၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မုံရွာရဲစခန်းက အချုပ်သားတွေကို လုံလောက်တဲ့နေရာထိုင်ခင်းနဲ့ အစားအသောက်မကျွေးဘဲ ဥပဒေမဲ့ ဖမ်းဆီးနေတယ်လို့ PPNM ပြော
📌 ၂။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စကစနယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရတယ်လို့WFPထုတ်ပြန်
📌 ၃။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် နေ့သင်တန်း (Full-time Program) ဒုတိယနှစ်မှ မဟာတန်းအထိ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်းကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကြေညာ
📌 ၄။ တောင်ငူခရိုင်မှာရှိတဲ့ ဌာနေလူမျိုးစုပိုင်တဲ့ ဧကတသန်းကျော်ရှိ ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်
📌 ၅။ နမ့်ဆန်မြို့နယ်မှာ TLEC က ဦးစီးတဲ့ ကျောင်းစုံညီပွဲတော်နဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် ပြိုင်ပွဲကျင်းပ
📌 ၆။ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဖုန်းနံပါတ်အဟောင်းများနှင့်ထိုင်းသံရုံးဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး ဗီဇာကြေးလိမ်လည်တောင်းခံမှုများကိုသတိပေး
📌 ၇။ Click 2donate ကနေ တော်လှန်ရေးအင်အားစုများထံသို့ ကာကွယ်ရေးဝန်ကြီးဌာနကြားခံ၍ ထောက်ပို့ငွေသိန်းနှစ်ရာကျော်ပေးပို့ပြီးစီး
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်ကျန်စစ်သည်တွေ အသက်ရှင်လိုရင် အလံဖြူထောင်ဖို့ AA ထပ်မံ သတိပေး
🚩 ၂။ KNU ဌာနချုပ်ဟောင်း မာနယ်ပလောစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီ အရာရှိ အပါအဝင် ၅ ဦး ဖမ်းမိ
🚩 ၃။ အုတ်ဖိုနယ်မှာ ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၄။ လားရှိုး မန်အိုင်ရွာက အမျိုးသားတဦး စစ်စခန်းဟောင်းအနီးမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံး
🚩 ၅။ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်ရင်း ဖွဲ့စည်းပုံနဲ့ ကျင့်ဝတ်များကို အသိပေး ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မုံရွာရဲစခန်းက အချုပ်သားတွေကို လုံလောက်တဲ့နေရာထိုင်ခင်းနဲ့ အစားအသောက်မကျွေးဘဲ ဥပဒေမဲ့ ဖမ်းဆီးနေတယ်လို့ PPNM ပြော
ဒီဇင်ဘာ၁၈ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့မရဲစခန်းက အချုပ်ခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေကို ရဲတွေက လုံလောက်တဲ့ နေရာထိုင်ခင်းမပေးတဲ့အပြင် ကျန်းမာရေးနဲ့သင်တော်တဲ့ အစားအသောက်များ မကျွေးဘဲ ဥပဒေမဲ့ ဖမ်းဆီးထားရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအခြေနေ အခက်အခဲတွေအပေါ် အခွင့်ကောင်းယူပြီး ရဲဝန်ထမ်းမိသားစုဝင်တွေကပါ ကိုယ်ကျိုးစီးပွားရှာ ခေါင်းပုံဖြတ်နေ တာကို PPNM အနေနဲ့ စုံစမ်းစီစစ်ပြီး အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
မုံရွာမြို့မ ရဲစခန်းစခန်းမှူးနဲ့ ဂတ်စာရေးတို့ဟာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးထားတဲ့ အချုပ်သားတွေကို အဓိကထား ဖိနှိပ်နေတဲ့ အပြင် ဆဲရေးတိုင်းထွာတာ မိသားစုဝင်တွေ ပေးပို့လာတဲ့ ပိုက်ဆံနဲ့အခြားပစ္စည်တွေကို ဖြတ်ယူတာ၊ အလွဲသုံးစားလုပ်တာ တွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။
မုံရွာမြို့မရဲစခန်းဟာ ပေ ၃၀× ပေ ၄၀ ဝန်းကျင်ခန့်သာ အကျယ်ရှိပြီး ဒီအခန်းထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ တွေအပါအဝင် အချုပ်သား ၂၀၀ ဝန်းကျင်လောက်အထိရှိတယ်လို့လည်းသိရပါတယ်။
အခုလို အချုပ်သားတွေကို စုပြုံထားရှိတာဟာ ရဲစခန်းတိုက်ခိုက်ခံရချိန်မှာ အချုပ်သားတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်တာမျိုးဖြစ်နိုင်တယ်လို့ မုံရွာမြို့ခံအချို့က မှတ်ချက်ပြုပါတယ်။
ဒါကြောင့် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ၊သပိတ်အင်အားစုများ ၊လူ့အခွင့်အရေးအဖွဲ့ အစည်းများအနေနဲ့ အကျဉ်းထောင်များနဲ့အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျတဲ့ ကူညီမှု၊ ထိရောက်တဲ့ အရေးယူမှုနဲ့ လူမှုရေးပြစ်ဒဏ်ပေးမှုတွေ ထိရောက်စွာပြုလုပ်ပေးကြဖို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စကစနယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရတယ်လို့WFPထုတ်ပြန်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စကစနယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရတယ်လို့ ဒီဇင်ဘာ၁၈ရက်မှာ World Food Programme (WFP) Myanmarက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရတယ်လို့ဖော်ပြပါတယ်။
လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့လည်းဆိုထားပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့ပြီးထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိဘူးလို့WFPကဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၃။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် နေ့သင်တန်း (Full-time Program) ဒုတိယနှစ်မှ မဟာတန်းအထိ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်းကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကြေညာ
ဒီဇင်ဘာ၁၈ရက်
ဝိဇ္ဇာသိပ္ပံတက္ကသိုလ် နေ့သင်တန်း (Full-time Program) ဒုတိယနှစ်မှ မဟာတန်းအထိ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်မှ ဒီဇင်ဘာ၁၈ရက်မှာ ကြေညာခဲ့ပါတယ်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ၂၀၂၅ ပညာသင်နှစ်၊ နေ့သင်တန်း (Full-time Program) တက်ရောက်မည့် ဒုတိယနှစ်မှ မဟာတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးထားပါတယ်။
အသေးစိတ်အချက်အလက်များကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်သို့ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ တောင်ငူခရိုင်မှာရှိတဲ့ ဌာနေလူမျိုးစုပိုင်တဲ့ ဧကတသန်းကျော်ရှိ ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်
ဒီဇင်ဘာ၁၈ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေနယ်မြေ တောင်ငူခရိုင်အတွင်း နေထိုင်ကြတဲ့ ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်ခြင်းနဲ့ အခြေခံဥပဒေအတည်ပြုခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁ဝ ကနေ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဌာနေကရင်လူမျိုးတွေဖြစ်တဲ့ ကညောဝါး၊ ဂေဘား၊ မော်နေပွာ၊ ပကူး၊ ဘွဲ၊ မိုဘွာနဲ့ အခြားသောဌာနေလူမျိုးစု ကိုယ်စာလှယ် တွေဟာ သဘာဝဂေဟစနစ်နဲ့ ဌာနေလူမျိုးစုတို့ရဲ့ ရိုးရာယဥ်ကျေးမှုကို ကာကွယ်မည့် ၅ထောင့် ၇ရာ ၅ ဆယ် ၄ စတုရန်း ကီလိုမီတာ ဧကအားဖြင့် တသန်းကျော်ရှိတဲ့ သောသီတောအူးဌာနေလူမျိုးစုများဥယျာဥ်ကို တရားဝင်ဖွင့်လှစ် လိုက်တာလို့ ဆိုပါတယ်။
ဖွင့်ပွဲအခမ်းအနားကို တပ်မဟာ- ၂ အုပ်ချုပ်နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကော်မူထီးရှီးနဲ့ မိုနေပွာ နယ်မြေမှာ ကျင်းပခဲ့တာလို့ သိရပါတယ်။
သောသီလို့ခေါ်တဲ့ ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်လှစ်ကြေညာခြင်း အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟို အတွင်းရေးမှူး- ၁ ပဒိုစောသောသီဘွဲ တက်ရောက်အားပေးခဲ့ပြီး ဌာနေလူမျိုးစုများဥယျာဥ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သလို တက်ရောက်လာတဲ့ လူမျိုးစုခေါင်းဆောင်တွေ အမှာစကားပြောကြားခဲ့တယ် လို့ အသိပေးထားပါတယ်။
ဒီအခမ်းအနားမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက မျှော်မှန်းချက် ရည်မှန်းချက်တွေ ရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်- KESAN က တာဝန်ရှိသူများ၊ လူမျိုးစုခေါင်းဆောင်များအပါအဝင် ဌာနေလူမျိုးစုများ စုစုပေါင်းလူဦးရေ တထောင်ကျော်တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဥယျာဉ်ရေရှည်တည်တံ့စေဖို့အတွက် ဌာနလူမျိုးစုကိုယ်စားပြု ၃၆ ဦး၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၁၂ ဦး၊ ကရင် လူမှုအဖွဲ့အစည်းကိုယ်စားပြုမှု ၁၄ ဦး၊ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားပြုမှု ၃၇ ဦးကို ဌာနလူမျိုးစုတွေရဲ့ ဆန္ဒမဲပေး စနစ်နဲ့ ရွေးချယ်တင်မြောက်မှာဖြစ်ပြီး ဒီ ၉၉ ဦးဟာ အဖွဲ့ဝင်တွေဖြစ်လာမယ်လို့ သိရပါတယ်။
သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ် အုပ်ချုပ်ရေးကော်မတီမှာ တာဝန်ထမ်းဆောင်ဖို့ အဲဒီ ၉၉ ဦးထဲက ၁၁ ဦးကို အထွေထွေညီလာခံကနေတဆင့် ရွေးချယ်တင်မြောက်မယ်လို့လည်း သိရပါတယ်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ်ကို ဌာနေလူမျိုးစုတို့၏ ထုံတမ်းစဉ်လာ ယဉ်ကျေးမှုကို ကမ္ဘာ့အမြင်မှာ ပြန်လည် အသက်သွင်းဖို့နဲ့ ကာကွယ်ဖို့ ၊ ဘိုးဘွားပိုင်နယ်မြေနဲ့ သဘာဝရင်းမြစ်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးစနစ် အားကောင်း လာဖစဖို့၊ စုံလင်တဲ့ဇီဝမျိုးကွဲနှင့်ယဥ်ကျေးမှုများကို ထိန်းသိမ်းပြီး ဂေဟစနစ်ရှင်သန်လည်ပတ်ခြင်းဖြင့် ရရှိလာတဲ့ အကျိုး ကျေးဇူးကို လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များ ခံစားနိုင်ဖစဖို့ ၊ (၄)ရေရှည်ဖွံ့ဖြိုးရေးအစီအစဥ်များအား ဌာနေ လူမျိုးစုများကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်ထားပါတယ်။
========================
📌📌 ၅။ နမ့်ဆန်မြို့နယ်မှာ TLEC က ဦးစီးတဲ့ ကျောင်းစုံညီပွဲတော်နဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် ပြိုင်ပွဲကျင်းပ
ဒီဇင်ဘာ၁၈ရက်
တအာင်းပြည်နယ် တပ်မဟာ-၂ နယ်မြေ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာမှာ Ta'ang Land Education Committee - TLEC က ဦးဆောင်ပြီး ကျောင်းစုံညီပွဲတော်နဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် ပြိုင်ပွဲကျင်းခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၈ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အာရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ စုပေါင်းပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ကျောင်းစုံညီပွဲ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသား ကျောင်းသူ တရာနီးပါး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ မှာ ကျင်းပခဲ့ပြီး ပြိုင်ပွဲမှာ ထူချွန်တဲ့ ကျောင်းသူ ကျောင်းသားတွေကို အဆင့်အလိုက် ဆုချီးမြှင့်ပေးခဲ့တယ်လို့ အသိပေးပါတယ်။
ကျောင်းသားကျောင်းသူတွေ အင်္ဂလိပ်စကားပြောစွမ်းရည်မြှင့်တင်ပေးဖို့နဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင် စွာ သင်ယူတတ်မြောက်စေဖို့ရည်ရွယ်ပြီး စကားပြောစွမ်းရည်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ရပ်ရွာဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ ဒေသခံများနဲ့ ကျောင်းသား ကျောင်းသူများ စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဖုန်းနံပါတ်အဟောင်းများနှင့်ထိုင်းသံရုံးဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး ဗီဇာကြေးလိမ်လည်တောင်းခံမှုများကိုသတိပေး
ဒီဇင်ဘာ၁၈ရက်
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဖုန်းနံပါတ်အဟောင်းများနှင့် ထိုင်းသံရုံးဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး ဗီဇာကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်းကို ဒီဇင်ဘာ၁၈ရက်မှာ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာသံရုံးက အတည်ပြုကြေညာပါတယ်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးဖုန်းနံပါတ် Viber နှင့် Hotline နံပါတ်များမှ ထိုင်းသံရုံးဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး ဗီဇာကြေးတောင်းခံနေ့သည့်အပေါ် သတိပြုနိုင်ရန် Royal Thai Embassy Yangon ကအသိပေးစာတစောင်ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ၀၉၇၆၇၄၇၀၇၆၅ ဖုန်းနံပါတ်မှာသံရုံးကအသုံးမပြုတော့ဘဲ လိမ်လည်ဖြေဆိုမှုများရှိနေကြောင်း၊Viberနံပါတ် ၀၉၇၅၉၉ ၂၈၆၁၁မှာလည်း သံရုံးနှင့်လုံးဝပတ်သက်ဆက်နွယ်ခြင်းမရှိဘူးလို့သိရပါတယ်။
သံရုံး သို့ဗီဇာကြေးပေးသွင်းရာတွင် ထိုင်းသံရုံးရှိဗီဇာကောင်တာတမျိုးတည်းကသာလက်ခံတယ်လို့လည်းအသိပေးကြေညာပါတယ်။
========================
📌📌 ၇။ Click 2donate ကနေ တော်လှန်ရေးအင်အားစုများထံသို့ ကာကွယ်ရေးဝန်ကြီးဌာနကြားခံ၍ ထောက်ပို့ငွေသိန်းနှစ်ရာကျော်ပေးပို့ပြီးစီး
ဒီဇင်ဘာ၁၈ရက်
Click 2donateကနေ တော်လှန်ရေးအင်အားစုများထံသို့ ကာကွယ်ရေးဝန်ကြီးဌာနကြားခံ၍ ထောက်ပို့ငွေ သိန်းနှစ်ရာကျော် ပေးပို့ပြီးစီးခဲ့ဖြစ်တယ်လို့ ဒီဇင်ဘာ၁၈ရက်မှာ Click 2donate က တရားဝင်အသိပေးဆိုပါတယ်။
"MOD ကတဆင့် သိန်း ၁၉၀ အဖွဲ့ငါးဖွဲ့ကိုသိန်းငါးဆယ် တဖွဲ့ကို ဆယ်သိန်းမပြည့် ခွဲပေးမှု ပြီးဆုံးပြီး 10 လပိုင်းရငွေများ ၁၁ လပိုင်း ၂၂ မှာရောက်တာကို ခွဲဝေပေးမှု သိန်း ၂၄၀ ကျော်နဲ့ ပြီးဆုံးပါတယ်ခင်ဗျာ"လို့ဖော်ပြပါတယ်။
လက်ခံများမှတ်တမ်းများ ထပ်မံတင်ပြပေးသွားမှာဖြစ်ပြီးတော့ Click 2donateဟာတော်လှန်ရေးအင်အားစုများကို ထောက်ပို့ငွေများစီးဆင်းလျက်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်ကျန်စစ်သည်တွေ အသက်ရှင်လိုရင် အလံဖြူထောင်ဖို့ AA ထပ်မံ သတိပေး
ဒီဇင်ဘာ၁၈ရက်
ရခိုင်ပြည် အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- နပခ က လက်ကျန်စစ်သည်တွေ အသက်ရှင်ချင် တယ်ဆိုရင် အလံဖြူထောင်ဖို့ ရခိုင့်တပ်တော် AA က ထပ်မံ သတိပေးလိုက်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- နပခ ကိုသိမ်းပိုက်ဖို့ ရခိုင့်တပ်တော် AA က တိုက်ခိုက်ရာမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ အကြောင်း ဒီဇင်ဘာ ၁၇ ရက်ညသန်းခေါင်အချိန်က ထုတ်ဖော်ပြသခဲ့ရာမှာ သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် သန်းခေါင်ယံအချိန်မှာထုတ်ပြန်လိုက်တဲ့ ၁ မိနစ် ၄၁ စက္ကန့်ကြာ ရုပ်သံဖိုင်ကိုဖော်ပြရာမှာ ဖမ်းမိထားတဲ့ ရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုးနဲ့ချီ ခေါ်ဆောင်လာတာကိုတွေ့ရပြီး ဖမ်းမိထားသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် မိသားစုတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
“စောစောအလံဖြူထောင်လျင် စောစော အသက်ရှင် ကျန်ရစ်စေမယ် မိသားစု ဆွေမျိုးတို့နဲ့ စောစောတွေ့ဆုံရလိမ့်မယ်” ဆိုတဲ့ ရုပ်သံဖိုင်ကို AA က ၂ ရက်ဆက် သတိပေးထုတ်ပြန်ထားပါတယ်။
ဒုတိယနေ့ ထုတ်ပြန်တဲ့ရုပ်သ့ဖိုင်မှာ နပခ ဌာနချုပ် အဆောက်အတွေ မီးလောင်ပျက်စီးနေတာ တွေ့ရတဲ့အပြင် ဖမ်းမိထား တဲ့ စစ်သုံ့ပမ်းတွေထဲမှာ ဒဏ်ရာရသူတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကနေ ဆက်လက်ခုခံနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာချီကျန်ရှိနေပြီး တပ်မိသားစုဝင် ပိတ်မိနေဆဲဖြစ်ပေမယ့် စစ်ကောင်စီဘက်က စစ်ကူ ပေးပိုနိုင်တာမျိုး မရှိတော့ဘူးလို့ သိရပါတယ်။
အမ်းမခြေစိုက် နပခ ကို AA က အပြီးသတ်သိမ်းနိုင်ခဲ့မယ့်ဆိုရင် စစ်ကောင်စီဟာ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တခု လက်လွတ် ဆုံးရှုံးရမှာဖြစ်ပါတယ်။
စစ်တပ်သမိုင်းတလျောက် ပထမဆုံးအနေနဲ့ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ကို လက်လွှတ်ခဲ့ရပြီး MMDAAနဲ့ မဟာမိတ်တပ်ပေါင်းစုက အခုနှစ် သြဂုတ်လဆန်းပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ လက်ရှိမှာ အမ်းမြို့နယ်ထဲက နောက်ဆုံးကျန် နပခ နဲ့ ဂွမြို့က လက်ကျန်စစ်စခန်းတွေကို အပြီး သတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလို့ သိရပါတယ်။
========================
🚩🚩 ၂။ KNU ဌာနချုပ်ဟောင်း မာနယ်ပလောစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီ အရာရှိ အပါအဝင် ၅ ဦး ဖမ်းမိ
ဒီဇင်ဘာ၁၈ရက်
ကရင်အမျိုးသားအစည်းအရုံး-KNU ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောစခန်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီအရာရှိ အပါအဝင် ၅ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသတစ်ခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၆ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ရာမှာ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ် အရာရှိအပါအဝင် ၅ ဦးကို ဒီဇင်ဘာ ၁၇ မှာ ထပ်မံ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
မာနယ်ပလောဒေသက နောက်ဆုံးလက်ကျန် နို့ဒေးခေါ် ပွိုင့် - ၉၁၃ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အားလုံးနီးပါး သေဆုံးသွားခဲ့ပြီး ၁၂ဝ မမ လက်နက်ကြီးနဲ့ လက်နက်ငယ်များအပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
KNU ဌာနချုပ် မာနယ်ပလောကို ၁၉၇၇ မှာ စတင်တည်ဆောက်ခဲ့ရာ ၁၉၉၅ ဇန်နဝါရီမှာ စစ်တပ်နဲ့ KNUက ခွဲထွက်သွားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တို့ ပူးပေါင်းထိုးစစ်ဆင်လာတာကြောင့် ဌာနချုပ်စခန်းကျဆုံးခဲ့ရတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
မာနယ်ပလောဒေသဟာ KNU နဲ့ မဟာမိတ်တွေလက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျရေး နည်းမျိုးစုံကြိုးစားခဲ့တဲ့ သမိုင်းဝင် နေရာဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကာလမှာလည်း လူငယ်ထောင်သောင်းချီ ရောက်ရှိလာတဲ့ နယ်မြေဖြစ်ပါတယ်။
အခုလို သမိုင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက နှစ်ပေါင်း ၃ဝ နီးပါးကြာမှ ပြန်လည်ရရှိတာဖြစ်တဲ့အတွက် ပိုင်ရှင် အစစ် အမှန်ဆီပြန်ရောက်လာတာလို့ အဲဒီသေမှာ နေခဲ့ဘူးသူတွေက မှတ်ချက်ပြုရေးသားပြောဆိုနေကြပါတယ်။
KNU ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုမှာလည်း မြန်မာပြည်သူတွေဘက်ကရပ်တည်ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက် နေတဲ့အပြင် စစ်အာဏာရှင်တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့လူငယ်တွေကို စစ်သင်တန်းပေးတာ အတူလက်တွဲ တိုက်ပွဲဝင် တာတွေ ပြုလုပ်ခဲ့ရာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ အုတ်ဖိုနယ်မှာ ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံး
ဒီဇင်ဘာ၁၈ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ အမှတ်-၁၀ ရပ်ကွက်က ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းတို့ ဖမ်းဆီးစစ်ဆေးခံနေရချိန်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ဒီဇင်ဘာ ၁၈ မှာ ထုတ်ပြန်ပါတယ်။
သူတို့ ၂ ဦးဟာ ဆင်ကူးရွာဘက်ကနေ ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်အတွက် တော်လှန်ရေးတပ်ဖွဲ့များ အကြောင်း သတင်းစုံစမ်းဖို့ ဆိုင်ကယ်နဲ့ ထွက်လာချိန် ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကရဲဘော်တွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သူတို့ ၂ ဦးကို စစ်ဆေးမေးမြန်းဖို့ နောက်တန်းစခန်းမှာ ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတာလို့ သိရပါတယ်။
အခုလို ဖမ်းဆီးစစ်ဆေးနေချိန် ဒီဇင်ဘာ ၁၂နေ့ မနက် ၄ နာရီခန့်က ကင်းတာဝန်ကျ ရဲဘော်တွေ အိပ်ပျော်နေချိန် စခန်းက နေ ထွက်ပြေးသွားတဲ့အတွက် လိုက်လံရှာဖွေပြီး ပစ်ခတ်ရှင်းလင်းလိုက်ရတာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းတို့ဟာ အေးမြသာယာမြို့က နာမည်ကြီး ပျူခေါင်းဆောင် ဝဏ္ဏရဲ့ လက်ရုံးတပည့်တွေဖြစ်ကြပြီး ဒေသနေပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးရိုက်နှက်တာ၊ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်းတွေ ထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးပို့တာတွေ လုပ်ဆောင်နေသူတွေလို့ သိရပါတယ်။
========================
🚩🚩 ၄။ လားရှိုး မန်အိုင်ရွာက အမျိုးသားတဦး စစ်စခန်းဟောင်းအနီးမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံး
ဒီဇင်ဘာ၁၈ရက်
တအာင်းပြည် တပ်မဟာ- ၆ နယ်မြေ လားရှိုးမြို့နယ် မန်အိုင်ကျေးရွာက အမျိုးသားတဦး စစ်စခန်းဟောင်းအနီးမှာ မြေမြုပ် မိုင်း နင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့ ဒီဇင်ဘာ ၁၈ မှာ ထုတ်ပြန်ပါတယ်။
မန်အိုင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ဦးလောက်စန်းဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့အခြေချခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ဟောင်းအနီး ဆေးမြစ်သွားရှာရက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ မြေမြုပ်မိုင်း နင်းမိခဲ့တာလို့ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားတဲ့အပြင် လက်တွေမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် လားရှိုးပြည်သူ့ဆေးရုံပို့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် ရှမ်းမြောက်ဒေသမှာရှိတဲ့ မြို့နယ်တွေက ဒေသနေပြည်သူတွေ မကြာခဏ မြေမြုပ်မိုင်းတွေနင်းမိပြီး ခြေ၊လက် ဆုံးရှုံးတာတွေရှိနေတဲ့အပြင် အသက်ဆုံးရှုံးရသူတွေလည်း ရှိတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးပါတယ်။
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်အတွင်းမှာ မိုင်းရှင်းလင်ရေးလုပ်ငန်းတွေ အလုံးစုံ မပြုလုပ် ရသေးတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေအသုံးပြုခဲ့တဲ့ ယခင်စစ်ကောင်စီတပ်စခန်းတွေအနီး သွားရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်ရင်း ဖွဲ့စည်းပုံနဲ့ ကျင့်ဝတ်များကို အသိပေး ထုတ်ပြန်
ဒီဇင်ဘာ၁၈ရက်
မကွေးတိုင်း အရှေ့ခြမ်း၊ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ တပ်ရင်းဖွဲ့စည်းပုံနဲ့ စစ်သည်တော် တဦးချင်း အနေဖြင့် ပြုကျင့်ရမယ့် ကျင့်ဝတ်များကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန် ထားပါတယ်။
ယခု ကြေညာချက်ဟာ ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များဖြစ်တဲ့ မြို့သစ်မြို့အခြေပြု ဝံပုလွေ - B01တပ်ရင်း ၊ မြို့သစ်-နက်မောက် အခြေပြု ကျားသစ်နက် - B05တပ်ရင်း ၊ နက်မောက်မြို့ အခြေပြု ကြိုးကြာနီ - B07တပ်ရင်း တို့နဲ့သာ သက်ဆိုင်ပြီး ၎င်းတပ်ရင်း ၃ ခုများသာလျင် ဖြစ်ပေါ်လာတဲ့ ပြသနာများကို ဗိဿနိုး တပ်ရင်းက တာဝန်ယူ ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။
ဗိဿနိုးတပ်ရင်းကို နိုင်ငံရေးဌာန၊ လေ့ကျင့်ရေးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် စစ်ဘက်ဆိုင်ရာဆေးဌာန၊ ရိက္ခာနှင့် စစ်ပစ္စည်းထောက်ပံရေးဌာန၊ စစ်ဘက်ဆိုင်ရာ ဥပဒေနှင့် တရားရေးဌာန၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်ဌာန၊ ထောက် -လှမ်းရေး ဌာန၊ ဆက်သွယ်ရေး ဌာန စတဲ့ ဌာန (၈) ခု တပ်ရင်း ၃ ခုဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တပ်ရင်းတခုမှာ နည်းပညာ တပ်ခွဲအပါအဝင် တပ်ခွဲ ၄ ခုဖြင့် ဖွဲ့စည်းထားပြီး အင်အား ၃၃၀ ရှိရမယ်လို့ သိရပြီး တပ်ခွဲ၊ တပ်စု၊ တပ်စိတ် စသည်ဖြင့် အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားကြောင်း အသိပေး ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် ၁၆ ချက်၊ လက်နက်ချ အညံခံသူများနဲ့ စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်၊ အရပ်သား ပြည်သူများနှင့် ဆက်ဆံရာမှာ လိုက်နာရမယ့် ကျင့်ဝတ်၊ လက်နက်ဆိုင်ရာ စည်းကမ်းများ၊ လက်နက်ခဲယမ်း ထိန်းသိမ်းခြင်း ဆိုင်ရာ စည်းကမ်းများ၊ စစ်သည်တော် ကျင့်ဝတ်စည်းကမ်းများ၊ စစ်ရေးပစ်မှတ် သတ်မှတ်ချက်၊ ခရီးသွားခြင်း၊ စခန်းချခြင်း၊ ကင်းစောင့် ခြင်း ဆိုင်ရာ စည်းကမ်းများနဲ့ စစ်မြေပြင် စည်းကမ်းများ ကို အသိပေး ထုတ်ပြန်ထားပါတာ ဖြစ်ပါတယ်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော် - ကံပြား လမ်းပိုင်း တနေရာမှာ မဘသ မျိုးချစ်၊ ပျူစောထီး ခေါင်းဆောင် မင်းမင်း ဆိုသူကို ရှင်းလင်းခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment