၂၀၂၄ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ Road to Rangoon ကမ်ပိန်းဖွင့်ပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်မယ်
📌 ၂။ နွေဦးထီ(၁၀) စောင် ဝယ်ယူတိုင်း ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်ကနေ ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်
📌 ၃။ တားပလိန်း (ခေါ်) ငွံတ်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနှင့် တအာင်းနှစ်သစ်ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်
📌 ၄။ ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉သန်း ရှိ
📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်
📌 ၆။ တာချီလိတ်တွင် ပြည်သူ့စစ်ခေါင်းဆောင် မောင်းလာသည့် ကားမှ ကျပ်သိန်းပေါင်း (၉,၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
📌 ၇။ တာချီလိတ် KBZ ဘဏ်ခွဲ 2ရှေ့ ငွေလဲဆိုင်မှ တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
📌 ၈။ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၃၇) ဦး သေဆုံးခဲ့ရ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ BWM ၏ Mission 26အနေနဲ့ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ နောက်ဆက်တွဲ အပျက်အစီးများ ထုတ်ပြန်
🚩 ၂။ ရန်ကုန် - မန်းလေးအမြန်လမ်းပိုင်း မိုင်တိုင် (၃၁၉)ရှိ စစ်တပ်စစ်ဆေးဂိတ်ကို တိုက်ခိုက်
🚩 ၃။ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရောက်မှာ ဖြစ်တာကြောင် လုံခြုံရေး ကင်းပုန်းဝပ်ရန် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ
🚩 ၄။ ဆားလင်းကြီး အိုမရွာရှိ နေအိမ်များအား မီးရှို့၊ ဝမ်ပေါင်ဧရိယာအတွင်းရှိ ကျေးရွာများ စစ်ဘေးရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ Road to Rangoon ကမ်ပိန်းဖွင့်ပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်မယ်
ဒီဇင်ဘာ၁၃ ရက်
Radio NUG
Road to Rangoon ကမ်ပိန်းဖွင့်ပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်မယ်လို့သိရပါတယ်။
ဒီဇင်ဘာ၁၅ရက်မြန်မာစံတော်ချိန် ည ၈ နာရီမှာ အဆိုပါအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်။
ရန်ကုန်PDF နှင့် ရန်ကုန်ပကဖ အတူတကွ ဟန်ချက်ညီဆောင်ရွက်ကြမည့် ရန်ကုန်သို့လျှောက်သောလမ်း "Road to Rangoon" Campaign ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှ PDF တပ်ရင်းများ၊ ပကဖတပ်ဖွဲ့များအတွက် စစ်ဆင်ရေးလိုအပ်ချက်များ ဖြည့်တင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ ကမ်ပိန်းရည်မှန်းချက်မှာ ကျပ်သိန်းပေါင်း ၅၀၀၀ ဖြစ်ပြီး ပြည်သူများကို Road to Rangoon လမ်းဖောက်ရာမှာ ပါဝင်ကူညီကြဖို့ နှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ နွေဦးထီ(၁၀) စောင် ဝယ်ယူတိုင်း ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်ကနေ ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်
ဒီဇင်ဘာ၁၃ရက်
Radio NUG
နွေဦးထီ(၁၀) စောင် ဝယ်ယူတိုင်း ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်ကနေ ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။
ဒီဇင်ဘာ၁၃ရက် အောင်လံလွှင့်ချီနွေဦးထီက အသိပေးဆိုထားပါတယ်။
ဒီဇင်ဘာအမှတ်တရရော နှစ်ကူးလက်ဆောင်တွေပါ တသီကြီးပေးချင်နေတဲ့ အောင်လံလွှင့်ချီ နွေဦးထီကတော့ ခုဆိုရင် အားလုံးမျှော်လင့်နေတဲ့ ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်လေးရဲ့ ဝှက်ထားတဲ့ ထပ်တိုးဆုကို ထုတ်ဖော်လာပါပြီ။ နောက်ထပ် အပိုဆုကတော့ ကံထူးရှင် ၅ ဦးကို နွေဦးဘဏ် ရှယ်ယာ SDB Token $30 ဖိုး ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မိမိကိုယ်တိုင် (သို့မဟုတ်) NOH agent ၊ နွေဦးရိန်းဂျားများထံမှ ကံစမ်းနိုင်ပါတယ်။ (၁၀) စောင် ဝယ်ယူတိုင်း ကံစမ်းခွင့် (၁) ကြိမ်ရရှိမှာ ဖြစ်ပြီး ကံစမ်းထားသူများထဲမှာ (၁၅) ဦး တိတိကို ကျပန်း ရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
ယခင်လမှာ ဘဏ်ရှယ်ယာရှင် ဖြစ်ခွင့် ကပ်လွဲခဲ့သူများလည်း ဒီတခေါက် ကံထူးဖို့အတွက်ဝယ်ယူကြဖို့ဆိုထားပါတယ်။
========================
📌📌 ၃။ တားပလိန်း (ခေါ်) ငွံတ်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနှင့် တအာင်းနှစ်သစ်ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်
ဒီဇင်ဘာ (၁၃)
Radio NUG
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာတွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့သည့် တားပလိန်း (ခေါ်) ငွံတ်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနှင့် (၂၇၁၆)နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါအခမ်းအနားကို ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ငွံတ်ရောတ်မျိုးနွယ်စုများကို ရွေးချယ်စိစစ်ကာ (၂၆)ယောက်မြောက် ငွံတ်ရောတ်မျိုးနွယ်စု အကြီးအကဲတစ်ဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးဆောင်သူ (၂၉)ဦးပါ မျိုးနွယ်စုအကြီးအကဲရွေးချယ်ရေးကော်မတီဖွဲ့က မြို့သစ်ကျေးရွာနေ အသက်(၈၁)နှစ်ရှိ တာအနွယ်ကို မျိုးနွယ်စုအကြီးအကဲအဖြစ် တင်မြှောက်ခဲ့ပြီး အတွင်းရေးမှူး (၃)ဦးကိုလည်း စိစစ်ရွေးချယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ (၂၇၁၆)နှစ်ပြည့် တအာင်းနှစ်သစ်ကြိုဆိုပွဲကို တစ်ပါတည်း ကျင်းပခဲ့ကာ ထိုအခမ်းအနားတွင် ဗိုလ်ချုပ်တားဘုန်းကျော်မှ (၂၇၁၆) နှစ်သစ်တွင် တအာင်းလူငယ်မောင်မယ်များ၊ တအာင်းမျိုးနွယ်စုများ တွေ့ဆုံခွင့်ရခြင်းသည် ဝမ်းသာပီတိဖြစ်မိကြောင်းနှင့် တအာင်းပြည်အတွင်း တအာင်းလူမျိုးများ အချင်းချင်း စည်းစည်းလုံးလုံးနေထိုင်သွားကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းအခမ်းအနားတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာ (၁၃)ရွာရှိ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ဒေသခံလူငယ်များနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀)ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉သန်း ရှိ
ဒီဇင်ဘာ၁၃ရက်
Radio NUG
၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉သန်း ရှိကြောင်းသိရပါတယ်။
ဒီဇင်ဘာ၁၃ရက် UN OCHAက ထုတ်ပြန်ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉သန်း ရှိပြီး၊ HNRP သည် အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅သန်းအား လူမှုဘ၀ ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကို အဆိုပြုတောင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ စံချိန်တင်များပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်
ဒီဇင်ဘာ ၁၃
Radio NUG
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ မနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်း ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း UNODC က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ပြီး၊ ဒီနှစ်မှာတော့ ချင်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိပြီး ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျဆင်းခဲ့ပေမယ့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှု ၁၀ % ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာလည်း အခုနှစ်ဘိန်းစိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့ပေမယ့် ကယား ပြည်နယ်မှာ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မူးယစ်ဆေးဝါး တားဆီးပိတ်ပင်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ လေးရာခိုင်နှုန်းအထိ အတန်အသင့် ကျဆင်းခဲ့ပေမယ့် အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ မူးယစ်ဆေးဝါးကို ဆက်လက်တားမြစ်နေတာကြောင့် ကမ္ဘာ့ဘိန်းဈေးကွက်မှာ မြန်မာဈေးကွက်က အချက်အချာ ကျလာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု ပိုမိုမြင့်တက်လာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုဟာ တရားမဝင် ဘိန်းစိုက်ပျိုးမှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ တာချီလိတ်တွင် ပြည်သူ့စစ်ခေါင်းဆောင် မောင်းလာသည့် ကားမှ ကျပ်သိန်းပေါင်း (၉,၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဒီဇင်ဘာ ၁၃
Radio NUG
တာချီလိတ်မြို့၊ မယ်ယန်းတွင် ကျပ်သိန်းပေါင်း (၉,၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရာ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်နေကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူ စိုင်းရွှေအောင်သည် ယမ်းမိုင်ကျေးရွာအုပ်စုရဲ့ ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်ပြီး လက်နက်ပါလာကာ ပြည်သူ့စစ် လက်မှတ် မပြနိုင်လို့ စစ်ဆေးစဉ် မူးယစ်ဆေးဝါးများကို ကားအတွင်းမှာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကားအတွင်းမှ စုစုပေါင်းအလေးချိန် (၁၁၅)ကီလိုရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖြစ်ပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၉,၂၀၀) တန်ဖိုးရှိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူမှာ စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဖြစ်နေခြင်းကြောင့် စစ်တပ်၏ ပုံရိပ်ကို ထိခိုက်မည်စိုး၍ သတင်းထုတ်ပြန်ရာတွင် စိုင်းရွှေအောင်မှာ ပြည်သူ့စစ်ခေါင်ဆောင် တစ်ဦးဖြစ်ကြောင်းနှင့် လက်နက်ပါရှိကြောင်းကိုတော့ သတင်းထုတ်ပြန်ရာတွင် မဖော်ပြထားဘဲ ထိန်ချန်ထားပါတယ်။
========================
📌📌 ၇။ တာချီလိတ် KBZ ဘဏ်ခွဲ 2ရှေ့ ငွေလဲဆိုင်မှ တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
ဒီဇင်ဘာ ၁၃
Radio NUG
ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်အချိန်တွင် KBZ ဘဏ်ခွဲ 2ရှေ့ ငွေလဲဆိုင်က တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရလိုက်ရကြောင်း ဒေသသတင်းများအရ သိရပါတယ်။
တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ဆိုရင် မီတာ(၇၀)ဝန်းကျင်သာ ကွာဝေးတဲ့ နေရာတွင် အသက်(၇၈)နှစ်ရှိ တရုတ်အမျိုးသား ဦးရန်ထင်ချန်းဆိုသူ ဆိုင်ရှေ့ထွက်ပြီး လမ်းပေါ် ရေလောင်းနေစဉ် ကားနဲ့ရောက်ရှိလာတဲ့ လက်နက်ကိုင် လူ (၃)ဦးက ဖမ်းဆီးခေါ်ဆောင်သွားတာကို CCTVမှတ်တမ်းအရ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားချိန် အမျိုးသမီးတစ်ဦး ထွက်လာပြီး ပြန်လည်ဆွဲတဲ့အခါ ကားနဲ့တရွတ်တိုက် ပါသွားပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဝန်းကျင်မှာ ကျကျန်ခဲ့တာကိုလည်း တွေ့ရပါတယ်။
တာချီလိတ်မြို့မှာ မကြာခဏ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပြီး နိုဝင်ဘာလ (၂၉)ရက်နေ့က လူငယ် (၅)ဦးကို လမ်းပေါ်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ကိုလည်း အခုချိန်ထိ ဖော်ထုတ်ရမိခြင်း မရှိသေးပါဘူးလို့ သိရပါတယ်။
========================
📌📌 ၈။ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၃၇) ဦး သေဆုံးခဲ့ရ
ဒီဇင်ဘာ၁၃ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ (၃၇) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး တနင်္သာရီတိုင်းမှာ (၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။
အမှတ် (၃၃) ခြေမြန်တပ်ရင်းမှ ထွက်လာသော သံချပ်ကာကား ငါးစီးပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မအူစစ်ဆေးရေးဂိတ်အနီး၌ စစ်အုပ်စုက ရမ်းသန်းပစ်ခတ်သဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုအေးလွင်ကို ကျည်ထိမှန်၍ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
========================
🚩🚩 ၁။ BWM ၏ Mission 26အနေနဲ့ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ နောက်ဆက်တွဲ အပျက်အစီးများ ထုတ်ပြန်
ဒီဇင်ဘာ ၁၃
Radio NUG
BWM(brave warriors for myanmar)၏ mission 26အနေနဲ့ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ နောက်ဆက်တွဲ အပျက်အစီးများကို ဒီဇင်ဘာလ ၁၁ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း တောင်ငူ လေတပ်စခန်းရဲ့ အရာရှိလိုင်းခန်းထိပြီး စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ သေဆုံးသူ တွေကို နေ့ချင်း သဂြိုလ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်မှ ၉ ဦး ဒဏ်ရာရပြီး ၎င်း၉ဦးထဲမှ ၂ ဦးမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဘားတိုက် တစ်ခုနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးပြီး တပခ အပျက်အစီး သတင်းမရဘူးလို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ရန်ကုန် - မန်းလေးအမြန်လမ်းပိုင်း မိုင်တိုင် (၃၁၉)ရှိ စစ်တပ်စစ်ဆေးဂိတ်ကို တိုက်ခိုက်
ဒီဇင်ဘာ ၁၃
Radio NUG
ဒီဇင်ဘာလ ၁၂ ရက် ညနေ ၃ နာရီ၀န်းကျင်တွင် နွားထိုးကြီးမြို့နယ် ရန်ကုန် - မန်းလေးအမြန်လမ်းပိုင်း မိုင်တိုင် (၃၁၉)တွင် ဂိတ်ချတပ်စွဲအထိုင်ချ စစ်ဆေးရေးလုပ်နေသော စစ်သားများအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နှင့် MDDSက ဝေဟင်မှ Shar Htoo Waw Fixed Wing နည်းပညာဖြင့် (၅)ကြိမ်၊ Drone ဖြင့် ဗုံးသီး (၂) လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်မှ၀င်ရောက်၍ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ရန်သူ့ဘန်ကာအနီးနားထိ တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကူများ ရောက်ရှိလာခြင်းကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိဘဲ ပြန်၍ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် (၄)ဦး မစိုးရိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန့်သူ့ဘက်မှ နာရေးကား၂စီးဖြင့် မိတ္ထီလာသို့ ပို့ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရောက်မှာ ဖြစ်တာကြောင် လုံခြုံရေး ကင်းပုန်းဝပ်ရန် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ
ဒီဇင်ဘာ ၁၃
Radio NUG
ပြင်ဦးလွင်မြို့တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်းအနားသို့ မင်းအောင်လှိုင် တက်ရောက်မှာ ဖြစ်လို့ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း စည်ပင်အရာရှိတစ်ဦးမှ ပြောကြားထားပါတယ်။
ဒီဇင်ဘာဆန်းပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့တွင်းနှင့် မြို့ပြင်များတွင် စစ်တပ်က ကင်းပုန်းများ ဆက်တိုက်ချထားပြီး ကင်းပုန်းဝပ်ရန် အနှောင့်အယှက်ဖြစ်စေမည့် ခွေးလေခွေးလွင့်များကို အဆိပ်ချ ရှင်းလင်းရန် စစ်ရုံးက အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း စည်ပင်၊ ရဲနဲ့ ပြည်သူ့စစ်တွေက ခွေးတွေကို အဆိပ်လိုက်ချတာကြောင့် လမ်းတွေပေါ်မှာ ခွေးတွေ သေနေကြကာ လူတင်မကဘူး ခွေးတွေပါ မကျန်အောင်ဒုက္ခပေးနေတာလို့ ဒေသခံပြည်သူတစ်ဦးက ပြောထားပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲတက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ယမန်နေ့ ပြင်ဦးလွင်တွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် လမ်းများ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် သို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် တက်ရောက် လျာထားပြီး လုံခြုံရေးဆိုင်ရာ အခြေအနေများရှိပါက ပွဲတက်မည့်ရက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောကြားထားပါတယ်။
========================
🚩🚩 ၄။ ဆားလင်းကြီး အိုမရွာရှိ နေအိမ်များအား မီးရှို့၊ ဝမ်ပေါင်ဧရိယာအတွင်းရှိ ကျေးရွာများ စစ်ဘေးရှောင်နေရ
ဒီဇင်ဘာ ၁၃
Radio NUG
ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဝမ်ပေါင်မှ ထွက်လာသော စစ်ကောင်စီတပ်များနဲ့ ဒေသခံတော်လှန်ရေးတပ်များ ထိတွေ့မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့တာကြောင့် စစ်ကောင်စီတပ်များ ဝင်ရောက်လာကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ သတင်းဖော်ပြထားပါတယ်။
ယင်းထိတွေ့မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မြန်မာဝမ်ပေါင်ဧရိယာအတွင်းရှိ ကျေးရွာ ၆ ရွာခန့် ရှောင်တိမ်းနေရတယ်လို့ ဖော်ပြထားပါတယ်။
ညနေပိုင်းမှာလည်း အိုမရွာရှိ နေအိမ်တချို့အား အကြမ်းဖက်စစ်တပ်မှ မီးရှိ့လျက် ရှိနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment