၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ဓာတုအဆိပ်ငွေ့တိုက်ခိုက်မှုကို ကုသနိုင်အောင် ရှေ့တန်းဆေးရုံဆေးခန်းတွေမှာ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ ဓာတုလက်နက်တားဆီရေးဆိုင်ရာစာချုပ် CWCချိုးဖောက်မှုနဲ့ တနိုင်ငံလုံးအရပ်သားများအပေါ် သတ်ဖြတ်မှုတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနှ စ်ထပ်ကွမ်းကျူးလွန်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပြော
📌 ၄။ ဘန်ကောက်ကမြန်မာအရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို
📌 ၅။ ပဲခူးစစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ ခြေလက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်များအတွက် သင်ကြားရေးစင်တာတခု စီစဥ်နေတယ်"လို့ဆို
📌 ၆။ မဲဇလီကုန်းမြို့ပေါ်က အသက် ၃၅ နှစ်ထက်လူလတ်ပိုင်းတွေနဲ့ ရပ်ကွက်လုံခြုံရေးဖွဲ့ဖို့ စစ်အုပ်စုဖိအားပေးခိုင်းစေ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမ်းနဲ့ ဂွမြို့က စစ်ကောင်စီစခန်းတွေကို AA တရစပ်ထိုးစစ်ဆင်တိုက်ခိုက်
🚩 ၂။ မောင်တော နခခ ၅ က ထွက်ပြေးတဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ကိုယ့်မိုင်းကိုယ်နင်းမိပြီးသေဆုံး
🚩 ၃။ ရပ်စောက် ကျောက်ဂူဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံး
🚩 ၄။ ပဲခူးတိုင်းအတွင်း မီးနဂါးတော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်၍ စကစဘက်ကခုနစ်ဦးသေဆုံးခဲ့
🚩 ၅။ အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ(၂) Cobra forceတွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၃၀)ခေါ်ယူမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
ဒီဇင်ဘာလ ၂၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၄၆/၂၀၂၄)ကို ဒီဇင်ဘာ၁၉ရက်ကျင်းပခဲ့ရာ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲဝင်များမှ (၄၅/၂၀၂၄)တွင်ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ဓာတုအဆိပ်ငွေ့တိုက်ခိုက်မှုကို ကုသနိုင်အောင် ရှေ့တန်းဆေးရုံဆေးခန်းတွေမှာ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဒီဇင်ဘာ၂၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့ပြုလုပ်သည့် “ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှု” နှင့်ပတ်သက်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားလိုက်ပါတယ်။
"ကုသမှုအပိုင်းမှာ ဓာတုလက်နက်တင်မကပါဘူး။ ကျနော်တို့မှာဆေးရုံဆေးခန်းပေါင်း၈၂ရုံရှိပါတယ်။အဲဒီဆေးရုံတွေက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ တွက်ချက်ပြီး သယ်ယူပို့ဆောင်လို့ရအောင် လုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒါတွေအပြင် တိုင်းရင်းသားနယ်မြေတွေမှာ အရင်ကတည်းကဆေးရုံတွေရှိတယ်။အဲဒီဆေးရုံတွေကို အဆင့်၁၊၂၊၃ဆိုပြီး အဆင့်၃ဆင့်ဆေးရုံတွေရှိတယ်။အဆင့်၁ဆေးရုံက တိုက်ပွဲ ဖြစ်နေတဲ့နေရာနဲ့ အနီးဆုံးမှာရှိတယ်။အဲဒီမှာဓာတုနဲ့ တိုက်ခိုက်ခံရလို့ ကုသမှုအပိုင်းမှာလိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ဆည်းထားတယ်။ကျနော်တို့မှာရန်ပုံငွေလိုအပ်ချက်တွေရှိပေမယ့် ဖြည့်ဆည်းထားတယ်။ဒါကြောင့်ကုသမှုအပိုင်းမှာ အောက်ဆီဂျင်ပေးကုသမှုကရှိတယ်။ကျနော်တို့တော်လှန်ရေးစကတည်းက Covid19တတိယလှိုင်းနဲ့ကြုံတွေ့ခဲ့တယ်။အဲဒီကတည်းက အသက်ရှုပိုင်းဆိုင်ရာမှာ ကုသနိုင်အောင် လိုအပ်တဲ့ပစ္စည်းတွေ ရှေ့တန်းဆေးရုံ၊ဆေးခန်းတွေကိုဖြန့်ဝေထားတာရှိတယ်"လို့ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ခမရ၄၂၂တပ်က ဒီဇင်ဘာလအတွင်း ကရင်နီပြည်မိုးဗြဲနယ်မှာဒရုန်းအသုံးပြု၍ အက်စ်ဖော့၅၆၀ ဆေးပြားများကို လေထုအတွင်းဒရုန်းနှင့်ကြဲ၍ တိုက်ခိုက်ခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့် KNDFမှရဲဘော်အချို့ ရှုရှိုက်မိကာ မူးဝေခြင်း၊အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ဖြစ်ပေါ်ကာဆေးကုသမှုခံယူခဲ့ရပါတယ်။
ဒီဓာတုဆေးပြားဟာ စင်ကာပူနိုင်ငံထုတ်ဖြစ်ပြီးဝိစာရ ကုပ္မဏီမှတဆင့်ပြန်တင်သွင်းကာ စိုက်ပျိုးရေး တွင်ကောက်ပဲသီးနှံများပိုးမတက်အောင်သုံးလေ့ရှိကာ လေထုထဲတွင်အငွေ့အဖြစ်ပြန့်နှံ၍ လူ့နှလုံး၊ကျောက်ကပ်၊အဆုတ်၊အာရုံကြောစတဲ့အရာမှန်သမျှကိုထိခိုက်ပြီးပမာဏများစွာရှုမိပါကအသက်သေဆုံးနိုင်တယ်လို့ ကရင်နီပြည်က ဒေါက်တာအဲလက်စ်ကပြောပါတယ်။
========================
📌📌 ၃။ ဓာတုလက်နက်တားဆီရေးဆိုင်ရာစာချုပ် CWCချိုးဖောက်မှုနဲ့ တနိုင်ငံလုံးအရပ်သားများအပေါ် သတ်ဖြတ်မှုတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနှ စ်ထပ်ကွမ်းကျူးလွန်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပြော
ဒီဇင်ဘာ၂၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့ပြုလုပ်သည့် “ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှု” နှင့်ပတ်သက်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက အခုလိုပြောဆိုလိုက်ပါတယ်။
"အကြမ်းဖက်စစ်တပ်အနေနဲ့ ဒီဓာတုလက်နက်တွေကို ကရင်နီပြည်တနေရာတည်းမှာတင် အသုံးနေတာမဟုတ်ဘဲနဲ့ မြန်မာတပြည်လုံးမှာအသုံးပြုနေတယ်ဆိုတာ ပိုမိုပြီးတော့ခိုင်ခိုင်မာမာဖြစ်စေမှာ ဖြစ်ပါတယ်။ဓာတုဗေဒနဲ့သက်ဆိုင်တဲ့ အရာတွေကိုသုံးတာက နိုင်ငံတကာရာဇဝတ်မှုဖြစ်သလို နိုင်ငံတကာကသတ်မှတ်ထားတဲ့စည်းမျဥ်းတွေ၊နိုင်ငံတကာစာချုပ်တွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ဓာတုဗေဒပစ္စည်းတွေကို စစ်ရေးအရအီရန်၊အီရတ်၊ဆီးရီးယားနိုင်ငံတွေမှာအသုံးပြုခဲ့ပါတယ်။ဒီလိုဓာတုလက်နက်သုံးမှုဆိုင်ရာကိုတားဆီးဖို့ကမ္ဘာမှာရှိတဲ့ နိုင်ငံပေါင်း၁၉၀ ကျော်က ဓာတုလက်နက်တားဆီရေးဆိုင်ရာစာချုပ် CWCကို လက်မှတ်ရေးထိုးခဲ့ရာမှာ မြန်မာနိုင်ငံကလည်း၂၀၁၅ခု နှစ်မှာ လက်မှတ်ရေးထိုးထားပြီးအခုလို ဓာတုပစ္စည်းကိုလက်နက်အဖြစ်အသုံးပြုတိုက်ခိုက်တဲ့တွေ့ရှိချက်ဟာ ပထမဦးဆုံးနိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်တဲ့ ပထမဦးဆုံးရာဇဝတ်မှုတခုလို့ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၇)၊ (၈)ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌အခြေစိုက်ထားသော ခမရ (၄၂၂)တပ်မှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ အဆိပ်ငွေ့ပြားများကိုတစ်ပါတည်း ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီး ဝန်ကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှုရှိက်မိသော မိမိတို့ရဲဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရပါတယ်။
အဆိုပါမိုးဗြဲ ၄၂၂တပ်မှ ဒရုန်း၇စီးနဲ့ဓာတုအသုံးပြုတိုက်ခိုက်ရာတွင်စကစတပ်အနီးကြဲချခြင်းဖြစ်၍လေထုအားစကစတပ်များလည်းရှုရှိုက်မိပြီး စကစတပ်သားအချို့လည်းမကျန်းမမာဖြစ်ခဲ့တယ်လို့ CDM တပ်သား ဝေယံထွန်းကပြောပါတယ်။
========================
📌📌 ၄။ ဘန်ကောက်ကမြန်မာအရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို
ဒီဇင်ဘာ၂၀ရက်
ထိုင်းနိုင်ငံ ဘန်ကောက်ကမြန်မာအရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက ဒီဇင်ဘာ၂၀ရက်တွင် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။
"အာဏာသိမ်းပြီး လေးနှစ်နီးပါးလောက်မှာ မြန်မာနိုင်ငံမှာ အခြေအနေက ဆိုးရွားနေဆဲပါ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အလေးထားမှုကတော့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တိုးတက်မှုပါပဲ။ မြန်မာစစ်အာဏာပိုင်များက လေးစားလိုက်နာရမည့် အချက်ငါးချက် သဘောတူညီမှုကို ကျွန်ုပ်တို့ ထပ်မံအတည်ပြုခဲ့ပါတယ်လို့ဆိုပါတယ်။
အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ငြိမ်းချမ်းပြီး တာရှည်ခံသော အဖြေတစ်ခုရရှိရန် မြန်မာ၏ အဓိကပါဝင်ပတ်သက်သူများအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ပဲခူးစစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ ခြေလက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်များအတွက် သင်ကြားရေးစင်တာတခု စီစဥ်နေတယ်"လို့ဆို
ဒီဇင်ဘာ၂၀ရက်
"ပဲခူးစစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာခြေလက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်များအတွက် သင်ကြားရေးစင်တာတခုစီစဥ်နေတယ်"လို့ ကျန်းမာရေးဒုဝန်ကြီးဒေါက်တာရွှေပုံက ဒီဇင်ဘာ၂၀ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုလိုက်ပါတယ်။
"ပဲခူးစစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ ခြေလက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်လေးများအတွက် learning center လေးတခုလုပ်ဖို့စိတ်ကူးနေပါတယ်၊ ဖြစ်မြောက်လာဖို့အတွက် laptop ၃ လုံးစတင်လှုဒါန်းပေးတဲ့ ကိုမြင့်ဆွေနဲ့ကိုထွန်းထွန်းဦးတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာအကြမ်းဖက်စစ်တပ်ကိုတွန်းလှန်တိုက်ခိုက်ရင်းကျဆုံးသွားသောရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနဲ့ကျန်ရစ်သူမိသားစုကိုချီးမြှင့်ငွေတို့ပေးအပ်ခြင်းတို့ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၆။ မဲဇလီကုန်းမြို့ပေါ်က အသက် ၃၅ နှစ်ထက်လူလတ်ပိုင်းတွေနဲ့ ရပ်ကွက်လုံခြုံရေးဖွဲ့ဖို့ စစ်အုပ်စုဖိအားပေးခိုင်းစေ
ဒီဇင်ဘာလ ၂၀ရက်
ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့မှာ မြို့ပေါ်ရပ်ကွက်တွေက အသက် ၃၅ နှစ်အထက် လူလတ်ပိုင်း တွေနဲ့ ရပ်ကွက်လုံခြုံရေးဖွဲ့ဖို့ စစ်အုပ်စုက ဖိအားပေးခိုင်းစေနေတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
ရခိုင့်တပ်တော်ရဲ့ထိုးစစ် ဧရာဝတီတိုင်းအစပ် ဗေဒါဂိတ်ထိရောက်ရှိလာချိန်မှာ မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်တွေတွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၃၊ ၄ အတွင်းက အသက် ၃၅ နှစ်အထက် ပြည်သူများကို ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ဆိုကာ ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁ နာရီအချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က အစည်းအဝေးခေါ်ယူခဲ့တယ်လို့ဆိုပါတယ်။
အစည်းအဝေးပွဲကို ဗိုလ်အောင်ခန်းမတွင်ပြုလုပ်ပြီး ရပ်ကွက်လုံခြုံရေးအတွက် အယောက် ၅၀ ပေးရမှာဖြစ်ပြီး လက်နက်မဲ့ သင်တန်း ၂ ပတ် တက်ရမှာဖြစ်ကာ တနေ့ ၆၈၀ဝ ကျပ်ပေးမယ်လို့ စည်းရုံးပြောဆိုခဲ့တယ်လို့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က အသိပေးပါတယ်။
သင်တန်းဆင်းပြီးတဲ့သူတွေကို အပြာနုရောင်ဝတ်စုံပေးပြီး ဧည့်စရင်းစစ်ဆေးခြင်း၊ စစ်ကောင်စီလူကြီးလမ်းကြောင်းရှိပါက လုံခြုံရေးစောင့်ပေးခြင်းတွေလုပ်ရမယ့်အပြင် အရေးပေါ်လမ်းကြောင်းရှိပါက ခေါ်တဲ့အချိန်လိုက်ရမှာဖြစ်ပြီး လက်ထိပ်နဲ့ နံပါတ်တုတ် ပေးထားမယ်လို့ သိရပါတယ်။
ရပ်ကွက်ထဲမှာ မျက်နာစိမ်း အဝင်အထွက်နဲ့ အိမ်နီးချင်းတွေမှာ ဧည့်သည်ရောက်ရှိပါက အုပ်ချုပ်ရေးပိုင်းကို ချက်ချင်း သတင်းပို့ပေးရမယ်ဆိုပြီး ဖိအားပေးခိုင်းစေနေတယ်လို့လည်း သိရပါတယ်။
အခုလို စစ်အုပ်စုက မြို့ပြပြည်သူ့လုံခြုံရေးဖွဲ့ ဖွဲ့စည်းခိုင်းတာဟာ အရပ်သားပြည်သူတွေကို လက်နက်မဲ့ အသေခံတပ်သား အဖြစ် ခိုင်းစေနေတာဖြစ်တဲ့အတွက် ဒေသနေပြည်သူတွေ စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည် ဂွမြို့နယ်ဘက်မှာဖြစ်ပေါ်နေတဲ့ စစ်ရေးဂယက်ကြောင့် ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့မှာ ည ၆ မနက် ၆ အပြင်မထွက်ရဆိုတဲ့ ဒေသန္တရအမိတ်တွေထုတ်ထားပြီး တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မှာ ည ၈နာရီနောက်ပိုင်း အပြင်မထွက် ဖို့ သတိပေးပြောဆိုနေတာတွေရှိနေတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေကြောင်းတိုက်ခိုက်မှုကြားက အလင်းဝင်လာတဲ့ နပခ က စစ်သားတွေကို AA ကယ်ထုတ်
ဒီဇင်ဘာလ ၂၀ရက်
ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- နပခ က အလင်းဝင်လာတဲ့ စစ်သားတွေကို ကယ်ထုတ်နေတဲ့ရုပ်သံဖိုင် ကို ရခိုင့်တပ်တော် AA က မနေ့ သန်းခေါင်မှာ ထုတ်ပြန်ပါတယ်။
စစ်သားတွေဟာ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှု လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြားကနေ အလင်းဝင်လာကြတာ ဖြစ်ပါတယ်။
"၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ လက်နက်ချ အလင်းဝင်လာသော ရန်သူများအား လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အာရက္ခတပ်တော် ကယ်ထုတ်နေသည့် မြင်ကွင်းများ" ဆိုပြီး ၆ မိနစ်ကျော်ကြာတဲ့ရုပ်သံကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နပခက တိုင်းစစ်ရုံးထဲကစစ်သားတွေ ထွက်ပြေးပြီး အလင်းဝင်လာချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကို ရုပ်သံဖိုင်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
အခုလို ပစ်ခတ်နေချိန်မှာ စစ်သားတဦးက "မင်းတို့စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာကြားလား"ဆိုပြီး အော်ပြောနေ တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် အလင်းဝင်လာတဲ့သူတွေထဲက အရပ်ဝတ်နဲ့သူတဦးကို ရခိုင့်တပ်တော်ဘက်က မေးမြန်းရာမှာ ဆေးတပ်ကလို့ ပြန်ဖြေတာတွေ့ရပြီး ဆေးဗိုလ်ကြီးလို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား အလင်းဝင်လာတဲ့ ရုပ်သံမှာ ဒဏ်ရာရထားသူတွေနဲ့ အသက်အရွယ်ကြီးတဲ့သူတွေကို လည်း တွေ့ရပါတယ်။
သောက်သုံးရေပြတ်နေတဲ့အတွက် အောက်ခြေစစ်သားတွေ ရေမသောက်ရတာ ၆ ရက်လောက်ရှိပြီဆိုပေမယ့် ထိပ်ပိုင်းက အရာရှိတွေအတွက် သောက်စရာ ရေ ရှိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားတွေက ပြောဆိုတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ကြားက လက်နက်ချ အလင်းဝင်လာတဲ့စစ်သားတွေကို ကယ်ထုတ်နေတဲ့ စိတ်လှုပ် ရှားဖွယ်ရုပ်သံဖိုင်ဟာ ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ အသက်ကိုပဒါနမထားဘဲ လူသားချင်းစာနာတဲ့စိတ်နဲ့ အလင်းဝင်လာတဲ့စစ်သားတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ကယ်ထုတ်ပေးနေတဲ့ ရုပ်သံဖိုင်တခုဖြစ်ပါတယ်။
========================
🚩🚩 ၂။ ရေဖြူရှိ စစ်တပ်စခန်း၂ခုကို တိုက်ခိုက်မှု စစ်တပ်ဘက်က အရာရှိအပါအဝင် ၁ဝ ဦးသေဆုံးပြီး တဦးအရှင်ဖမ်းမိ
ဒီဇင်ဘာလ ၂၀ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေကန်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ မိုက်ခရိုဝေ့ခ် တပ်စခန်းကုန်းနဲ့ ကံပေါက်အခြေစိုက် ခလရ- ၂၇၃ တပ်ကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူတဦးအပါအဝင် ၁ဝ ဦးသေဆုံးပြီးတဦးအရှင်ဖမ်းမိခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က ဒီနေ့ ဒီဇင်ဘာ ၂ဝ မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် မနက် ၄ နာရီခွဲအချိန်က ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေကန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့ တပ်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတဲ့ဗုံးကြဲပြီး မြေပြင်ကနေ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိတဦးအပါအဝင် ၆ ဦးသေဆုံးပြီး တဦးအရှင်ဖမ်းမိကာ ကျန် စစ်သား တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်စခန်းက အဆောင်တွေကို မီးရှို့ဖျက်ဆီး မနက် ၆ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးပါတယ်။။
အလားတူ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ-၂၇၃ တပ်ရင်း ဗဟိုကင်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
မိုက်ခရိုဝေ့ခ် တပ်စခန်းကုန်းကိုသိမ်းပိုက်တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အသုံးပြုတဲ့ MA 11 အမျိုးအစား သေနတ် ၃ လက်၊ ကပစ ထုတ် ၅ ပွိုင့် ၅၆ ကျည် ၅၇၈ တောင့် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတလက်နဲ့ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ ၄၀ မမ ဗုံးသီး ၃၆ လုံး ၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ကျည်ဘောက်များနဲ့ ကွန်ပျူတာတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က ထုတ်ပြန်ပါတယ်။
အခုတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDF၊ ရေဖြူ-ပကဖ နဲ့ သာဂရစစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရေးမြို့မှာရှိတဲ့ စစ်စခန်းကို မွန် ကရင်နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်
ဒီဇင်ဘာလ ၂၀ရက်
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးက ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မွန် ကရင်နဲ့ PDF တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ ဦးသေဆုံးပြီး ၇ ဦး ဒစ်ရာရသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဒီနေ့ ဒီဇင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်မနက်က ကွမ်ကျိုက်ကျေးရွာမှာရှိတဲ့ ခလရ - ၁၀၆ နဲ့ ခမရ - ၅၈၇ တို့ ပူးပေါင်းတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို မွန် ကရင်နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တဦး၊ တပ်ကြပ်ကြီးတဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ပွဲမှာ ရန်သူစစ်ကောင်စီထံကနေ MA2 တလက်၊ ၅ ပွိုင့် ၅၆ ကျည် ၇ဝဝ တောင်၊ ကျည်ဘောက်၅ ခု၊ ၆ဝ မမကျည် တလုံးနဲ့ရှေ့ထွက်မိုင်းတလုံးအပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ ရန်သူ့စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်၂ ဦးကျဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း ၊ KNLA တပ်ရင်း-၂၇၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP – AD နဲ့ YPDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်သားနဲ့ရဲ ၁၇၀ နီးပါး လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများစွား သိမ်းဆည်းရရှိ
ဒီဇင်ဘာလ ၂၀ရက်
ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ စစ်သားနဲ့ရဲ ၁၇၀ နီးပါး လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများစွား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်က ဒီနေ့ ဒီဇင်ဘာ ၂ဝ မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ချင်းညီနောင်တပ်ဖွဲ့ဟာ မဟာမိတ်အင်အားစုတွေနဲ့အတူ နိုဝင်ဘာ ၉ ရက်ကစပြီး ဖလမ်းနဲ့ မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။ ။
စစ်ဆင်ရေးကာလမှာ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲရာနေရာ ၇ ခု သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပမ်း ၁၂၃ ဦးနဲ့ စစ်ကောင်စီ တပ် မိသားစုဝင်တွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်စွဲရာ နေရာ ၅ ခု သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ဦး လက်နက်ချခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေများကြားက ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် မြို့ပေါ်တွေမှာရှိတဲ့ စစ်တပ်အခြေချ စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေတပ်စွဲတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်-မင်းတပ်၊ မြလေးပွင့် စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေသေးတဲ့ မင်းတပ်ခရိုင်နဲ့မြို့နယ် ရဲတပ်ဖွဲ့ဝင်း၊ ခလရ-၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မင်းတပ်ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၃ ဦးနဲ့ သူတို့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း စစ်ကောင်စီတပ်ဖွဲ့အခြေစိုက်ရာ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ဆေးရုံကုန်း နေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ချင်းညီနောင်အနေနဲ့ မဟာမတ်အင်အားစုတွေနဲ့လက်တွဲပြီး မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့က ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။
========================
🚩🚩 ၅။ ဗန်းမော်နဲ့မံစီက လက်ကျန် စစ်စခန်းများကို KIA နဲ့ ပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်သုံပန်းနဲ့ လက်နက် ခဲယမ်းများရရှိ
ဒီဇင်ဘာလ ၂၀ရက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်နဲ့မံစီ ဒေသတခုလုံးကို သိမ်းပိုက်နိုင် ဖို့ စစ်တပ်လက်ကျန်စခန်းတွေ ကိုဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်နဲ့ မံစီဒေသတခုလုံး သိမ်းပိုက်နိုင်ရေး KIA နဲ့ပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ထိုးစစ်ဟာ လဝက် ကျော်ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါ တယ်။
မနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဗန်းမော်မြို့ ၂ မိုင် လေယာဉ်ကွင်းနဲ့ နဲ့ ၅ မိုင်ပတ်လည်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဗန်းမော် တက္ကသိုလ်ဘက်ကတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ၅ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိခဲ့လို လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းရရှိ တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကို စစ်ရေးလုံခြုံရေးအရ ဒေသစစ်ရေးသတင်းရင်းမြစ်က အသိပေးတာမရှိပေမယ့် မံစီ ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေရဲ့အလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှာဖွေတိုက်ခိုက်နေပြီး ဗန်းမော် ၄ မိုင်ရှိ စစ်ကောင်စီ တပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ မံစီမြို့မှာကျန်နေသေးတဲ့ စစ်စခန်း၃ ခုကို တပြိုင်တည်း ပိတ်ဆို့တိုက်ခိုက်နေရာ မှာ စီမြို့ ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းတွေလည်း ဒီနေ့ ဒီဇင်ဘာ ၂ဝ ရက်မနက်ပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။
========================
🚩🚩 ၆။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်သင်္ဘောတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကျေးရွာ၃ရွာ မီးရှို့ ဖျက်ဆီး
ဒီဇင်ဘာလ ၂၀ရက်
မကွေးတိုင်း ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောနဲ့ရောက်ရှိလာပြီး စစ်ကြောင်း ထိုးကာ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
တနှစ်နီးပါး စစ်ကြောင်းဝင်ရောက်ခြင်းမရှိခဲ့တဲ့ဒေသကို ဒီဇင်ဘာ ၁၉ ရက် မနက် ၇ နာရီခန့်က စစ်တပ် စစ်သင်္ဘောတစ်စီး ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသက ကျွန်းညိုရွာ၊ နွယ်နီရွာနဲ့ ခြံကျေးရွာတို့က အိမ်ခြေ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ပြောပါတယ်။
အင်အား ၁ဝဝ ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ရေလယ်ကျွန်းဒေသကနေ ပြန်မထွက်သေးဘဲ မင်းရွာကို ရောက်ရှိနေတဲ့အတွက် ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာတွေက ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသဟာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ဆုံချက်နေရာဖြစ်ပြီး တော်လှန်ရေးအားကောင်းရာ ဒေသဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment