၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ SDB အစုရှယ်ယာများကို အမေရိကန် ဒေါ်လာ ၈.၃ သန်းအထိ တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ထားကြ
📌 ၂။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ကျင်းပနေတယ်လို့ လူ့အခွင့်အရေးဝန်ကြီး အသိပေး
📌 ၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရမှ ပန်းရောင်ကတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယခင်နည်းလမ်းများအတိုင်းသာ ဆောင်ရွက်ပေးရန် NUG အလုပ်သမားဝန်ကြီးဌာန တောင်းဆို
📌 ၄။ "လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတ လွတ်လပ်မြေ" ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Profile Campaign မှာပါဝင်ကြဖို့ ဒုဝန်ကြီး ဂျာထွယ်ပန် နှိုးဆော်
📌 ၅။ မင်းပြားရှိ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ရပ်ရွာများကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ကွင်းဆင်းကုသပေး
📌 ၆။ အပြည်ပြည်ဆိုင်ရာ လေကြောင်းနေ့တွင် Airbus ကုမ္ပဏီအား တိုက်ရိုက် စာပို့တောင်းဆိုမည့် အစီအစဥ်တွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်
📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း အမျိုးသမီး (၁၅၀) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၃၀) ဦး ပါဝင်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ကိုးကန့်တပ် MNDAA ထုတ်ပြန်
🚩 ၂။ အလုပ်သမားထုကို ဖိနှိပ်နေတဲ့ တရုတ်ပိုင် စက်ရုံ နှစ်ခုကို သတိပေးဖောက်ခွဲ၊ မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံခြိမ်းခြောက်ရင် တရုတ်လုပ်ငန်းစုများကို အရေးယူမည်
🚩 ၃။ ရွှေပြည်သာမြို့နယ်က ရဲမှူး မိုးညိုရဲ့ အိမ်ကို အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့
🚩 ၄။ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးတဦးသေဆုံး
🚩 ၅။ မြောက်ခင်ရန်း ပျူစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူတဦး သေဆုံး
🚩 ၆။ နွားထိုးကြီးမြို့နယ် နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သင်တန်းသား နှစ်ဦး သေဆုံး
🚩 ၇။ နတ်တလင်း ဆီဆံကုန်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ SDB အစုရှယ်ယာများကို အမေရိကန် ဒေါ်လာ ၈.၃ သန်းအထိ တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ထားကြ
နွေဦးဖွံဖြိုးရေးဘဏ် SDB ရဲ့ အစုရှယ်ယာများကို အမေရိကန် ဒေါ်လာ ၈.၃ သန်းအထိ တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ထားကြတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီဇင်ဘာ (၄) ရက်နေ့ ညပိုင်းမှာ အသိပေးပါတယ်။
"ဒီကနေ့ည (၈) နာရီမှာ ကန်ဒေါ်လာ ၈.၃ သန်းအထိ တော်လှန်ပြည်သူများ ပါဝင်အားဖြည့် ထားကြပါတယ်။ ကျန်ရှိနေတဲ့ အချိန်အတွင်း ရည်မှန်းထားတဲ့ ကန်ဒေါ်လာ ၁၀ သန်းပြည့်မီအောင် နိုင်သလောက်၊ စွမ်းသမျှ ဝိုင်းဝန်းကြဖို့ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်" လို့ ဝန်ကြီးက ဆိုထားပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ် SDB ၏ အစုရှယ်ယာများကို ပြည်သူများက တခဲနက်ဝယ်ယူအားပေးခဲ့ကြပြီး ဒီဇင်ဘာလ (၅) ရက်နေ့အထိ အစုရှယ်ယာများ ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ကျင်းပနေတယ်လို့ လူ့အခွင့်အရေးဝန်ကြီး အသိပေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက "၇၆ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ပြည်သူလူထုကြားထဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကျင်းပပြုလုပ်လျက်ရှိပါတယ်။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတ လွတ်လပ်မြေ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်တွေကို ဦးတည်ထား လုပ်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။ အုပ်ချူပ်ရေး တာဝန်ရှိသူတွေကြား လူ့အခွင့်အရေးကို ကိုယ်တိုင်သိရှိနားလည်ပြီး လေးစားကာကွယ်ဖြည့်စည်းပေးတဲ့ အုပ်ချူပ်မှု စနစ်ကောင်း ဖော်ဆောင် နိုင်ဖို့အတွက် မြို့နယ် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများက ဆွေးနွေးမှုတွေ၊ဟောပြောမှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။ ဒါတင်မကဘဲ ပြည်သူလူထုကြား အသိပညာပေးလုပ်ငန်းတွေကို လက်တွဲလုပ်ဆောင်ခဲ့ကြပါတယ်" လို့ သတင်းစကားပါးထားပါတယ်။
========================
📌📌 ၃။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရမှ ပန်းရောင်ကတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယခင်နည်းလမ်းများအတိုင်းသာ ဆောင်ရွက်ပေးရန် NUG အလုပ်သမားဝန်ကြီးဌာန တောင်းဆို
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရမှ ပန်းရောင်ကတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယခင်နည်းလမ်းများအတိုင်းသာ ဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ထုတ်ပြန်ပန်ကြားထားတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါလုပ်ငန်းစဉ်တွင် ယခင်ဆောင်ရွက်ပေးခဲ့သည့် နည်းလမ်းအတိုင်း မဟုတ်ဘဲ မြန်မာအလုပ်သမားများကို အခက်အခဲဖြစ်စေမည့်
(က) အလုပ်သမားများ၏ အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့စိစစ်စေခြင်း၊
( ခ) သက်တမ်းတိုးလျှောက်ထားသည့် အလုပ်သမားအနေဖြင့် သတ်မှတ်ထားသော ကုန်ကျစရိတ်များ ပေးဆောင်ရမည့်အပြင် စစ်ကောင်စီထံ ပြည်ပလစာ ဝင်ငွေခွန် ပေးဆောင်ထားကြောင်းနှင့် စစ်ကောင်စီက သတ်မှတ်ထားသည့် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သော ငွေကြေးလဲလှယ်နှုန်းအတိုင်း မြန်မာနိုင်ငံရှိ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက် အထားများ ပြသစေခြင်း၊
( ဂ) သတ်မှတ်ကုန်ကျစရိတ်(ခန့်မှန်း)မှာ ယခင်ကုန်ကျစရိတ်ထက် ၂ ဆ သို့မဟုတ် ၃ ဆအထိ ရှိလာနိုင်ခြင်း စတဲ့ အချက်များ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါအချက်များ ပါဝင်နေမှုသည် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖိနှိပ်နေမှုများကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပိုမိုခက်ခဲစေနိုင်ပြီး အထောက်အထားမဲ့များဖြစ်အောင် တွန်းပို့သကဲ့သို့ ဖြစ်နေသည့်အပြင် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှုနှင့် ဗုံးကျဲသတ်ဖြတ်မှုများ အတွက် လိုအပ်နေသည့် နိုင်ငံခြားငွေ ရရှိစေရန် သွယ်ဝှိုက်၍ ပံ့ပိုးကူညီသည့်သဘော သက်ရောက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမားအခွင့်အရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေ ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)တို့၏ မကြာမီ အရေးယူခြင်း ခံရတော့မည့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာအလုပ် သမားများအပေါ် ဖိနှိပ်မှုကို အားပေးကူညီခြင်း မပြုလုပ်ဘဲ ထိုင်းနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုကို တဖက်တလမ်းက အထောက်အကူပြုပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပိုမို ခက်ခဲစေသည့် အခြေအနေ မရောက်ရှိစေရေးအတွက် ထိုင်းအစိုးရက ယခင်ဆောင်ရွက်ပေးခဲ့ သည့် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးစေလိုကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက လေးနက်စွာ တိုက်တွန်းထားကြောင်း သိရှိရပါတယ်။
========================
📌📌 ၄။ "လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတ လွတ်လပ်မြေ" ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Profile Campaign မှာပါဝင်ကြဖို့ ဒုဝန်ကြီး ဂျာထွယ်ပန် နှိုးဆော်
"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Profile Campaign မှာပါဝင်ကြဖို့ NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Campaign ကို ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပြည်သူလူထု တရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင် ရဲ့မတရားဖိနှိပ်မှုတွေအောက်မှာ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးတွေ တားမြစ်ပိတ်ပင်ခံနေရလို့ တိုက်ယူနေရကြောင်းကို ဖော်ထုတ်ပြသရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ပြသဖို့ 10 D Campaign အတွင်း ဆောင်ရွက်သွားမယ့် Profile Campaign မှာ ပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
Profile Campaign ကိုတော့ ဒီဇင်ဘာလ (၂) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ပါဝင်ပေးရမှာ ဖြစ်ပြီး Profile Frame ထားနည်းကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့ဘွခ် လူမှုကွန်ရက် စာမျက်နှာမှာ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါတယ်။
========================
📌📌 ၅။ မင်းပြားရှိ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ရပ်ရွာများကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ကွင်းဆင်းကုသပေး
မင်းပြားမြို့နယ်ရှိ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ရပ်ရွာများကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက နိုဝင်ဘာလ ၂၃ရက်နေ့ကစပြီး ကွင်းဆင်းကုသပေးနေကြောင်း APM က သတင်းဖော်ပြထားပါတယ်။
မင်းပြားမြို့နယ်က ရပ်ရွာအများစုမှာ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမြင့်တက်နေကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဇိုင်ချောင်း၊ ကုလားမတောင်၊ ဝါးတောင်၊ မြင်းကဆိပ်၊ တံခွန်တိုင်၊ ချင်းဆိပ်နဲ့ တောတန်းရွာတွေကို နိုဝင်ဘာလ (၂၃) ရက်နေ့မှစပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်ကွင်းဆင်းပြီး ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ထိုရွာတွေက ပြည်သူတွေကို ငှက်ဖျားရောဂါ အသိပညာပေးများ ပြုလုပ်ခဲ့တဲ့အပြင် ရွာတွေက ဆေးဝါးပြတ်လပ်နေတဲ့ ကျေးလက်ကျန်းမာရေးဌာနတွေကိုလည်း ငှက်ဖျား ဆေးဝါးများ ထောက်ပံ့ခဲ့ပြီး အလားတူ ငှက်ဖျားရောဂါ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ တခြားရွာတွေကိုလည်း ကွင်းဆင်းကုသပေးသွားမယ်လို့ သိရပါတယ်။
========================
📌📌 ၆။ အပြည်ပြည်ဆိုင်ရာ လေကြောင်းနေ့တွင် Airbus ကုမ္ပဏီအား တိုက်ရိုက် စာပို့တောင်းဆိုမည့် အစီအစဥ်တွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်
ဒီဇင်ဘာ (၇) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လေကြောင်းနေ့) တွင် လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသွားရန်အတွက် Airbus ကုမ္ပဏီအား တိုက်ရိုက် စာပို့တောင်းဆိုမည့် အစီအစဥ်တွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းက ဒီဇင်ဘာ (၄) ရက်နေ့မှာ အသိပေးဆိုထားပါတယ်။
"ဒီဇင်ဘာ (၇) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လေကြောင်းနေ့) တွင် လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသွားရန်အတွက် Airbus ကုမ္ပဏီအား တိုက်ရိုက်စာပို့တောင်းဆိုမည့် public letters writing campaign ပြုလုပ်သွားရန်ရှိပါတယ်။ စစ်အုပ်စု၏ လေတပ်အား အဓိက အထောက်အပံ့ပြုနေသော တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီကို ဖိအားပေးရန်အတွက် ၎င်း၏ စီးပွါးမိတ်ဖက် AIRBUS ကုမ္ပဏီမှတဆင့် ဖိအားပေးတောင်းဆိုမည့် လှုပ်ရှားမှုဖြစ်ပါတယ်။ တရုတ်အစိုးရသည် အကြမ်းဖက်စစ်အုပ်စုအား ပြောင်ပြောင်တင်းတင်း ထောက်ခံနေသကဲ့သို့ တရုတ်အစိုးရပိုင်ကုမ္ပဏီ AVIC သည်လည်း လေယာဉ်၊ လက်နက်၊ နည်းပညာ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု အစရှိသော စစ်အုပ်စုလေတပ်အတွက် လိုအပ်သည့် အရာအားလုံးနီးပါးကို ထောက်ပံ့ပေးနေလျက်ရှိပါတယ်" လို့ ဆိုပါတယ်။
တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီမှ စစ်အုပ်စုလေတပ်အား ထောက်ပံ့မှုများ ရပ်တန့်ရန်အတွက် ပြင်သစ်၊ ဂျာမနီနဲ့ စပိန် အစိုးရများ၏ ရှယ်ယာများ ပါဝင်နေသော AIRBUS ကုမ္ပဏီအား ဖိအားပေးခြင်း သည် အထိရောက်ဆုံးသော ပစ်မှတ်ဖြစ်ပြီး AIRBUS ကုမ္ပဏီအနေဖြင့် လူ့အခွင့်အရေးကို အမှန်တကယ် လေးစားလိုက်နာပါက ၎င်း၏မိတ်ဖက် AVIC ကုမ္ပဏီ မှတဆင့် စစ်အုပ်စုအား ထောက်ပံ့နေမှုအားလုံး ရပ်တန့်ရန် မဖြစ်မနေ ဖိအားပေးရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း အမျိုးသမီး (၁၅၀) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၃၀) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း အမျိုးသမီး (၁၅၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၃၀) ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
ထိုအရေအတွက်တွင် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာ (၃၄) ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသများဖြစ်ပြီး၊ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၀၇) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စုစုပေါင်း အမျိုးသမီး (၄၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၁၃) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် မြို့မဈေး ပျက်ဆီး
ဒီဇင်ဘာလ (၃) ရက်နေ့ ည (၈) နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ တောင်ကုတ်မြို့မစျေးကို ဗုံး (၂) လုံး ကြဲချခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း (၅၀) ကျော် ပျက်ဆီးခဲ့ကာ ညဈေးတန်းကိုလည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့လို့ ဆိုင်ခန်းပေါင်း (၂၀) ကျော်လည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကနီမြို့နယ်၊ နတ်ကြီးရွာအနီးကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းတွင် ကနီမြို့နှင့် (၄) မိုင်ခန့်အကွာရှိ နတ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာမြို့ နှင့် တံတားဦးမြို့လေဆိပ်တို့မှ တက်လာသော တိုက်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
နေ့လယ်ကတည်းက ကင်းထောက် လေယာဉ်နဲ့ ကင်းထောက်ခဲ့ပြီး ည (၇) နာရီ၊ (၈) နာရီနှင့် (၁၁) နာရီဝန်းကျင်တို့တွင် ရွာတောင်ပိုင်း ရုန်းပင်ဆိပ်ကမ်းက ကုက္ကိုပင်ကြီးအနီးနဲ့ ရွာအရှေ့တောင်ဘက်ကို (၃) ကြိမ် ပစ်ခတ်ဗုံးကျဲခဲ့ကာ ပြည်သူတွေ ကြိုရှောင်ထားလို့ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ တိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်တွင် ဒေသခံများတိမ်းရှောင်နေရတဲ့ ရေလမ်းကို စစ်ကောင်စီ ပိတ်ဆို့
တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ဗန်းမော်မြို့ခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရေလမ်းကြောင်းကို စစ်ကောင်စီက ဒီဇင်ဘာလ (၄) ရက်နေ့ နေ့လယ်ပိုင်းကစပြီး မြစ်ကမ်းအနီး တပ်စွဲပိတ်ဆို့ကာ သွားလာခွင့်ပိတ်လိုက်တာကြောင့် ဒေသခံပြည်သူတချို့ ပိတ်မိနေတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
ဗန်းမော်မြို့ထွက် မိုးမောက်နှင့် မံစီလမ်းနှစ်ခုလုံးတွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်နှင့် မံစီအနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က နံနက် (၅) နာရီခန့်မှ စတင်ကာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေတာကြောင့် မြို့ခံပြည်သူအချို့က ရေလမ်းအသုံးပြုကာ တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြစ်ကြီးနားမြို့က နမ့်ပေါင် လေတပ်စခန်း ရှေ့ာတိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ Kachin News Group က ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ (၄) ရက်နေ့ မနက် (၆) နာရီ ဝန်းကျင်ခန့်မှာ (၁၀၇) မမ ရှော့တိုက်ဒုံး (၈) လုံးဖြင့် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး လေယာဉ်ပြေးလမ်းကြောင်းကို တလုံး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ပေါင် လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိ အမြှောက်တပ်ထဲကနေ ဧရာဝတီမြစ် တဖက်ကမ်းက စန်းကား၊ တာစခန့် ကျေးရွာတွေဘက်ကို လက်နက်ကြီး အလုံး (၂၀) ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်နက်ကြီးတွေထဲက တလုံးဟာ မနက် (၇) နာရီဝန်းကျင်မှာ မြို့သစ်ကြီး ရပ်ကွက်ထဲကို တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ နမ့်ပေါင် လေတပ်စခန်းဟာ ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် စက်တင်ဘာလ နဲ့ (၂၀၂၄) ခုနှစ် မတ်လတို့မှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
========================
🚩🚩 ၅။ ဖရဲသီး သတင်းပေးချက်အရ စစ်ကောင်စီ ဆိုင်ကယ်ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ခဲ့
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၆) တပ်ရင်းမှ ထွက်လာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဖရဲသီး သတင်းပေးချက်အရ စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုပ်ဖိုက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ (၄) ရက်နေ့ မနက် (၉) နာရီ (၂၀) မိနစ် အချိန်မှာ ခမရ (၆) တပ်ရင်းမှ ကိုက် (၂၀၀) ခန့် အကွာခန့်မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုပ်ဖိုမှ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
အပြန်အလှန် ပစ်ခတ်မှု (၈) မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး သိန်းဝင်း နဲ့ တပ်ကြပ်ကြီး တင်အောင်တို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်တွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် MA-3 သေနတ် အသစ် (၁) လက်၊ ကျည်ဘောက် (၂) ခု၊ 5.56 ကျည် (၄၉) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ဖုန်း (၂) လုံး၊ ကျောပိုးအိတ် (၁) လုံး၊ မှတ်ပုံတင် (၁) ခု၊ ငွေသား သိန်းလေးဆယ် နဲ့ ခမရ (၆) ရဲ့ လျှို့ဝှက် စာရွက်စာတမ်းများကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယခုစစ်ဆင်ရေး လုပ်ဆောင်နိုင်ဖို့ သတင်းပေးပို့ခဲ့တဲ့ တပ်တွင်းဖရဲသီးဖြစ်သူကို လေးစားစွာ မှတ်တမ်းတင်ထားတယ်လို့လည်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ အမ်းမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး တဦး အပါအဝင် စစ်သုံ့ပန်း (၁၂) ဦးအား ဖမ်းဆီးရမိ
အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ရခိုင်ပြည်၊ အမ်းမြို့ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာတဲ့ ဗိုလ်ကြီး တဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၂) ဦးကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အရှိူချင်းကာကွယ်ရေးတပ် (ACDF), New Society Army (NSA) နဲ့ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ဒီဇင်ဘာလ (၄) ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
၎င်းစစ်သုံ့ပန်းများ နှင့်အတူ Laptop တလုံး၊ ဖုန်း တလုံး၊ MA-1 တလက်၊ MA-3 တလက်၊ 5.56 ကျည် (၂၃) တောင့်၊ Type-81 တလက် (ကျည်ဘောက်မပါ)၊ ပစ္စတိုတလက်နဲ့ ကျည် (၂၄) တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းများကို စနစ်တကျ ထိန်းသိမ်းထားပြီး ၎င်းတို့ ရရှိခဲ့တဲ့ ဒဏ်ရာများကိုလည်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဒေသအသီးသီးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့အပေါ် အနိုင်အထက်ပြုနေတဲ့ စစ်အာဏာရှင်များအတွက် အသေခံ တိုက်မလား ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူများနဲ့အတူ ရှင်သန် ရပ်တည်မလား ဆိုတာကို စဉ်းစားဆုံးဖြတ်ကြဖို့ကိုလည်း အသိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ လှော်ကားလမ်းဆုံက စစ်ကောင်စီဂိတ်ကို 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်တိုင်း၊ ထောက်ကြန့် - လှော်ကား လမ်းဆုံအနီးက စစ်ကောင်စီရဲ့ အမှတ် (၁၀၆) ခြေမြန်တပ်ရင်း၊ ဌာနချုပ် အဝင်ဂိတ်ကို 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Force (R.U.F) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ (၃) ရက်နေ့ ညပိုင်းမှာ အဆိုပါ စစ်ကောင်စီ ဂိတ်ကို 79 ဗုံးပစ်လောင်ချာဖြင့် ဗုံးသီး (၂) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ မြေပြင်ထောက်လှမ်းရေးအဖွဲ့ထံက သိရကြောင်းနဲ့ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းရာကို ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်းကို အသိပေးထားပါတယ်။
========================
🚩🚩 ၈။ ရှမ်းတောင် PDF (၁၀၀၈) တပ်ရင်း (SSRY Eagle Force) (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ
ရှမ်းတောင်အခြေစိုက်၊ အမှတ် (၁၀၀၈) တပ်ရင်း (SSRY Eagle Force) စတင်ပေါ်ပေါက်လာတဲ့ (၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရှမ်းတောင်ဒေသ လုံခြုံတဲ့ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ (၄) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားကို (၁၀၀၈) တပ်ရင်း ၊ တပ်ခွဲ - ၁ (Eagle Force) ၊ တပ်ခွဲ - ၂ (Cobra Force) ၊ တပ်ခွဲ ၃ (Zarmani Force) နှင့် မဟာမိတ်တပ်ရင်း များမှ တာဝန်ရှိသူများ အပါအဝင် ရဲဘော်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
(၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့က စတင်ခဲ့တဲ့ တပ်ရင်းရဲ့ တော်လှန်ရေး ခရီးလမ်းဟာ ယနေ့ (၃) နှစ်ပြည့်ထိ တိုင်အောင် ဆက်လက် လမ်းဖောက်နေပြီဖြစ်ပြီး အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment