၂၀၂၄ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စုစည်းထောက်ပံ့မှုအပိုင်း၊ COC မိအောင် ပြန်တည်ဆောက်မည့်အပိုင်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ နှီးနှော တိုင်ပင်၍ ကြိုးစား ဆောင်ရွက်ကြရန်ဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ပြင်းပြခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု မြန်မာပြည်သူတွေဆီမှာ ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၃။ မြန်မာ့အရေးအပေါ် အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှုနှင့် စပ်လျဉ်းပြီး အရပ်ဖက်အဖွဲ့အစည်း ၄ဖွဲ့မှ သဘောထားထုတ်ပြန်
📌 ၄။ ကိုးကန့်အထူးဒေသ-၁ တွင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦး ပြစ်ဒဏ်စီရင်ချက် ချမှတ်ပြီး ၆ ဦးကို သေဒဏ်ပေး
📌 ၅။ စလင်းမြို့နယ်တွင် လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်ခဲ့တဲ့ တရားခံ တဦးအား သေဒဏ်ချမှတ်
📌 ၆။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင် ဒေသခံပြည်သူတွေထံ သပိတ်ကျင်း ပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ
🚩 ၂။ ခင်ဦးမြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ရဲဘော်တဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်
🚩 ၃။ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂၀ ကျော် သေဆုံး
🚩 ၄။ မြင်းခြံတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံး
🚩 ၅။ ပခုက္ကူ လေဆိပ်က စစ်ကောင်စီ အထိုင်စခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၆။ မောင်တောတွင် ARSA အဖွဲ့က အရပ်သား ပြည်သူ တဦးကို ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်သတ်ခဲ့
🚩 ၇။ မြစ်ကြီးနားတွင် လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ
🚩 ၈။ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရIHL- IHR နှင့် ငြိစွန်းနေသောကြောင့် ရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်
🚩 ၉။ ထီးလင်းမြို့ပေါ်မှ ပြည်သူများ NUG စိုးမိုးနယ်မြေများသို့ ခိုလှုံရန်နှင့် စကစနှင့် ပျူများ အမြန်ဆုံး အလင်းဝင်ရန် ထီးလင်း ပအဖ အထူး သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စုစည်းထောက်ပံ့မှုအပိုင်း၊ COC မိအောင် ပြန်တည်ဆောက်မည့်အပိုင်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ နှီးနှော တိုင်ပင်၍ ကြိုးစား ဆောင်ရွက်ကြရန်ဝန်ကြီးချုပ်တိုက်တွန်း
ဒီဇင်ဘာ၅ရက်
Radio NUG
စုစည်းထောက်ပံ့မှုအပိုင်း၊ COC မိအောင် ပြန်တည်ဆောက်မည့်အပိုင်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ နှီးနှော တိုင်ပင်၍ ကြိုးစား ဆောင်ရွက်ကြရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ လ ၅ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။
"စုစည်းထောက်ပံ့မှုအပိုင်း၊ COC မိအောင် ပြန်တည်ဆောက်မည့်အပိုင်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းက ဒီအချိန်မှာ လုပ်ဆောင်နိုင်ဖို့ အခက်အခဲ ရှိသောကြောင့် ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့်တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ နှီးနှော တိုင်ပင်၍ ကြိုးစား ဆောင်ရွက်ကြရန်၊ စစ်ရေးကဏ္ဍ အောင်မြင်ဖို့ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အခက်အခဲ၊ အကန့်အသတ်၊ ပြဿနာရပ်တွေကို အပြုသဘောဆောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးမှသာ တော်လှန်ရေးသည် ရှေ့သို့ ဆက်နိုင်မည်ဖြစ်၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ပြင်းပြခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု မြန်မာပြည်သူတွေဆီမှာ ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
ဒီဇင်ဘာ ၅ရက်
Radio NUG
အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ပြင်းပြခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု မြန်မာပြည်သူတွေဆီမှာ ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုလိုက်ပါတယ်။
"SDB-ICO2 ရဲ့ လက်ရှိရောင်းချရမှုက ကန်ဒေါ်လာ ၁၀ သန်းပြည့်သွားပါပြီ။ စကားပြောသော ကိန်းဂဏန်းများလို့ ရည်ညွှန်းတင်စားလိုပါတယ်..။ ငွေပမာဏဆိုတာထက် ပိုလွန်တဲ့ ထပ်ပိုးတန်ဖိုးတွေနဲ့ ချယ်မှုန်းထားတဲ့ ကိန်းဂဏန်းတွေလို့ ပြောမှ သင့်လျော်မှန်ကန်တဲ့ ဂုဏ်ပြုသုံးနှုန်းမှု ဖြစ်ပါလိမ့်မယ်။ အဲဒီ ကိန်းဂဏန်းထဲမှာ ပြည်သူတွေရဲ့ ဒီကနေ့ ဒီအချိန်အထိ မဆုတ်မနစ်ဇွဲသန်မှု၊အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ပြင်းပြခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု၊ ပြည်သူသာ အဓိကဆိုတာကို မြန်မာသာမက ကမ္ဘာကိုပါ ကိုင်လှုပ်သတင်းစကားပါးလိုက်နိုင်မှု၊ ဒီပွဲက နိုင်ကို နိုင်မယ့်ပွဲဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့ သက်သေထူလိုက်နိုင်မှုစတဲ့ အနှစ်သာရတွေ စီးဝင်တောက်ပ ပျော်ဝင်ပျံ့နှံ့လျက်ရှိပါတယ်"လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၅ရက်နေ့တွင် နွေဦးဖွံဖြိုးရေး SDBဘဏ် အစုရှယ်ယာများ ရောင်းချတဲ့ သတ်မှတ်ရက် ပြည့်မီသွားသော်လည်း ဒီဇင်ဘာ ၈ရက်နေ့အထိ SDBဘဏ်က သုံးရက်တာ ထပ်မံတိုးမြှင့်ထားပါတယ်။
========================
📌📌 ၃။ မြန်မာ့အရေးအပေါ် အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှုနှင့် စပ်လျဉ်းပြီး အရပ်ဖက်အဖွဲ့အစည်း ၄ဖွဲ့မှ သဘောထားထုတ်ပြန်
ဒီဇင်ဘာ ၅
Radio NUG
အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့ပဋိပက္ခ ကူညီဖြေရှင်းမှု အောင်မြင်နိုင်ရေးအတွက် မျှတသော ဆက်ဆံခြင်းအား ခိုင်မာသော မူတရပ်အဖြစ်ထည့်သွင်းပြီး မြန်မာနိုင်ငံအရေးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပက်သက်နေသော ပြည်တွင်း၊ ပြည်ပ အင်အားစုအားလုံးနှင့် လက်တွဲကာ မြန်မာပြည်သူများ လိုလားသော နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ရလဒ်များ ပေါ်ထွက်လာသည်အထိ ဦးဆောင်ကူညီပေးပါရန် အရပ်ဖက်အဖွဲ့အစည်း ၄ဖွဲ့မှ တိုက်တွန်း တောင်းဆိုထားပါတယ်။
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းရာတွင် အကြမ်းဖက် စစ်အုပ်စု၊ ၎င်းနှင့် နီးစပ်သော အဖွဲ့အစည်းများကို တရားဝင်ဖိတ်ကြားမှုဖြင့် တွေ့ဆုံပြီး ပြည်သူ့တော်လှန်ရေး အင်အားစု တချို့အား တရားဝင်မဟုတ်သော နည်းလမ်းဖြင့် တွေ့ဆုံမှုသည် လုံးဝမှားယွင်းသော ချဉ်းကပ်မှုဖြစ်သည်ဟု ဆိုထားပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေး အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ကူညီပံ့ပိုးလိုပါက ပြည်သူ့တော်လှန်ရေး အင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု၊ ၎င်းနှင့် နီးစပ်သော အဖွဲ့အစည်းများအကြား “မျှတသောဆက်ဆံခြင်း” ကို အခြေခံမူအဖြစ် မဖြစ်မနေ လိုက်နာကျင့်သုံးရန် လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ သဘောထားထုတ်ပြန်ချက်ကို India For Myanmar, Blood Money Campaign (BMC), Defend Myanmar Democracy (DMD), Generations’ Solidarity Coalition of Nationalities (GSCN)တို့မှ ပူးပေါင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ ကိုးကန့်အထူးဒေသ-၁ တွင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦး ပြစ်ဒဏ်စီရင်ချက် ချမှတ်ပြီး ၆ ဦးကို သေဒဏ်ပေး
ဒီဇင်ဘာ ၅
Radio NUG
ကိုးကန့်အထူးဒေသ -၁တွင် ရာဇ၀တ်မှုကျူးလွန်သူ ၂၁ ဦးအား လူသိရှင်ကြားဖမ်းဆီးခြင်းနှင့် စီရင်ချက်ချခြင်းဆိုင်ရာ အစည်းအဝေးကျင်းပပြီး ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟု သံသယရှိသူ ၁၄ ဦးအား တရားဥပဒေနှင့်အညီ လူသိရှင်ကြား စီရင်ချက်ချခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို သေဒဏ် စီရင်ချက် ချမှတ်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လက်နက်ကိုင်ဆောင်မှု၊ ကြိုတင်ပြင်ဆင်ထားသော လုယက်မှုတို့ဖြင့် သံသယရှိသူ ခုနစ်ဦးကို လူသိရှင်ကြား ဖမ်းဆီးခဲ့ပြီး ရာဇ၀တ်သားများကို လမ်းများပေါ်တွင် ပြသခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်သားအယောင်ဆောင်ပြီး လုယက်လူသတ်ခဲ့တဲ့ အသက် ၂၀အရွယ် တအာင်းလူမျိုး အမျိုးသားအပါဝင် 6ဦးကို သေဒဏ်ပေးခဲ့ကာ ထို 6ဦးထဲမှာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ၁၅ဦးတွင် ချင်းလူမျိုး၊ ကချင်လူမျိုး၊ တအာင်းလူမျိုး၊ ဗမာလူမျိုး၊ ဝ လူမျိုးနှင့် တရုတ်လူမျိုးများ ပါဝင်ပြီး ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ဓားပြတိုက်ရန် ကြိုတင်ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ဓားပြတိုက် လူသတ်မှုများနှင့် ပြစ်ဒဏ်များ စီရင်ချက်ချခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ စလင်းမြို့နယ်တွင် လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်ခဲ့တဲ့ တရားခံ တဦးအား သေဒဏ်ချမှတ်
ဒီဇင်ဘာ ၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ဂုန်ညှင်းနွယ် ကျေးရွာမှ လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်ခဲ့သူ တရားခံ တဦးအား သေဒဏ်ချမှတ်ခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
တရားခံဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ ကိုဦးစံ (အဖ ဦးဝင်တင်) ကို စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဥပဒေခုံရုံး ဖွဲ့စည်းပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၀၂ (က) ဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ခုံရုံးကို စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးယန္တယား အဓိက အကောင်အထည် ဖော်ဆောင်နေသူ ဖြစ်တဲ့ ဆရာမ Heineken (ဥပဒေရေးရာတာဝန်ခံ-ပူးတွဲ)၊ စလင်း ပကဖ တာဝန်ခံ M4 (ပအဖ-ဒုတာဝန်ခံ) နဲ့ ထောက်လှမ်းရေး၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Aung San တို့က ဦးစီးကာ ဖွဲ့စည်းခဲ့ပြီး ဥပဒေရုံးအဖွဲ့များနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ သေဒဏ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဆရာမ Heineken အား အဖွဲ့အစည်း တခုမှ ဦးတည်တိုက်ခိုက်နေပြီး မိမိတို့ မြို့နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဆိုးဝါးလှတဲ့ လူသတ်၊ မုဒိန်းမှုကိုမှ အာရုံမထားဘဲ ဂုန်ညှင်းနွယ်ရွာသို့ကိုပင် ရောက်ရှိလာခြင်း မရှိဘဲ ကန့်လန့်တိုက်နေမှုများကို ရှုံချကြောင်းကိုလည်း အသိပေးထားပါတယ်။
========================
📌📌 ၆။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင် ဒေသခံပြည်သူတွေထံ သပိတ်ကျင်း ပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့
ဒီဇင်ဘာ၅ရက်
Radio NUG
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေထံ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖအရင်းအမြစ်ထံက သိရပါတယ်။
ဒီဇင်ဘာလ ၄ရက်နေ့မှာ သပိတ်ကျင်းမြို့နယ် (ပကဖ) ၊ သပိတ်ကျင်းတိုက်နယ် ပကဖ (ဗိုလ်လင်းယုန်) တပ်ဖွဲ့၊ နွေဦးမေနဲ့ သွေးချင်းညီမများ ထောက်ပို့အဖွဲ့တို့ ပူးပေါင်းပြီး စစ်ဘေးရှောင်တွေထံ ဆန်ပိုင်း (၂၀၀) ၊ စားဆီပုံး (၄၀)တို့ကို ထောက်ပံကူညီပေးခဲ့ကြပါတယ်။
ပြည်သူ့စစ်မဟာဗျူဟာကို လက်တွေ့လိုက်နာကျင့်သုံးနေပြီး မြေပြင်လူထုနဲ့ တသားတည်းရှိနေကြတဲ့ ပကဖ အနေနဲ့ လူထု ကူညီရေးတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ
ဒီဇင်ဘာ ၅
Radio NUG
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဆင်စွယ်တပ်စခန်းနှင့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ တောင်သုံးလုံး တပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ သိမ်းဆည်းရရှိကာ စစ်သုံ့ပန်း ၃၅ ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။
KNLA က သိမ်းပိုက်လိုက်သော စစ်ကောင်စီတပ်စခန်း ၂ ခုသည် အင်အားများသော တပ်စခန်းများဖြစ်ပြီး ဗျူဟာအရ အရေးပါသော တပ်စခန်းများဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နေသော စခန်းများဖြစ်တယ်လို့ သိရပါတယ်။
KNLA က ဖာပွန်မြို့နယ်အတွင်း ကူးဆိပ်၊ ခေါပုတ်၊ မထောစခန်း အပါအဝင် စခန်းများကို သိမ်းပိုက်ထားပါတယ်။
========================
🚩🚩 ၂။ ခင်ဦးမြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ရဲဘော်တဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်
ဒီဇင်ဘာ ၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၈ နာရီခွဲနဲ့ ၉ နာရီဝန်းကျင်တွင် ပြည်သူဆေးရုံကြီးအနီး သံပြားကာ ကားတစီးဖြင့် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မြို့ပြ UG + PDF ပူးပေါင်းတပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့တဲ့ ၆၀ မမ လက်နက်ကြီးကျည်ဟာ ကာကွယ်ရေးရဲဘော်များ စုရပ်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲဘော် ကိုနွေဦး ကျဆုံးခဲ့ရပြီး နောက်ထပ် ၅ ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ကိုနွေဦးရဲ့ ဈာပနကို ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိတယ်လို့ သိရပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂၀ ကျော် သေဆုံး
ဒီဇင်ဘာ ၅
Radio NUG
ဒီဇင်ဘာလ ၅ ရက် မနက် ၈ နာရီအချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်း နှောပင်ကျေးရွာဘက်ကို ကျွန်းတောကုန်းဘက်ကနေ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီကျော်ကြာ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦး ထက် မနည်း သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နှောပင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲကာ အင်အား ဖြည့်တင်းနေသလို ကျေးရွာနေ ပြည်သူတွေကိုလည်း စစ်ဆေးနေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ မိဘပြည်သူတွေအနေနဲ့ စစ်ရေး၊ အသိ၊ သတိရှိရှိ သွား လာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ မြင်းခြံတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံး
ဒီဇင်ဘာ ၅ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်အထွက် အနိမ့်ပိုင်း တနေရာမှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ခွေးဘီလူးကား တစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၅ ရက် နေ့လည် ၂ နာရီခွဲ အချိန်မှာ စစ်ကောင်စီ တပ်သား ၅ ဦး လိုက်ပါလာတဲ့ အဆိုပါ ကားတစီးကို မိုင်းဆွဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်မှုတချို့ ရှိခဲ့ပြီး အနီးနားက ပြည်သူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုဟာ ဒီဇင်ဘာ ၄ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများအတွက် သွေးကြွေးတောင်းတဲ့ Mission တခု ဖြစ်တယ်လို့ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့က အသိပေး ထားပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူ လေဆိပ်က စစ်ကောင်စီ အထိုင်စခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်
ဒီဇင်ဘာ ၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်က စစ်ကောင်စီအထိုင်စခန်းကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ အထိုင်စခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ Rocket အလုံးရေ ၃၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း Rocket ၇ လုံးဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ Rocket များဟာ စစ်ကောင်စီတပ် စခန်းချရာ နေရာအနီးထိ ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး ၅ လုံး အပါအဝင် လက်နက်ငယ်များနဲ့ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့တယ်လို့ သိရပြီး မဟာမိတ် ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မောင်တောတွင် ARSA အဖွဲ့က အရပ်သား ပြည်သူ တဦးကို ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်သတ်ခဲ့
ဒီဇင်ဘာ ၅ ရက်၊
Radio NUG
ရခိုင်ပြည်၊ မောင်တောမြို့နယ်မှာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ ARSA အဖွဲ့က ပစ်သတ်ခဲ့တာကြောင့် အရပ်သား ပြည်သူတဦး သေဆုံးခဲ့တယ်လို့ ဒေသအခြေပြု အာရက္ခမင်းသမီး မီဒီယာက ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အောင်ဇေယျရွာ ဘုန်းကြီးကျောင်း အရှေ့ဘက် လယ်ကွင်းပြင်ထဲတွင် နွားကျောင်းနေတဲ့ ဦးကျော်သာအောင် ကို ARSA အဖွဲ့က ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အသက် ၆၂ နှစ် အရွယ်ရှိ ဦးကျော်သာအောင်မှာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ARSA အပါအဝင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုများကြောင့် တနှစ်အတွင်း ဒေသခံပြည်သူ ၂၂ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ မြစ်ကြီးနားတွင် လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ
ဒီဇင်ဘာ ၅
Radio NUG
ဒီဇင်ဘာလ ၄ရက်နေ့ သန်းခေါင် ၁၂ခန့်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်း (ဘီ)၊ အေဂျီဘုရားကျောင်းအနီးရှိ နေအိမ်တွင် လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ကိုးလုံးနှင့် ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း The 74 Media မှာ ဖော်ပြထားပါတယ်။
အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး နေအိမ်နှစ်လုံးမှာ ထိခိုက်ပျက်စီးမှုများကာ ဘုရားကျောင်းနှင့် ကျန်နေအိမ်များမှာ တံခါး၊ ပြတင်းပေါက်၊ မျက်နှာကျက်နှင့် နံရံများတွင် လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရIHL- IHR နှင့် ငြိစွန်းနေသောကြောင့် ရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်
ဒီဇင်ဘာ ၅ရက်
Radio NUG
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရ IHL- IHR နှင့် ငြိစွန်းနေသောကြောင့် ရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒီဇင်ဘာ၅ရက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးဆိုပါတယ်။
နိုဝင်ဘာ၂၉ရက် နေပြည်တော် ကံပြား လမ်းပိုင်းတစ်နေရာ၌ မဘသမျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်းအား ရှင်းလင်းခဲ့သည့် ရဲဘော် မောင်ဇင်နိုင်ဖြိုး အပါအဝင် မောင်မင်းသူ ၊ မောင်ကျော်ခိုင်နှင့် မောင်ဝေဇင်တို့ ( ၄ )ဦးအား ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရ IHL- IHR နှင့် ငြိစွန်းနေသောကြောင့် ၄င်းရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ဆိုထားပါတယ်။
အကြမ်းဖက်စကစ၏ တပ်ဖွဲ့ဝင်များမှအပ အရပ်သားများအား အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခြင်း မပြုလုပ်ရန် ကာကွယ်ရေးဝန်ကြီးဌာနက တော်လှန်ရေးရဲဘော်များအား ညွှန်ကြားထားပါတယ်။
========================
🚩🚩 ၉။ ထီးလင်းမြို့ပေါ်မှ ပြည်သူများ NUG စိုးမိုးနယ်မြေများသို့ ခိုလှုံရန်နှင့် စကစနှင့် ပျူများ အမြန်ဆုံး အလင်းဝင်ရန် ထီးလင်း ပအဖ အထူး သတိပေး
ဒီဇင်ဘာ ၅
Radio NUG
ထီးလင်းမြို့ပေါ်တွင် နေထိုင်လျက်ရှိသော အရပ်သားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အခြေစိုက်နယ်မြေဖြစ်သော ထီးလင်းမြို့ကို စွန့်ခွာ၍ အမျိုးသား ညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများသို့ လာရောက် ခိုလှုံကြပါရန် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ပျူစောထီးများ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်ကြပါရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထီးလင်းမြို့နယ်မှ အထူးသတိပေး ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၊ ပအဖ ၊ ပကဖ များ၊ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ အခြေစိုက်ထားသော ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများအားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့ နောက်ဆုံးထားကာ ထီးလင်းမြို့ပေါ်မှ ထွက်ခွာကြရန် အသိပေးထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးအရှိန် မြင့်လျက်ရှိပြီး ထီးလင်းမြို့နယ်တွင်လည်း စစ်ဆင်ရေးများ ပိုမိုပြင်းထန်လာမည် ဖြစ်သဖြင့် သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်မှ ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ထီးလင်းမြို့ပေါ်တွင် နေထိုင်ကြသော အရပ်သားပြည်သူများ ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ အနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အမြန်ဆုံးထွက်ခွာပေးပါရန် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထူး သတိပေး ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment