၂၀၂၄ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်များနှင့် ပါတီခေါင်းဆောင်များထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့
📌 ၂။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
📌 ၃။ ဖယ်ခုံမြို့သို့ ပြန်လာနေရန် စစ်ကောင်စီလော်ဘီ Facebook page တွင် ပြည်သူများအား ခြိမ်းခြောက်၍ ခေါ်နေ
📌 ၄။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထားဝယ်တွင် စစ်ကောင်စီတပ်စခန်း၊ စစ်ကူယာဉ်တန်း၊ အမတ ၃၀၄ စစ်တန်းလျားနှင့် ခမရ ၄၀၆ အရာရှိအိမ်ရာတို့ တိုက်ခိုက်မှု စစ်သား ၃၀ကျော် သေဆုံး
🚩 ၂။ ဗန်းမော်တိုက်ပွဲအတွင်း ပြည်သူ ၃၀ ခန့် သေဆုံးမှု ရှိလာ
🚩 ၃။ ငါန်းဇွန်မြို့နယ်၊ သားကျင် စံပြရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု PDF ၂ ဦးကျဆုံးပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး
🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ဒေသခံ (၂) ဦးထိခိုက်၊ နေအိမ်(၂) လုံးပျက်စီး။
🚩 ၅။ ကျောက်တော်မှာ အကြမ်းဖက်စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း တက်နင်းပြီး အမျိုးသား တစ်ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်များနှင့် ပါတီခေါင်းဆောင်များထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့
ဒီဇင်ဘာ၆ရက်
Radio NUG
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်များနှင့် ပါတီခေါင်းဆောင်များထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။
ဒီဇင်ဘာ၄ရက်မှာ ကိုရီးယားလွှတ်တော်သို့ CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
"ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်များနှင့် ပါတီခေါင်းဆောင်များထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ ညက သမ္မတယွန်းဆော့ယောလ်၏ စစ်အုပ်ချုပ်ရေးပြုလုပ်ရန် ရုတ်တရက် ကြေညာမှုကို ကိုရီးယားလွှတ်တော်က နာရီအနည်းငယ်အတွင်း ပယ်ချနိုင်ခဲ့သဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် နိုင်ငံရေးစနစ်ကို ခိုင်မာအောင် ထိန်းသိမ်းလိုက်နိုင်ခြင်းမှာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပါတယ်။ လွှတ်တော်အမတ်များ၏ လျင်မြန်မှု စည်းလုံးမှုကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်းသည် သင်ခန်းစာကောင်းတခုလည်း ဖြစ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်မှတ်ရေးထိုးသော ဂုဏ်ပြုစာကို ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးမှတဆင့် ကိုရီးယားလွှတ်တော်သို့ ပေးပို့ပြီး ဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၂။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
ဒီဇင်ဘာ၆ရက်
Radio NUG
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးတရပ်ကို (ဒီဇင်ဘာလ ၆ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးရဲ့ ပထမအစီအစဉ်အဖြစ် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံနဲ့ ပတ်သက်ပြီး ပြည်သူများက ကြားကာလ လုပ်ငန်းကော်မတီသို့ ပေးပို့ထားသည့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစီအစဉ် (၂) အနေနဲ့ ကြားကာလလုပ်ငန်း ကော်မတီရဲ့ ဒုတိယ လစဉ်အစီရင်ခံစာ (အကြမ်း) ကို ဆွေးနွေးခဲ့ကြပြီး အတည်ပြုခဲ့ပါတယ်။
အဲ့ဒီနောက် အစီအစဉ် (၃) အနေဖြင့် ပဏာမ မူကြမ်းပြင်ဆင်ရေးအလုပ်အဖွဲ့က ပြင်ဆင်လာတဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံ (မူကြမ်း)၊ အခန်း (၃) ဖြစ်တဲ့ "အခြေခံမူများ" အခန်းကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ (၆) ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၈၀%) တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ဖယ်ခုံမြို့သို့ ပြန်လာနေရန် စစ်ကောင်စီလော်ဘီ Facebook page တွင် ပြည်သူများအား ခြိမ်းခြောက်၍ ခေါ်နေ
ဒီဇင်ဘာ ၆
Radio NUG
လက်နက်ကြီးအောက်မှာ မွကြေ၊ ပိပြားနေတဲ့ ဖယ်ခုံမြို့တွင်းရှိ နေအိမ်များသို့ ပြန်လာနေကြရန် စစ်ကောင်စီလော်ဘီ ချန်နယ်များမှတဆင့် ကြေငြာ၍ ခြိမ်းခြောက်မှု အမျိုးမျိုးကို ပေးကာ မြို့တွင်းသို့ ပြန်လာနေကြရန် ခေါ်ယူနေကြောင်း ဖယ်ခုံ ပလဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၅ရက်နေ့တွင် နေအိမ်သို့ ပစ္စည်းပြန်လာယူသူ ဗိုလ်ချယ် (ခ )ပူချယ် ကျေးရွာခံ ရွာသား အမျိုးသားတစ်ဦး သူ့အိမ်ရှေ့ လှေကားအနီး မြေမြုပ်မိုင်း နင်းမိ၍ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
"ပြန်လာနေပါလို့ သူတို့က ခေါ်လိုက်၊ ခြိမ်းခြောက်လိုက် လုပ်နေပေမယ့် သူများ လိုင်းပေါ်မှာ တင်ထားတာတွေက ဖယ်ခုံကအိမ်တွေ ဒီလောက်မွကြေနေတာ ဘယ်လိုလုပ်ပြန်နေရဲမှာလဲဗျာ၊ အပျက်အစီးတွေကြားထဲက အိမ်တွေကို မြင်ယောင်ရင်းနဲ့တောင် ဖယ်ခုံမြို့က တော်တော်ဝမ်းနည်းဖို့ကောင်းနေပြီ၊ စကစ စစ်တပ်နဲ့ အတူတူပြန်နေရမှာဆိုတော့ ဝမ်းနည်းရမှာထက် ပိုကြောက်ဖို့ ကောင်းနေပြီ" ဟု ပြည်သူတစ်ဦးမှ ဖယ်ခုံအခြေနေကို သုံးသပ်ပြထားပါတယ်။
ဝရမ်းပြေး စကစ တပ်သည် နိုဝင်ဘာလ၌ ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လက်နက်ကြီး၊ လေယာဉ်ဖြင့် ကြိမ်ဖန်များစွာ တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ကလေးငယ်နှင့် အမျိုးသမီး အပါအဝင် အများအပြားသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့
ဒီဇင်ဘာ၆ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၃) ဦး ပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ (၁၂) ဦးအနက် မန္တလေးတိုင်းမှာ (၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၃) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။
၎င်း (၁၂) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၁) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကြပြီး ကျန် (၁) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထားဝယ်တွင် စစ်ကောင်စီတပ်စခန်း၊ စစ်ကူယာဉ်တန်း၊ အမတ ၃၀၄ စစ်တန်းလျားနှင့် ခမရ ၄၀၆ အရာရှိအိမ်ရာတို့ တိုက်ခိုက်မှု စစ်သား ၃၀ကျော် သေဆုံး
ဒီဇင်ဘာ ၆
Radio NUG
ဒီဇင်ဘာလ (၃) ရက်နေ့တွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ပါဝင်သည့် သာဂရစစ်ကြောင်းနှင့် ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နှင့် ဖက်ဒရယ်ဓူဝံတပ်ဖွဲတို့ ပူးပေါင်းပြီး ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့ အနီးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ပါတယ်။
ထို့နောက် ထားဝယ်မြို့ဘက်မှ စစ်ကူလာသော ယာဥ် (၇) စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီနီးပါး ထပ်မံဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဥ် (၄) စီး ပျက်စီးရပ်တန့်သွားခဲ့ကာ ယာဥ်ပေါ်တွင် လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီ တပ်သား အနည်းဆုံး (၁၃) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးပစ်ကူပေးနေသော အမတ (၃၀၄) အမြောက်တပ်၏ စစ်သည်တန်းလျားအား TPLF Drone Team မှ နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် TPLF Drone Team မှ ရေဖြူမြို့နယ်အခြေစိုက် ခမရ (၄၀၆)တပ်ရင်းရှိ အရာရှိအိမ်ရာအား တစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား စုစုပေါင်း (၃၀) ကျော် သေဆုံးခဲ့ပြီး အများအပြား အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဗန်းမော်တိုက်ပွဲအတွင်း ပြည်သူ ၃၀ ခန့် သေဆုံးမှု ရှိလာ
ဒီဇင်ဘာ ၆
Radio NUG
ဗန်းမော်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသည့် ဒေသခံပြည်သူ ၃၀ ခန့်ရှိလာကြောင်း The 74 Media မှာ ဖော်ပြထားပါတယ်။
ဗန်းမော်မြို့အတွင်းသို့ KIA ပူးပေါင်းတပ်များ ဝင်နေပြီဖြစ်ပြီး စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၃၆) တပ်စခန်းနှင့် ကွန်ပျူတာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗန်းမော် - မံစီလမ်းရှိ ခ.လ.ရ (၄၇) တပ်စခန်းအနီး၊ မိုးမောက် - ဗန်းမော်လမ်းရှိ လေးမိုင်းအနီးနှင့် နမ့်ဖားရှိ ဗန်းမော်တက္ကသိုလ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဗန်းမော်ဆေးရုံသို့ ရောက်ရှိလာသည့် စာရင်းအရ အရပ်သား သေဆုံးမှု ၁၉ ဦးရှိကြောင်းသိရပြီး မြို့ခံတစ်ဦး ပြုစုထားသော စာရင်းအရ သေဆုံးသူများတွင် ကလေး သုံးဦး၊ ဆရာလေး ငါးဦး၊ သက်ကြီးရွယ်အို ၁၁ ဦးနှင့် အမျိုးသား ၁၄ ဦးပါရှိကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ငါန်းဇွန်မြို့နယ်၊ သားကျင် စံပြရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု PDF ၂ ဦးကျဆုံးပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး
ဒီဇင်ဘာ ၆
Radio NUG
ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မှ ည ၁၀ နာရီအထိ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၂၀၀ နီးပါးသော သားကျင် စံပြကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံး ၂၇ လုံး ကျဲချမှုကြောင့် PDF ၂ ဦးကျဆုံးပြီး PDF ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးသွားပြီး နွားများလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သားကျင်ကျေးရွာမှ ပြည်သူများမှာ စစ်တပ်၏ ထပ်မံ တိုက်ခိုက်မှုကို ခံရမည်ကို စိုးရိမ်၍ ကျေးရွာမှ စွန့်ခွာနေထိုင်ကြရပါတယ်။
========================
🚩🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ဒေသခံ (၂) ဦးထိခိုက်၊ နေအိမ်(၂) လုံးပျက်စီး။
ဒီဇင်ဘာ ၆
Radio NUG
ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး(၂၄)လုံးနှင့် ဒရုန်းဖြင့် လက်နက်ကြီး (၂)လုံး ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကျောင်းသား (၁)ဦးအပါအဝင် ဒေသခံ(၂)ဦး ကျည်စထိမှန် ဒဏ်ရာရပြီး ဒေသခံ၏ နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၂၀မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင် ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၃)လုံး၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ဂွေးကုန်းကျေးရွာတံတားတွင် ဒရုန်းဖြင့် လက်နက်ကြီး (၂)လုံး နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၆၄မှ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကေအဲန်ယူ-လယ်ဒိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၌ ကုန်းချောင်းဝကျေးရွာတွင် နေရာယူထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် လက်နက်ကြီး ၁၂၀မမကို တလှိုင်းခင်ကျေးရွာသို့ (၁)လုံး၊ ကျောက်စရစ်ကျေးရွာသို့ (၂)လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂မမကို လက်ခံကျေးရွာသို့ (၁)လုံး၊ ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာနှင့် လိန်ပင်ကျေးရွာကြားတွင် (၂)လုံး၊ ဒိုးတန်းကျေးရွာသို့ (၁)လုံး၊ လိန်ပင်ကျေးရွာသို့ (၁)လုံး၊ လက်ခံကျေးရွာသို့ (၅)လုံး၊ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ လက်ခံကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၃)လုံး စုစုပေါင်း(၁၆)လုံးပစ်ခတ်ခဲ့ပါတယ်။
ယင်းပစ်ခတ်မှုကြောင့် လက်ခံကျေးရွာမှ ဒေသခံပြည်သူ ဒေါ်အေးသေး၏ နေအိမ်(၁)လုံး ပျက်စီးခဲ့ရပြီး လိန်ပင်ကျေးရွာမှ ဒေသခံပြည်သူ ညားနော်ကြည် (၅၀)နှစ်၊ Grade-3 ကျောင်းသား စောအယ်ခီးလာ(၈)နှစ် ကျည်စထိမှန် ဒဏ်ရာရပြီး ညားနော်ကြည်၏ နေအိမ်(၁)လုံးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကေအဲန်ယူ-မူးမြို့နယ်တွင် ဒီဇင်ဘာလ(၄)ရက်နေ့၌ အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် လက်နက်ကြီး ၈၁မမကို ရေလဲဗမာကျေးရွာသို့ (၁)လုံး၊ ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရာကြားတွင် (၁)လုံးနှင့် ရေလဲကရင်ကျေးရွာသို့ (၁)လုံး စုစုပေါင်း(၃)လုံးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကျောက်တော်မှာ အကြမ်းဖက်စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း တက်နင်းပြီး အမျိုးသား တစ်ဦး သေဆုံး
ဒီဇင်ဘာ ၆
Radio NUG
ဒီဇင်ဘာလ ၆ရက်နေ့ မနက် ၁၁နာရီခန့်တွင် ကျောက်တော်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတစ်လုံးကို တက်နင်းမိရာက ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ ပန်းပဲချောင်းရွာက ကိုအောင်စိုးပိုင် (၂၄ နှစ်) နှင့် သူငယ်ချင်းဖြစ်သူ ကိုဘိုဌေးနိုင်နဲ့အတူ အကြမ်းဖက်စစ်ကောင်စီ အမှတ် (၅၃၉) တပ်ရင်းနားသို့ ထင်းခွေသွားစဉ် မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကိုအောင်စိုးပိုင်၏ ညာဖက် ခြေထောက် ပြတ်ထွက်သွားပြီး ဆေးကုသမှု ခံယူဖို့ အရေးပေါ်ပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment