၂၀၂၅ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်
📌 ၂။ မြ၀တီတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ် ထုတ်ပြန်
📌 ၃။ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုးလှနိုင်ကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဖြင့် အဖွဲ့ချုပ်မှ ထုတ်ပယ်
📌 ၄။ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးသင်တန်း ဖွင့်လှစ်ပို့ချ
📌 ၅။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ အမျိုးသမီး ၁၈၂၆ဦး၊ လူငယ် ၂၂၅၅ဦးနှင့် ကလေးသူငယ် ၉၈၃ဦး သေဆုံး
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အာရက္ခဒေသတခွင် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ကင်းဝေးစေရေးများ ULA/AA ဆောင်ရွက်နေ
🚩 ၂။ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ
🚩 ၃။ ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ပလမြို့ ရဲစခန်းကုန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၅။ မုက္ခမူကျေးရွာနဲ့ ကြံဘိုကုန်း ကျေးရွာက စစ်ကောင်စီ ဂိတ်စခန်းများကို စီးနင်းတိုက်ခိုက်
🚩 ၆။ ဘန်ကာဆောက်ရန် ကင်းစောင့်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
🚩 ၇။ တောင်သာမှာ စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံး
🚩 ၈။ ဆီဆိုင်မြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လွယ်ချယ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်
ဇန်နဝါရီ ၁၈
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများအား မျှဝေခြင်း အခမ်းအနားတရပ်ကို ဇန်နဝါရီလ ၁၈ရက်နေ့တွင် Zoom Platform မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
ထိုအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ Chinland Council (CC) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အခမ်းအနား၌ ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြ၀တီတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ် ထုတ်ပြန်
ဇန်နဝါရီ ၁၈
Radio NUG
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တရုတ်နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်သရုပ်ဆောင် ၊ တရုတ်မီးအလှပြပညာရှင် အပါအဝင် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာ အလေးထားပြီး ပြည်ပသို့ ရောက်ရှိကာ အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသူများ၏ အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားသလို ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာတွဲဖက်၍ လူကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
လက်ရှိတွင် တရုတ်နိုင်ငံသားတချို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည့်အပြင် တရုတ်သရုပ်ဆောင်တစ်ဦးမှာလည်း ထပ်မံ၍ ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေသူများကို အစွမ်းကုန်ရှာဖွေ ကယ်ဆယ်သည့် တစ်ချိန်တည်းတွင် အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေကာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးမှုနှင့် အခြား ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ်မြို့ အပါအဝင် လောင်းကစားဇုန် မြို့နေရာများမှ ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများသည် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။
========================
📌📌 ၃။ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုးလှနိုင်ကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဖြင့် အဖွဲ့ချုပ်မှ ထုတ်ပယ်
ဇန်နဝါရီ ၁၈
Radio NUG
ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုးလှနိုင်ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် အဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်မှ ဇန်နဝါရီလ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
သက်မွေးဆိုင်ရာ တွဲဘက်အတွင်းရေးမှူး ကိုစိုးလှနိုင်သည် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၅) ရက်မှစ၍ လူမှုရေးပြစ်မှုဖြင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့အရေးယူထားသည့်အချိန်တွင် နောက်ထပ်လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် ကိုစိုးလှနိုင်ကို တိုင်ကြားသည့်အမှု ရှိလာကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။
ထို့နောက် စစ်ဆေးမေးမြန်းရာတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ကိုစိုးလှနိုင်ကို ဗကသများအဖွဲ့ချုပ်မှ ထုတ်ပယ်အရေးယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးသင်တန်း ဖွင့်လှစ်ပို့ချ
ဇန်နဝါရီ ၁၈
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများအား အုပ်ချုပ်ရေးသင်တန်းကို (၁၅.၁.၂၀၂၅)ရက်နေ့မှ (၁၆.၁.၂၀၂၅)ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ၊ အတွင်းရေးမှူး(ရုံးအဖွဲ့မှူး)၊ လူသားစာနာတာဝန်ခံ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ် တာဝန်ခံတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် သင်ကြားပို့ချခဲ့ကြပြီး သင်တန်းပြီးဆုံးချိန်တွင် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများအား တံဆိပ်တုံးများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၅။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ အမျိုးသမီး ၁၈၂၆ဦး၊ လူငယ် ၂၂၅၅ဦးနှင့် ကလေးသူငယ် ၉၈၃ဦး သေဆုံး
ဇန်နဝါရီ ၁၈
Radio NUG
၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ စုစုပေါင်း ၈၆၂၈ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ယင်းအထဲမှ သေဆုံးသူ အမျိုးသမီးဦးရေ ၁၈၂၆ဦး ရှိပြီး သေဆုံးသူ အားလုံးရဲ့ ၂၁.၂% ရှိကာ စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် သေဆုံးသူ လူငယ်ဦးရေ ၂၂၅၅ဦး ရှိပြီး သေဆုံးသူ အားလုံးရဲ့ ၂၆.၁% ရှိကာ စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့သလို အမျိုးသားအများစု သေဆုံးခဲ့တယ်လို့ သိရပါတယ်
အလားတူ သေဆုံးသူ ကလေးသူငယ်ဦးရေ ၉၈၃ဦး ရှိပြီး သေဆုံးသူ အားလုံးရဲ့ ၁၁.၄% ရှိကာ စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့သလို အမျိုးသားအများစု သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အာရက္ခဒေသတခွင် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ကင်းဝေးစေရေးများ ULA/AA ဆောင်ရွက်နေ
ဇန်နဝါရီ ၁၈
Radio NUG
ULA / AA အနေနဲ့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း စတဲ့ မြို့နယ် ၁၅ ခုတွင် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ် ပပျောက်ကင်းစင်ရေးအတွက် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေး ဟောပြောပွဲများကို မြို့များ သိမ်းပြီးချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုအချိန်မှာ စစ်ကောင်စီ တပ်စွဲစခန်းချခဲ့တဲ့ နေရာများနဲ့ မြို့၊ ရွာများထဲမှာလည်း မိုင်းအန္တရာယ် သတိပေး ဆိုင်းဘုတ်များ ထောင်ထားပြီး သတိပေး နှိုးဆော်ထားကြောင်း Arakan Princess Media မှာ ဖော်ပြထားပါတယ်။
အရင်က စစ်ကောင်စီ တပ်စခန်း၊ ယာယီ တပ်စွဲရာ နေရာ၊ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာများကို လုံးဝ မသွားလာဖို့အပြင် အာရက္ခပြည်သူတို့ ကား၊ ဆိုင်ကယ်တို့နဲ့ သွားလာရာတွင် လမ်းဘေး အပေါ့ အပါးသွားခြင်း၊ ကျွဲနွားများ ထိန်းကျောင်းခြင်း၊ သားကောင်ရှာဖွေခြင်း ၊ ထင်းခွေဟင်းစားရှာခြင်းတို့တွင် စစ်ကောင်စီထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတို့ကို နင်းမိပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတို့ များလာတဲ့အတွက် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် သတိပေး ဆိုင်းဘုတ်များ ထောင်ပြီး စောင့်ကြည့်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ထို့အပြင် ULA / AA က မြေပြင်မှာလည်း မြေမြှုပ်မိုင်းအန္တရာယ် ပညာပေး ဟောပြောပွဲများကို ပြည်သူလူထုအကြား ဆောင်ရွက်နေပြီး မိုင်းပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးနေကာ အာရက္ခစစ်သည်တော်များက မိုင်းနဲ့ စစ်ကျန်လက်နက်များကို ရှင်းလင်းနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးခဲ့ပြီး ၄၅ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ KNU/KNLA အခြား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း အခုလို သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် ယခုအပတ်အတွင်းမှာ ကော့ကရိတ် - အာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီ တပ်စခန်းငယ် တစ်ခုကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနဲ့ ခဲယမ်းမျိုးစုံတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ပစ်မှတ်များကိုပါမချန် ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများကို ပိုမိုအသုံးပြု တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
မုံရွာ - မန္တလေး ကားလမ်းမကြီး မိုင်းရှင်းရန် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချောင်းဦးမြို့ အရှေ့ဘက်၊ ချောင်းဦး - မြင်းမူ လမ်းပိုင်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ -၃) က သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက် မနက် ၉ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီ တပ်အင်အား ၃၀ ခန့် ပါတဲ့ အဆိုပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အသင့်ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဗိုလ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၃ ဦး အသက်အန္တရယ် စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ကာ ၂ ဦး ခြေထောက်ပြတ်ခဲ့ပြီး ၁ ဦး လက်ပြတ်ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် - ၁၂ တပ်ရင်း၊ တပ်ခွဲ -၃)၊ Eleven People Defense Force ၊ Nway Oo Brothers Column ၊ မုံရွာခရိုင် အမှတ် - ၁၅ တပ်ရင်းနဲ့ စစ်ကိုင်းခရိုင် အမှတ် (၅) တပ်ရင်း (MRA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ပလမြို့ ရဲစခန်းကုန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၁၈
Radio NUG
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဇရပ်ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည့် စစ်ကောင်စီအထိုင်ချ ပလရဲစခန်းကုန်းအား မြိတ်ခရိုင်၊ PDF တပ်ရင်း(၁)နှင့်ပူးပေါင်း၍ ဒရုန်းဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလော-ပကဖ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်တွင် ဒရုန်းပစ်မှတ်သည် ပလမြို့ ရဲစခန်းကုန်း ခြံစည်းရိုး နံဘေးရှိ မိုင်းကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲစခန်းပတ်ပတ်လည် မိုင်းကွင်းဧရိယာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ပုလောပကဖသည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်း၍ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန် တော်လှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၅။ မုက္ခမူကျေးရွာနဲ့ ကြံဘိုကုန်း ကျေးရွာက စစ်ကောင်စီ ဂိတ်စခန်းများကို စီးနင်းတိုက်ခိုက်
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာ စစ်ကောင်စီ အထိုင်ချ ဂိတ်စခန်းနဲ့ ကြံဘိုကုန်း ဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Fire Dragon တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ် အချိန်မှာ အဆိုပါ ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၂ နာရီခန့်မှာ အပြီးသတ် ခြေမှုန်းရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး ပျူစောထီး ၂ ဦး သေဆုံးခဲ့ကာ ၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၇ (Fire Dragon) တပ်ရင်း ၊ တောကျီးကန်း ၇ ကောင် စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ Spring Warrion Drone Team ၊ ၁၈၀၅ တပ်ရင်း Drone Team တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မုက္ခမူ နဲ့ ကြံဘိုကုန်း ဂိတ်စခန်းတို့က စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများဟာ ညောင်လေးပင် ရွှေကျင် ကားလမ်းပေါ်က ပြည်သူများ သွားလာနေမှုများကို ဂိတ်စခန်းချ ငွေကြေးကောက်ခံခြင်း၊ ငွေညှစ်ခြင်း၊ လမ်းသွား လမ်းလာ ပြည်သူများကို စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးမှုများ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ရှင်းလင်းခဲ့တာလို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ဘန်ကာဆောက်ရန် ကင်းစောင့်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ ဆေးရုံ သန့်ရှင်းရေးလုပ်ပြီး ဘန်ကာဆောက်ရန် ကင်းစောင့်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ Chin Dwin Dynamite က သတင်း ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ဘန်ကာဆောက်ရန် ကင်းစောင့်ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၈ ဦးကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး ကျန် ၄ ဦးမှာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုနောက် ဒုတိယအကြိမ် ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦးကို မဟာမိတ် တပ်ပေါင်းစုက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingy)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingy)၊ SPDF (Salingy)နဲ့ SOLO AUNG GYI (Salingy) မဟာမိတ် ၄ ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ တောင်သာမှာ စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံး
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
မန္တလေးတိုင်း တောင်သာမြို့နယ် ပန်းပေါင်းအုပ်စု ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်မှာ မိတ္ထီလာ လေတပ်က တက်လာတဲ့ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအနီး လမ်းမနဲ့ ပြည်သူ့နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးချ တိုက်ခိုက်မှုအတွင်း အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်းနဲ့ အသက် ၅၇ အရွယ် ဒေါ်ခင်ညွတ်တို့ သေဆုံးခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဦးအောင်မြင့် ဆိုသူမှာလည်း နေ့လည် ၂ နာရီခွဲ ခန့်က သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြည်သူအားလုံး အနေနဲ့ ဗုံးခိုကျင်း မဖြစ်မနေ တူးကြဖို့ အရေးကြီးကြောင်းကိုလည်း လူထုလှုပ်ရှားမှု ကော်မတီ - တောင်သာ က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ ဆီဆိုင်မြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လွယ်ချယ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၁၈ ရက်၊
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်အဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ PNLO က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီ နဲ့ PNO အင်အား ၅၀၀ ကျော်က စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ပင်ငို၊ နောင်ကျောနဲ့ ဖြီကျွတ် ကျေးရွာအနီးမှာ တနေကုန် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဇန်နဝါရီလ ၁၈ ရက်၊ မနက်ပိုင်းမှာ ဆီဆိုင်မြို့နယ်၊ လွယ်ချယ်ကျေးရွာကို စစ်ကောင်စီက ၂ ကြိမ်တိုင် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပင်ငိုနဲ့ နောင်ကျော ကျေးရွာများမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့ကာ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
အလားတူ ဖြီကျွတ်ကျေးရွာအနီး တောင်နှစ်လုံး ကြားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ PNO ဘက်မှ ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်များက စိတ်ကြွဆေး အသုံးပြုကာ စစ်တိုက်နေတဲ့ အနေအထားကို တွေ့ရတယ်လို့ PNLO က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ပါဝင်မှုဟာ ၂၀% ခန့်သာရှိပြီး ထိခိုက် သေဆုံးခဲ့ရသူ အများစုဟာ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်းနဲ့ ပအိုဝ်းလူမျိုး အချင်းချင်းက ရန်သူမဟုတ်ဘဲ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင် စနစ်ကသာ တတိုင်းပြည်လုံးရဲ့ ရန်သူဖြစ်ကြောင်း အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment