၂၀၂၅ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါမှ ပြည်သူတွေအနေနဲ့ နောက်ကျောလုံစွာ နေနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ ဧရာဝတီတိုင်းမှ မြို့နယ် ၇ ခုသို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် သတိပေး
📌 ၃။ မန္တလေးအိုးဘိုထောင်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု မရ
📌 ၄။ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ ဖမ်းဆီးခံရ
📌 ၅။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦး၊ အမျိုးသား (၉) ဦး စုစုပေါင်း (၁၈) ဦး သေဆုံးခဲ့ရ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေကြသော အကြမ်းဖက်စကစတပ်သားများအား PDF အမျိုးသမီးရဲဘော်များပါ ဝင်ရောက်တိုက်ခိုက်
🚩 ၂။ စစ်ကိုင်းမှ မုံရွာသို့ ထွက်လာတဲ့ Acid tanker truckကားများနှင့် Jumper 8စီးပါ ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်
🚩 ၃။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဝါဇီစက်ရုံ (လ.န.စ) နှင့် စက်ရုံအနီးရှိ စကစ စခန်းများအား တိုက်ခိုက်
🚩 ၄။ ကျိုက်ဒုံမြို့၊ နို့တကောမြို့နယ်နှင့် ကျုံဒိုးမြို့နယ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်ဆီး
🚩 ၅။ စက်တပ်လေထီးဖြင့် တောင်သာမြို့နယ် သာစည်ရွာပေါ်သို့ ဗုံးသီးချရာ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး သေဆုံး
🚩 ၆။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ခရီးသွားလာခြင်းကိုတားမြစ်
🚩 ၇။ လွိုင်ကော်မြို့နယ် ခလရ ၄၂၇ တပ်ရင်းမှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါမှ ပြည်သူတွေအနေနဲ့ နောက်ကျောလုံစွာ နေနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဇန်နဝါရီလ (၂၃) ရက်
Radio NUG
အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါမှ ပြည်သူတွေအနေနဲ့ နောက်ကျောလုံစွာ နေနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၂၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။
"အုပ်ချုပ်ရေး အကောင်အထည်ဖော်တဲ့အခါ နောက်ပိုင်းကာလတွေမှာ ပေါ်ပေါက်လာမယ့် တိုင်းအဆင့် ယန္တရားတွေအတွက် အခုကတည်းက ကျေလည်နေအောင် တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးဦးဆောင်မှုတွေနဲ့ တွေ့ဆုံဆွေးနွေးထားတဲ့ လုပ်ငန်းစဥ်မျိုးကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်နဲ့ ချိတ်ဆက်ပြီး အချိတ်အဆက်မိမိ သွားဖို့လိုအပ်မှာဖြစ်ပါကြောင်း။ အခွန်မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမယ့် လုပ်ငန်းစဥ်တွေကိုလည်း ဝန်ကြီးတွေ အကျေအလည်ဆွေးနွေးဖြစ်ကြတယ်လို့ ကြားသိရတာကြောင့် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းတွေနဲ့ ကြပ်မတ်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါကြောင်း၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒွန်တွဲနေတာမို့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါမှ ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အစောင့်အရှောက်အောက်မှာ နောက်ကျောလုံစွာ နေနိုင်မှာဖြစ်ပါကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ဧရာဝတီတိုင်းမှ မြို့နယ် ၇ ခုသို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် သတိပေး
ဇန်နဝါရီ ၂၃
Radio NUG
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဧရာဝတီတိုင်းဒေသက နေရာ ၇ ခုကို မလွဲမရှောင်သာ ခရီးစဉ်များမှလွဲ၍ မလိုအပ်ဘဲ ခရီးမသွားကြရန် ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
FCDO မှ ထုတ်ပြန်ထားသော မြို့နယ် ၇ ခုမှာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များဖြစ်ပြီး သတိပေးချက် သို့မဟုတ် အကြံဉာဏ်ကို ငြင်းပယ်ပါက ခရီးသွားအာမခံချက် ပျက်ပြယ်သွားနိုင်ကြောင်း ထပ်မံ သတိပေးထားခြင်းဖြစ်ပါတယ်။
ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသတို့ကိုလည်း ခရီးသွားလာခွင့် တားမြစ်ကြောင်း FCDO က ဆိုထားပါတယ်။
တနင်္သာရီတိုင်းမှ ကျွန်းစုနှင့် တောင်ဘက်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းနှင့် ပြင်ဦးလွင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမနှင့် ပဲခူးတိုင်း အရှေ့ဘက် တို့ကိုလည်း မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ မန္တလေးအိုးဘိုထောင်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု မရ
ဇန်နဝါရီ ၂၃
Radio NUG
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တွင်း၌ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေသော်လည်း ထောင်အာဏာပိုင်များအနေဖြင့် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားနိုင်ခြင်းမရှိကြောင်း PPNMမှ သတင်းထုတ်ပြန်ထားပါတယ်။
ထောင်အာဏာပိုင်များက ဝမ်းရောဂါခံစားနေရသူများအား ဝမ်းပိတ်ဆေးတိုက်ပြီး တစ်ဦးလျှင် ဓာတ်ဆားတစ်ထုပ်နှုန်းသာ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုကဲ့သို့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသည်မှာ ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၄၀ ဦး ဝန်းကျင်နှင့် အကျဉ်းသူ ၂၅ဦးဝန်းကျင်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အချို့အကျဉ်းသားများမှာ ဝမ်းလျှောမှု သက်သာသွားသော်လည်း နောက်ဆက်တွဲအနေဖြင့် ကိုယ်ခန္ဓာအနှံ့တွင် အနီရောင်အစက်အပျောက်များ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများအား နေ့စဉ်ကျွေးနေသည့် ထမင်းသည် စားသောက်ရန် အဆင်မပြေသည့်အတွက် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အကျဉ်းသူများနှင့် ထောင်အာဏာပိုင်များကြား တင်းမာမှုအချို့ ဖြစ်ခဲ့ကြောင်း PPNM မှ စုံစမ်းသိရှိထားတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ ဖမ်းဆီးခံရ
ဇန်နဝါရီ ၂၃
Radio NUG
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ဂျလန်အာလောနဲ့ ဘူကစ်ဘင်တန်း နိုင်ငံခြားသားတွေနဲ့ လူစည်းကားတဲ့နေရာနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ နေရာတွေကို ဇန်နဝါရီလ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်မှာ မလေးရှား ရဲတပ်ဖွဲ့၊ လဝကနဲ့ အာဏာပိုင်အဖွဲ့တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့နေရာမှာ မြန်မာဆိုင်တွေ၊ ချင်းဆိုင်တွေ များပြီး တရုတ်စားသောက်ဆိုင်မှာလုပ်တဲ့ ဝန်းထမ်းတွေက မြန်မာတွေများတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသား ၆၀ ဦးအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါ နိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန် နိုင်ငံသား ၃ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦးနဲ့ ဆူဒန်နိုင်ငံသား ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ကွာလမ်လာပူမြို့ လဝကရုံးမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၆(၁)(ဂ) နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၅(၁)(ဂ) ၁၉၅၉ ၊၁၉၆၃ အပြင် လူဝင်မူကြီးကြပ်ရေး ဥပဒေ ၃၉(ခ)၁၉၆၃ နဲ့ စစ်ဆေးသွားမယ်လို့ မလေးရှား လဝက ဇန်နဝါရီလ ၂၃ရက် မနက်မှာ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦး၊ အမျိုးသား (၉) ဦး စုစုပေါင်း (၁၈) ဦး သေဆုံးခဲ့ရ
ဇန်နဝါရီ၂၃ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦး၊ အမျိုးသား (၉) ဦး စုစုပေါင်း (၁၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ သေဆုံးသူများအားလုံးသည် စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိုကျေးရွာအတွင်းရှိ “ဝေဆာမနောမြေ” တစ်သျှူးငှက်ပျောကုမ္ပဏီ ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိုခြံအတွင်းရှိ ကိုထိန်ထိန်လင်းမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေကြသော အကြမ်းဖက်စကစတပ်သားများအား PDF အမျိုးသမီးရဲဘော်များပါ ဝင်ရောက်တိုက်ခိုက်
ဇန်နဝါရီ ၂၃
Radio NUG
ဇန်နဝါရီလ(၂၂)ရက် ည (၉) နာရီ (၄၅)မိနစ်ခန့်အချိန်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေကြသော အင်အား (၁၅)ယောက်ခန့်ရှိ အကြမ်းဖက်စကစတပ်သားများအား RTC စစ်ကြောင်းမှ ရဲဘော်များ သွားရောက်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲကြာချိန် မိနစ် (၃၀)ခန့်မျှ ရှိခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
RTC စစ်ကြောင်း၏ သွားရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် အထိနာသွားသော နှောပင်ကျေးရွာအတွင်းရှိ အကြမ်းဖက် စကစတပ်သားများအား စစ်ကူပေးရန် ကျွန်းတောကုန်းကျေးရွာမှ စစ်ကူထွက်လာသော အင်အား (၂၀)ခန့်ပါ အကြမ်းဖက် စကစတပ်သားများကိုလည်း RTC စစ်ကြောင်းမှ ထပ်မံစောင့်ကြို ပစ်ခတ်နိုင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲကြာချိန် (၁၀)မိနစ်ခန့်မျှ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါထိတွေ့တိုက်ခိုက်မှုအား ရဲဘော်သမန်းကျား ဦးဆောင်သော မိမိRTC စစ်ကြောင်းမှ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစောင့်ကြိုပစ်ခတ်ခြင်းကြောင့် အကြမ်းဖက် စကစတပ်သား (၆)ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ယခုတိုက်ပွဲတွင် အမျိုးသားရဲဘော်များနှင့်တန်းတူ အမျိုးသမီးရဲဘော် (၆)ဦးတို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဥ်အပြီးတွင် ကတို့ကုန်းကျေးရွာဘက်မှ မန်ကျည်းကုန်းကျေးရွာဘက်တို့ အကြမ်းဖက်စကစများ စစ်ကြောင်းထပ်မံ ဝင်ရောက်လာကြောင်း သိရှိရ၍ ပြည်သူများအနေဖြင့် အသွားအလာအနေအထိုင် ဆင်ခြင်နိုင်ကြဖို့ သတိပေးထားပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်းမှ မုံရွာသို့ ထွက်လာတဲ့ Acid tanker truckကားများနှင့် Jumper 8စီးပါ ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီ ၂၃
Radio NUG
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းမှ မုံရွာသို့ ထွက်လာသော Acid tanker trucks ကားများနှင့်အတူ စ-ခ jumper - 8 စီး ၊ စ-က-စ အ.ရာ.ရှိ လိုက်ပါလာသည်ဟု ယူဆရသော မှန်လုံ Express ကား 3 စီးတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHAမှ သတင်းထုတ်ပြန်ပါတယ်။
ကားယာဉ်တန်းအား ပစ်ခတ်မှုတွင် Acid tanker trucks အများအပြား ထိခိုက်ပျက်စီးပြီး စ-က-စ အ.ရာ.ရှိ ပါသည်ဟု ယူဆရသော မှန်လုံ Express ကားများလည်း ထိခိုက် ပျက်စီးခဲ့ကာ 3 ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ထိုသို့ တိုက်ခိုက်ရာတွင် ယာဉ်တန်းအား လိုက်လံ လုံခြုံရေးယူပေးသော jumper ကားများပေါ်မှ ပြန်လည်ပစ်.ခတ်ခဲ့သော်လည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအား Brave Heart Army-BHA ရဲဘော်များမှ ဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်များနှင့်အတူ လက်တွဲညီညီ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဝါဇီစက်ရုံ (လ.န.စ) နှင့် စက်ရုံအနီးရှိ စကစ စခန်းများအား တိုက်ခိုက်
ဇန်နဝါရီ ၂၃
Radio NUG
နိုင်ငံ ငွေတန်ဖိုး ကျဆင်းစေမှုတွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်၍ စစ်ရှုံး စစ်ကောင်စီ ခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေသော ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဝါဇီ စက်ရုံ (လ.န.စ) နှင့် ၎င်း စက်ရုံ အနီးရှိ စကစ စခန်းများအား မကွေးတိုင်း ပကဖနှင့် ပူးပေါင်းတပ်များမှ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၀၆:၁၅ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်းပကဖမှ သတင်းထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့ အနီးရှိ ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စကစ စခန်းနှင့် ပခုက္ကူမြို့နယ်၊လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာရှိ စကစ စခန်း၊ မြင်းစကောကျေးရွာ ရှိ စကစ စခန်းတို့အား မကွေးတိုင်း ပကဖ ၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခု ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ ထုတ်လုပ်ထားသည့် Short Range Missile (၁၇) လုံး၊ Drop Bomb (၂၆) လုံး နှင့် ၈၁ မမ ၆ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
SRM (၁၇) လုံးဖြင့် ဝါဇီစက်ရုံအား တိုက်ခိုက်ရာ ၁၃ လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ရန်သူ့ဘက်မှ ၆၀ မမ များဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မိမိတို့ဘက်မှ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုများကြောင့် စကစနှင့် ၎င်းတို့၏ လက်ပါးစေ ပျူများ၊ အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ကနဦး သိရပြီး ထိခိုက်သေဆုံးစာရင်း အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုများကို မကွေးတိုင်း ပကဖ၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်းမှ တပ်ခွဲ (၃) နှင့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှ တပ်ခွဲ (၁) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ကျိုက်ဒုံမြို့၊ နို့တကောမြို့နယ်နှင့် ကျုံဒိုးမြို့နယ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်ဆီး
ဇန်နဝါရီ ၂၃
Radio NUG
ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့သို့ ဇန်နဝါရီလ (၂၂) ရက် မနက် (၇း၃၀) မိနစ် ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေကြောင်းပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံ၌ ကျရောက်ပေါက်ကွဲ၍ ရော်ဘာခြစ်အပြီး ပြန်လာသော ကျိုက်ဒုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းဝပိုင်းတွင် နေထိုင်သော အသက် (၅၁) နှစ်အရွယ်ရှိ ဦးစိုးကြည်၏ သမီး ဒေါ်ဒဝယ်မ (ခေါ်) ဒေါ်ညိုညိုဝင်း ထိမှန်သေဆုံးခဲ့ကာ မီးသတ်ရုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လူမနေတော့သော ပြည်သူအိမ်တစ်ချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ကျုံဒိုးမြို့နယ်အတွင်း ဇန်နဝါရီလ (၂၂) ရက်နေ့ ည (၁၀း၄၄) မိနစ် ဝန်ကျင်း၌ တောင်ကြာအင်း ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ ၁၇၀ မမ လက်နက်ကြီး (၃) လုံးဖြင့် ပစ်ခတ်ခဲ့ရာ ထိုကျေးရွာအတွင်းရှိ ဒေါ်လှမြင့်၏ နေအိမ် (၁) လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ စက်တပ်လေထီးဖြင့် တောင်သာမြို့နယ် သာစည်ရွာပေါ်သို့ ဗုံးသီးချရာ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး သေဆုံး
ဇန်နဝါရီ ၂၃
Radio NUG
ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၁း၄၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ စက်တပ်လေထီးဖြင့် တောင်သာမြို့နယ်၊ သာစည်ရွာပေါ်သို့ ဗုံးသီးချရာ ဦးစိန်ဝင်း နေအိမ်ပေါ် ၁လုံး ကျပြီး မီးလောင်ခဲ့ကာ အိမ်နီးချင်းဖြစ်သူ ဒေါ်ဇင် (၇၀နှစ်) သေဆုံးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ သတင်းထုတ်ပြန်ပါတယ်။
နေအိမ်မီးလောင်ပျက်စီးသွားသူ ဦးစိန်ဝင်း၏ သားဖြစ်သူမှာ အကြမ်းဖက်စစ်တပ်ရှိ ရေတပ်ထဲတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၁ရက်နေ့ ညနေ ၅း၃၆မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် သာစည်ရွာမှ အသက် ၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ခရီးသွားလာခြင်းကိုတားမြစ်
ဇန်နဝါရီ ၂၃
Radio NUG
တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအနီးရှိ အကြမ်းဖက်စစ်ကြောင်းအား အထောက်အကူဖြစ်စေရန်အတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးရှိ ခရီးသွားပြည်သူတို့၏ ကားများကို စစ်ကောင်စီမှအသုံးပြုကာ ခရီးသွားကားများအား အကာအကွယ်ယူ၍ စစ်ရေးအရ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်လျက် ရှိတာကြောင့် ပြည်ထောင်စုလမ်းမကြီးအပေါ်တွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ခရီးသွားလာခြင်းကို တားမြစ်ကြောင်း တိုင်းစစ်ဌာန(တနင်္သာရီ)မှ သတင်းထုတ်ပြန်ပါတယ်။
မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ လွန်စွာတင်းမာလျက် ရှိပြီး အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာတိုင်းတွင် အရပ်သား ပြည်သူများအား အဓမ္မဖမ်းဆီးခြင်း ၊ ပေါ်တာဆွဲခြင်း ၊ အရပ်သားပြည်သူများကို အကာအကွယ်ယူ၍ စစ်ရေး လှုပ်ရှားခြင်းများ ပြုလုပ်ဆောင်ရွက်နေကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်မြို့သို့ စစ်ကြောင်းထိုးလာခဲ့ရာ သိန်ခွန်းကျေးရွာအနီးတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်လျက် ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ လွိုင်ကော်မြို့နယ် ခလရ ၄၂၇ တပ်ရင်းမှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဇန်နဝါရီ ၂၃
Radio NUG
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ဆက်သွယ် အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ရဲဘော်တစ်ဦးထံမှ သိရပါတယ်။
အလင်းဝင်ဖို့ ထွက်လာတဲ့အချိန်မှာ စခန်းဘေးမှာ ထောင်ထားတဲ့ မိုင်းမိပြီး ဒဏ်ရာရနေလို့ ဆေးကုသပေးပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။
စစ်မှုထမ်းတပ်သားသစ် ၂ ဦးနှင့်အတူ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ဘောက် ၊ ကျည်အတောင့် ၄၀၀ နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment