၂၀၂၄ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ထပ်မံခန့်အပ်ခံရ
📌 ၂။ ရေစကြိုနယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုရှိတယ်လို့ဆို
📌 ၃။ နမ့်ခမ်းမှာ ဖယောင်းတိုင်ထွန်းထားရာက နေအိမ်မီးလောင်မှုကြောင့် ကျပ်သိန်း ၃ရာကျော်ဖိုး ဆုံးရှုံး
📌 ၄။ မူဆယ်နဲ့နမ့်ဖက်ကာကြားမှာ ကုန်တင်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီးတဦး ဒဏ်ရာရ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မှော်ဘီလေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်မှုမှာ လေယာဉ် ၂ စင်းပျက်စီးပြီး အရာရှိ ၃ ဦးအပါအဝင် စစ်သား ၁၅ ဦး သေဆုံး
🚩 ၂။ ဗန်းမော်မြို့မှာ KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူ
🚩 ၃။ မောင်တောမြို့က နောက်ဆုံးလက်ကျန် နခခ- ၅ ကို မကြာမီ အပြီးသတ်သိမ်းပိုက်မယ်လို့ AA ကြေညာ
🚩 ၄။ အမ်းနဲ့ ဂွဘက် စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်ရာမှာ ရုပ်အလောင်း ၂၀၀ကျော်နဲ့သုံ့ပန်းတွေအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိ
🚩 ၅။ အမ်းတမြို့နယ်လုံးကိုသိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ထပ်မံခန့်အပ်ခံရ
ဒီဇင်ဘာလ ၇ရက်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ထပ်မံခန့်အပ်ဖို့ ကုလသမဂ္ဂရဲ့ Credential Committee က ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံကိုယ်စားပြုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေဘက်က အပြည့်အဝကိုယ်စားပြုရပ်တည်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ လက်ရှိအတိုင်း ဆက်လက်အတည်ပြုခဲ့တာ ပဲပါဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ၃ ကြိမ်လုံး ပယ်ချခံရပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်ထားဖို့ ကုလသမဂ္ဂရဲ့ Credential Committee က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ကုလသမဂ္ဂမှာ ဆက်လက်ရပ်တည်ခွင့်ရတာဟာ ပြည်သူ့တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အားတခုဖြစ်နေမယ်လို့ ယုံကြည်ပါတယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ထပ်မံခန့်အပ်ခံရတာတဲ့ အတွက် ဂုဏ်ယူတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုကကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ။ ပြည်သူတို့ရဲ့အသံ ဆန္ဒ တွေကို ကုလစင်မြင့်ကတဆင့် ဆက်လက်အသံမြှင့်ပေးနိုင်ပါစေ။ ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲတခုပါပဲ" လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည် ကာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ ညီလာခံအပါအဝင် ဆက်စပ်အစည်းအဝေးတွေကတဆင့် ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာသိအောင် စဥ်ဆက်မပြတ် အစီရင်ခံတင်ပြနေသူတဦးဖြစ်ပါတယ်။
========================
📌📌 ၂။ ရေစကြိုနယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုရှိတယ်လို့ဆို
ဒီဇင်ဘာလ ၇ရက်။
မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု တွေမှာ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးခဲ့ ရတယ်လို့ ရေစကြို ပကဖ က ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ် တောင်အိုတာတိုင် စစ်ရေးဂိတ်က အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၁ ရက် နေ့ မနက် ၅ နာရီခွဲခန့်အချိန်မှာ ကမ္ဘာမဲ့ကျေးရွာကို စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ နာရဝက်ခန့်ကြာတဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါ တယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ရေစကြိုမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် တောကျေးရွာက အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာခဲ့တယ်လို့ အသိပေးပါတယ်။
ခြေလျင်စစ်ကြောင်းက အကြမ်းဖက်စစ်အုပ်စုဟာ ကမ္ဘာမဲ့ကျေးရွာအတွင်းက ပြည်သူပိုင် ရွှေတွေနဲ့ဖုန်းတွေခိုးယူပြီး နေအိမ် ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ခလရ -၂၅၈ တပ်ထဲ ဝင်သွားကြတယ်လို့ ရေစကြို ပကဖ က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ ရေစကြိုမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ ရွှေကျောင်းရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦးတို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက် မနက် ၇ နာရီခန့်အချိန်မှာလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ဦး စီးနင်းလာတဲ့ကားကို နောက်ချန်စစ်တပ်ကင်းပုန်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော်တဦး မစိုးရိမ်ရတဲ့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်သားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတဲ့အတွက် ရဲဘော်တွေစီးနင်းလာတဲ့ ကားတစီး၊ Glock ပွိုင့် ၃၈ ပစ္စတိုသေနတ် တလက်၊ အီနာဂါဗုံးသီး အလုံး ၄၀ ခန့်နဲ့ ငွေသား သိန်း ၄၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ပခန်းကြီးနယ်မြေရဲစခန်းအနီးတဝိုက်မှာ တပ်ဖြန့်ထားဆဲလို့ သိရပါတယ်။
========================
📌📌 ၃။ နမ့်ခမ်းမှာ ဖယောင်းတိုင်ထွန်းထားရာက နေအိမ်မီးလောင်မှုကြောင့် ကျပ်သိန်း ၃ရာကျော်ဖိုး ဆုံးရှုံး
ဒီဇင်ဘာလ ၇ရက်။
တအာင်းပြည် တပ်မဟာ-၁ နယ်မြေဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ကုန်းဆာကျေးရွာမှာ ဖယောင်းတိုင်မီးထွန်းထားရာကနေ မီးလောင်မှုဖြစ်ပြီး ကျပ်သိန်း ၃ဝဝ ကျော်ဖိုး ဆုံးရှုံးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ည ၇ နာရီခန့်အချိန်က ဦးဆိုင်းအိုက်ကျိုင်းဆိုသူဟာ ဘုရားစင်ပေါ် မှာ မီးပူဇော်ထားခဲ့ပြီး အပြင်သွားနေချိန် မှာ ဖယောင်းတိုင်မီးကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ဒီ မီးလောင်မှုကြောင့် နေအိမ်အတွင်းမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်ကလစ်ဘီးတစီး၊ 125 အမျိုးအစား ဆိုင်ကယ် ၂ စီးနဲ့ အိမ်မှာ သိုလှောင်ထားတဲ့ ဆန် စပါးတွေ မီးလောင်ကျွမ်းသွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၃၆၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
မီးလောင်မှုကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေအပြင် ရပ်ကွက် မီးသတ်ကားတွေနဲ့ပါ မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မူဆယ်နဲ့နမ့်ဖက်ကာကြားမှာ ကုန်တင်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီးတဦး ဒဏ်ရာရ
ဒီဇင်ဘာလ ၇ရက်။
တအာင်းပြည် တပ်မဟာ-၅ နယ်မြေ မူဆယ်နဲ့နမ့်ဖက်ကာကြား ပန်ဂျရောပ့်ကုန်းအဆင်းမှာ ပြောင်းဖူးအိတ်တွေတင်လာတဲ့ ကုန်တင်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ နမ့်ဖတ်ကာကနေ မိုင်းယု ၁၅၀ မိုင်ဘက်ကို ပြောင်းဖူးအိတ်တွေတင်ဆောင် မောင်းနှင်လာတဲ့ ၁၂ ဘီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေးက ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။
ကားတိမ်းမှောက်ချိန်မှာ ယာဥ်မောင်းဖြစ်သူဟာ ဒဏ်ရာအနည်းငယ်သာရခဲ့ပေမယ့် ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသမီး တဦးကတော့ မျက်နှာနဲ့ဦးခေါင်းတို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ကားမှောက်တဲ့နေရာဟာ အကွေ့အကောက်များပြီး ကုန်းအဆင်းဖြစ်တာကြောင့် မော်တော်ယာဥ်တွေ မကြာခဏ တိမ်းမှောက်လေ့ရှိတဲ့နေရာလို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မှော်ဘီလေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်မှုမှာ လေယာဉ် ၂ စင်းပျက်စီးပြီး အရာရှိ ၃ ဦးအပါအဝင် စစ်သား ၁၅ ဦး သေဆုံး
ဒီဇင်ဘာလ ၇ရက်။
ကရင်နီ၊ ကရင်၊ မွန် နဲ့ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့ က စစ်ကောင်စီရဲ့ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ လေယာဉ် ၂ စင်း ပျက်စီးသွားပြီး အရာရှိ ၃ ဦးနဲ့ စစ်သည ၁၂ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar-B.W.M က ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာ ၆ရက် ည ၁၀နာရီခန့်မှာ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အခုမစ်ရှင်တိုက်ခိုက်မှာ မှော်ဘီလေတပ်ထဲမှာရှိတဲ့ Y-8 ထောက်ပို့စစ်လေယာဥ်တစင်းနဲ့ Y-12 တိုက်ခိုက် ရေး စစ်လေယာဥ်တစင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဂိုထောင်၊ ပြေးလမ်းနဲ့ စီမံခန့်ခွဲတဲ့ရုံးတွေ မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေတပ်အရာရှိ ၃ ဦးနဲ့ စစ်သည် ၁၂ ဦး သေဆုံးပြီး လေတပ်စီမံခန့်ခွဲရေးအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦးနဲ့ အခြားအဆင့် စစ်သည် ၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိထားပြီးဖြစ်ပေမယ့် စစ်ရှုံးကောင်စီဘက်က ထိခိုက်ပျက်စီးမှုအခြေအနေတွေကို ထပ်ပြီးသိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ B.W.M က အသိပေးထားပါတယ်
မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှုကို Shadow (S.A.F.) နှင့် Brave Warriors For Myanmar B.W.M တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ စစ်ရှုံးကောင်စီရဲ့ မှော်ဘီလေတပ်စခန်းအတွင်းမှာရှိတဲ့ Y-12 တိုက်ခိုက်ရေးစစ်လေယာဥ်တွေထားရှိရာ လေယာဥ်ရုံ -Hangar ကို ပစ်မှတ်ထားပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာတွေ အတွက် တုံ့ပြန်တိုက်ခိုက်တာလို့ Shadow SAF အဖွဲ့ရဲ့ Urban Special Operation -U.S.O ကလည်း အသိပေးထားပါတယ်။
မှော်ဘီလေတပ်ဟာ ကရင်နီ၊ ကရင်၊ မွန် နဲ့ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေကို အဓိကထားပြီး လေကြောင်းတိုက်ခိုက်မှု တွေ ပြုလုပ်နေတဲ့ လေတပ်စခန်းဌာနချုပ်ဖြစ်သလို နိုင်ငံတကာကလာတဲ့ စစ်ရေးနဲ့ဆိုင်တဲ့ အရေးကြီးပစ္စည်းတွေကို လက်ခံ ဖြန့်ဖြူးရာမှာ အဓိကကျတဲ့ လေတပ်စခန်းလည်းဖြစ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် တရုတ်ကလာတဲ့ စစ်လက်နက်ပစ္စည်းတွေထားရာ အထိုင်စခန်းလည်းဖြစ်တဲ့အတွက် BWM နဲ့ မဟာမိတ် အဖွဲ့တွေ အခုလို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ဆိုပါတယ်
မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို နေ့စဥ်နဲ့အမျှခြိမ်းခြောက်ဖျက်ဆီးနေတဲ့ စစ်ရှုံးကောင်စီရဲ့ လေတပ်စခန်းတွေကို အားနည်းချိနဲ့ပြိုလဲလာစေဖို့ လေတပ်ပြိုမစ်ရှင်တွေကို မဟာမိတ်အဖွဲ့များနဲ့အတူတစိုက် မတ်မတ် ဆက်လက်ဖော်ဆောင်သွားမယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဗန်းမော်မြို့မှာ KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူ
ဒီဇင်ဘာလ ၇ရက်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး လက်ရှိ မှာ မြို့တွင်းနေရာအများစုကို ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားနိုင်ပြီလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့တွေဘက်က စနိုက်ဘာ၊ ဒရုန်းနဲ့ MG-42 နဲ့ ခြေကုတ်ယူထားတဲ့ မိုးမောက်လမ်းကြော အောင်မြေရွာက ၃ ထပ်တိုက်အဆောက်အအုံကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ် လို့လည်း အသိပေးပါတယ်။
ပြည်သူပိုင်အိမ်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရှင်းလင်းလိုက်ရတာဖြစ်တဲ့အတွက် ထိခိုက်ပျက်စီမှုတွေအတွက် အိမ်ရှင်ကို အားနာမိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဗန်းမော်နဲ့ မံစီမြို့တို့မှာ ၄ ရက်မြောက်နေ့အဖြစ် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA နဲ့မဟာမိတ်တပ်တွေက မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ရဲစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း လေကြောင်းမှပစ်ကူပေး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဗန်းမော်မြို့က အရပ်သားပြည်သူတွေ သောင်းနဲ့ချီပြီး မြို့ကိုစွန့် ခွာထွက်ပြေးနေ ကြတယ်လို့ ဒေသတွင်း သတင်းတွေကဆိုပါတယ်။
KIA သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာနဲ့ သတင်းဖော်ပြထားရာမှာ တိုက်ပွဲကြောင့် စစ်ရှောင်လာတဲ့ ဒေသနေ ပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တာ ပိတ်ဆို့တားဆီးတာတွေပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုလို စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် စစ်ရှောင်လိုတဲ့ ဗန်းမော်ကဒေသနေပြည်တွေ အခက်အခဲဖြစ်ရတယ်လို့ ဆိုပါ တယ်။
ဗန်းမော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်နေသလို ဗန်းမော်-မိုးမောက်မြို့နယ်ကြားမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန် နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မောင်တောမြို့က နောက်ဆုံးလက်ကျန် နခခ- ၅ ကို မကြာမီ အပြီးသတ်သိမ်းပိုက်မယ်လို့ AA ကြေညာ
ဒီဇင်ဘာလ ၇ရက်။
ရခိုင်ပြည် မောင်တောမြို့က နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် နခခ-၅ ကို မကြာမီမှာ အပြီးသတ် သိမ်းပိုက်နိုင်တော့မယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ရန်သူ့ဘက်က ရခိုင့်တပ်တော်ရဲ့ထိုးစစ်ကို လေကြောင်းပစ်ကူနဲ့ ရေတပ်စစ်သင်္ဘောများပေါ်ကနေ ပစ်ကူအမြောက်အများနဲ့ ခုခံကာကွယ်နေပေမယ့် ရခိုင့်တပ်တော်အနေနဲ့ ရန်သူ့လက်ကျန်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ တပြိုင်တည်း ထိုးစစ်ဆင်နေချိန်မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ရခိုင်ဒေသအတွင်းက အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့မှာရှိတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်စခန်းတွေရှိရာနေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေ့တိုင်းပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီထဲက မောင်တောမှာရှိတဲ့ နခခ ၅ စခန်းအတွင်းကနေ ခုခံနေတဲ့ စစ်ကောင်စီတပ်တွေအတွက် ဝေဟင်ကနေ ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းပေးရုံကလွဲပြီး ကုန်းလမ်း၊ ရေလမ်းကနေ စစ်ကူဖြည့်တင်းပေးနိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။
ဒါကြောင့် မောင်တော နခခ ၅ စခန်းဟာ မကြာမီသိမ်းပိုက်ရရှိနိုင်တော့မယ့် မောင်တောမြို့ရဲ့ နောက်ဆုံး လက်ကျန်စခန်း တခုသာဖြစ်တယ်လို့ ရခိုင့်တပ်တော်က ဆိုပါတယ်။
ဒေသတွင်းသတင်းတွေအရ ရခိုင့်တပ်တော်ဟာ မောင်တော နခခ ၅ ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ဘန်ကာတွေနားအထိ အနီးကပ် ထိုးစစ်ဆင်နေတာကြောင့် ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ နေ့ရောညပါ တိုက်ပွဲပြင်းထန်းခဲ့တယ်လို့ သိရပါ တယ်။
စစ်ကောင်စီဘက်ကလည်း နခခ ၅ ရဲ့ နောက်ဆုံးလက်ကျန်ဗျူဟာစခန်းမကျရေး ရေတပ်သင်္ဘောတွေရဲ့ပစ်ကူ၊ လေကြောင်း ပစ်ကူတွေနဲ့ အသည်းအသန်ခုခံနေဆဲလို့ ဖြစ်ပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ မောင်တော နခခ ၅ ကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တခုလုံးကို ထိန်းချုပ်ထားနိုင်ခွင့် ရရှိမှာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ အမ်းနဲ့ ဂွဘက် စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်ရာမှာ ရုပ်အလောင်း ၂၀၀ကျော်နဲ့သုံ့ပန်းတွေအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိ
ဒီဇင်ဘာလ ၇ရက်။
ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ဂွမြို့ဘက် စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ရာမှာ စစ်သားရုပ်အလောင်း ၂ဝ၀ ကျော်နဲ့ စစ်သုံပန်းတွေ ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ ရန်သူ့စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ရန်သူစစ်ကောင်စီဟာ ရခိုင်ရိုးမဘက်ကနေ စစ်ကူ တွေကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းဖို့ကြိုးစားနေခဲ့ပေမယ့် ရခိုင့်တပ်တော်က အဆင့်ဆင့် ဖြတ်တောက်ပိတ်ဆို့ ထားနိုင်ခဲ့တာကြောင့် ရန်သူ့စစ်ကူစစ်ကြောင်းတွေဟာ ၃ ရက်အတွင်း စစ်ကြောင်းတခုလုံး ချေမှုန်းခံရ တဲ့အဆင့်ကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
အမ်းမြို့ ကို စစ်ကူတက်လာတဲ့ တပ်မ- ၈၈ လက်အောက်ခံ နည်းဗျူဟာစစ်ကြောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ အမ်းမြို့ မြောက်ဘက် ရိုးတောင်လမ်းမထက် တနေရာကနေ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီစစ်ကြောင်းမှာ ခမရ-၃၁၇၊ ခမရ-၄၁၅ နဲ့ ခမရ- ၄၁၆ စတဲ့ တပ်ရင်းကတပ်ဖွဲ့ဝင်တွေစုပေါင်းကာ အင်အား ၁၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကို ၃ ရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ရာ နိုဝင်ဘာ ၃၀ နေ့လည်ပိုင်းမှာ အပြီးသတ် ချေမှုန်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ပွဲပြီးချိန်မှာ အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိကာ ထွက်ပြေးလွတ်မြောက်နေတဲ့ အနည်းငယ်သော စစ်ကောင်စီတပ်သားအချို့ကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ကြောင်းမှာ အင်အား ၁၈၄ ဦးပါဝင်ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ-၁၈ တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ -၅၁ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ - ၆၃ တပ်ရင်းနဲ့ ရန်ကုန် လှိုင်သာယာအခြေစိုက် ခမရ - ၅၃၂ တပ်ရင်း စတဲ့ တပ်ရင်း- ၅ ခု စုပေါင်းထားတဲ့ စစ်ကြောင်းတခုဖြစ်တယ်လို့ AA က အသိပေးသည်။
ရန်သူစစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ မောင်းသူမဲ့ အသေခံဒရုန်း Suicide Drone တွေ အသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေတဲ့ကြားက အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာလို့ AA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ အမ်းတမြို့နယ်လုံးကိုသိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA ပြော
ဒီဇင်ဘာလ ၇ရက်။
ရခိုင်ပြည်နယ် အမ်းတမြို့နယ်လုံးကိုသိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ် လို့ ရခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခ တခုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တဲ့အတွက် အဲဒီဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ အသိပေးထားပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ လေဆိပ်အပါအဝင် စစ်ကောင်စီတပ်ရင်း ၉ ခုနဲ့တပ်စခန်းတွေကို ၁၈ ရက်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ အမှတ်-၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် - ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် -၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် - ၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် -၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် - ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်းတို့ကို နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ် လို့ AA ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် အမှတ် - ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် - ၁၀ တပ်ထိန်းတပ်ခွဲ၊ အမှတ်- ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ လေဆိပ်အနီး ပတ်ဝန်းကျင်ကနေ ခုခံတိုက်ခိုက်နေတဲ့ ရန်သူ့စခန်းငယ်တွေအပြင် ဒီစခန်းတွေကနေ အစုလိုက်ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ အသိပေးထားပါတယ်။
အမ်းဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီဟာ ရခိုင်ရိုးမဘက်က စစ်ကူတွေကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပို့ဆောင်ဖြည့်တင်းဖို့ကြိုးစားခဲ့ပေမယ့် အင်အားဖြည့်လာတဲ့စစ်ကြောင်း တွေကို ၃ ရက်အတွင်း စစ်ကြောင်းတခုလုံးပြုတ်အောင် ချေမှုန်းခံရတဲ့အဆင့်ထိရောက်အောင် တိုက်ခိုက်ခဲ့တယ်လို့လည်း AA က အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment