၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကျင်းပ
📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ဆောက်ရွက်သင့်သည်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
📌 ၃။ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRAH )နှင့် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များ တွေ့ဆုံဆွေးနွေး
📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးကစပြီး တာဝန်ရှိတဲ့သူတွေအားလုံးနီးပါးက တော်လှန်ရေးနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတယ်လို့ဆို
📌 ၅။ အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်တစ်ဦး၏ အသံကို အယောင်ဆောင်ကာ လှူဒါန်းမှုတစ်ခုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကို လှည့်ဖြား
📌 ၆။ ရခိုင်ဒေသကို ပစ်မှတ်ထား ဝါဒဖြန့်လေ့ရှိတဲ့ တပ်လော်ဘီချန်နယ် အချို့ ရပ်ဆိုင်း၊ အချို့ အပြောင်းအလဲဖြစ်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၁ ဦးသေဆုံး
🚩 ၂။ ဒီးမော့ဆိုမြိုနယ်အတွင်းရှိ ရွာ၂ ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် သုံးဦး သေဆုံး
🚩 ၃။ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်
🚩 ၄။ ကန်နီ ပျူရွာကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့ရ
🚩 ၅။ ပုပ္ပား - ဝဲလောင် လမ်းပိုင်း တနေရာတွင် စစ်ကောင်စီ ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်
🚩 ၆။ ချောက်မြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခုခံတိုက်ခိုက်
🚩 ၇။ တော်လှန်ရေး ရဲဘော်တဦးကို ဖမ်းဆီးသွားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်စဉ် ရဲတပ်သား တဦးကို ဖမ်းဆီးရမိ
🚩 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၄၆) ဦးနှင့် အမျိုးသား (၂၄၄) ဦး စုစုပေါင်း (၂၉၀) ဦး သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကျင်းပ
ဇန်နဝါရီ လ ၁၆ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကို ဇန်နဝါရီ၁၆ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ဆောက်ရွက်သင့်သည်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ ၁၆
Radio NUG
ဇန်နဝါရီလ ၁၆ ရက် (ကြာသပတေးနေ့)၊ ၀၉၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များနှင့် ကမ္ဘာ့နိုင်ငံများ၏ သဘောထားအမြင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ အခန်းကဏ္ဍ၊ လက်ရှိတော်လှန်ရေးတွင် ပါဝင်ဆောက်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်သွားမည့် ကဏ္ဍများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ဆောက်ရွက်သင့်သည်များ၊ လွှတ်တော်ကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားသင့်သည်များကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တိုးမြင့် လုပ်ဆောင်သွားရန်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၃။ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRAH )နှင့် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၁၆ရက်
Radio NUG
ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)နှင့် ပုသိမ်ခရိုင်၊ ဟင်္သတခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များဟာ ဇန်နဝါရီ ၁၅ရက်ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ တက်ရောက်လာသူ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန်ရေးကာလအတွင်း ကဏ္ဍအလိုက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးကစပြီး တာဝန်ရှိတဲ့သူတွေအားလုံးနီးပါးက တော်လှန်ရေးနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတယ်လို့ဆို
ဇန်နဝါရီ၁၆ရက်
Radio NUG
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးကစပြီး တာဝန်ရှိတဲ့သူတွေအားလုံးနီးပါးက တော်လှန်ရေးနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်မောင်ဆွေက သတင်းဌာနတစ်ခုနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
"ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးကစပြီး တာဝန်ရှိတဲ့သူတွေအားလုံးနီးပါးက တော်လှန်ရေးနယ်မြေတွေမှာ ဟိုးအရင်ကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ MOHAI ကလည်း တာဝန်ရှိသူတွေလည်း တော်လှန်ရေးနယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာ ရှိပါတယ်။ အဲသလိုပဲ တခြားဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေလည်း သူနဲ့သက်ဆိုင်တဲ့ကဏ္ဍအလိုက် တော်လှန်ရေးနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေကြတာ ကြာပါပြီ။ နေရာတွေကို သတ်မှတ်ပြီးတော့ စုပေါင်းဆောင်ရွက်ကြမယ့်သဘောပါ"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်ဖို့ အရှိန်အဟုန်မြှင့်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ကြပ်မတ်ကွပ်ကဲမယ်လို့လည်း ဒုအတွင်းဝန်ကဆိုပါတယ်။
========================
📌📌 ၅။ အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်တစ်ဦး၏ အသံကို အယောင်ဆောင်ကာ လှူဒါန်းမှုတစ်ခုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကို လှည့်ဖြား
ဇန်နဝါရီ ၁၆
Radio NUG
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကို ငွေကြေးလှူဒါန်းရန် လိမ်လည်လှည့်ဖြားရန် ကြိုးစားသည့် ခေါ်ဆိုရေးစင်တာဂိုဏ်းသည် အိမ်နီးချင်းနိုင်ငံမှ လည်ပတ်နေသည်ဟု ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) အကြီးအကဲက ကြာသပတေးနေ့တွင် အတည်ပြုခဲ့ကြောင်း The Nation မှာ ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့တွင်၊ Paetongtarn က ဂိုဏ်းတစ်ဂိုဏ်းသည် အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်တစ်ဦး၏ အသံကို အယောင်ဆောင်ကာ လှူဒါန်းမှုတစ်ခုပြုလုပ်ရန် AI ကို အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့ပြီး ပေးထားသည့် ဘဏ်အကောင့်သည် နိုင်ငံပြင်ပတွင် ရှိနေသည်ကို သတိပြုမိသောအခါ သူမ သံသယဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။
AI ဖြင့် မောင်းနှင်သော လိမ်လည်လှည့်ဖြားမှုများ၏ ကြီးထွားလာနေသော ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် အမည်မဖော်လိုသော နိုင်ငံရှိအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုက်ဘာရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပါတယ်။
တစ်ချိန်က ၎င်း၏ မှုခင်းနှိမ်နင်းနိုင်မှုစွမ်းရည်ကြောင့် လူသိများသည့် ရဲမင်းကြီးတစ်ဦးပင်လျှင် အလားတူ AI အသံလိမ်လည်မှု၏ သားကောင်ဖြစ်ခဲ့ကြောင်း ထရာရွန်က ပြောပြထားပါတယ်။
ထိုင်း၊ လာအိုနှင့် မြန်မာတို့ရှိ နယ်စပ်မြို့များသည် တယ်လီကွန်းနှင့် အခြားအွန်လိုင်း လိမ်လည်မှုများအတွက် ဒေသဆိုင်ရာ အချက်အချာနေရာများ ဖြစ်လာပြီး ထောင်နှင့်ချီသော လူကုန်ကူးခံရမှုများကြောင့် ထိုနေရာများတွင် လိမ်လည်မှုစင်တာများတွင် အလုပ်လုပ်ရန် လူကုန်ကူးခံရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ပြည်ပအလုပ်အကိုင်များ ပေးမည်ဟု ကတိပေးသော အွန်လိုင်း လိမ်လည်လှည့်ဖြားမှုများဖြင့် မြန်မာ နယ်စပ်မြို့ မြဝတီမြို့သို့ လိမ်လည်လှည့်ဖြားမှု သတင်းများ ထွက်ပေါ်လာပြီးနောက် တယ်လီကွန်းနှင့် အွန်လိုင်း လိမ်လည်မှုများကို သတိပြုကြရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သောကြာနေ့တွင် တိုက်တွန်းထားပါတယ်။
လူကုန်ကူးခံရသူအများစုသည် အရှေ့တောင်အာရှနိုင်ငံများအပြင် တရုတ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ ဖြစ်သော်လည်း အချို့မှာ အာဖရိကနှင့် လက်တင်အမေရိကတို့အထိ ဝေးကွာနေသည်ဟု ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
========================
📌📌 ၆။ ရခိုင်ဒေသကို ပစ်မှတ်ထား ဝါဒဖြန့်လေ့ရှိတဲ့ တပ်လော်ဘီချန်နယ် အချို့ ရပ်ဆိုင်း၊ အချို့ အပြောင်းအလဲဖြစ်
ဇန်နဝါရီ ၁၆
Radio NUG
ရခိုင်ဒေသကို ပစ်မှတ်ထားဝါဒဖြန့်ဖို့အတွက် ဒေသအတွင်း မြို့တွေ၊ အထိမ်းအမှတ် စကားလုံးတွေ၊ လူအမည်တွေနဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီလော်ဘီချန်နယ်အချို့ ရပ်ဆိုင်းခဲ့ပြီး အချို့ချန်နယ်တွေမှာ စီမံသူ အပြောင်းအလဲဖြစ်တာမျိုး တွေ့ရကြောင်း Burma Affairs Conflict Studyမှ သတင်းထုတ်ပြန်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို အေအေက အလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာပဲ ရခိုင်လူထုကို ဦးတည်ပြီး ဝါဒဖြန့်နေတဲ့ စစ်တပ်လော်ဘီချန်နယ်အချို့ ပုံမှန်ဝါဒဖြန့်မှုတွေ ခေတ္တရပ်ဆိုင်းခဲ့ပြီး နာမည်ကြီး ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo၊ May Yu Htar Nay၊ Western 24 News၊ Min Bar Gyi (မင်းဗာကြီး) ချန်နယ်တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
မင်းချစ်ဦးလို့ အမည်ရတဲ့ ချန်နယ် ၂ ခုက ဒီဇင်ဘာ ၁၇၊ ည ၁၀ နာရီဝန်းကျင်မှာ “ AA ရဲ့ တိုက်ခိုက်မှုတွေကို စစ်တပ်က တန်ပြန်နှိမ်နင်းပြီး အခြေအနေကို ထိန်းချုပ်နိုင်နေပြီ” လို့ အထင်ရောက်စေတဲ့ ပို့စ်တစ်ခု နောက်ဆုံးဖြန့်ဝေခဲ့ပြီး ၁၀ ရက်ခန့် ရပ်ဆိုင်းသွားခဲ့ကာ ဒီရက်ပိုင်းတွေ အတွင်းမှာ မင်းချစ်ဦး ချန်နယ်နောက်ကွယ်က အလုပ်လုပ်နေတဲ့သူတွေ တိုက်ပွဲမှာ ကျသွားပြီ၊ AA ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်မှာ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ကိုသက်နဲ့ ကျော်စွာချန်နယ်တို့မှာ မင်းချစ်ဦးချန်နယ်တွေ ပြန်အလုပ်လုပ်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ က အသိပေးခဲ့ပြီး ဒီချန်နယ်တွေ ပုံမှန်အတိုင်း ပြန်အလုပ်လုပ်နေပါတယ်။
မင်းချစ်ဦးချန်နယ်ဟာ တောင်ကုတ်နဲ့ အမ်းတို့မှာ တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်လောက်ကတည်းက ချန်နယ်စီမံသူ အသစ်တွေထည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကာ အခု ဒီဇင်ဘာ ၂၈ နောက်ပိုင်း ပို့စ်တွေအရ အခြား အက်ဒ်မင်တွေက အစားထိုး လည်ပတ်လာတာ၊ ချန်နယ်ကိုင်တွယ်သူ အပြောင်းအလဲ ဖြစ်တာမျိုး ယူဆရတယ်လို့ ဆိုထားပါတယ်။
အခြား ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ May Yu Htar Nay နဲ့ Western 24 News အမည်ခံ သတင်းချန်နယ်တွေကတော့ ဒီဇင်ဘာ ၁၉ ည ၁၀ နာရီဝန်းကျင်မှာပဲ “ တိုင်းရုံးကို လာတိုက်တဲ့ AA ကို တန်ပြန်နှိမ်နင်းပြီး ထိန်းချုပ်နိုင်ခဲ့ကြောင်း ” ဝါဒဖြန့်ပို့စ်တွေ အသီးသီးဖြန့်ဝေခဲ့ပြီး ၃ ရက်ခန့် ရပ်ဆိုင်းသွားပြီး ဒီဇင်ဘာ ၂၃ မှာမှ ဝါဒဖြန့်ပို့စ်တွေ ပုံမှန်အတိုင်း ပြန်တင်ခဲ့ပါတယ်။
ဒါ့အပြင် AA က ရခိုင်ပြည်နယ် တကျောလုံးကို စစ်ကောင်စီတပ်သား ကင်းစင်စေရေး တကျော့ပြန်တိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီးနောက်ပိုင်း DOROR WADDY MEDIA ၊ Anti-Terrorism Team Of Rakhine State ၊ May Yu ThitSar ၊ ရခိုင်နေ့စဉ် ၊ We Love Sittwe ၊ စစ်တွေဟစ်တိုင် စတဲ့ အမည်အမျိုးမျိုးနဲ့ လော်ဘီချန်နယ်တွေ ကာလရှည် လုံးဝရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။
ရခိုင်က ဝါဒဖြန့်ချန်နယ် လည်ပတ်သူတွေဟာ တိုက်ပွဲမှာ ကျတာ၊ ဖမ်းဆီးခံရတာနဲ့ အခြားအခြေအနေ တရပ်ရပ်ကြောင့် စစ်တပ်က အပြောင်းအလဲလုပ်တာမျိုး ဖြစ်နိုင်ပြီး ဇန်နဝါရီ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း BACS က စောင့်ကြည့်ခဲ့ပေမဲ့ တိုက်ပွဲမှာ ကျတာ၊ ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်တဲ့ အခြေအနေကိုတော့ တိတိကျကျ အတည်ပြုဖို့ ခက်ခဲနေသေးကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တော်လှန်ရေးအင်အားစုများမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့အထိ ၄၈ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်အုပ်ချုပ်နိုင်ပြီး ၉၆မြို့နယ်ကို စိုးမိုးအုပ်ချုပ်နိုင်ကာ ကားလမ်းကြောင်း ၉ခု၊ ရထားလမ်းကြောင်း ၁ခုနှင့် မြစ်ကြောင်း ၄ခုကို စိုးမိုးထိန်းချုပ်နိုင်
ဇန်နဝါရီ ၁၆
Radio NUG
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့အထိ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှု အခြေအနေမှာ ၄၈မြို့နယ် ၁၅ % အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်များမှ ၉၆မြို့နယ် ၂၉% စိုးမိုးအုပ်ချုပ်နိုင်ခဲ့ကာ စုစုပေါင်း ၁၄၄မြို့နယ် ၄၄% စိုးမိုးထိန်းချုပ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်သည်မှာ ၁၀၇ မြို့နယ် ၃၂% သာ ရှိပြီး ၇၉မြို့နယ် ၂၄%မှာ တော်လှန်ရေးတိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် ခါမ်းပါတ်မြို့၊ ၂ဝ၂၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ရွှေပြည်အေးမြို့၊ ၂ဝ၂၃ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် မော်လူးမြို့၊ ၂ဝ၂၄ခုနှစ် မေလ ၁၁ ရက်တွင် မြို့သစ်မြို့၊ ၂ဝ၂၄ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် စဉ့်ကူးမြို့၊ ၂ဝ၂၄ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင် တကောင်းမြို့၊ ၂ဝ၂၄ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် သပိတ်ကျင်းမြို့နှင့် ၂ဝ၂၄ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
မဟာဗျူဟာလမ်းများ စိုးမိုးထိန်းချုပ်မှုများမှာ ကားလမ်းအနေဖြင့် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း၊ မန္တလေး-မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းနှင့် ရန်ကုန် မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းတို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီး ရထားလမ်းအနေဖြင့် မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားလမ်းကို ထိန်းချုပ်နိုင်ခဲ့ကာ မြစ်ကြောင်းအနေဖြင့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များကို စိုးမိုးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ အမ်းမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ၁၂ ဦးကို ဖမ်းဆီးရမိ
ဇန်နဝါရီလ ၁၆ ၊
Radio NUG
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများကို ပိတ်ဆို့တားဆီးခဲ့ရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ CDF Asho က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်မှာ အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာအနီးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၅ ဦးကို ငဖဲမြို့၊ ဂုတ်စည်းရိုး ရွာအနီးမှာ တားဆီး ပိတ်ဆို့ခဲ့ရာ အသာတကြည် လက်နက်မချတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရခဲ့ကာ တစ်ဦးမှာ ဆေးကုသပေးနေရင်း သေဆုံးသွားခဲ့တာကြောင့် ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇန်နဝါရီ ၁၄ ရက်မှာလည်း အမ်းမြို့နယ် တောင်ဇောက်ရွာအနီး တိုက်ပွဲက ထွက်ပြေးလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို တားဆီးခဲ့ရာ အသာတကြည် လက်နက်မချခဲ့တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကာ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ၈ ဦးကို ထပ်မံ ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
၎င်း စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်း ၁ လက်၊ ခဲယမ်းနဲ့ စစ်အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သားများကိုလည်း နယ်မြေရှင်းလင်း ရှာဖွေနေတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား
ဇန်နဝါရီလ ၁၆ ၊
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ဂူ တိုက်နယ်အတွင်း ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ရွာသား တစ်ဦး အစမှန် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်နေခဲ့တာကြောင့် နေအိမ် အဆောက်အဦးများ ပျက်ဆီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျုံလောင်း ရွာဟောင်း အနီးက ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ခန့် သေဆုံး
ဇန်နဝါရီလ ၁၆ ၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်း (ရွာဟောင်း) အနီးမှာ ၃ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၇၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ထားပါတယ်။
ရေးအခြေစိုက် စကခ ၁၉ တပ်နဲ့ ၄ မိုင် အကွာက ကျုံလောင်းရွာဟောင်းအနီးမှာ ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ စစ်ကောင်စီ တပ်နဲ့ မွန်၊ ကရင်၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ကာ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်များမှ အရာရှိအဆင့် အပါအဝင် ၇၀ ဦး ခန့် သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်နေခဲ့သလို ဇန်နဝါရီလ ၁၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း မွန်၊ ကရင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျဆုံးမှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ - ၁၉ လက်အောက်ခံ ခလရ - ၃၁၊ ခလရ - ၆၁၊ ခလရ - ၁၀၆၊ ခမရ - ၂၉၉၊ ခမရ - ၃၄၃၊ ခမရ - ၅၈၆၊ ခမရ - ၅၈၇၊ ခမရ - ၅၈၃၊ ခမရ - ၅၉၁၊ အမတ - ၃၁၆ တို့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာတွင် အထိုင်ချလျက်ရှိသော စကစများနှင့် ပျူစောထီး များကို ဒရုန်းများနှင့် ဗုံးသီးချတိုက်ခိုက်
ဇန်နဝါရီ ၁၆
Radio NUG
ဇန်နဝါရီလ ၁၅ရက်နေ့တွင် မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာတွင် အထိုင်ချလျက် ရှိသော စကစများနှင့် ပျူစောထီးများကို မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းနှင့်အတူ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။
ထို တိုက်ခိုက်မှုတွင် ရန်သူ့ဘက်မှ စကစများနေထိုင်ရာနေရာများ ပြိုပျက်ပျက်စီး၍ ကင်းတာဝန်ကျနေသော စကစတပ်သား တစ်ဦး သေဆုံးခဲ့ကာ စကစနှင့်ပျူ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာရရှိသူများကို လူနာတင်ယာဥ် သုံးစီးဖြင့် စလင်း ကံပြားမှ လာရောက်သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုအား မြိုင်ပကဖ ၊ပေါက်ပကဖ ၊ မင်းဘူးခရိုင်အမှတ်-၄တပ်ရင်း၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ Yaung Force (PKU) / Earthquake Defence Force (PKU) / Joker (ပျောက်ကြားတပ်ဖွဲ့ မြိုင်) / စေတုတ္တရာ ပ.အ.ဖ အဖွဲ့ တို့ကပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ အရာတော်ကို ခဲယမ်း ဖြည့်တင်းရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၁၂ ရက်အတွင်း အကြိမ်ကြိမ် တိုက်ခိုက်၊ စစ်သုံပန်းတစ်ဦးကို အရှင်ဖမ်းမိထားပြီး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီဘက်က ဖုန်းဆက်တောင်းဆို
ဇန်နဝါရီလ ၁၆ ၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ အရာတော်မြို့ကို ခဲယမ်း ဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၁၂ ရက်တိုင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ အချိန်ထိ လမ်းပေါ်မှာပဲ စစ်ကြောင်း ရှိနေသေးတယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ဝါးတန်းကျေးရွာအနီးမှာ အဆိုပါ စစ်ကြောင်းကို ပဒေသာ မိုင်းဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ၆၀ မမ များဖြင့်လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နေ့မှ စတင်ကာ လက်နက်ကြီး၊ မိုင်း၊ ဒရုန်းနှင့် လက်နက်ငယ်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျောက်စစ်ပုံ အမြောက်တပ်မှ ဟောင်ဝစ်ဇာ ၈ လုံး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ၈ နာရီ ခွဲခန့်မှာ စအရ - ၉၀၉ တပ်မှ BE တပ်သား တစ်ဦးကို Snipe Rangers Force (Local - PDF) နှင့် Special Revolution Force (ဒေါင်းညီနောင်) တို့က ဖမ်းဆီးရမိခဲ့ပါတယ်။
၁၂ ရက်တာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာ ရသူ ၂၀ ဦး ထက်မနည်း ရှိခဲ့ကာ ၄ ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးရမိထားတဲ့ BE တပ်သား တင်ဆန်းမြင့်က ပြောပါတယ်။
၎င်း စစ်ကောင်စီ တပ်သား အပါအဝင် ၁၀ ဦးဟာ PDF ယူနီဖောင်း ဝတ်ဆင်ပြီး ကင်းစောင့်နေကြစဉ် သေနတ်ထောက်ပြီး ဝင်ဖမ်းခဲ့ရာ ကျန် ၉ ဦးမှာ ကိုယ်လွတ်ရုံး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ကျ ရဲဘော်မှအပ မသွားဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ရောက်နေကြတာ၊ ဝင်ဖမ်းတဲ့ အချိန် စကားဝှက်ကို မပြောနိုင်တာ၊ စစ်ဆေးမေးမြန်းချိန်မှာ စစ်ကောင်စီ တပ်သား ဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားတာကြောင့် ဖမ်းဆီးထားပြီး စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထားရှိထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီ တပ်သားကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီ တပ်ဘက်က တပ်ကြပ်ကြီး စာရေးဆိုသူက ဖုန်းဆက် တောင်းဆိုခဲ့တယ်လို့ Snipe Rangers Force အဖွဲ့မှ ရဲဘော် ဆလိုင်းက မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
အဆိုပါ ၁၂ ရက်ကြာ တိုက်ခိုက်မှုများကို Snipe Rangers Force (LPDF) ၊ Special Revolution Force (ဒေါင်းညီနောင်)၊ NUG/MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနဲ့ အခြားသော တော်လှန်ရေး အင်းအားစုများက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ပြည်သူ့စစ် အဖွဲ့တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေကို ရထားပြီး အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ အသိပေး
ဇန်နဝါရီလ ၁၆ ၊
Radio NUG
စစ်ကိုင်းမြို့က ပျူခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ရှင်းလင်းခဲ့ပြီးနောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ် အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့ စာရင်းကို ရရှိထားပြီ ဖြစ်တာကြောင့် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့က အသိပေးထားပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းမှာ မင်းကွန်းကနေ စစ်ကိုင်းဘက် ပြန်လာတဲ့ စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နာမည်ကြီး ပျူခေါင်းဆောင် ကျော်မျိုးထွန်း (ခ) ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
အဆိုပါ ပစ်ခတ်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ အပါအဝင် Road To Mandalay အဖွဲ့နဲ့ People Servant Force (P.S.F) တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပျူခေါင်းဆောင် လင်မယား အပါအဝင် ၇ ဦး သေဆုံးကာ လက်နက် ၆ လက်နဲ့ ဆက်စပ်ပစ္စည်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှု အပြီးမှာ စစ်ကိုင်း၊ မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ် အဖွဲ့ဝင်တွေ၊ ထောက်ပံ နေသူတွေရဲ့ လိပ်စာနဲ့ လက်နက်စာရင်းတွေကို ရရှိထားပြီး ဖြစ်တာကြောင့် အချိန်မှီ အလင်းဝင်ကြဖို့နဲ့ အလင်းမဝင်ပါက လိုအပ်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့တွေက ဧရာဝတီ မြစ်ကမ်းဘေးက လက်ပံ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ ဝင်ရောက် မီးရှို့ ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၂၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နိုင်ငံပိုင် မြေ၊ အဆောက်အဦ နှင့် မြေကွက်များအား ဝယ်ယူထားသူများထံမှ နိုင်ငံပိုင်အဖြစ် ပြန်သိမ်းမည်
ဇန်နဝါရီ ၁၆
Radio NUG
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နိုင်ငံပိုင် မြေ၊ အဆောက်အဦနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း၊ တရားမဝင်ရောင်းချခြင်းသည် တရားဝင်မှု လုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်၍ ဝယ်ယူခြင်းမပြုကြပါရန် နှင့် လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးတားမြစ်ချက် ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသော နည်းလမ်းဖြင့် အတင်း အဓမ္မသိမ်းယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် ကုလသမဂ္ဂအပါအဝင် မည်သည့် ကမ္ဘာ့နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ထားခြင်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ပြီး နိုင်ငံပိုင် မြေ၊ အဆောက်အဦး နှင့် မြေကွက်များ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအား ကိုယ်စားပြုမှုအလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ မြေ၊ အဆောက်အဦနှင့် မြေကွက်များအား စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment