၂၀၂၄ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူများအပေါ် စစ်တပ်၏ လူမဆန်စွာသတ်ဖြတ် နှိမ်နှင်းမှု သတင်းအမှန်များကိုဖော်ထုတ်ခဲ့သည့် သတင်းသမားများအား တရား မျှတမှုကင်းမဲ့စွာဖြင့် ဖမ်းဆီး အကျဉ်းချခြင်းနဲ့ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိ
📌 ၂။ ကိုရီးယားရောက် မြန်မာအင်အားစုတချို့ ပတ်စ်ပို့သက်တမ်းတိုးမှုကို NUGကိုယ်စားလှယ်ရုံးကြောင့် ၂နှစ်သက်တမ်းတိုးခွင့်ရတယ်လို့သိရှိရ
📌 ၃။ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ တောင်းဆို
📌 ၄။ ILO ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်ချက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ILO Governing Body ၏ ဆုံးဖြတ်ချက်တရပ်ကိုအတည်ပြု
📌 ၅။ မန္တလေးမြို့အိုးဘိုအကျဉ်းထောင်တွင် ရေမလုံလောက်မှုအကြောင်းပြ၍ ရေချိုးခွင့်ကို ထောင်အာဏာပိုင်များ၏ ကန့်သတ်ထားမှုကြောင့် အကျဥ်းသား၊ အကျဥ်းသူများတွင် ယားနာဖြစ်ပွားမှုများ ပိုမိုဆိုးရွားနေ
📌 ၆။ စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
📌 ၇။ အောင်ပွဲတွေဆီ နွေဦးထီနဲ့ချီတက်ဖို့တိုက်တွန်း
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင်ပြည်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် လွှဲပြောင်း
🚩 ၂။ ထန်တလန်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဒုဗိုလ်မှူးကြီးနဲ့ ဒုရဲအုပ် အပါအဝင် ၁၀ ဦးသေဆုံး
🚩 ၃။ မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်သော စကစ ထောက်တိုင် ကြေးနီကားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်
🚩 ၄။ မုံရွာမြို့နယ် တောပုပျူရွာရှိ ပျူခေါင်းဆောင်နှင့် စစ်သားများ တည်ရှိရာ နေအိမ်များကို မရပ်မနား နေရာအနှံ့အပြားသို့ Drone တိုက်ခိုက်မှု ပြုလုပ်
🚩 ၅။ ညောင်ဦးတွင် စစ်တပ်နှင့်ပူးပေါင်း လုပ်ကိုင်နေသူ ၃ဦးအား ပစ်ခတ်ရှင်းလင်းရာ ၂ဦး သေဆုံး
🚩 ၆။ တောင်ငူမြို့အနီး တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိ
🚩 ၇။ မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူများအပေါ် စစ်တပ်၏ လူမဆန်စွာသတ်ဖြတ် နှိမ်နှင်းမှု သတင်းအမှန်များကိုဖော်ထုတ်ခဲ့သည့် သတင်းသမားများအား တရား မျှတမှုကင်းမဲ့စွာဖြင့် ဖမ်းဆီး အကျဉ်းချခြင်းနဲ့ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိ
နိုဝင်ဘာ ၈
Radio NUG
ပြည်သူများအပေါ် စစ်တပ်၏ လူမဆန်စွာသတ်ဖြတ် နှိမ်နှင်းမှု သတင်းအမှန်များကို ဖော်ထုတ်ခဲ့သည့် သတင်းသမားများအား တရား မျှတမှုကင်းမဲ့စွာဖြင့် ဖမ်းဆီး အကျဉ်းချခြင်းနဲ့ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၏ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၃) တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။
"မြန်မာနိုင်ငံ၏ သတင်းအချက်အလက်မျှဝေသည့် စနစ်သည် ပျက်စီးယိုယွင်းနေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မှ တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ကန့်သတ်ချက်များအား လုပ်ဆောင်ခဲ့ ကြောင်း၊ လွတ်လပ်သည့်သတင်းဌာနများအား တိုက်ခိုက်ခြင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်မှ လွတ်လပ်သည့် သတင်းမီဒီယာများနှင့် စာနယ်ဇင်းသမားများအား မှတ်ပုံတင်များ အတင်း အကြပ် ရုတ်သိမ်းပြီး သတင်းလွတ်လပ်ခွင့်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး လွတ်လပ်စွာ သတင်း စီးဆင်းမှုကို ဟန့်တားခဲ့ကြောင်း၊သတင်းသမားများအား နှိမ်နှင်းခြင်း၊ ပြည်သူများအပေါ် စစ်တပ်၏ လူမဆန်စွာသတ်ဖြတ် နှိမ်နှင်းမှု သတင်းအမှန်များကို ဖော်ထုတ်ခဲ့သည့် သတင်းသမားများအား တရားမျှတမှုကင်းမဲ့စွာဖြင့် ဖမ်းဆီး အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း"သံအမတ်ကြီးက ပြောပါတယ်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists Global Impunity Index) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် သတင်းသမားများ သတ်ဖြတ်ခံရမှုနှင့် ပြန်လည်တာဝန်ယူမှုတွင် အနိမ့်ဆုံးအဆင့်တွင် ပါဝင်နေလျက်ရှိပါတယ်။
ဆက်လက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း က တတိယကော်မတီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် "မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စုနှစ်များစွာ အကျိုးခံစားလာပြီးဖြစ်၍ ၎င်းတို့အား ဥပဒေရှေ့မှောက်တွင် ချွင်းချက်မရှိ တာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော၊ အဓိပ္ပာယ်ပြည့်ဝသော၊ အချိန်ကိုက်သော အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အထပ်ထပ် အခါခါ ပျက်ကွက်နေခြင်းက မိမိတို့၏ ပြည်သူများကို စိတ်ပျက်စေပြီး မြန်မာပြည်သူများအပေါ် ပျက်ကွက်နေခြင်း မည်ကြောင်း"ပြောပါတယ်။
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများမြောက်ကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများမှာ အမျိုးသမီး များ၊ မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ ရိုဟင်ဂျာများနှင့် အခြားသော ဖယ်ကျဉ်ခံ ထားရသည့် အုပ်စုများအပေါ် အချိုး မညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် အိမ်နီးချင်းနိုင်ငံများအပေါ် ၌လည်း ကြီးလေးသော နောက်ဆက်တွဲ ဆိုးကျိုးများ ရိုက်ခတ်လျက်ရှိကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ကိုရီးယားရောက် မြန်မာအင်အားစုတချို့ ပတ်စ်ပို့သက်တမ်းတိုးမှုကို NUGကိုယ်စားလှယ်ရုံးကြောင့် ၂နှစ်သက်တမ်းတိုးခွင့်ရတယ်လို့သိရှိရ
နိုဝင်ဘာ ၈
Radio NUG
ကိုရီးယားရောက် မြန်မာအင်အားစုတချို့ ပတ်စ်ပို့သက်တမ်းတိုးမှုကို NUGကိုယ်စားလှယ်ရုံးကြောင့် ၂နှစ်သက်တမ်းတိုးခွင့်ရတယ်လို့သိရှိရပါတယ်။
နိုဝင်ဘာ၈ရက်မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတဦးက Radio NUGကိုပြောပါတယ်။
"ကိုရီးယားနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘဏ်ကိစ္စတွေ၊ ဆေးရုံဆေးခန်းကိစ္စတွေ၊ အခွန်ကိစ္စတွေ၊ကျောင်းတက်တဲ့သူတွေဆိုရင်လည်း သက်တမ်းကိစ္စ တော်တော်အခက်အခဲ ဖြစ်သွားတယ်။ အဲဒီဟာလိုအပ်ချက်တခုဖြစ်နေတော့ စစ်အာဏာရှင် ဆန့်ကျင်တဲ့လူတွေကလည်း စကစသံရုံးကိုမသွားချင်ဘူး။ တချို့ဆိုလို့ရှိရင်လည်းတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါနေတော့ စကစသံရုံးက ဗီဇာသက်တမ်းမတိုးပေးဘူး။ အဲဒါကြောင့်NUGကိုလည်း စာတစောင်ပို့ကြတယ်။ ကိုရီးယားအစိုးရကိုလည်း စာတစောင်ပို့ပြီး ကမ်ပိန်းလုပ်ကြတယ်။ အဲဒီကမ်ပိန်းအကျိုးဆက်ကြောင့် ဒီနှစ်မှာ ကျွန်တော်တို့သက်တမ်းတိုးခွင့်ရပါတယ်"လို့ကိုရီးယားရောက် မြန်မာနိုင်ငံသားတဦးကပြောပါတယ်။
အဆိုပါသက်တမ်းတိုးပေးခြင်းလုပ်ငန်းဟာ လေးလတာကာလသို့ ရောက်ရှိခဲ့ပြီး ခန့်မှန်းလူဦးရေတစ်ရာကျော်ရှိနိုင်တယ်လို့ အဆိုပါလူငယ်က ဆိုပါတယ်။
ပတ်စ်ပို့သက်တမ်းတိုးခြင်းကို ဝန်ဆောင်ခအနေနဲ့ မပေးရဘဲ တော်လှန်ရေးရန်ပုံငွေအဖြစ် ဝမ်တသိန်းသာ ပေးဆောင်ရပြီး NUGကိုယ်စားလှယ်ရုံးက သက်တမ်းတိုး တုံးကြီးထုအပ်ပေးတယ်လို့ လူငယ်တဦးက ထပ်မံဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြင်သစ်ကိုယ်စားလှယ်ရုံး၊ UKကိုယ်စားလှယ်ရုံး၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး၊ချက်သမ္မတနိုင်ငံကိုယ်စားလှယ်ရုံး၊ နော်ဝေဆိုင်ရာကိုယ်စားလှယ်ရုံး၊ သြစတြေးလျဆိုင်ရာကိုယ်စားလှယ်ရုံးတို့ကို အသီးသီးဖွင့်လှစ်ထားကာ NUGကိုယ်စားလှယ်များ ခန့်အပ်ထားပါတယ်။
========================
📌📌 ၃။ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ တောင်းဆို
နိုဝင်ဘာ ၈
Radio NUG
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM )နှင့် ADMM Plus ဆက်စပ် အစည်းအဝေးများမှ စစ်အုပ်စုအား ဖယ်ရှား၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရေးအတွက် အရပ်ဘက်အဖွဲ့အစည်း ၈၀ ခုက လာအို၊ ဩစတြေးလျ၊ ဘရူနိုင်းဒါရူစလမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် ထိပ်တန်းတာဝန်ရှိသူများကို စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
လာအိုနိုင်ငံ၌ မကြာမီကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် (၁၁) ကြိမ်မြောက် ADMM Plus နှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရန်၊ အဆိုပါအစည်းအဝေးများ၊ နောင်တွင်ကျင်းပမည့် ADMM နှင့် ADMM Plus အစည်းအဝေးများ၊ လှုပ်ရှားမှုများမှ မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ဖယ်ရှားရန်၊ ADMM နှင့် ADMM Plusအတွင်း မြန်မာနိုင်ငံကိုယ်စား လက်ရှိရယူထားသည့် တရားဝင် ရာထူးတာဝန်များအားလုံးမှ စစ်အုပ်စုအဖွဲ့ဝင်များအား ဖယ်ရှားရန်၊ ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုများမှ မြန်မာစစ်တပ်အား ဖယ်ရှားခြင်းမပြုပါက မြန်မာစစ်တပ် ပါဝင်တက်ရောက်မည့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုအားလုံးသို့ တက်ရောက်ရန်ငြင်းဆိုမှုကို လူသိရှင်ကြားလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံ အစိုးရများကို အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
စစ်တပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများ၊ အဆင်ခြင်မဲ့ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး အမြှောက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မဖြစ်တည်မှုဆိုင်ရာအကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အာဆီယံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံအား မပေးအပ်ရန်နှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ စစ်အုပ်စုအားဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှာယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းထားကြောင်း၊ နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) များကို အဓိက stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။
========================
📌📌 ၄။ ILO ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်ချက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ILO Governing Body ၏ ဆုံးဖြတ်ချက်တရပ်ကိုအတည်ပြု
နိုဝင်ဘာ ၈
Radio NUG
ILO ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်ချက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ILO Governing Body ၏ ဆုံးဖြတ်ချက်တရပ်ကို အတည်ပြုလိုက်တယ်လို့ နိုဝင်ဘာ၈ရက်မှာ Ctum Myanmarက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"MLA အဖွဲ့၀င်၊ CTUM ဗဟိုအလုပ် အမှုဆောင်များဖြစ်သည့် ဒေါ်ဖြိုးစန္ဒာစိုးနှင့် ဒေါ်ခိုင်ဇာအောင်သည် ILO ရုံးချုပ် ဂျနီဗာတွင် တတ်ရောက်ဆွေးနွေးခဲ့ပါတယ်။ ILO ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်ချက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ILO Governing Body ၏ ဆုံးဖြတ်ချက်တရပ်ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း အလုပ်သမားပြည်သူများ၊ သတင်းမီဒီယာများကို သတင်းစကားပေးပို့လိုက်ပါတယ်"လို့ဖော်ပြပါတယ်။
ILO GB ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ILO Governing Body အဖွဲ့၀င် လက်ထောက် အလုပ်သမားကိုယ်စားလှယ်ဖြစ်သော ဒေါ်ဖြိုးစန္ဒာစိုးက ILO ကို ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့သိရပါတယ်။
Ctum Myanmar စာမျက်နှာတွင်လည်း အဆိုပါ ILO GB ဆုံးဖြတ်ချက်အပြည့်အစုံကို ဝေမျှထားပါတယ်။
========================
📌📌 ၅။ မန္တလေးမြို့အိုးဘိုအကျဉ်းထောင်တွင် ရေမလုံလောက်မှုအကြောင်းပြ၍ ရေချိုးခွင့်ကို ထောင်အာဏာပိုင်များ၏ ကန့်သတ်ထားမှုကြောင့် အကျဥ်းသား၊ အကျဥ်းသူများတွင် ယားနာဖြစ်ပွားမှုများ ပိုမိုဆိုးရွားနေ
နိုဝင်ဘာ ၈
Radio NUG
မန္တလေးမြို့အိုးဘိုအကျဉ်းထောင်တွင် ရေမလုံလောက်မှု အကြောင်းပြ၍ ရေချိုးခွင့်ကို ထောင်အာဏာပိုင်များ၏ ကန့်သတ်ထားမှုကြောင့် အကျဥ်းသား၊ အကျဥ်းသူများတွင် ယားနာဖြစ်ပွားမှုများ ပိုမိုဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က နိုဝင်ဘာ ၇ရက်မှာ အတည်ပြုဆိုထားပါတယ်။
"မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ရှိ အဆောင်များတွင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်းဆိုသော အကြောင်းပြချက်ဖြင့် ရေချိုးခွင့်ကို ထောင်အာဏာပိုင်များ၏ ကန့်သတ်ထားမှုများဖြင့် ရင်ဆိုင်နေကြရပါတယ်။ လက်ရှိတွင် ထောင်အခေါ် ပုံစံဖြင့် ရေကို ခွက်ရေဖြင့်သာ ချိုးနေရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် ပုံမှန်ရေချိုးခွက်ဖြင့် ခွက်ရေဆယ်ခွက်မှ နှစ်ဆယ်ခွက်အကြားသာ အသုံးပြုခွင့် ရပါတယ်"လို့ဖော်ပြပါတယ်။
အကျဉ်းထောင်အတွင်းတွင် အကျဉ်းသားတစ်ဦးကို အဝတ်အစား နှစ်စုံသာ ထောင်မှပေးပြီး လက်ရှိ အိုးဘိုထောင်တွင် အဝတ်အစားများ လျှော်ဖွတ်ရာတွင် ရေအသုံးပြုခွင့် အကန့်အသတ်မှုများကြောင့် ကောင်းစွာ လျှော်ဖွတ်ခွင့်မရရှိဘဲ အနံ့အသက် အနည်းငယ်ပျောက်ကင်းရုံသာ လျှော်ဖွတ်နေကြရပြီးနောက် ပြန်လည် ဝတ်ဆင်နေရတယ်လို့သိရပါတယ်။
ရေလုံလောက်စွာ မရရှိသဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများ မရှိဖြစ်ကာ ယားနာဖြစ်ပွားမှုသည်လည်း ပိုမိုမြင့်တက်လာကာ အိမ်သာရေ အလုံအလောက်မရသည့်အတွက်လည်း အကျဉ်းသား၊ အကျဉ်းသူများအားလုံး အခက်တွေ့နေကြရပြီး အိမ်သာရေမရှိစဉ် အိမ်သာသွားသည့် အကျဉ်းသား၊ အကျဉ်းသူများမှာလည်း အညစ်အကြေးများကို သန့်ရှင်းအောင်မပြုလုပ်နိုင်ခြင်းကြောင့် အခန်းတွင်း အနံ့အသက်ဆိုးရွားမှုများ ဖြစ်ပေါ်မှုကို နိုင်ငံရေးအကျဉ်းသားများ အဓိက ရင်ဆိုင်နေကြရပါတယ်။
========================
📌📌 ၆။ စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
နိုဝင်ဘာ ၈
Radio NUG
နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားမှုကို နိုဝင်ဘာလ ၈ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် ကြေးမုံသတင်းစာမှာ ခြိမ်းခြောက်ဖော်ပြလာပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းကိစ္စရပ်အတွက် အဂတိ ကင်းစင်ဖို့၊ အတင်းအဓမ္မ မစုဆောင်းဖို့ ဝါဒဖြန့်ပြောကြားထားပေမယ့် မြေပြင်မှာတော့ တရားဝင်နည်းလမ်းအပြင် လူငယ်တွေကို အဓမ္မဖမ်းဆီး ခေါ်ဆောင်စုဆောင်းတဲ့ နည်းလမ်းနဲ့ပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ညအချိန်အိမ်ပြင်ပ ရောက်နေသူတွေကို ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခြင်း၊ စစ်ဝတ်စုံနဲ့ ထောက်ပံ့ကြေးပေးကာ ဆွဲဆောင်ခြင်း၊ မိသားစုဝင်လူငယ်တွေ ပြည်ပရောက်၊ မရောက် သက်သေပြခိုင်းခြင်းစတဲ့ နည်းလမ်းမျိုးစုံသုံးကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ အကျပ်ကိုင်တဲ့ နည်းလမ်းတွေ အသုံးပြုလျက်ရှိနေပါတယ်။
========================
📌📌 ၇။ အောင်ပွဲတွေဆီ နွေဦးထီနဲ့ချီတက်ဖို့တိုက်တွန်း
နိုဝင်ဘာ ၈
Radio NUG
နွေဦးတော်လှန်ရေး အောင်ပွဲတွေဆီ နွေဦးထီနဲ့ချီတက်ဖို့ နိုဝင်ဘာ၈ရက်မှာ အောင်လံလွှင့်ချီနွေဦးထီက အသိပေးကြေညာပါတယ်။
"မတရားမှုတွေကို ငုံ့မခံ တုံ့ပြန်ဖို့ မိမိချွေးနှဲစာထဲက အမှန်တရားအတွက် ငွေ 2000 ကျပ် နဲ့စတင်ကာ ပစ်တိုင်းထောင် စိတ်ဓာတ်ကိုင်ဆွဲကြရအောင်။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ကျော်လွန်ပြီး မဝေးတော့တဲ့ အောင်ပွဲတွေအတွက် တယောက်တလှည့် ဝိုင်းလို့ကူရင်း နိုင်ရာတာဝန်ထမ်းကြစို့လား"လို့ဖော်ပြပါတယ်။
အောင်လံလွှင့်ချီနွေဦးထီလက်မှတ်များကို SDBဘဏ်အကောင့်၏ ငွေပေးချေမှုနဲ့လည်း ဝယ်ယူနိုင်ပြီး ထီပေါက်သူတိုင်းကို ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးတာလည်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင်ပြည်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် လွှဲပြောင်း
နိုဝင်ဘာ ၈
Radio NUG
နိုဝင်ဘာလ ၅ ရက်နေ့ ရခိုင်ပြည် ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေများနှင့်အတူ AA ၏ ကမ်းခြေစောင့်တပ်သားများက ဖမ်းဆီးခဲ့ကာ နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ငါးဖမ်းနေစဉ် ဘင်္ဂလား-မြန်မာနယ်စပ် သုညမျဉ်းကို မတော်တဆ ဖြတ်ကျော်ပြီး ရခိုင်ပြည် ရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် ရဲတပ်ဖွဲ့က အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ပြီးနောက် ဖမ်းဆီးခံထားရသော ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကာ ၎င်းတို့ကို မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရသည်။
========================
🚩🚩 ၂။ ထန်တလန်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဒုဗိုလ်မှူးကြီးနဲ့ ဒုရဲအုပ် အပါအဝင် ၁၀ ဦးသေဆုံး
နို၀င်ဘာ ၈
Radio NUG
နို၀င်ဘာလ ပထမအပတ်အတွင်းမှာ ဖြစ်ပွားတဲ့ ထန်တလန်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး တစ်ဦးနဲ့ ဒုရဲအုပ် တစ်ဦးအပါအဝင် စစ်ကောင်စီဖက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
နို၀င်ဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အကြားက ဖြစ်ပွားတဲ့ ထန်တလန်မြို့တိုက်ပွဲအတွင်း NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်ရဲ့ လက်ဖြောင့်တပ်ဖွဲ့မှ ရှင်းလင်းနိုင်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက်က ဖြစ်ပွားတဲ့ ထန်တလန်မြို့တွင်း အနီးကပ်တိုက်ပွဲတွင် စစ်ကောင်စီ ဒုရဲအုပ် တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။
“ထန်တလန်မြို့ထဲမှာ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေတာပေါ့နော်။ သူတို့ဘက်က ဒုဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် ၁၀ ဦးကျတယ်။ ဒုဗိုလ်မှူးကြီးကတော့ လက်ဖြောင့်မိတာပါ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ် ရှိတယ်” ဟု ချင်းအမျိုးသားတပ်မတော် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်သတင်းဌာနကို ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ တပ်ကုန်း၊ NLD ရုံး၊ ရဲစခန်းနဲ့ မြို့ထဲရှိအဆောက်အအုံတွေမှာ တပ်ဖြန့်ထားပြီး ထန်တလန်မြို့ အလုံးစုံမကျဆုံးရေးအတွက် ဟားခါးဖက်က လက်နက်ကြီးပစ်ကူအပါ၀င် ဒရုန်းနဲ့တိုက်လေယာဉ်များဖြင့် အပြင်းအထန်ခုခံနေကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်သော စကစ ထောက်တိုင် ကြေးနီကားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်
နိုဝင်ဘာ ၈
Radio NUG
နိုဝင်ဘာလ ၈ရက်နေ့ နေ့လယ် 10 နာရီ 14 မိနစ်မှ စတင်၍ မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်သော စကစ ထောက်တိုင် ကြေးနီကားများကို မအူရွာထိပ်မှ အသင့်စောင့်ဆိုင်းပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း north western people defence forceမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စကစဘက်မှ Gun များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူ့ အထိအခိုက်စာရင်းအား စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို North Western People Defence Force - N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၏ Idiots Column နှင့် (မဟာမိတ်များ) မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ - တပ်ခွဲ (၂) 5၊ commando force၊ ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပကဖ မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ The Brightness၊ Ar Lar Wa Ka (LPDF) တို့ ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မုံရွာမြို့နယ် တောပုပျူရွာရှိ ပျူခေါင်းဆောင်နှင့် စစ်သားများ တည်ရှိရာ နေအိမ်များကို မရပ်မနား နေရာအနှံ့အပြားသို့ Drone တိုက်ခိုက်မှု ပြုလုပ်
နိုဝင်ဘာ ၈
Radio NUG
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၉ တပ်ရင်း FRF 2 ၊ ChinDwin fighter group (C.F.G) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people's Defence Force ၊ မုံရွာခရိုင်တပ်ရင်း (၂၃ )တပ်ခွဲ( ၅) Midlane New Generation Defence Force နှင့် ဆားလင်းကြီးဒရုန်းအဖွဲ့များ အပါအဝင် ဒရုန်းမဟာမိတ် ညီနောင်များစွာတို့ ပူးပေါင်းပြီး မုံရွာမြို့နယ် စကစများ တပ်စွဲထားသော တောပုပျူရွာရှိ ပျူခေါင်းဆောင်နှင့် စစ်သားများ တည်ရှိရာ နေအိမ်များအား မနက် ၆ နာရီခန့်မှ စတင်၍ ၉နာရီအထိ မရပ်မနား နေရာအနှံ့အပြားသို့ Drone တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း 5/ Commando Forceမှ သတင်းထုတ်ပြန်ပါတယ်။
မအူ စခများမှ လက်နက်ကြီး ပစ်ကူပေးသောကြောင့် အထိအခိုက်မရှိ ဆုတ်ခွာခဲ့ပြီး တိုက်ခိုက်မှု နေရာအား ပြောင်းရွေ့ခဲ့ကာ ညောင်ဖြူပင် စစ်တပ်အထိုင်စခန်းအား Drone များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Droup Bomb သီး အတိအကျ ကျရောက် ပေါက်ကွဲကြောင်း အတွင်းသတင်းရရှိခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်သော်လည်း အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ညောင်ဦးတွင် စစ်တပ်နှင့်ပူးပေါင်း လုပ်ကိုင်နေသူ ၃ဦးအား ပစ်ခတ်ရှင်းလင်းရာ ၂ဦး သေဆုံး
နိုဝင်ဘာ ၈
Radio NUG
နိုဝင်ဘာလ ၆ရက်နေ့ ည ၉နာရီခွဲခန့်အချိန် ညောင်ဦးမြို့နယ်အတွင်းရှိ ကျွေးရွာများအား ညောင်ဦး စရဖများနှင့် ပူးပေါင်းကာ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျေးရွာနေ ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် စိတ်ဒုက္ခပေးနေသော ကျော်ကျော်ဟန်၊ စိုးမင်းဦး၊ နေအောင်တို့ (၃)ဦးအား မြို့လှကျေးရွာ အရက်ဆိုင်တွင် အရက်သောက်နေချိန်တွင် မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း 21Bagn-People Defense force ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) မှ သတင်းထုတ်ပြန်ပါတယ်။
ပစ်ခတ်ရှင်းလင်းမှုကြောင့် ကျော်ကျော်ဟန်နှင့် စိုးမင်းဦးတို့ (၂)ဦးမှာ နေရာမှာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စတင်ပစ်ခတ်ချိန် ထွက်ပြေးသော နေအောင်ဆိုသူအား လိုက်လံပစ်ခတ်ရာ လက်တစ်ဖက်ပြတ်ကာ တော်လှန်ရေးတပ်ဖွဲ့များမှာ လုံခြုံရေးအခြေနေအရ လုံခြုံသည့် နေရာသို့ အထိခိုက်မရှိ အမြန် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုအား (၂၁) ပုဂံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT)၊ Black Eagle အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ တောင်ငူမြို့အနီး တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိ
နိုဝင်ဘာ ၈
Radio NUG
တောင်ငူမြို့အနီး တိုက်ပွဲဖြစ်ပြီး နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီခန့်မှစတင်၍ တောင်ငူလေတပ်၊ အမြောက်တပ်နှင့် အိုင်စောင့်ကျေးရွာ၌အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက အိုင်စောက်ရွာ၊ ကမ်းနီရွာ၊ ကရင်နီကုန်းရွာ၊ သက်ကယ်ကျင်းရွာနှင့် ညောင်စခန်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကွမ်းသီးပင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဟာ တောင်ငူ အိုင်စောင့် သက်ကယ်ကျင်း၊ ကရင်နီကုန်း၊ ကမ်းနီ၊ ညောင်စခန်းဘက်မှာ ဖြစ်ပွားတယ်လို့ သိရပါတယ်။
ပြည်သူ လူထုနေထိုင်ရာကျေးရွာများဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ
နိုဝင်ဘာ ၈
Radio NUG
မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE က အသိပေးထုတ်ပြန်ပါတယ်။
အထူးသဖြင့် ကရင်နီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာအဓိက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှု မြင့်တက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလအတွင်း စုစုပေါင်းထိတွေ့တိုက်ပွဲ ၆၅ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၇၀ ကျော်အထိရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၃၁ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၁ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရရှိသူ ၂၇ ယောက်၊ သေဆုံးသူ စုစုပေါင်း ၃၅ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးက ကရင်ပြည်နယ်ဖြစ်ပြီး ဒုတိယအများဆုံးက ကရင်နီပြည်နယ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈၅ယောက် ဖမ်းဆီးခံခဲ့ရပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၂၀ကျော်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဒေသတွေမှာ စစ်ကောင်စီရန်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ၃သောင်းနီးပါးအထိ ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment