၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါ တီရှပ် အထည် ၅,၉၀၀ အား မြို့နယ်လူ့အခွင့်ရေးရာတာ၀န်ခံများက ဦးဆောင်ကာ စိုးမိုးနယ်မြေများမှာဖြန့်ဝေခဲ့
📌 ၂။ မွန်နိုင်ငံရေးကို စစ်အုပ်စု၏ ပျားရည်စိမ်ဖက်ဒရယ် လှည့်ကွက်အတွင်း ကျရောက်မသွားစေရေး မွန်လူငယ်များအားလုံး ဆန့်ကျင်လုပ်ဆောင်သွားကြရန် (၁၃) ကြိမ်မြောက် မွန်လူငယ်နေ့တွင် NRFF တောင်းဆို
📌 ၃။ အာဆီယံသည် မြန်မာစစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ ဆို
📌 ၄။ ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၃ ခုရှိ
📌 ၅။ အဖွားဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆နှစ်ပြည့်တွင် မြေးဖြစ်သူ Kim Aris မှ ရှိခိုးကန်တော့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ AYA PDF ၊ အမှတ် (၂၉) ဗျူဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စတင်မိတ်ဆက်
🚩 ၂။ မင်းတပ်မြို့ ခလရ ၂၇၄ မှ စစ်ရှုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးလာသူ စစ်ကောင်စီတပ်သားများနဲ့ မိသားစုဝင် ၁၂ဦးကို ဖမ်းမိ
🚩 ၃။ ဖယ်ခုံမြို့နယ် ပီကင်းစျေးအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရ
🚩 ၄။ ဂန့်ဂေါ ခလရ ၅၀ တပ်က လက်နက်ကြီး ၃ ချက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံး
🚩 ၅။ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦး သေဆုံး
🚩 ၆။ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နှင့် အနွေးထည်များ ဝေမျှကူညီ
🚩 ၇။ သပိတ်ကျင်းပကဖမှ မီတာ (၇,၀၀၀) အရှည် ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါ တီရှပ် အထည် ၅,၉၀၀ အား မြို့နယ်လူ့အခွင့်ရေးရာတာ၀န်ခံများက ဦးဆောင်ကာ စိုးမိုးနယ်မြေများမှာဖြန့်ဝေခဲ့
ဒီဇင်ဘာ၂၇ရက်
Radio NUG
၂၀၂၄ ခုနှစ် လူ့အခွင့်အရေးနေ့လှုပ်ရှားမှုအဖြစ် မြို့နယ် ပေါင်း (၅၇) မြို့နယ်တွင် လူထုစကားဝိုင်းများပြုလုပ်ခြင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေသော လူ့အခွင့်အရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူ့အခွင့်အရေး ပညာပေး ရုပ်/သံ ပြသခြင်း၊ စီတန်း ဆန္ဒထုတ်ဖော်ခြင်း အစရှိသည့်လှုပ်ရှားမှုများအား ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ၂၇ရက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါ တီရှပ် အထည် ၅,၉၀၀ အား မြို့နယ်လူ့အခွင့်ရေးရာတာ၀န်ခံများက ဦးဆောင်ကာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ ဖြန့်ဝေခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ မွန်နိုင်ငံရေးကို စစ်အုပ်စု၏ ပျားရည်စိမ်ဖက်ဒရယ် လှည့်ကွက်အတွင်း ကျရောက်မသွားစေရေး မွန်လူငယ်များအားလုံး ဆန့်ကျင်လုပ်ဆောင်သွားကြရန် (၁၃) ကြိမ်မြောက် မွန်လူငယ်နေ့တွင် NRFF တောင်းဆို
ဒီဇင်ဘာ ၂၇
Radio NUG
ဖက်ဆစ်အာဏာရှင်စနစ် ဆက်လက်အမြစ်တွယ်နိုင်စေရေးအတွက် တခုတည်းသောထွက်ပေါက်ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်ပေါ် ဖြစ်မြောက်လာစေရေးတွင်မူ မွန်ဒေသသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေလျက်ရှိတာကြောင့် ရှေးယခင်သင်ခန်းစာများကို နည်းယူပြီး မွန်နိုင်ငံရေးကို စစ်အုပ်စု၏ ပျားရည်စိမ်ဖက်ဒရယ် လှည့်ကွက်အတွင်း ကျရောက်မသွားစေရေး မွန်လူငယ်များအားလုံး ဆန့်ကျင်လုပ်ဆောင်သွားကြရန် (၁၃) ကြိမ်မြောက် မွန်လူငယ်နေ့တွင် ရာမညဖက်ဒရယ်အင်အားစုသစ် NRFFမှ သတင်းထုတ်ပြန်ထားပါတယ်။
မွန်လူငယ်များအားလုံး မွန်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ကောင်စီကို တွန်းလှန်နေသည့် မွန်တော်လှန်ရေးအင်အားစုများတွင် တတ်စွမ်းရာကဏ္ဍမှ ထဲထဲဝင်ဝင် တိုက်ပွဲဝင် ဆောင်ရွက်သွားကြရန်နှင့် ပံ့ပိုးကူညီသွားကြရန် ဆိုထားပါတယ်။
အလားတူ မွန်တို့၏ လူမျိုးစုနှင့် အမျိုးသားရေးအယူအဆအတွင်း တိုးဝင်အမြစ်တွယ်လာသော အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒတို့ကို မွန်လူငယ်များအားလုံး တွန်းလှန်ကြပြီး တိုးတက်သော အမျိုးသားရေးအယူအဆများဖြင့် လွတ်လပ်သော မွန်ပြည်အား တည်ဆောက်သွားကြရန် တောင်းဆိုထားပါတယ်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်အုပ်စုအား ဆက်လက် ရှင်သန်ကြီးထွားလာစေမည့် ယန္တရားများကို မွန်လူငယ်များအားလုံး ဆန့်ကျင်သွားကြရန် ဆိုထားပါတယ်။
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ခေတ်ပညာတတ်မွန်လူငယ်များ စုဖွဲ့ပြီး မွန်လူငယ်ညီလာခံတရပ် ကျင်းပခဲ့ခြင်းကို အစွဲပြုကာ ၂၀၁၂ ခုနှစ်တွင် ကျင်းပသော မွန်လူငယ်တွေ့ဆုံပွဲမှ စတင်ကျင်းပခဲ့သော မွန်လူငယ်များနေ့သည် (၁၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာရှင်ခေတ်အဆက်ဆက် စွန့်လွှတ်၊ အသက်ပေးခဲ့ကြသော မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် အညတရမွန်လူငယ်များကို ဂုဏ်ပြုဦးညွှတ်လျက်ရှိပြီး အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဦးလည်မသုဉ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုအပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အာဆီယံသည် မြန်မာစစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ ဆို
ဒီဇင်ဘာ ၂၇
Radio NUG
အာဆီယံသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အားလုံးပါဝင်သော ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်ဆိုသော်လည်း မြန်မာစစ်အုပ်စုကိုသာ အကာအကွယ်ပေးနေကြောင်း Blood Money Campaign MMမှ ရေးသားဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာလုယူပြီးနောက် အာဆီယံသည် မြန်မာ့နိုင်ငံရေး ဖြေရှင်းရန် “ဘုံသဘောတူညီချက် (၅) ချက်” ကို ထုတ်ပြန်ခဲ့သော်လည်း မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို စာရွက်သဖွယ်သာ မှတ်ယူထားပြီး (၁) ချက်မျှပင် မလုပ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ယခုနှစ် ၂၀၂၄ ခုနှစ်တိုင် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်သည် အောင်မြင်နိုင်စွမ်း အလျဉ်းမရှိသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း အာဆီယံသည် ထို (၅) ချက်ကိုသာ ဆက်လက်အကောင်အထည်ဖော်မည်ဟု ၂၀၂၄ အောက်တိုဘာ (၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အာဆီယံသည် အကြမ်းဖက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မင်းအောင်လှိုင်တို့ စစ်အုပ်စုနှင့် သာမန်ထိတွေ့ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ ၂၀၂၄ အောက်တိုဘာလမှာ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်ပြုခြင်း၊ အောက်တိုဘာလထဲတွင်ပင် အာဆီယံ၏ APOL ညီလာခံကို စစ်အုပ်စုအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း၊ နိုဝင်ဘာ (၇) ရက်နေ့တွင် အာဆီယံအဖွဲ့ဝင် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယာ နိုင်ငံတို့မှ စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် တရားမဝင် အာဏာလုယူထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို တရားဝင်မှုများစွာဖြင့် မြန်မာကိုယ်စားပြုခွင့်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံမှ မင်းအောင်လှိုင်စစ်အုပ်စုကို လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ဒေါ်လာ သန်း ၁၂၀ ကျော်ဖိုး တင်ပို့ရောင်းချပေးခြင်းနှင့် စင်္ကာပူနိုင်ငံမှ ဒေါ်လာ ၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချခြင်းတို့သည်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာပိတ်ဆို့မှုများမှ စစ်အုပ်စုအနေဖြင့် လေယာဉ်ဆီကို ရှောင်လွှဲဝယ်ယူနိုင်ရန် ဗီယက်နမ်ဆိပ်ကမ်းများ အသုံးပြုခွင့် ပေးခြင်းသည်လည်းကောင်း အစရှိသဖြင့် မြန်မာပြည်တွင်း စစ်ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်နေကြပါတယ်။
တဖက်တွင်မူ အာဆီယံအနေဖြင့် NUG, NUCC, EROs ကဲ့သို့သော မြန်မာကိုယ်စားပြုနိုင်သူများကိုမူ အလွတ်သဘောသာ တွေ့ဆုံခဲ့ကြသည်မှာ အာဆီယံ၏ “အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းချက်” ကို လုံးလုံးသွေဖယ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့အပြင် အာဆီယံသည် မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင်လည်း ပြည်သူများထံ အမှန်တကယ် ရောက်ရှိနိုင်သည့်နည်းလမ်းကို ရှာဖွေဖြေရှင်းရမည့်အစား စစ်အုပ်စုလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပါဝင်နေသော AHA Center ကိုသာ ပေးအပ်နေသည့်အတွက် ထိုအကူအညီများအားလုံးကို စစ်အုပ်စုက စိတ်ကြိုက်ခြယ်လှယ်လျက်ရှိတာကြောင့် လက်တွေ့တွင်မူ ပြည်သူထံ မရောက်ရှိဘဲ အာဆီယံမှပေးသော အကူအညီများ (ငွေကြေးအပါအဝင်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများမဟုတ်နေဘဲ မြန်မာပြည်သူများအား သတ်ဖြတ်နေသည့် သွေးစွန်းငွေများသာ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံသည် ပြည်သူလူထု လိုလားသော မြန်မာ့နိုင်ငံရေးကို အမှန်တကယ် ဖြေရှင်းပေးရန်ထက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ်မှ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှု ကြေညာချက် ထုတ်ပြန်ခြင်း ခံထားရသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းတို့ စစ်အုပ်စုကိုသာ တရားဝင်မှုပေးရန် ထိတွေ့ဆက်ဆံလျက်ရှိပါတယ်။
========================
📌📌 ၄။ ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၃ ခုရှိ
ဒီဇင်ဘာ ၂၇
Radio NUG
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိတဲ့အနက် ၁၃ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း Institute for Strategy and Policy Myanmar မှ သတင်းထုတ်ပြန်ပါတယ်။
EAOs များနှင့် PDFs များက ထိန်းချုပ်ထားသော တရုတ်စီမံကိန်း ၁၃ ခုမှာ မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် စင်တာ၊ ကရောင်း (Crown) ဘိလပ်မြေစက်ရုံ၊ ဆင်းရွှေလီ-၁ သကြားစက်ရုံ၊ ဂုတ်ထိပ်တံတားနှင့် လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ-၂ သကြားစက်ရုံ၊ ဆင်းရွှေလီ-၃ သကြားစက်ရုံ၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံတို့ ဖြစ်ကြပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) အပါအဝင် မူဆယ်-မန္တလေးရထားလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။
========================
📌📌 ၅။ အဖွားဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆နှစ်ပြည့်တွင် မြေးဖြစ်သူ Kim Aris မှ ရှိခိုးကန်တော့
ဒီဇင်ဘာ ၂၇
Radio NUG
ဒီဇင်ဘာလ ၂၇ရက်နေ့မှာ မြန်မာနိုင်ငံအတွက်ရော၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ စံပြုစရာ ဖြစ်ခဲ့တဲ့ အဖွားဖြစ်သူ ဒေါ်ခင်ကြည်ကို ရှိခိုးဂါရဝပြု ကန်တော့ခဲ့ကြောင်း မြေးဖြစ်သူ Kim Aris ကိုထိန်လင်းမှ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။
(၁၉၈၇)ခုနှစ် ကျွန်တော် အသက် (၁၀)နှစ်မှာ ရန်ကုန်ပြန်ခဲ့တယ်။ ဖွားဖွားက ကြီးမှူးပြီး ဖေဖေ၊ မေမေတို့က ရှင်ပြုပေးခဲ့ပါတယ်။ ကိုရင် ဝတ်ရပါတယ်။ နောက် သိပ်မကြာတဲ့ ကာလ၊ (၁၉၈၈) မှာ ဖွားဖွား မကျန်းမာလို့ မေမေ ဖွားဖွားဆီကို ပြန်ရောက်သွားခဲ့တယ်လို့ ငယ်ဘဝအကြောင်းကို ပြောဆိုထားပါတယ်။
၈၈ အရေးအခင်းကြီး ဖြစ်တယ်။ (၂၇ ရက် ဒီဇင်ဘာ ၁၉၈၈) မှာ ဖွားဖွား ဆုံးပါတယ်။ လူစုလူဝေး မလုပ်ဖို့ တင်းကျပ်ထားတဲ့ စစ်အုပ်ချုပ်ရေး ဥပေဒကို အာခံပြီး ဖိုးဖိုး နဲ့ ဖွားဖွားကို ချစ်တဲ့ မြန်မာပြည်သူတွေအများကြီးဟာ ဖွားဖွားဈာပနကို လိုက်ပို့ကြပါတယ်လို့ ရေးသားထားပါတယ်။
ဖိုးဖိုး နဲ့ ဖွားဖွားလိုပဲ နိုင်ငံချစ်စိတ် အပြည့်ရှိတဲ့ မေမေဟာလည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်။ ကျွန်တော်တို့ မိသားစုအတွက်လည်း ကံကြမ္မာ အပြောင်းအလဲ အကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအတွက် ပေးဆပ်မှုကို ရေးသားထားပါတယ်။
ဖွားဖွားနဲ့ ပတ်သက်တဲ့ အမှတ်ရစရာများ ဓာတ်ပုံများရှိရင် လာပြီး မျှဝေပြောပြပေးပါလို့ ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် Min Thihan နဲ့ Khashel တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ AYA PDF ၊ အမှတ် (၂၉) ဗျူဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စတင်မိတ်ဆက်
ဒီဇင်ဘာ၂၇ရက်
Radio NUG
AYA PDF ၊ အမှတ် (၂၉) ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ၂၇ရက်AYA PDF အမှတ်(၂၉) ဗျူဟာက ထုတ်ပြန်ကြေငြာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) သည် အမိန့်နာခံမှု ကောင်းသော ၊ စစ်စည်းကမ်းကောင်းမွန်သော၊ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားသော တပ်မှူးများ၊ ရဲဘော်များဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။
တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အတန်အသင့်ရရှိထားပြီး မြန်မာပြည်သူတစ်ရပ်လုံးမှ ယုံကြည်အားကိုးရသော တပ်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
AYA PDF ၊ အမှတ် (၂၉) ဗျူဟာ Facebook Page မှတစ်ဆင့် မိမိတို့ဗျူဟာ၏ လှူပ်ရှားဆောင်ရွက်မှု၊ မှတ်တမ်းတစ်ချို့နှင့် အလှူရှင်များ၏ ချွေးနည်းစာများမှတစ်ဆင့် ထောက်ပို့ပေးနေမှုများကို တိကျသော စာရင်းများဖြင့် ထုတ်ပြန်ပေးခြင်း၊ ထောက်ပို့အလှူရှင်များထံသို့လည်း မှတ်တမ်းဂုဏ်ပြုလွှာများကို ပြန်လည်ပေးပို့ခြင်းထို့အပြင် စစ်ရေးသတင်းများနှင့် ထုတ်ပြန်သင့်သော သတင်းများကို အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၂။ မင်းတပ်မြို့ ခလရ ၂၇၄ မှ စစ်ရှုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးလာသူ စစ်ကောင်စီတပ်သားများနဲ့ မိသားစုဝင် ၁၂ဦးကို ဖမ်းမိ
ဒီဇင်ဘာ ၂၇
Radio NUG
ချင်းပြည်နယ် မင်းတပ်မြို့ ခလရ (၂၇၄) မှ စစ်ရှုံး၍ စခန်းစွန့်ခွာ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများနဲ့ မိသားစုဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗျူဟာ (၈၁) ယောဗျူဟာမှ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိသူများမှာ တပ်သား Khaing Min Aung (Ta/Ta၅၂၉၈၉၆)၊ တပ်သား Win Naing Soe (တ/တ၁၂၄၂၈၇)၊ ဒုတက Thant Zin Htoo (၃၉၃၉၆၈)၊ တက ဆန်းဦး (Ta/Ta၁၃၃၈၈၉)၊ ဒုတက Aung Myo Tun (Ta/၄၈၁၄၉၃)၊ တပ်သား Kyaw Zin Latt (Ta/တ၅၇၇၁၇၄)၊ Sandar Win (မှီခို)နှင့် ကလေးဖြစ်သူ Zaw Myo Htet၊ Htet Nay Win၊ Thant Zin Htoo၊ Zaw Myo Hlaing (Ta/ ၅၆၉၉၃၂) ၊ လီဂျေ (TaTa -၁၂၅၂၉၅) တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဖယ်ခုံမြို့နယ် ပီကင်းစျေးအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရ
ဒီဇင်ဘာ ၂၇
Radio NUG
ဒီဇင်ဘာလ ၂၇ရက်နေ့၊ ညနေ ၃ နာရီ မိနစ် ၂၀ အချိန်တွင် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ စျေးအနီးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချမှုကြောင့် စစ်ရှောင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
လူနေထူထပ်သည့် ပီကင်းစျေးအနီးနားကို ကြဲချမှုကြောင့် နေအိမ် ၅လုံး ပျက်စီးခဲ့ပြီး ထိခိုက်သူ နှစ်ဦးမှာ အသက် ၇၀ ကျော် အရွယ် အဖွားအိုတစ်ဦး နှင့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတာ်။
အဖွားအိုက နားထင်ကို ထိသွားပြီး လမ်းမှာ ဖြတ်သွားတဲ့ လူငယ်တစ်ဦးက လက်တစ်ဖက် ထိသွားကာ ၂ ယောက်လုံးကို ဆေးရုံသို့ ပို့ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဂန့်ဂေါ ခလရ ၅၀ တပ်က လက်နက်ကြီး ၃ ချက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံး
ဒီဇင်ဘာ ၂၇
Radio NUG
ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ထဲက စစ်ကောင်စီတပ်သားများဟာ မြစ်သာမြစ်အနောက်ဖက်ခြမ်းကို ၁၂၂ မမ (ဟောင်ဝှစ်ဇာ) လက်နက်ကြီးများနဲ့ ၃ ချက်ပစ်ခတ်ခဲ့ကြောင်း ယောအလင်းတန်းမှ သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုအတွင်း ဇဟောရွာ ပြည်သူ့နေအိမ်ပေါ် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးက လယ်ကွင်းပြင်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
နေအိမ်အတွင်းအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ အမျိုးသမီးများဟာ အသက် ၇၀ ကျော်အရွယ် ဒေါ်သာစီနဲ့ အသက် ၂၀ ကျော်ခန့်အရွယ် မမီးဝေတို့ဖြစ်ပြီး နေအိမ်ပါ ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦး သေဆုံး
ဒီဇင်ဘာ ၂၇
Radio NUG
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ (၂)ဦးမှာ နေရာတွင် သေဆုံးခဲ့ရပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာများမှ အရပ်သားပြည်သူများ၊ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို မကြာခဏ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့က စစ်ကောင်စီရဲ့ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
🚩🚩 ၆။ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နှင့် အနွေးထည်များ ဝေမျှကူညီ
ဒီဇင်ဘာ ၂၇
Radio NUG
စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသော ဒေသတခုရှိ စစ်ဘေးရှောင်စခန်း တခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ နိုင်ငံရေးဌာန ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက်နေ့က သွားရောက်ပြီး ဆန်နှင့် အနွေးထည်များ ဝေမျှကူညီခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ဘေးရှောင် စခန်းတွင် နိုင်ငံရေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ရဲဘော်များက သီချင်းများသီဆိုဖျော်ဖြေကာ စစ်ဘေးရှောင် ပြည်သူများကို အားပေးစကားများ ပြောခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ သပိတ်ကျင်းပကဖမှ မီတာ (၇,၀၀၀) အရှည် ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီး
ဒီဇင်ဘာ၂၇ရက်
Radio NUG
သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ်အတွင်းတစ်နေရာတွင် မီတာ(၇,၀၀၀)အရှည်၊ အကျယ် ၂၈ပေ ရှိ လမ်းအား ဖောက်လုပ်ပေးခဲ့တယ်လို့ ပကဖအသံကဖော်ပြပါတယ်။
အဆိုပါလမ်းဖောက်လုပ်ခြင်းကို ဒေသခံ ပြည်သူတွေ အချိန်တိုတိုအတွင်း အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မန္တလေးတိုင်း(ပကဖ)၊ ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၊ ပြင်ဦးလွင်ခရိုင် (ပကဖ)စတဲ့ တာဝန်ခံ အဆင့်ဆင့်တို့ရဲ့ ကွပ်ကဲ လမ်းညွှန်မှုတွေနဲ့အညီ ကျောက်ချောအဆင့်ထိ ပြုပြင်ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment