၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း တာဝန်ရှိတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြောကြား
📌 ၂။ အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်အုပ်စုအား မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဖို့ ဖိတ်ကြားမှု ကန့်ကွက်ရှုတ်ချ
📌 ၃။ အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံနေသော တရုတ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ တိုကျိုမှာ ကျင်းပမယ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မာနယ်ပလောရှိ အမှတ် (၉၁၃) ခြေမြန်တပ်ရင်း နို့ဒေးစခန်း နှင့် အမြောက်တပ်ခွဲ ၃၁၁ ကို သိမ်းပိုက်ရရှိ
🚩 ၂။ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
🚩 ၃။ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ဝန်း ၅ ထပ်အိပ်ဆောင်သို့ Drone ဖြင့် တိုက်ခိုက်
🚩 ၄။ မောင်မယ်ရှောင်ရွာ၊ ဟားလီးကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံး
🚩 ၅။ ကနီမြို့ ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး
🚩 ၆။ SSPP ယာဉ်တန်းနဲ့ ပြည်သူ့မော်တော်ယာဉ် တစီးကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရ
🚩 ၇။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ခံအမျိုးသမီး တဦး ဒဏ်ရာရ
🚩 ၈။ ထားဝယ်အခြေစိုက် ခမရ ၂၅ မှ စစ်ကောင်စီ တပ်သားတဦး ထားဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်ထံ အလင်းဝင်
🚩 ၉။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁မှ တပ်သားသစ်များ လက်ခံခေါ်ယူမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း တာဝန်ရှိတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြောကြား
ဒီဇင်ဘာ၁၇ရက်
Radio NUG
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေနဲ့ သာမက မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း တာဝန်ရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်Tom Andrews ပြောကြားချက်ကို ကုလသမဂ္ဂက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး - ICC အစိုးရရှေ့နေ Karim A.A.က မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ကို အခုချိန်တည်ဆောက်မယ်ဆိုရင် တရားမျှတမှုအတွက် အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်မယ်"လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲရုံသာမက မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း တာဝန်ရှိကာ ဒါကိုရပ်တန့်ပြီး တာဝန်ခံရမယ်လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။
========================
📌📌 ၂။ အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်အုပ်စုအား မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဖို့ ဖိတ်ကြားမှု ကန့်ကွက်ရှုတ်ချ
ဒီဇင်ဘာ ၁၇ရက်
Radio NUG
အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်အုပ်စုအား မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဖို့ ဖိတ်ကြားမှု ကန့်ကွက်ရှုတ်ချတယ်လို့ ဒီဇင်ဘာ ၁၇ရက် Defend Myanmar Democracy က အသိပေးဖော်ပြပါတယ်။
"အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်အုပ်စုကို မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဖို့ ဘာကြောင့်များ ဖိတ်ရပြန်တာလဲ။ ဒီလို နိုင်ငံတကာ အစည်းအဝေးတွေမှာ စစ်ရာဇ၀တ်ကောင်တွေဆီက ဘယ်လိုမျိုး ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ မျှဝေနိုင်မှာလဲ" လို့ ဆိုထားပါတယ်။
အဆိုပါဖိတ်ကြားမှုဟာ စကစရဲ့ လူထုအပေါ် အင်တာနက်ပိတ်ဆို့ခြင်းဆိုင်ရာ သင်ခန်းစာတွေနဲ့ ဝါဒဖြန့်မှုတွေသာ ရရှိမယ်လို့လည်း ထောက်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGကို ဖိတ်ကြားပါ။ မြန်မာလူထုကို အမှန်တကယ်ကိုယ်စားပြုမယ့်သူတွေနဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးထောက်ခံပါလို့လည်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံနေသော တရုတ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ တိုကျိုမှာ ကျင်းပမယ်
ဒီဇင်ဘာ၁၇ရက်
Radio NUG
အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံနေသော တရုတ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲဂျပန်နိုင်ငံ တိုကျိုတွင် ဒီဇင်ဘာ ၂၂ရက်မှာ လုပ်ဆောင်မယ်လို့ NUG Support Team Japanက ဖော်ပြပါတယ်။
မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ကာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်၍ အကြမ်းဖက်စစ်ကောင်စီအား ထောက်ခံကူညီပံ့ပိုးပေးနေသော တရုတ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား တိုကျိုမြို့တွင် အစီအစဉ်အတိုင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် လာရောက်ပူးပေါင်းကာ ပြည်သူလူထုနှင့် ထပ်တူကျသော ဆန္ဒသဘောထားများအား ပြသနိုင်ရန် အသိပေးဖိတ်ခေါ်အပ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မာနယ်ပလောရှိ အမှတ် (၉၁၃) ခြေမြန်တပ်ရင်း နို့ဒေးစခန်း နှင့် အမြောက်တပ်ခွဲ ၃၁၁ ကို သိမ်းပိုက်ရရှိ
ဒီဇင်ဘာ ၁၇
Radio NUG
ဘားအံမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ၌ တစ်ခုတည်း ကျန်ရှိနေသည့် အမှတ် (၉၁၃) ခြေမြန်တပ်ရင်း နို့ဒေးစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက အတည်ပြုပြောဆိုထားပါတယ်။
"မာနယ်ပလောမှာ စစ်ကောင်စီတပ်တွေ အဆုံးသတ်သွားပါပြီ။ ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၄:၃၀ ခန့်တွင် ပွိုင့် ၉၁၃တပ်ရင်းစခန်း(မာနယ်ပလော)နှင့် အမြောက်တပ်ခွဲ ၃၁၁ တို့ကို အပြီးသတ် ချေမှုန်းခဲ့ပြီး မာနယ်ပလောနယ်မြေမှ အပြီးတိုင် ရှင်းလင်းနိုင်ခဲ့ပါတယ်"လို့ Force for Federal Democracy FFDကလည်း အသိပေးဖော်ပြထားပါတယ်။
စစ်ဆင်ရေးကို KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် တပ်မဟာ ၇ ကွန်မန်ဒိုတပ်ခွဲ၊ KNDO တပ်ခွဲ၊ တပ်ရင်း ၂၂ ၊ တပ်မဟာ ၅ ကွန်မန်ဒိုတပ်ခွဲတို့နှင့် ပူးပေါင်း၍ FFD Drone တပ်ဖွဲ့၊ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့နှင့် တပ်မဟာ ၇ drone အဖွဲ့၊ federal wings drone အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကိုမူ မသိရရှိရသေးဘူးလို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး သောင်းရင်းမြစ်ဘေးတွင် တပ်စွဲထားပြီး KNU တပ်မဟာ ၇ နယ်မြေမှာ တည်ရှိတဲ့ နို့ဒေးစခန်းကို နိုဝင်ဘာလကတည်းက ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်၍ ပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ ကဆောဝါးလေး (ဆင်ဖြူတောင်စခန်း)၊ မြောက်ကုန်း၊ သဒေါ့ဝါးလေး၊ ကယ်ဂေါ်ကျိုးနှင့် ဖူးလောကုန်းစခန်းများကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့ရာ မာနယ်ပလောဒေသ၌ စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ပါတယ်။
========================
🚩🚩 ၂။ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
ဒီဇင်ဘာ ၁၇
Radio NUG
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ပြောဆိုထားပါတယ်။
ပခုက္ကူမြို့ပေါ်၌ အတင်းအဓမ္မ ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းခြင်းနှင့် ပခုက္ကူ တပ်မ ၁၀၁ တပ်က ပခုက္ကူမြို့နယ် အနောက်ခြမ်းရှိ ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာများကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့ နေခြင်းများကြောင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့၊ TaTy pku pdf တပ်ဖွဲ့တို့နှင့်အတူ COBRA ONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ဝန်း ၅ ထပ်အိပ်ဆောင်သို့ Drone ဖြင့် တိုက်ခိုက်
ဒီဇင်ဘာ ၁၇
Radio NUG
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၄:၁၀ နာရီတွင် ရန်ကုန်သူပုန်အဖွဲ့မှ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ ဆေးတက္ကသိုလ်ဝန်း ၅ ထပ်အိပ်ဆောင်သို့ Droneဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Drone ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်စီးမှာ Target ဧရိယာသို့ ရောက်ရှိခဲ့၍ မစ်ရှင် အောင်မြင်သော်လည်း ၁စင်းမှာ Target ဧရိယာ မရောက်ခင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လမ်းတစ်ဝက်ခန့်တွင် ပျက်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပျက်ကျသည့် Drone အား ပြန်လည်ရယူရန် ကြိုးစားသော်လည်း ပျက်ကျသည့်နေရာ တဝိုက်တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းပေးပို့ချက်အရ Drone ပြန်လည်ရယူနိုင်ရန် ကြိုးစားမှုကို လက်လျော့လိုက်ရတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း ပထမဆုံးအဆင့်မှီ Door to Door Delivery Service ဖြင့် မင်္ဂလာဒုံရှိ စစ်ဆေးတက္ကသိုလ်နားနေဆောင်သို့ ဖျက်အားပြင်းမိုင်းတစ်လုံး ပို့ဆောင်ခဲ့ခြင်းဖြစ်စဥ်။ Customer Feedback ကို လက်ခံစောင့်ဆိုင်းနေဆဲဖြစ်ပြီး Feedbackကောင်းများရရှိပါက ၀န်ဆောင်မှုများအား ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ပါသည်။ များမကြာခင်လည်း နှစ်သစ်လက်ဆောင်များကို စခ/ရခ ဌာနများသို့ အဆက်မပြတ်ပို့ဆောင်ပေးဦးမည်ဖြစ်ပါသောကြောင့် ရင်ခုန်စွာမျှော်လင့်စောင့်စားကြပါကုန်သော်ဝ် ဟု ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မောင်မယ်ရှောင်ရွာ၊ ဟားလီးကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံး
ဒီဇင်ဘာ ၁၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ၊ ဟားလီးကွေ့မှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်ခန့်မှာ ခရီးသွား ပြည်သူများထံမှ အဓမ္မ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒူရက စစ်ကြောင်းရဲ့ ဦးဆောင်မှုဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း MA ၁၁ သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၂၆၁ တောင့်၊ စစ်သုံး ဦးထုတ် ၂ လုံး၊ ပိုက်ဆံ ၉၆၅,၀၀၀ ကျပ်၊ အီကွေးမန့် ၁ ခု၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ စစ်သုံး ရေဗူး ၁ လုံးတို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒူရက စစ်ကြောင်း နှင့်အတူ ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ၊ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) နဲ့ ဖက်ဒရယ် ဒူဝံကြယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကနီမြို့ ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး
ဒီဇင်ဘာ ၁၇
Radio NUG
ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီတွင် ကနီမြို့နယ်ရှိ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
လေယာဉ်နဲ့ ဗုံး ၄ လုံး ကျဲချမှုကြောင့် ကျောက်လှေကားကျေးရွာမှ အသက် ၁၁ နှစ်အရွယ် မောင်ငချစ်၊ အသက် ၃၀ နှစ်အရွယ် ကိုကျော်နိုင်လင်း၊ အသက် ၁၉ နှစ်အရွယ် မရွှေဇင်ဝင်း၊ အသက် ၁၄ နှစ်အရွယ် မနိုးနိုး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးတို့ သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးကာ နွား ၁ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နတ်ကြီး ကျေးရွာကိုလည်း ည ၈ နာရီ ၄၅ မိနစ်တွင် သွားရောက် ဗုံးကျဲပစ်ခတ်ခဲ့ပြီး နေအိမ်တချို့ ပျက်စီးသော်လည်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
အိမ်ခြေ ၂၀၀ ခန့်ရှိသည့် နတ်ကြီးကျေးရွာမှာ စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့မှုနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ပြည်သူများ ကျေးရွာအတွင်း မနေရဲဘဲ စစ်ဘေးရှောင်နေရတာကြောင့် ရွာပျက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ SSPP ယာဉ်တန်းနဲ့ ပြည်သူ့မော်တော်ယာဉ် တစီးကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၁၇ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA စစ်ယာဉ်တန်းနဲ့ ဒေသခံ ပြည်သူရဲ့ မော်တော်ယာဉ်တစီးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်း ၁၉ လုံးထိ ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။
တုံလောကျေးရွာနဲ့ ပန်ကေတုကျေးရွာကြား လွယ်လောတောင် လမ်းပေါ်မှာ မနက် ၉ နာရီ ၁၀ မိနစ်တွင် SSPP ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် ၁၀ မိနစ်ခန့် အကြာမှာ ဒေသခံ ပြည်သူတွေ မောင်းလာတဲ့ ကားကိုလည်း မိုင်းဆွဲတိုက်ခိုက် ခဲ့သေးတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် SSPP ယာဉ်တန်းမှ ကားတစီး မိုင်းစထိမှန် ပျက်စီးခဲ့ပြီး အရပ်သား ကားပေါ် လိုက်ပါလာတဲ့ မိသားစုဝင် ၃ ဦး မိုင်းစထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သလို မော်တော်ယာဉ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုင်းစထိမှန် ဒဏ်ရာရခဲ့သူများမှာ မိုင်းကိုင်မြို့နယ်၊ ဟိုခိုင်းကျေးရွာအုပ်စု၊ နော်လျှော်ကျေးရွာမှ အသက် ၂၅ နှစ် အရွယ် ကျောင်းဆရာမ နန်းလောဝ်ဟွမ်ဖွေးနဲ့ အသက် ၁ နှစ်အရွယ် သမီးဖြစ်သူ နန်းအွန်ဖွေးဆိုင်နဲ့ သုံးလသားအရွယ် ကလေးငယ် တဦးတို့ ဖြစ်ကြပါတယ်။
SSPP နဲ့ RCSS ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မူရပ်စဲကြောင်း သဘောတူကြေညာချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ခံအမျိုးသမီး တဦး ဒဏ်ရာရ
ဒီဇင်ဘာ ၁၇ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြို့ခံ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့သူမှာ သံတွဲမြို့ အမှတ် (၇) ရပ်ကွက်က အသက် (၆၉) နှစ် အရွယ်ရှိ ဒေါ်ခင်မေရီဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ရပ်ကွက် (၇) က နေအိမ် ၄ လုံးထက်မနည်းလည်း ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ထားဝယ်အခြေစိုက် ခမရ ၂၅ မှ စစ်ကောင်စီ တပ်သားတဦး ထားဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်ထံ အလင်းဝင်
ဒီဇင်ဘာ ၁၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ အခြေစိုက် ခမရ (၂၅) တပ်ရင်းမှ စစ်ကောင်စီ တပ်သားတဦး ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ထံကို လက်နက်နှင့်တကွ အလင်းဝင်လာတယ်လို့ DNLA က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့က ခမရ (၂၅) တပ်ရင်းက တပ်သား ဖိုးထွေးဆိုသူဟာ MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်တောင် ၁၂၀ တောင့်၊ ဓါးမြှောင်တချောင်းနဲ့ စစ်ယူနီဖောင်း အပြည့်အစုံဖြင့် ဆက်သွယ်အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
အခုလို လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ကို အလင်းဝင် ခိုလှုံလာတဲ့ တပ်သား ကိုဖိုးထွေး ဆိုသူကို ငွေကျပ် သိန်း ၅၀ တိတိ ချီးမြှင့်ပေးခဲ့ပြီး ၎င်းရဲ့သဘော ဆန္ဒအလျောက် လွတ်မြောက်နယ်မြေ တနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်၊
ဆက်လက်ပြီး ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလိုတဲ့ မည်သူကိုမဆို ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) က ကြိုဆိုလျက် ရှိကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၉။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁မှ တပ်သားသစ်များ လက်ခံခေါ်ယူမည်
ဒီဇင်ဘာ၁၇ရက်
Radio NUG
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁မှ တပ်သားသစ်များ လက်ခံခေါ်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ၁၇ရက်မှာ တရားဝင် အသိပေးကြေညာပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းလိုသည့် ယုံကြည်ချက်ခိုင်မာသော လူငယ်လူရွယ်များကို တပ်သားသစ်များအဖြစ် လက်ကမ်းကြိုလျက်ရှိပါတယ်။ လာရောက်တော်လှန်တိုက်ပွဲဝင်လို့ပါက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ ထုတ်ပြန်ထားသည့် တပ်သားသစ်ခေါ်ယူရေး စည်းကမ်းချက်များကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံပါက ကတိခံဝန်နှင့်တကွ လာရောက်ရမှာဖြစ်တယ်"လို့ဆိုပါတယ်။
တပ်သားသစ်အဖြစ် ဝင်ရောက်လိုသော ရဲဘော်များအနေဖြင့် သင်တန်းကာလအတွင်းသော်လည်းကောင်း ၊ သင်တန်းကာလပြီးလျှင်သော်လည်းကောင်း ကတိခံဝန်ချက်နှင့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ပါက တပ်ဖွဲ့မှ ချမှတ်ထားသော စည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ပြီး ဝင်ရောက်လိုသူ လူငယ်လူရွယ်များအနေဖြင့် Facebook Page Messenger မှလည်းကောင်း ၊ Telegram - @PRteamygnpdf မှလည်းကောင်း ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment