ် ၅၁ လုံးနဲ့ တောင်ယာဆိပ်ရွာက အိမ် ၂၂ လုံး စုစုပေါင်း အိမ် ၁၂၇ လုံး ဆုံးရှုံး ထားတဲ့ အုပ်စုရွာဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၄။ မှော်ဘီလေတပ်စခန်းကို တာဝေးပစ်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ USO ပြောက်ကျားတပ်ဖွဲ့ ပြော
နိုဝင်ဘာလ ၉ရက်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့လေတပ်စခန်းကို တာဝေးပစ်မစ်ဇိုင်းဒုန်း ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Urban Special Operation (U.S.O) ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မှော်ဘီလေတပ်စခန်းမှာရှိတဲ့ လေယာဉ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေကိုပစ်မှတ်ထားကာ တာဝေးပစ်မစ်ဇိုင်းဒုန်း ၄ လုံး တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ၄ လုံးစလုံး အောင်မြင်စွာပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက်အစောပိုင်း ၁ နာရီခန့်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပိတ်ဆို့ စစ်ဆေးတာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်အားလုံး လုံခြုံဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တာဝေးပစ်မစ်ဇိုင်းဒုန်း ၄ လုံးစလုံး ပေါက်ကွဲသွားတာကြောင့် လေယာဉ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေ ထိခိုက်နိုင်ပေမယ့် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေဆဲလို့ U.S.O) ပြောက်ကျားတပ်ဖွဲ့က အသိပေး ထားပါတယ်။
မှော်ဘီမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ပြည်သူတွေက သန်းခေါင်ယံအချိန်မှာ ပေါက်ကွဲသံကြီးတွေကြားရတယ်လို့ ပြော ပါတယ်။
စစ်ကောင်စီဘက်က အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကိုတုံ့ပြန်တဲ့အနေနဲ့ U.S.O ပြောက်ကျားတပ်ဖွဲ့က မစ်ရှင်ဖော်ဆောင်ပြီး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
U.S.O ပြောက်ကျားတပ်ဖွဲ့အနေနဲ့ အရပ်သားပြည်သူတွေအပေါ် မတရားမှုလုပ်ဖို့ကြံစည်နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တခုအဖြစ် သတ်မှတ်ကာ မဟာမိတ်များနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထား ပါတယ်။
========================
🚩🚩 ၅။ ငါန်းဇွန်မြို့နယ် မြို့သာကနေထွက်လာတဲ့ စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်းသေဆုံး
နိုဝင်ဘာလ ၉ရက်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့ဘက်ကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးသွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီကျော်အချိန်မှာ မြို့သာမြို့ဘက်ကနေ ဆုံရွာဘက်ထွက်လာတဲ့ စစ်ကား ၃ စီးကို ရွာသာအေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရပြီး ၄ဝ မမ ၇ လုံးအနက် ၆ လုံးက ပစ်မှတ်ကို ထိသွားတာကြောင့် ဒဏ်ရရသွားတဲ့သူများနိုင်ပြီး စစ်တပ်ကအရာရှိတယောက် ခြေထောက်ဖြတ်ရမယ်လို့ သတင်းပေးပို့ ထားတယ်လို့ ကိုသက်ကြီးက ရှင်းပြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကို အလစ်လာပစ်တဲ့စစ်ကေင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ပြီး အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့တာကြောင့် လူနာတင်ကားတွေနဲ့ မြို့သာဘက်ကို ပြန်ဆုတ်သွားတယ်လို့လည်း အသိပေးထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့က စစ်ကြောင်း ၂ ၊ စစ်ကြောင်း ၅ ၊ မြင်းခြံ ခရိုင်တပ်ရင်း ၆ နဲ့ ဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment