၂၀၂၄ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဥပဒေချိုးဖောက်မှုများရှိလျှင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ ICJ တရားရုံးတွင် မြန်မာနိုင်ငံကို တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့် အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ
📌 ၃။ စစ်ရေးတင်းမာမှုနှင့် နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်သော လူငယ်တိုင်းအား ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိသော်လည်း ကယ်တင်နိုင်မည့် အခွင့်အရေးရှိပါက (၁)ဦးကိုပင်ဖြစ်စေ အကောင်းဆုံးကြိုးစားကယ်တင် ပေးသွားမည်
📌 ၄။ ထိုင်း-မြန်မာ နယ်စပ်ရောက် CDM စစ်သား၊ ရဲ မိသားစုများကို ပြည်သူ့ပန်းတိုင်မှ ရိက္ခာကုန်ကျစရိတ်တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ခန့် ရိက္ခာထောက်ပံ့
📌 ၅။ နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်
📌 ၆။ မြန်မာနိုင်ငံထိုင်းသံရုံးက E visa စနစ်သို့ ပြောင်းလဲသတ်မှတ်မည်
📌 ၇။ စစ်ကိုင်းမှာ ၁၃ လအတွင်း အရပ်သား ၉ ရာကျော် သေဆုံး
📌 ၈။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၃) ဦး ပါဝင်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လောင်းလုံးမှာ စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်ခဲ့တာကြောင့် တဦး သေဆုံး
🚩 ၂။ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံး
🚩 ၃။ တပ်မ ၃၃ မှ ထွက်လာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ပေါ်တာဆွဲရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်
🚩 ၅။ ရေဦးမြို့ပေါ် ရပ်ကွက်များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ထပ်မံပြုလုပ်နေ
🚩 ၆။ စဥ့်ကူးမြို့နယ်၊ အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်အခြားအသုံးဆောင်ပစ္စည်းများကို သွားရောက် လှူဒါန်းပေးအပ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဥပဒေချိုးဖောက်မှုများရှိလျှင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဒီဇင်ဘာ၁၂ရက်
Radio NUG
တချို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဥပဒေချိုးဖောက်မှုများရှိလျှင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ ၁၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၅/၂၀၂၄) ကျင်းပရာမှာ ပြောပါတယ်။
"တော်လှန်ရေးကာလ အုပ်ချုပ်ရေး အကောင်အထည်ဖော်သည်မှာ ဘယ်လိုမှ ပြီးပြည့်စုံနိုင်မှာ မဟုတ်သောကြောင့် လုပ်နိုင်ခဲ့သည်များကို ပြည်သူကို အသိပေးဖို့ လိုသလို စိန်ခေါ်မှုတွေ ရှိကြောင်းလည်း ရိုးရိုးသားသား ဝန်ခံပြောကြားရန်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်မှားကိုင်မှားကိစ္စတွေရှိလျှင် သေချာလေ့လာ သုံးသပ်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ကြဖို့ တာဝန်ရှိသလို တချို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လွန်လွန်ကျူးကျူး မူဝါဒနဲ့အညီ မလုပ်ဆောင်မှုများ ဥပဒေချိုးဖောက်မှုများရှိလျှင်လည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်"ဝန်ကြီးချုပ်ကပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲဝင်များမှ (၄၄/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ICJ တရားရုံးတွင် မြန်မာနိုင်ငံကို တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့် အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ
ဒီဇင်ဘာ ၁၂
Radio NUG
ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း ICJ တရားရုံးက သတင်းထုတ်ပြန်ထားသလို အိုင်ယာလန်အစိုးရကလည်း ICJ တရားရုံးရောက်ရှိနေသော ဂမ်ဘီယာနှင့် မြန်မာအမှုတွင် ဂမ်ဘီယာဘက်မှ ကြားဝင်ပါဝင် စွက်ဖက်မည်ဖြစ်ကြောင်း အိုင်ယာလန်အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။
တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဆလိုဗေးနီးယားနှင့် မော်လ်ဒိုက်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် အိုင်ယာလန် စုစုပေါင်း ပြည်ပနိုင်ငံပေါင်း ၁၁ ခုရှိလာမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ရေးတင်းမာမှုနှင့် နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်သော လူငယ်တိုင်းအား ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိသော်လည်း ကယ်တင်နိုင်မည့် အခွင့်အရေးရှိပါက (၁)ဦးကိုပင်ဖြစ်စေ အကောင်းဆုံးကြိုးစားကယ်တင် ပေးသွားမည်
ဒီဇင်ဘာ ၁၂
Radio NUG
ပြည်သူ့ရင်ခွင်အနေဖြင့် စစ်ရေးတင်းမာမှုနှင့် နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်သော လူငယ်တိုင်းအား ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိသော်လည်း ကယ်တင်နိုင်မည့်အခွင့်အရေးရှိပါက ၎င်းတို့အနက် (၁)ဦးကိုပင်ဖြစ်စေ အကောင်းဆုံး ကြိုးစားကယ်တင် ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသော စစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များ မြင့်တက်လျက်ရှိပြီး မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကိုပင် စိတ်ထိခိုက်ဖွယ် တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်း ဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သော အခြေအနေတွင်ရှိသည့် လူငယ်များစွာတို့သည် စစ်ကောင်စီ ယူနီဖောင်းများ ဝတ်ဆင်လျက်ဖြင့် အကြောင်းမဲ့ သိက္ခာမဲ့စွာ အသက်ဆုံးရှုံးနေရတာကြောင့် မတရားစစ်မှုထမ်း စုဆောင်းခံရသူများသည် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်များမှတဆင့် ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေများမှတဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်အား လက်နက်ဖြင့်/ လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၄။ ထိုင်း-မြန်မာ နယ်စပ်ရောက် CDM စစ်သား၊ ရဲ မိသားစုများကို ပြည်သူ့ပန်းတိုင်မှ ရိက္ခာကုန်ကျစရိတ်တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ခန့် ရိက္ခာထောက်ပံ့
ဒီဇင်ဘာ၁၂ရက်
Radio NUG
ထိုင်း-မြန်မာ နယ်စပ်ရောက် CDM စစ်သား၊ ရဲ မိသားစုများကို ပြည်သူ့ပန်းတိုင်မှ ရိက္ခာကုန်ကျစရိတ်တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ခန့်ရိက္ခာထောက်ပံ့ခဲ့တယ်လို့ ဒီဇင်ဘာ၁၂ရက်မှာ ပြည်သူ့ပန်းတိုင်က အသိပေးဆိုထားပါတယ်။
ပြည်သူနှင့် ယုံကြည်ရပ်တည်လျက် ဘဝသစ်ကို တည်ဆောက်နေကြသည့် CDM စစ်သား၊ ရဲများကို ပြည်သူ့ပန်းတိုင်မှ အတတ်နိုင်ဆုံး ကူညီပေးလျက်ရှိရာ အခြေခံရိက္ခာ အထောက်အပံ့များကိုလည်း ဒေသအသီးသီးမှ CDM စစ်သား၊ ရဲ များထံ လစဉ် အလှည့်ကျ ပေးပို့ကူညီနေပါတယ်လို့ဆိုပါတယ်။
အခြေခံရိက္ခာထောက်ပံ့မှုအတွက် လျှောက်ထားလာသည့် ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင်အတွင်းမှ CDM စစ်၊ ရဲ မိသားစု ၈၈ စု အား ဆန် ၁၅ ကီလို၊ ဆီ ၅ လီတာနှင့် ငါးသေတ္တာ ၁ ကတ် စီကိုလည်းကောင်း၊ တစ်ဦးတည်းနေထိုင်သူ ၂၃ ဦး အား ဆန် ၁၅ ကီလိုနှင့် ငါးသေတ္တာ ၁ ကတ်စီ ကိုလည်းကောင်း ၂၀၂၄၊ နိုဝင်ဘာလအတွင်းက ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
ရိက္ခာကုန်ကျစရိတ်တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ခန့် ကို ကူညီပေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၅။ နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်
ဒီဇင်ဘာ၁၂ရက်
Radio NUG
နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်တယ်လို့ ဒီဇင်ဘာ၁၂ရက်မှာ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ CEO မစ္စတာကယ်လ်ဗင်က အသိပေးကြေညာပါတယ်။
"ICO Round 2 အား တခဲနက် ယုံကြည် အားပေးမှုကို လေးစားသောအားဖြင့် ကျွန်တော်တို့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RM များမှတစ်ဆင့် တိုကင်အမှာစာများ၏ စာရင်းဖြည့် ကိုက်ညီနိုင်မည့်ကာလကို ဒီဇင်ဘာ ၁၁ ရက်နေ့ အထိ တိုးမြှင့် ခွင့်ပြုခဲ့ပါတယ်။ အားလုံး ပါဝင်ခွင့်ရရှိစေရေးကို ထောက်ရှုအလေးပေးလို၍ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးပိတ်ချိန်အထိ အစုရှယ်ယာရင်းနှီးမှု စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃.၄ သန်း သို့ ရောက်ရှိခဲ့ပြီလို့ အသိပေးအပ်ပါတယ်။ SDB နွေဦးဘဏ် က ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုထက် သာလွန်နေသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးနည်းပညာ ဂေဟစနစ်ကို ဂုဏ်ယူစွာ ဦးဆောင် ရပ်တည်နေခြင်း ဖြစ်ပါတယ်။ နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ပံ့ပိုးပေးရင်း လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ၊ ဘုံအကျိုးသက်ဆိုင်သူအားလုံးအတွက် နောက်ဆုံးပေါ် နည်းပညာများမှတဆင့် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရေရှည်တည်မြဲသော တန်ဖိုးကို ဖန်တီးပေးအပ်နိုင်ရန် အထူးအာရုံစိုက် ဆောင်ရွက်သွားမယ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ်၏CEO မစ္စတာကယ်လ်ဗင်က ထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံထိုင်းသံရုံးက E visa စနစ်သို့ ပြောင်းလဲသတ်မှတ်မည်
ဒီဇင်ဘာ၁၂ရက်
Radio NUG
မြန်မာနိုင်ငံ ထိုင်းသံရုံးက E visa စနစ်သို့ ပြောင်းလဲသတ်မှတ်မည် ဖြစ်ကြောင်းကြိုတင်အသိပေးကြေညာပါတယ်။
မြန်မာနိုင်ငံထိုင်းသံရုံးက January 1နေ့မှစ၍ E visa စနစ်သို့ ပြောင်းလဲသတ်မှတ်မည် ဖြစ်ကြောင်း ဒီဇင်ဘာ၁၂ရက် တရားဝင်ကြေညာလိုက်ပါတယ်။
ဒီစနစ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့က စတင်မည်ဖြစ်ကာ ဗီဇာလျှောက်ထားသူများအနေနဲ့ စာရွက်စာတမ်းများ ကိုင်ဆောင်ကာရုံးသို့ လာရောက်ရန်မလိုတော့ကြောင်း အသိပေးဖော်ပြပါတယ်။
သံရုံးသွင်းငွေကိုတော့ Visa တင်ပြီး သံရုံးကို ငွေသားလာသွင်းရမှာဖြစ်ပြီး ဒီဇင်ဘာ၂၅ရက် ကနေ ၃၁ရက်အထိ E visa စနစ်ပြောင်းလဲဖို့ ပြင်ဆင်ရန်အတွက် ဗီဇာလျှောက်လွှာလက်ခံခြင်းကို ရပ်နားထားပါမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းမှာ ၁၃ လအတွင်း အရပ်သား ၉ ရာကျော် သေဆုံး
ဒီဇင်ဘာ ၁၂
Radio NUG
စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှုတွေကြောင့် ၂၀၂၃ ဇူလိုင်မှ ၂၀၂၄ ဩဂုတ်လအထိ အရပ်သား ၉၅၈ ဦး သေဆုံးပြီး ၁,၁၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar က ဒီဇင်ဘာလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၁၃ လသာ ကာလအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၆၈၉ ဦး၊ တော်လှန်ရေး အဖွဲ့တွေကြောင့် ၁၅၂ ဦးနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခြင်း၊ အရပ်သားအချင်းချင်းနဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့် သေဆုံးခြင်းနဲ့ တခြားကျူးလွန်မှုတွေကြောင့် ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးမှုရဲ့ ၉၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာနဲ့ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ ခရိုင်ပေါင်း ၁၃ ခုရှိတဲ့အထဲက မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နဲ့ ကလေးခရိုင်တို့မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး ထိခိုက်သေဆုံးမှုရဲ့ ၃၅ ရာခိုင်နှုန်းဟာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အရပ်သား ထိခိုက်မှုတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းတာ၊ အရပ်သားနဲ့ လက်နက်ကိုင်မခွဲခြားပဲ ပစ်ခတ်တိုက်ခိုက်တာနဲ့ အရပ်သားထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်ပေးမှု အားနည်းတာတွေကြောင့်လို့ ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်ပြီး နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း စစ်ပွဲပဋိပက္ခအတွင်း အရပ်သား ထိခိုက်မှု လျော့နည်းအောင် ပညာပေးတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၈။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၃) ဦး ပါဝင်
ဒီဇင်ဘာ၁၂ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပါတယ်။
ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၃) ဦး ပါဝင်ကာ အဆိုပါ (၄၆) ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၃၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ကျန် (၈) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်ပြည်သူ့စစ် (PNO) တို့မှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တောင်ယာခြံထဲတွင် ပြောင်းဖူးချိုးနေသည့် မိသားစုဝင် သုံးဦးကို ထိမှန်ကာ အမျိုးသားဖြစ်သူ ခွန်ငယ်လေးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ မနန်းထွေးနှင့် ကလေးငယ်တဦးတို့မှာ ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လောင်းလုံးမှာ စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်ခဲ့တာကြောင့် တဦး သေဆုံး
ဒီဇင်ဘာ ၁၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ လောင်းလုံ မြို့နယ်မှာ စစ်ကောင်စီ တပ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တဦး သေဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လောင်းလုံး မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက မင်းရပ်ရွာမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ဦးကို တားဆီးခဲ့ရာ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ လိုက်လံပစ်ခတ်နေတဲ့ စစ်ကောင်စီ တပ်သားများကို မင်းရပ်ရွာထဲမှာ ကျန်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ၄၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ လူငယ်နှစ်ဦးမှာ လွတ်မြောက်လာခဲ့ပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းနဲ့ ဒါဏ်ရာရသူ ၂ ဦးကို ရာဘာပြားများ တင်ဆောင်လာတဲ့ ကားတစီးအား ချောဆွဲပြီး ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ အင်အား ၂၀၀ ကျော်ဖြင့် လောင်းလုံမြို့ အထက်ပိုင်းက ကျေးရွာများကို စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး အရပ်သား ပြည်သူတချို့ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။
========================
🚩🚩 ၂။ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံး
ဒီဇင်ဘာ ၁၂
Radio NUG
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ သိရပါတယ်။
အဆိုပါစခန်းတွင် စစ်တပ်မှ အင်အား၅၀ခန့်ဖြင့် တပ်စွဲထားတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
========================
🚩🚩 ၃။ တပ်မ ၃၃ မှ ထွက်လာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
ဒီဇင်ဘာ ၁၂ ရက်၊
Radio NUG
ဒီဇင်ဘာလ ၁၁ ရက် မနက် ၉ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ တပ်မ ၃၃ မှ ထွက်လာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မုံရွာ - မန္တလေး လမ်းပိုင်း တနေရာမှာ ပဒေသာမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းက ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ၆ စီးမြောက် စစ်ကားကို ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ယာဉ်တန်းဟာ လက်နက်ငယ်များနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး မုံရွာမြို့ဘက်ကို မောင်းနှင်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦး အခြေစိုက် ပြည်သူကာကွယ်ရေးတပ်၊ ဗမာလွတ်မြောက်ရေးတပ်ဦး (BLDF) တပ်ခွဲ၊ အညာမိုင်း က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ပေါ်တာဆွဲရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်
ဒီဇင်ဘာ ၁၂ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာကို ပေါ်တာဆွဲရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဇီးကုန်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာ ပျူစောထီး အဖွဲ့ ဆိုင်ကယ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုအပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီနဲ့ ပျူအဖွဲ့မှ ၁ ဦး နေရာမှာပဲ သေဆုံသွားခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ၄ ဦးထဲမှ ဆေးရုံမှာ နောက်ထပ် ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့နဲ့ BTZM GBK PDF ပဲခူးရိုးမ အခြေပြု တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ရေဦးမြို့ပေါ် ရပ်ကွက်များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ထပ်မံပြုလုပ်နေ
ဒီဇင်ဘာ ၁၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် ရပ်ကွက်များမှ လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ အမေ့သား PDC က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်က ရပ်ကွက်နေအိမ်တွေထဲထိ ဝင်ရောက်ကာ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။
ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဗိုလ်အောင်ဇေယျ ရပ်ကွက်နဲ့ ရွှေပြည်သာ ရပ်ကွက်တို့မှာလည်း ဝင်ရောက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကာ လူငယ် ၂၀ ဦး ထက်မနည်း ဖမ်းဆီး ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ်များကို တိုင်းရင်းဆေးရုံနဲ့ အထက (၁) ကျောင်းထဲမှာ ထိန်းသိမ်းထားပြီး စစ်သင်တန်း ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အခုလို စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ် နေတာကြောင့် လူငယ်လူရွယ်များ ဂရုစိုက် ရှောင်ကျင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ စဥ့်ကူးမြို့နယ်၊ အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်အခြားအသုံးဆောင်ပစ္စည်းများကို သွားရောက် လှူဒါန်းပေးအပ်ခဲ့
ဒီဇင်ဘာ ၁၂
Radio NUG
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများထံသို့ ဆန်၊ ဆီ၊ အဝတ်အထည်များနှင့် အခြားအသုံးဆောင်ပစ္စည်းများကို သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ ဒီဇင်ဘာ၁၂ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း(အမှတ် -၁၂၂၂)က သတင်းထုတ်ပြန် ဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-၁၂၂၂မှာ ပြည်သူများ၏ လိုအပ်ချက်များကို အစဉ်အမြဲကူညီပံ့ပိုးပေးနိုင်ရန် ကြိုးစားလျှက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများထံသို့ ထပ်မံလှူဒါန်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment