📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ စစ်ကောင်စီ၏သတ်ဖြတ်လို့သုံးလအတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် လူ ၁၂၁ ဦးသေဆုံး။
နိုင်ငံတစ်ဝန်း၊ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် သုံးလအတွင်း အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဒီဇင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီသေဆုံးတဲ့စာရင်းဟာ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း ပြုစုထားတဲ့စာရင်းတွေဖြစ်ပြီး သေဆုံးသူ အမျိုးသမီး (၁၂၁) ဦးထဲမှာ အသက် (၁၈) အောက် ကလေးငယ် (၂၈) ဦးပါဝင်တယ်လို့ သိရပါတယ်။
သေဆုံးသူ အရေအတွက်မှာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ (၂၉) ဦးစီနဲ့ သေဆုံးမှု အများဆုံးဒေသတွေဖြစ်ပြီး အဲ့ဒီ (၁၂၁) ဦးအနက် (၈၀) ဦးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ စစ်ကောင်စီအာဏာသိမ်းပြီး နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား စုစုပေါင်း ၆,၀၆၆ ဦး သေဆုံးခဲ့ရတယ်လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒါ့အပြင် စစ်တပ်က စုစုပေါင်း လူ(၂၇၉၂၉)ကို ဖမ်းဆီးပြီး ဒီအထဲမှ (၂၁,၃၅၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရသူတွေအနက် (၉၇၄၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
အခုဖော်ပြထားတဲ့ အရေအတွက်ဟာ အေအေပီပီ မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်ဟာ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၂။ မင်းတပ်မြို့ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေ ညသန်းခေါင်ကျော်မှစပြီး ဗုံးကြဲတိုက်ခိုက်။
ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီ၀န်းကျင်ကနေစပြီး ဗုံးကြဲတိုက်ခိုက်တယ်လို့ဒေသခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ ကင်းထောက် ထောက်ပို့လေယာဉ် Y-12နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး ၁၂၀ မမ အလုံး ၁၀၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လေကြောင်းတိုက်ခိုက်မှုမလုပ်ခင်မှာလည်း တစ်ညလုံး ကင်းပတ်နေပြီး မနက်ပိုင်းရောက်မှ ပစ်ခတ်မှုတွေစတင်ပြုလုပ်နေတာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက် စီးမှုတွေရှိနိုင်ပေမယ့် လုံခြုံရေး၊ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အသေးစိတ်မသိရပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက် နေ့ကစပြီး မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းက အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ လေကြောင်းရန်ကြောင့် ဘာသာရေးအခမ်းအနားနဲ့ ပွဲတွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်။
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလဖြစ်သလို လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုချိန် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ကာလဖြစ်လို့ လေကြောင်းတိုက်ိုခိုက်မှုလည်း ပိုများလာတာကြောင့် အခမ်းအနား ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့်လည်း ကြေညာထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာပါ။
ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လ ရှိလာပြီဖြစ်ပြီး ဖလမ်းနဲ့မင်းတပ်မြို့က စစ်ကောင်စီတပ်စန်း တော်တော်များများကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိထားရပါတယ်။
No comments:
Post a Comment