၂၀၂၄ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၃၀-၁၂ -၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် (၂၇၆၄) ခုနှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး ဂုဏ်ပြုကြိုဆို
📌 ၂။ အာရက္ခဒေသတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန်လိုလားပြီး မြန်မာနိုင်ငံအရေးကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း AA ထုတ်ပြန်
📌 ၃။ ရခိုင်မှာ အခြေအနေမကောင်းတော့တဲ့ စစ်တပ်ကြောင့် တပ်လော်ဘီတွေ AA ကို ဦးတည်ဝါဒဖြန့်မှုတွေ မြင့်တက်လာ
📌 ၄။ ဂျယ်ဂျူ လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဘီးချမရဘဲ ဆင်းသက်စဉ် ပြေးလမ်းခြံစည်းရိုးနှင့်တိုက်ကာ ပေါက်ကွဲမှုဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါသူ ၁၇၉ ဦး သေဆုံးဖွယ် ရှိပြီး ၂ ဦးသာ အသက်ရှင်
📌 ၅။ ကျေးလက်ဒေသက စစ်ဘေးရှောင်များကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က အခမဲ့ ဆေးကုသပေး
📌 ၆။ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့် ကို၂၇ ဒီဇင်ဘာ ၂၀၂၄ သောကြာနေ့ မှာ မင်္ဂလာရာမကျောင်း, Maryland, USA မှာလည်း ဆွမ်းကပ်အလှူ ကျင်းပခဲ့ကြပါတယ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၂၉) ဗျူဟာ (ဧရာဝတီ PDF) ဖွဲ့စည်းခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း ပြည်သူ့ လွှတ်မြောက်ရေးတပ်ဖွဲ့ - PLF သဝဏ်လွှာပေးပို့
🚩 ၂။ GBK - PDF တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်၊ ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားသူ ၃ ဦးအား လက်ခံခြင်း မပြုကြဖို့ အသိပေး
🚩 ၃။ ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီး စခန်းနဲ့ ပျူကျေးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်
🚩 ၄။ တောင်ငူတွင် ပြည်သူ့စစ်များနဲ့ စစ်ကောင်စီ တပ်သားများ နေထိုင်ရာ ခပေါင်း ခန်းမရုံးကို ဖောက်ခွဲတိုက်ခိုက်
🚩 ၅။ တောင်ငူမှာ လဖက်ရည် သောက်နေတဲ့ လေတပ် ဗိုလ်ကြီး တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
🚩 ၆။ မြင်းခြံ- တောင်သာ ကားလမ်းပိုင်းအား 1 လပိုင်း ကုန်ထိ ည ၆နာရီမှ နံနက် ၆နာရီအထိ အသွားအလာ မပြုလုပ်ကြရန် အသိပေး
🚩 ၇။ ၁၀၂၇ စစ်ဆင်ရေးပြန် အောင်ပွဲရ PLA ရဲဘော်များကို အညာလူထုက ဂုဏ်ပြုကြိုဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၃၀-၁၂ -၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် (၂၇၆၄) ခုနှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး ဂုဏ်ပြုကြိုဆို
ဒီဇင်ဘာ ၂၉
RadioNUG
မကြာမီကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကရင်သက္ကရာဇ်(၂၇၆၄) ခုနှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး သတင်းထုတ်ပြန်ထားပါတယ်။
သမိုင်းအစဉ်အလာကြီးမားသော ကရင်လူမျိုးတို့၏ အမျိုးသားနှစ်သစ်ကူးနေ့ကို ကရင်ပြည်တွင်သာမက ကမ္ဘာအရပ်ရပ် ပျံ့နှံ့ရောက်ရှိနေသော ကရင်လူမျိုးများနှင့် မိတ်ဆွေအသိုင်းအဝိုင်းများမှ ဝိုင်းဝန်းဂုဏ်ပြုကြသည်မှာ လာလတ္တံ့သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ထောင်းအားရဖွယ်ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ “သလေးထိုင်ခုတ်ဖို-ပြာဆိုလဆန်း (၁) ရက်နေ့” ရောက်တိုင်းကရင်လူမျိုးတို့သည် မိမိတို့ရပ်ရွာ မိသားစုထံပြန်လည်စုစည်းပြီး ကောက်သစ်စားပွဲ အတူတကွ ကျင်းပကာ မိမိတို့၏ မျိုးရိုး ဇာတိကို ချစ်မြတ်နိုးမှုနှင့် စည်းလုံးညီညွတ်မှုကို ပုံဖော်ပြသကြတယ်လို့ သိရပါတယ်။
ကရင်လူမျိုးတို့၏ နှစ်သစ်ကူးများ ဖြတ်သန်းကျော်ဖြတ်ခဲ့ရသော ကာလအတွင်း မိမိတို့၏ လွတ်လပ်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရေးအတွက် ကျဆုံးသွားသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ ၊ ကရင်ပြည်သူများအား ကရင်အမျိုးသား နှစ်သစ်ကူးနေ့တွင် အထူးသတိတရ ဂုဏ်ပြုပါတယ်လို့ သိရပါတယ်။
ယနေ့မျက်မှောက်အချိန်ကာလသည် ကမ္ဘာအရပ်ရပ်ရှိ အာဏာရှင်စနစ်များ တစ်ခုပြီးတစ်ခု ချုပ်ငြိမ်းနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်သကဲ့သို့ ကရင်အပါအဝင် တိုင်းရင်းသား လူမျိုးများသည် မိမိတို့ ကိုယ်ပိုင်အခွင့်အရေးနှင့် ယဉ်ကျေးမှုများထိမ်းသိမ်း ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် တစ်နိုင်ငံလုံးအရေးကြီးသောအချိန်ကာလ ဖြစ်လာသည့်အားလျော်စွာ တော်လှန်ရေးအတွက် ကျရာနေရာတွင် အားဖြည့်ပါဝင်ပေးကြပါမည်ဟု အလေးအနက် ကတိပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အာရက္ခဒေသတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန်လိုလားပြီး မြန်မာနိုင်ငံအရေးကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း AA ထုတ်ပြန်
ဒီဇင်ဘာ ၂၉
Radio NUG
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ကိုလည်း လိုလားတယ်လို့ ဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သော အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည့်အပြင် မိမိတို့ အဖွဲ့အစည်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလား တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် မိမိတို့အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ပြီး ယခုလည်း လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၃။ ရခိုင်မှာ အခြေအနေမကောင်းတော့တဲ့ စစ်တပ်ကြောင့် တပ်လော်ဘီတွေ AA ကို ဦးတည်ဝါဒဖြန့်မှုတွေ မြင့်တက်လာ
ဒီဇင်ဘာ ၂၉
Radio NUG
ဒီဇင်ဘာ ၇ မှ ဒီဇင်ဘာ ၂၀ အတွင်း စစ်ကောင်စီလော်ဘီတွေရဲ့ ဦးတည်ဝါဒဖြန့်မှုတွေဟာ လူမျိုးစုလက်နက်ကိုင်တပ်တွေကို ဦးတည်တဲ့ ပုံဖျက် ဝါဒဖြန့်မှုတွေ အဓိက ပြုလုပ်ခဲ့ပြီး ရခိုင်ပြည် စစ်ရေးအခြေအနေတွေကြောင့် အာရက္ခတပ်တော် AA ဟာ စစ်တပ်လော်ဘီတွေရဲ့ အဓိက ဝါဒဖြန့်ဇာတ်ကောင် ဖြစ်လာကြောင်း BACSမှ သတင်းဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း အာရက္ခတပ်တော် AA နဲ့ ရခိုင်လူမျိုးတွေကို ဦးတည်တဲ့ လူမျိုးရေးအမုန်းတရားဖြန့်မှုတွေ မြင့်တက်ခဲ့ဖူးပြီး အဲ့ဒီ အချိန်တွေတုန်းက ရခိုင်ပြည်နယ်ရဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်ထဲက ပလက်ဝမြို့တို့ကိုပါ AA သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီလော်ဘီတွေက AA ကို လူမျိုးရေးလှုံ့ဆော်မှုတွေနဲ့ တန်ပြန်ပုံဖျက်ဖို့ ကြိုးစားခဲ့ကာ အခုလည်း အလားတူ ပုံဖျက်ဝါဒဖြန့်မှုတွေ တဖန်ပြန်တွေ့လာရတယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း နပခ တိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၃ ခုဟာ AA လက်ထဲကျရောက်သွားပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုလောက်သာ ရခိုင်မှာကျန်တော့ကာ “ဂွ” ကို သိမ်းဖို့ AA က ဆက်တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေမှာ AA နဲ့ ပတ်သက်တဲ့ ဝါဒဖြန့်ပို့စ်ပေါင်း ၁၂၀ ကျော်လောက် သီတင်းပတ် ၂ ခုအတွင်း ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်လော်ဘီတွေအနေနဲ့ တိုင်းစစ်ဌာနချုပ်မကျဘူးလို့ အစပိုင်းမှာ အရှက်ပြေဝါဒဖြန့်ခဲ့ကြပေမယ့် ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေလိုပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချက်အလက်၊ အထောက်အထားတွေနဲ့ သတင်းထုတ်ပြန်တဲ့အခါမှာတော့ ပိုအရှက်ကွဲ အခံခက်ဖြစ်တာ တွေ့ရပါတယ်။
ဒါကြောင့် ဝါဒဖြန့်ဇာတ်လမ်းတွေထဲမှာ AA ကို ချေမှုန်းဖို့၊ တိုင်းစစ်ဌာနချုပ်အပါအဝင် အာရက္ခတပ်တော် လက်ထဲရောက်သွားတဲ့ မြို့တွေ၊ စခန်းတွေကို ပြန်တိုက်ယူဖို့ ဝါဒဖြန့်မှုတွေများနေတာ တွေ့ရပြီး ပို့စ်ပေါင်း ၆၀ လောက်ရှိတယ်လို့ သိရပါတယ်။
ဒုတိယ အများဆုံး ဝါဒဖြန့်ဇာတ်လမ်းကတော့ လူမျိုးရေးဆိုင်ရာ အမုန်းတရားဖြန့်မှုတွေဖြစ်ပြီး AA က ဖမ်းဆီးရမိတဲ့ ဗမာတပ်သား သုံ့ပန်းတွေကို သတ်ဖြတ်နေပြီ၊ ရိုဟင်ဂျာတွေကို အနိုင်ကျင့် ညှဉ်းပမ်းနေတယ်ဆိုတဲ့ ဇာတ်လမ်းတွေကိုလည်း ပိုဖြန့်ဝေလာကာ ဝါဒဖြန့် ပို့စ်ပေါင်း ၂၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ပထမပတ်ကပဲ ပြီးခဲ့တဲ့ ၃ လအတွင်း AA တပ်ဖွဲ့ဝင် ၂၅၀၀ လောက်သေဆုံးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့တဲ့ စစ်တပ်လော်ဘီတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းရဲ့ မြေပြင်အခြေအနေတွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ ပုံရိပ်တွေ၊ သက်သေအထောက်အထားတွေကို AA ဘက်က ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ AA တွေ အကျအဆုံးများနေတယ်လို့ ဝါဒဖြန့်ဖို့ လက်တွန့်လာပြီး အရင်စောင့်ကြည့်ကာလတွေမှာ အကျအဆုံးများ၊ ရှုံးနိမ့်၊ ပျက်စီးနေတယ်ဆိုတဲ့ ပို့စ်တွေကို အများဆုံးအနေနဲ့ တွေ့ရတတ်ပေမယ့် အခု သီတင်းပတ်နှစ်ခုမှာတော့ ၂၀ ဝန်းကျင်လောက်သာ ရှိပါတယ်။
လူမျိုးစုလက်နက်ကိုင်တပ်တွေအနက်မှာ အာရက္ခတပ်တော် AA ကို အများဆုံး ဝါဒဖြန့်မှုပြုလုပ်ခဲ့ပြီး ဗန်းမော်နဲ့ မန်စီမှာတိုက်ပွဲတွေ ပြင်းထန်နေလို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုလည်း ဦးတည်ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့ကာ စစ်ကောင်စီလော်ဘီတွေရဲ့ လူမျိုးစုလက်နက်ကိုင် တပ်တွေနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်ချိမှုပုံစံဟာ မြေပြင် စစ်ရေးအခြေအနေ ပြင်းထန်မှုနဲ့ နိုင်ငံရေးအခြေအနေတွေပေါ် မူတည်ပြီး အပြောင်းအလဲဖြစ်နေကျ ဖြစ်တယ်လို့ သိရပါတယ်။
ယခင်က ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက TNLA နဲ့ MNDAA တို့ဟာ စစ်တပ်လော်ဘီတွေရဲ့ အဓိက ဝါဒဖြန့်ဇာတ်ကောင်ဖြစ်ခဲ့ပေမယ့် အခုတော့ AA နဲ့ KIA တို့က အဓိက ဝါဒဖြန့်ဇာတ်ကောင်အဖြစ် ပြောင်းလဲလာတာ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ဂျယ်ဂျူ လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဘီးချမရဘဲ ဆင်းသက်စဉ် ပြေးလမ်းခြံစည်းရိုးနှင့်တိုက်ကာ ပေါက်ကွဲမှုဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါသူ ၁၇၉ ဦး သေဆုံးဖွယ် ရှိပြီး ၂ ဦးသာ အသက်ရှင်
ဒီဇင်ဘာ ၂၉
Radio NUG
တောင်ကိုရီးယား နိုင်ငံ အနောက်တောင်ပိုင်း မြို့တော် ဆိုးလ်မှ ၂၈၈ ကီလိုမီတာအကွာရှိ မူအန် နိုင်ငံတကာ လေဆိပ်တွင် ဒေသ စံတော်ချိန် မနက် ၉း၀၀ နာရီအချိန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ခရီးသည် ၁၇၅ ဦး နှင့် အမှုထမ်း ၆ ဦး လိုက်ပါလာသော ဂျယ်ဂျူ လေကြောင်းလိုင်းပိုင် Boeing 737-800 အမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မယ်တစ်ဦး နှင့် ခရီးသည်တစ်ဦး စုစုပေါင်း ၂ ဦး အသက်ရှင်ကြောင်း ဒေသခံ မီဒီယာ များမှာ ဖော်ပြထားပါတယ်။
မူအန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိကာ ပေါက်ကွဲ မီးလောင်ခဲ့ပြီး လတ်တလော ၂၈ ဦးသေဆုံးကာ ၂ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ကာ မီးသတ်ကားများက သွားရောက် ငြိမ်းသက်နေဆဲဖြစ်တယ်လို့ ကိုရီးယား သတင်းများက ဆိုပါတယ်။
အစောပိုင်းတုန်းက ကယ်ဆယ်ရေးနဲ့ မီးသတ် တပ်ဖွဲ့တွေက ခရီးသည် တစ်ဦးနဲ့ အမှုထမ်း တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ အဲဒီ နှစ်ယောက်အပြင် နောက်ထပ် အသက်ရှင်သူတွေ ရှာတွေ့ဖို့ ဖြစ်နိုင်ခြေ မရှိသလောက် နည်းသွားပြီလို့ ယွန်ဟပ်ဆီ အသိပေးခဲ့ကာ အသက်ရှင်ကျန်သူ နှစ်ယောက်စလုံးဟာ လေယာဉ်ရဲ့ အမြီးပိုင်းနားမှာ ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ နှစ်ဦးကို ဆေးရုံပို့ဆောင်ထားပြီး ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးလောင်ကျွမ်းထားတဲ့ လေယာဉ်ကိုယ်ထည်ထဲ နောက်ထပ် ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို သယ်ထုတ်ဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
လေယာဉ်ပေါ်က ခရီးသည်တွေထဲမှ ၁၇၃ ဦးနှင့် အမှုထမ်း ၆ ဦးက တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး ၂ ဦးကတော့ ထိုင်းနိုင်ငံသားတွေလို့ ယွန်ဟပ် သတင်းဌာနက ရေးသားထားပါတယ်။
========================
📌📌 ၅။ ကျေးလက်ဒေသက စစ်ဘေးရှောင်များကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က အခမဲ့ ဆေးကုသပေး
ဒီဇင်ဘာ ၂၉၊
Radio NUG
စစ်ကိုင်းတိုင်းအတွင်းက ကျေးလက်ဒေသတစ်ခုမှ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ အပါအဝင် ဒေသခံ ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က အခမဲ့ ဆေးကုသ ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျေးရွာ စာသင်ကျောင်းရှိ ကလေး သူငယ်များနှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သက်ကြီး ရွယ်အိုများ အပါအဝင် စစ်ဘေးရှောင် ပြည်သူများကို ဆေးကုသမှု ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆေးကုသမှုအတွင်း သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ အပါအဝင် ဒေသခံ ပြည်သူ ၁၀၀ ကျော်ကို လုံးဝ အခမဲ့ ဆေးကုသမှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသ စစ်ကိုင်းတိုင်းမှာ ဒေသခံများနဲ့ စစ်ဘေးရှောင် ပြည်သူများကို လစဉ်ပုံမှန် ဆေးကုသမှု ပေးနေတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၆။ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့် ကို၂၇ ဒီဇင်ဘာ ၂၀၂၄ သောကြာနေ့ မှာ မင်္ဂလာရာမကျောင်း, Maryland, USA မှာလည်း ဆွမ်းကပ်အလှူ ကျင်းပခဲ့ကြပါတယ်
ဒီဇင်ဘာ ၂၉၊
Radio NUG၊
မြန်မာပြည်၏ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း၏ ဇနီး၊ မျက်မှောက်ခေတ်မြန်မာပြည်၏ ဒီမိုကရေစီခေါင်းဆောင်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရဖြစ်ခြင်းနဲ့ ဆွမ်းကပ်အလှူကို နိုင်ငံတကာရောက် မြန်မာပြည်သူများက မိမိတို့ ရောက်ရှိနေထိုင်ရာ မြို့ရွာများမှာ စုဝေးကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ်၊ မင်္ဂလာရာမမြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ စုဝေးပြီး ဆွမ်းကျွေးအလှူ အထိမ်းအမှတ်ပွဲတခု ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ခင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဦးအောင်ဆန်းအကို၏ အာဇာနည်ဦးဘဝင်း၏ သားဖြစ်တဲ့ ယခင် NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း တက်ရောက်ကြတာ တွေ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၂၉) ဗျူဟာ (ဧရာဝတီ PDF) ဖွဲ့စည်းခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း ပြည်သူ့ လွှတ်မြောက်ရေးတပ်ဖွဲ့ - PLF သဝဏ်လွှာပေးပို့
ဒီဇင်ဘာ ၂၉၊
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၂၉) ဗျူဟာ (ဧရာဝတီ PDF) ကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ - PLF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အမှတ် (၂၉) ဗျူဟာ (ဧရာဝတီ PDF) ကို အမိန့်နာခံမှု ကောင်းသော၊ စစ်စည်းကမ်း ကောင်းမွန်သော၊ တိုက်ခိုက် စွမ်းရည် မြင့်မားသော တပ်မှူး၊ ရဲဘော်များနဲ့ စနစ်တကျ ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဧရာဝတီ PDF အဖြစ် စုစည်းနိုင်ဖို့ အသက်၊ သွေး၊ ချွေးများ စွန့်လွှတ်ကြိုးစားခဲ့ကြတဲ့ တပ်မှူးတပ်သား အသီးသီးကိုလည်း ဦးညွှတ်ကြောင်းနဲ့ တိုးတက်ခိုင်မာလာမှုများကို အသိမှတ်ပြု ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ -PLF ကလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အခြေခံထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တခု ဖြစ်တဲ့အားလျော်စွာ အမှတ် ၂၉ ဗျူဟာ (ဧရာဝတီ PDF) နဲ့ ရှေ့လျောက် တော်လှန်ရေး ခရီးကြမ်းကို လက်တွဲချီတက်သွားနိုင်မယ်လို့ မျှော်လင့်ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။
ဧရာဝတီ PDF အနေဖြင့် စည်းကမ်းကောင်းမွန်သော၊ စစ်ပုံကျသော၊ ပြည်သူလူထု ယုံကြည်အားကိုးထိုက်သော၊ ပြည်သူကို အလုပ်အကျွေး ပြုနိုင်သော၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရဲ့ စံနမူနာပြ တော်လှန်ရေး တပ်အဖြစ် လက်တွေ့ကျကျ လုပ်ဆောင်၊ အောင်မြင်၊ တည်တံ့နိုင်ပါစေကြောင်းကိုလည်း ဆန္ဒပြုထားပါတယ်။
========================
🚩🚩 ၂။ GBK - PDF တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်၊ ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားသူ ၃ ဦးအား လက်ခံခြင်း မပြုကြဖို့ အသိပေး
ဒီဇင်ဘာ ၂၉၊
Radio NUG
တောင်ပိုင်းတိုင်း စစ်ဒေသ ၊ စစ်ဒေသခွဲ (၂)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂)၊ တပ်ခွဲ (၁) Dragon Brothers (GBK-PDF) က ထုတ်ပယ်ထားသူ ၃ ဦးဟာ GBK - PDF ရဲဘော် ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်၊ ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားတယ်လို့ အသိပေးထားပါတယ်။
GBK - PDF ထံကို ERO အဖွဲ့တခုမှ အသစ်ဝင်လာတဲ့ ရန်နိုင်(ခ)ကြက်ဖ၊ စောနေလင်း၊ ချစ်ထွေးနှင့် လင်းထိုက်တို့ ၄ ဦးအနက် ၃ ဦးဟာ စတင်ဝင်ရောက်လာကတည်းက တစ်လအတွင်း ပြည်သူများကို လက်နက်ကိုင် ရမ်းကားခြင်း၊ တပ်ဖွဲ့စည်းကမ်းများကို လိုက်နာမှု မရှိခြင်းတို့ကြောင့် ထုတ်ပြန်ခံထားရသူများ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှာ ရှေ့တန်းစခန်းတွင် ကင်းပတ်နေတဲ့ ရဲဘော်များကို ပထုတ်ပြီး လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ လက်နက်ခဲယမ်းများ မယူသွားဆောင်ဖို့ ပြောဆိုခဲ့တဲ့ ရဲဘော်ချစ်ထွေးဆိုသူအား ၎င်းတို့က အယုံသွင်းကာ အနီးသို့ ခေါ်ဆောင်ပြီး ဦးခေါင်းကို တစ်တောင့်ထိုး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
ထို့အပြင် ပစ်ခတ်သံကြား၍ အနီးကို ရောက်လာတဲ့ ရဲဘော်ကိုနိုင်ဆိုသူကိုလည်း M4 သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ M4 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၇ တောင့်၊ တစ်တောင့်ထိုး သေနတ် ၁ လက်တို့ကို ယူဆောင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
GBK-PDF ရဲဘော် နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားတဲ့ သစ္စာဖောက်များ ဖြစ်ကြတဲ့ ရန်နိုင်(ခ)ကြက်ဖ၊ စောနေလင်းနဲ့ လင်းထိုက် တို့ ၃ ဦးကို အခြားသော တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လက်ခံခြင်း မပြုကြဖို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီး စခန်းနဲ့ ပျူကျေးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်
ဒီဇင်ဘာ ၂၉၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီး စခန်းနဲ့ ပျူကျေးရွာတို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ခုခံတိုက်ခိုက်သူ တချို့ကိုသာ ပစ်မှတ်ထားချေမှုန်း တိုက်ခိုက်ခဲ့ကာ လက်နက်ချ အညံ့ခံတဲ့ ပျူစောထီးများ၊ ဆေးကုသမှု ခံယူနေရတဲ့ ပျူစောထီးများနဲ့ မိသားစုဝင်များကို နောက်နောင် စစ်ကောင်စီရဲ့ လုပ်ရပ်များမှာ ပါဝင်ပတ်သက်ခြင်း လုံးဝ မပြုဖို့နဲ့ မှာကြားခဲ့ကာ နှစ်သစ်မှာ မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦး ၊ ရန်သူအလောင်း ၁ လောင်း၊ G3 သေနတ် ၂ လက်၊ ကာဘိုင် ၃ လက်၊ လက်ပစ်ဗုံး၊ ခဲယမ်းများနဲ့ စစ်အသုံးဆောင် ပစ္စည်းတချို့ကို သိမ်းပိုက်ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ တောင်ငူတွင် ပြည်သူ့စစ်များနဲ့ စစ်ကောင်စီ တပ်သားများ နေထိုင်ရာ ခပေါင်း ခန်းမရုံးကို ဖောက်ခွဲတိုက်ခိုက်
ဒီဇင်ဘာ ၂၉၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူမြို့၊ မိုင်ဒါကွင်း ခပေါင်းခန်းမရုံးမှာ နေထိုင်နေတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများကို ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ - တောင်ငူက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်မှာ မိုင်ဒါကွင်းအတွင်း စစ်ကောင်စီက ကျင်းပမယ့် လွတ်လပ်ရေးပွဲကို တာဝန်ယူ စောင့်ကြည့်နေတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပျူ တပ်ဖွဲ့တို့ကို အင်အားပြင်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့အဖြစ် တပ်ဖွဲ့အမည် ပြောင်းလဲသတ်မှတ်ခဲ့တဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် စစ်ရေးပစ်မှတ် တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ရှေ့လျှောက်လဲ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တော်လှန်မစ်ရှင်များကို ရွတ်ရွတ်ချွံချွံ တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီမှ ကြီးမှူးကျင်းပတဲ့ ပျော်ပွဲ ရွှင်ပွဲများကို သွားလာခြင်း မပြုဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့များနဲ့ ဝေးဝေးနေပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ တောင်ငူမှာ လဖက်ရည် သောက်နေတဲ့ လေတပ် ဗိုလ်ကြီး တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
ဒီဇင်ဘာ ၂၉၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ၊ လက်ဖက်ရည် သောက်နေတဲ့ စစ်ကောင်စီရဲ့ လေတပ် ဗိုလ်ကြီး တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA က သတင်း ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်၊ မနက် ၇ နာရီ ၁၅ မိနစ်ခန့်မှာ လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ သူ့ရဲ့ တပည့်ဖြစ်သူတို့ကို PLA အမှတ် ၈၅၁ တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ) က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
ပစ်ခတ် ရှင်းလင်းမှုအတွင်း လေတပ်ဗိုလ်ကြီး ကိုင်ဆောင်တဲ့ MA5 MK1 သေနတ်တစ်လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်တချို့၊ ပြန်တမ်းဝင် အရာရှိကတ်၊ ဖုန်းနဲ့ ဘဏ်ကတ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မြင်းခြံ- တောင်သာ ကားလမ်းပိုင်းအား 1 လပိုင်း ကုန်ထိ ည ၆နာရီမှ နံနက် ၆နာရီအထိ အသွားအလာ မပြုလုပ်ကြရန် အသိပေး
ဒီဇင်ဘာ ၂၉
Radio NUG
မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ပြည်သူလူထုများ အန္တရာယ်မဖြစ်စေရေးအတွက် မြင်းခြံ- တောင်သာ ကားလမ်းပိုင်းအား 1 လပိုင်း ကုန်ထိ ည (၆:၀၀)မှ နံနက် (၆:၀၀)အတွင်း အသွားအလာ မပြုလုပ်ကြရန် အသိပေးထားပါတယ်။
တော်လှန်ရေးရဲဘော်များအတွက် အလုပ်ကောင်းကောင်း လုပ်နိုင်ရေးအတွက် မိဘပြည်သူလူထုများအနေဖြင့် ပူးပါင်းပါဝင်ပေးဖို့ တောင်းဆိုထားပြီး သတ်မှတ်ထားသော အချိန်၌ ဖြတ်သန်းသွားလာခဲ့ပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ၁၀၂၇ စစ်ဆင်ရေးပြန် အောင်ပွဲရ PLA ရဲဘော်များကို အညာလူထုက ဂုဏ်ပြုကြိုဆို
ဒီဇင်ဘာ ၂၉၊
Radio NUG
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ ပါဝင်ခဲ့ပြီး အောင်ပွဲများရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲဘော်များကို အညာဒေသ တစ်နေရာမှာ ဒေသခံ ပြည်သူလူတုက သောင်းသောင်းဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။
PLA ရဲဘော်များဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က ဦးဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” မှာ သိန္နီ၊ လားရှိုး၊ မိုးမိတ်၊ သီပေါ စတဲ့ မြို့သိမ်း တိုက်ပွဲများတွင် မဟာမိတ်များနဲ့အတူ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment