၂၀၂၅ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချက်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် NUG ပညာရေးဒုဝန်ကြီးတို့ တွေ့ဆုံ
📌 ၂။ မြေပြင်ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၀၀) ကျော်ကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ပြု
📌 ၃။ ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့
📌 ၄။ ရန်ကုန်တွင် ရခိုင်လူငယ်များ ဖမ်းဆီးခံရမှု စကစ ဒုဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ
📌 ၅။ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် လူထုဆန္ဒပြပွဲနှင့် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း အခမ်းအနားကို လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့ကျင်းပမယ်
📌 ၆။ ဘုတလင်ရှိ မီးဘေးသင့်ပြည်သူများအတွက် လိုအပ်သော အခြေခံ စားနပ်ရိက္ခာများနှင့် တကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်း
📌 ၇။ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ နေရာအနှံ့အပြား လုပ်ဆောင်လာ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI ဗျူဟာ" သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
🚩 ၂။ တနင်္သာရီ၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ဖားကန့်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ဦး သေဆုံး
🚩 ၄။ ဘောလခဲခရိုင်အတွင်းရှိ ဝမ်မလန်းစခန်းကုန်းသို့ ရိက္ခာပို့စကစစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ (၁၀) ဦးခန့် သေဆုံးခဲ့
🚩 ၅။ တောင်သာတွင် စစ်ကောင်စီ တပ်စွဲထားတဲ့ အ.ထ.က - ၁ ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက်တိုက်ခိုက်
🚩 ၆။ ဒီပဲယင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့
🚩 ၇။ ပုသိမ် - မုံရွာကားလမ်းအပိုင်း ယာဥ်သွားယာဥ်လာများအား PDF များမှ ရှောင်တခင် စစ်ဆေး
🚩 ၈။ မန္တလေး မြို့ပေါ်မှာ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းခံရတဲ့ တပ်သားသစ် ၃ ဦး ထွက်ပြေးတိမ်းရှောင်လာ
🚩 ၉။ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချက်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် NUG ပညာရေးဒုဝန်ကြီးတို့ တွေ့ဆုံ
ချက်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ (၁၃) ရက် နံနက်ပိုင်းက ၀န်ကြီးဌာန ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံမှုတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပညာရေး ၀န်ကြီးဌာနဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် NUG ၏ ချက်သမတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်၊ ချက်သမတ နိုင်ငံ ပညာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများဖြစ်သော Prof. Radka Wildova ( Director General for Higher Education, Science and Research ), Dr. Vratislav Kozak ( Head of the Office of the Director General ) နှင့် Ms. Marie Taltynova, Department of International Relations and the European Union တို့ ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် ချက်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသားများအရေး၊ ၂ နိုင်ငံ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရေးများကို ၂ ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ မြေပြင်ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၀၀) ကျော်ကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ပြု
ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ကျောင်းများအား ပညာရေးဝန်ကြီးဌာန၊ ကျောင်းလေ့လာစိစစ်ရေးအဖွဲ့မှ ကျောင်း၏လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကျောင်းမှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးဘုတ် တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းလေ့လာစိစစ်ရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက်ကို လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့် အပေါ် ကျေနပ်ဖွယ်ရာဆောင်ရွက်ထားကြသည်ကိုတွေ့ရှိရသည့် မြေပြင်ပြည်သူ့ပညာရေးကျောင်း ပေါင်း ၇၂၁ ကျောင်းကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း" အဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်ကြောင်း ဇန်နဝါရီ (၁၃) ရက်မှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများ စဥ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက်မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများနဲ့ ဆက်သွယ်ချိတ်ဆက်ကာပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းလေ့လာစိစစ်ရေးအဖွဲ့မှတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေသည့် မြေပြင်ပြည်သူ့ပညာရေးကျောင်းများကိုလည်း အသိအမှတ်ပြု သက်တမ်းတိုးကြောင်း ဆက်လက် ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၃။ ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့
ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့တယ်လို့ CDM Medical Network က ဇန်နဝါရီ (၁၃) ရက်မှာ အသိပေးပါတယ်။
"CDM Medical Network မှ ၂၀၂၄ခုနှစ် December လ အတွင်း "The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများ ကူညီနိုင်ခဲ့မှု ရှင်းတမ်း" ကို ဖော်ပြလိုက်ရပါတယ်။၂၀၂၄ခုနစ် မေလက စတင်ပြီး ကတိကဝတ် အလှူရှင်များထံမှ လှူဒါန်းငွေများစတင် ကောက်ခံခဲ့ပြီး ထောက်ပံ့ငွေများကို ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့ရာ၊ ၂၀၂၄ ဒီဇင်ဘာလတွင် ၇သိန်း ၅သောင်းကျပ် ဖြင့် ထိခိုက်နစ်နာသူ ၆ ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။
လစဉ် အာမခံယူနစ်များ ဝယ်ယူလှူဒါန်းနေကြတဲ့ အဖွဲ့အသီးသီးမှ ကတိကဝတ်ရှင်များ အားလုံးနှင့်အတူ အာမခံယူနစ်များ ကူညီရောင်းချပေးခဲ့တဲ့ "နောက်မဆုတ်တမ်း- D2D" နှင့် "with Love Brunei" တို့ Fundraisers အဖွဲ့များကိုလည်း CDM Medical Network အနေနဲ့ ထောက်ပံ့ကြေးငွေရရှိခဲ့ကြသော ထိခိုက်နစ်နာကျန်းမာရေးCDMer များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ရန်ကုန်တွင် ရခိုင်လူငယ်များ ဖမ်းဆီးခံရမှု စကစ ဒုဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ
ရန်ကုန်မြို့နယ်အချို့တွင် စစ်ကောင်စီက ရခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးလျှက်ရှိနေပြီး ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုက်ရိုက် ညွှန်ကြား ပါဝင်ပတ်သက်နေကြောင်း Western News မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတို့တွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အချို့နေရာများတွင် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ အတိအကျ စစ်ဆေးဖမ်းဆီးတယ်လို့ သိရပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ နိုင်ဝင်ဘာတွင် တစ်ကြိမ်၊ ဒီဇင်ဘာလအတွင်း တစ်ကြိမ် ရန်ကုန်တိုင်းအတွင်း ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်ခရီးစဉ်တွင်လည်း ဒုဝန်ကြီးဇော်အေးမောင်က အစည်းအဝေးတွင် ရခိုင်လူမျိုးများ ရန်ကုန်တိုင်းသို့ အလုံးအရင်းဝင်ရောက်လာမှုနှင့် ပတ်သတ်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ရန်ကုန်ရောက်ရှိနေသော ရခိုင်လူမျိုးများအား စစ်ဆေးရန်နှင့် AA နှင့် ဆက်စပ်မှု ရှိ၊ မရှိဆိုသည်ကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းများတွင် စစ်ဆေးရန် အမိန့်စာများ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသည့် လူငယ်အများစုမှာ ဂျပန်နိုင်ငံ၊ ကိုးရီးယာနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ အလုပ်သွားလုပ်ရန် ပြင်ဆင်နေကြသူများဖြစ်ပြီး အချို့မှာ ပန်းထိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများဖြစ်တယ်လို့ သိရပါတယ်။
ဦးဇော်အေးမောင်သည် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီးနေရာကို ရယူတာဝန်ထမ်းဆောင်နေပြီး ရခိုင်အမျိုးသားပါတီ ANP မှ ထိပ်ပိုင်းခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် လူထုဆန္ဒပြပွဲနှင့် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း အခမ်းအနားကို လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့ကျင်းပမယ်
နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် လူထုဆန္ဒပြပွဲနှင့် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း အခမ်းအနားကိုလန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စနေနေ့ တွင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
အခမ်းအနားအား လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့တို့တွင်ပြုလုပ်သွားမည် ဖြစ်၍ ယူကေရောက်မြန်မာပြည်ဖွား တိုင်းရင်းသားများအားလုံး တက်ရောက်ဖို့လည်းဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၆။ ဘုတလင်ရှိ မီးဘေးသင့်ပြည်သူများအတွက် လိုအပ်သော အခြေခံ စားနပ်ရိက္ခာများနှင့် တကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်း
ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပြင်းထန်စွာ စစ်ကြောင်းထိုး အကြမ်းဖက်လုပ်ရပ်များကြောင့် အိုးအိမ်စည်းစိမ်များ ပျက်ဆီးသွားခဲ့ရသော မီးဘေးသင့်ပြည်သူများကို လိုအပ်သော အခြေခံ စားနပ်ရိက္ခာများနှင့် တကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။
မီးဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာခြောက်စသော အခြေခံစားနပ်ရိက္ခာများနှင့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း အစရှိသည့် တကိုယ်ရည်သုံးပစ္စည်းများကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ နေရာအနှံ့အပြား လုပ်ဆောင်လာ
အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိ ပြီးလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ နေရာအနှံ့အပြား လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ နေရာအနှံ့အပြား လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စံလွန်ကျေးရွာကို လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၄၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ဖော်ပြပါတယ်။
အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မဆွပ်ယန်နှင့် ဆန်ခါကျေးရွာတို့ကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI ဗျူဟာ" သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI ဗျူဟာ" သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဇန်နဝါရီ (၁၃) ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာက သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲတွင် လိုအပ်သော လက်နက်များ တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းရဲဘော်များအား မိန့်ခွန်းပြောကြားခြင်းစတဲ့ အစီအစဥ်များကျင်းပခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI ဗျူဟာ" သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်တစ်ခုဖြစ်ပြီး ရှမ်းမြောက်မိုးကုတ် မြို့သိမ်းစစ်ဆင်ရေး၊ စဉ့်ကူးမြို့သိမ်းစစ်ဆင်ရေးနှင့် သပိတ်ကျင်းစစ်ဆင်ရေးတို့တွင်မဟာမိတ်TNLAတပ်များ၊ စစ်ဒေသ(၁)က ကွပ်ကဲသောတပ်ရင်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိတပ်ရင်းများ ၊ မြို့နယ်ပကဖ အဖွဲ့များနှင့် စည်းလုံးညီညွတ်စွာ စစ်ရေးဖော်ဆောင်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI ဗျူဟာ" သည် "ပြည်သူ၊ တော်လှန်ရေး၊ စစ်စည်းကမ်းကျင့်ဝတ်" ဟူသော အဓိက မဏ္ဍိုင် (၃)ရပ်ကို အလေးထား မျက်နှာမူသော တပ်ဖြစ်ပြီးOne Two Tri ၊ အမှတ် - ၁၂၂၂ တပ်ရင်း၊ ထွိုင်ရဲဘော်များ တစ်ဦးချင်းစီ၏ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာသော ဗျူဟာဖြစ်ပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီ၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း ကနေ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) က သတင်း ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီခွဲ ဝန်းကျင်မှာ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ် ဝန်းကျင် မှာ ဗုံးသီ ၃ လုံးဖြင့် ၃ လုံးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တကူကျေးရွာနေ အရပ်သား အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေတာကြောင့် ပြည်သူများ အနေနဲ့ အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ဖားကန့်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ဦး သေဆုံး
ဇန်နဝါရီလ ၁၃ရက်နေ့ နံနက် (၁၀)ခွဲ ဝန်းကျင်အချိန်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်လက်ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်
အဆိုပါ ဗုံးကြဲ တိုက်ခိုက်ခြင်းများကြောင့် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၂) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး သေဆုံးခဲ့ပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ ဘောလခဲခရိုင်အတွင်းရှိ ဝမ်မလန်းစခန်းကုန်းသို့ ရိက္ခာပို့စကစစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ (၁၀) ဦးခန့် သေဆုံးခဲ့
ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော ဝမ်မလန်းစခန်းကုန်းသို့ ဘောလခဲမြို့ အခြေစိုက်ဗျူဟာမှ စစ်ကောင်စီအင်အား (၃၀) ခန့်ပါသော ရိက္ခာပို့စစ်ကြောင်းကို ဇန်နဝါရီလ ၁၂ရက်နေ့တွင် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ပေါင်းစုတို့နှင့်အတူ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ (၁၀) ဦး ခန့်မနည်းသေဆုံးခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။
စစ်ဆင်ရေးအတွင်း လက်နက်ငယ်မျိုးစုံ (၄)လက်၊ အခြားစစ်ဖက်ဆိုင်ရာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး တပ်ပေါင်းစုဖက်မှလည်း ထိခိုက်ဒဏ်ရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
🚩🚩 ၅။ တောင်သာတွင် စစ်ကောင်စီ တပ်စွဲထားတဲ့ အ.ထ.က - ၁ ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက်တိုက်ခိုက်
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားရာ အ.ထ.က (၁) ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၃) တပ်ရင်း ထံက သိရပါတယ်။
ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ တောင်သာမြို့ပေါ်က အ.ထ.က ၁ ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၁ ဦးကို မြင်းခြံခရိုင်၊ အမှတ် ၃ တပ်ရင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ တာပါ။
တိုက်ပွဲအတွင်း ကျောင်းအတွင်းက ကျောင်းသားများကို တော်လှန်ရေး တပ်ဖွဲ့များက ဘေးလွတ်ရာကို ပိုဆောင် ခဲ့ပြီး အ.ထ.က ၁ ကျောင်းကို စီးနင်းခဲ့ချိန်မှာ စစ်ကောင်စီ တပ်သား ၁၀ ဦး မျက်မြင် သေဆုံးခဲ့ကာ အထိအခိုက်များစွာဖြင့် အုတ်တံတိုင်းကျော်ကာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းချိန်မှာ လက်နက် ၁ လက်သာ အကောင်းအတိုင်း ကျန်ခဲ့ကာ ကျန် လက်နက်များဟာ RPG ထိမှန် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲပြီးဆုံးပြီးနောက် အထက ၁ ကျောင်းဝင်း အတွင်းက အလံကို ဖြုတ်ချပြီး မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း အလံနဲ့ တပ်ခွဲ ၂ အလံတို့ကို ချိတ်ဆွဲ အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုသို့ အလေးပြုပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက မြို့ထဲကို ထပ်မံဝင်ရောက်ပြီး "အတင်းကြုံးတဲ့ ရင်း ၃" ကြွေးကြော်သံများဖြင့် မြို့တော်ခန်းမရှေ့တွင် ကင်းစောင့်နေသော စစ်သား ၂ ဦး ၊ အင်းဝဘဏ်ရှေ့တွင် ကင်းစောင့်နေသော စစ်သား ၂ ဦး၊ ပျူစောထီး ခေါင်းဆောင် သန့်စင် နှင့် မိုးဝင်း တို့ ဖွင့်လှစ်ထားသော ဆိုင်ကယ်ပြင်ဆိုင်၊ တောင်သာမြို့အနောက် ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီ ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူများ အထိခိုက် နည်းပါးစေရန် ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဖော်ပြ ထားပါတယ်။
========================
🚩🚩 ၆။ ဒီပဲယင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့ပေါ်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Freedom Revolution Force (FRF) က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ (၁၃) ရက်နေ့မှာ ၎င်းစစ်ကောင်စီတပ်များက ဒီပဲယင်း မြို့ပေါ်က ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Freedom Revolution Force FRF (ရွှေဘိုခရိုင်အမှတ် ၂၄ တပ်ရင်း) ၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၄ နဲ့ တိုက်နယ် ၅ ပကဖ အဖွဲ့များက ပူပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
========================
🚩🚩 ၇။ ပုသိမ် - မုံရွာကားလမ်းအပိုင်း ယာဥ်သွားယာဥ်လာများအား PDF များမှ ရှောင်တခင် စစ်ဆေး
ဇန်နဝါရီလ ၁၂ရက်နေ့တွင် အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် ယာဥ်သွားယာဥ်လာများအား စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးအား အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ခရီးသွားမိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုပ်ခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ မန္တလေး မြို့ပေါ်မှာ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းခံရတဲ့ တပ်သားသစ် ၃ ဦး ထွက်ပြေးတိမ်းရှောင်လာ
မန္တလေးမြို့ပေါ်မှာ ပေါ်တာဆွဲခံရပြီး အတင်းအကျပ် စစ်သားသစ်စုဆောင်းခံရတဲ ရပ်စောက်မြို့(ဗထူး) သင်တန်း အပတ်စဉ် ၆ မှ သင်တန်းဆင်းလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး ထွက်ပြေး လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - စလင်းက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့မှာ တာဝန်ကျရာ ခလရ ၂၅၅ တပ်စခန်းကနေ ထွက်ပြေး လာတဲ့ အဆိုပါ တပ်သားသစ် ၃ ဦး ကို စလင်းမြို့နယ် (ပကဖ) က လက်ဝယ်ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
၎င်းတပ်သားသစ် ၃ ဦးကို လူသားခြင်း စာနာထောက်ထားစွာဖြင့် ထိန်သိမ်းထားရှိပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီ လက်အောက်မှ ဘက်ပြောင်း အလင်းဝင် လို့ပါက ထိုက်- သင့်တဲ့ ဆုကြေးငွေများကို ပေးအပ်ချီးမြှင့် ပေးသွားမယ်လို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၉။ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF များထံ ဆက်သွယ်ပြီး ဇန်နဝါရီလ ပထမပတ် အတွင်းမှာ စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်ရောက်ခဲ့ တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့မှာ ဆော မြို့မ ရဲစခန်းက ရဲတပ်သား တဦးဟာ ဂန့်ဂေါခရိုင် တပ်ရင်း ၂ ထံကို G-3 သေနတ် တလက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
ထို့အပြင် ဇန်နဝါရီ ၆ ရက်နေ့မှာ ဆောမြို့မ ရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက တပ်ဖွဲ့ဝင် ၅ ဦးဟာ MA-1 တလက်၊ MA-4 တလက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်ဘောက် ၉ ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃,၅) ထံကို အလင်းဝင်ခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ ဘီးလင်းမြို့နယ်၊ လဂွန်းပျို စခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ထံကို အလင်းဝင်ရောက် ခဲ့ပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်သား ၁၆ ဦးဟာ ၈၀ မမ တလက်၊ ၆၀ မမ တလက်၊ စက်လက် တလက်၊ စနိုက်ဘာ တလက်၊ MA-1 ၇ လက်၊ MA-2 တလက်၊ MA-3 တလက်၊ MA-4 တလက်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်သား ၁ ဦးဟာ G3 တလက်၊ ကျည် ၃၁၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၂ ခု တို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း ၃ ထံကို အလင်းဝင်ခဲ့ပါတယ်။
ထို့နေ့မှာပဲ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေး စခန်းမှ တပ်သား ၂ ဦးဟာ MA-1 ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်ဘောက် ၁၀ ခုဖြင့် ပခုက္ကူခရိုင်၊ တပ်ရင်း ၈ ထံ အလင်းဝင် ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီ အခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ ခမရ-၁၃ မှ ပြည်သူ့စစ် ၂ ဦးဟာ MA-1 ၂ လက်၊ MA ကျည် ၄၆၀ တောင့်ဖြင့် ရွှေဘိုခရိုင်၊ တပ်ရင်း ၂ ထံကို အလင်းဝင်ရောက် ခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့မှာလည်း အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အပတ်စဉ် ၅ သင်တန်းမှ ဆင်းလာပြီး ခမရ ၅၅၉ မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးဟာ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းထံကို လက်နက်များဖြင့် အလင်းဝင်ခဲ့ပါသေးတယ်။
အဆိုပါ စစ်သား ၂ ဦးဟာ အဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရသူများဖြစ်ပြီး MA-1 တလက်၊ MA-3 တလက် နှင့် ကျည် ၁၇၅ တောင့်၊ ကျည်ဘောက် ၆ ဘောက်နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment