၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး (၁/၂၀၂၅) ကျင်းပပြုလုပ်
📌 ၂။ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းရန် APHR တောင်းဆို
📌 ၃။ စစ်ကောင်စီမှ ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ထောင်ဒဏ် ၃နှစ်ချမှတ်
📌 ၄။ HIV ပိုးရှိသည်ဟုဆိုကာ သားအမိ ၂ ဦးကို မြောက်ဦးတွင် ရွာပြင်ထုတ်ခံရ
📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၁) ဦးရှိကာ ၇ ဦး သေဆုံး
📌 ၆။ တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Live Concert ဖြစ်တဲ့ "Phyu Phyu in KOREA ! " တောင်ကိုရီးယားတွင် ပြုလုပ်မည်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲဆေးရုံ လေကြောင်း တိုက်ခိုက်မှုကို တအာင်းပြည် ကျန်းမာရေး ကောင်စီနှင့် PSLF/TNLA က ပြင်းထန်စွာ ရှုတ်ချ
🚩 ၂။ ကျုံလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို missile rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ ဝဲလောင်တိုက်နယ် စစ်ကောင်စီ စခန်းကို မြေပြင် ဝေဟင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦး သေဆုံး
🚩 ၄။ မင်းတုန်းတွင် စစ်ကောင်စီ စစ်ကြောင်းအား ၂ ကြိမ်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၅ ဦးခန့် သေဆုံး
🚩 ၅။ မြင်းခြံမှာ ဖုန်း/အင်တာနက် သုံးတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံး
🚩 ၆။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁)တပ်ရင်းမှ ရဲဘော်သစ် (သင်တန်းသား)များ ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး (၁/၂၀၂၅) ကျင်းပပြုလုပ်
ဇန်နဝါရီ ၂၆
Radio NUG
ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လယ်(၁:၀၀) နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းရန် APHR တောင်းဆို
ဇန်နဝါရီ ၂၆
Radio NUG
စစ်ကောင်စီရဲ့ အသစ်ပြင်ဆင်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ဇန်နဝါရီ ၂၄ မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီဥပဒေဟာ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းဖို့၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လာမယ့်သီတင်းပတ်မှာ စတင်အသက်ဝင်မယ်လို့ မျှော်လင့်ရတဲ့ ဒီဥပဒေဟာ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်ကို အာဏာကျယ်ကျယ်ပြန့်ပြန့်ပေးထားပြီး စစ်အစိုးရက သူ့ကိုဆန့်ကျင်သူမှန်သမျှ ချေမှုန်းပြီး သူ့ရဲ့အာဏာချုပ်ကိုင်မှုကို ခိုင်မာအောင် လုပ်ဆောင်ဖို့ဖြစ်တယ်လို့ APHR ရဲ့ ပူးတွဲဥက္ကဋ္ဌ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောပါတယ်။
APHR ပူးတွဲဥက္ကဋ္ဌနဲ့ မလေးရှားပါလီမန်အမတ်ဟောင်းဖြစ်တဲ့ Charles Santiago ကလည်း ဒီဥပဒေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်ရုံသာမက တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်စေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာမခံချက်တွေကို ချိုးဖောက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်နေပါတယ်၊ ဒါဟာ စစ်အစိုးရရဲ့ အလွဲသုံးစားမှု ပိုပြီးကြီးထွားလာအောင် ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအဆိုပြုထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းရမယ်လို့ APHR အဖွဲ့ဝင်တွေဖြစ်တဲ့ ဖိလစ်ပိုင်အောက်လွှတ်တော်အမတ် Arlene D. Brosas နဲ့ ထိုင်းလွှတ်တော်အမတ် Rangsiman Rome တို့ကလည်း ကြေညာလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ ဒီဥပဒေကို စည်းလုံးညီညွတ်စွာတုံ့ပြန်ဖို့နဲ့ မြန်မာစစ်အစိုးရကို သံတမန်နည်းအရ ဖိအားပေး အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ဖို့လည်း APHR က တောင်းဆိုထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီမှ ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ထောင်ဒဏ် ၃နှစ်ချမှတ်
ဇန်နဝါရီ ၂၆
Radio NUG
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်လို့ သိရပါတယ်။
၆၈ နှစ်အရွယ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း၊ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကို လူလို ဆက်ဆံတဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့မှုကြောင့် စစ်တပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရကို မဲပေးခဲ့သလို စစ်အာဏာသိမ်းစဉ်ကလည်း လမ်းပေါ်ထွက်ပြီး စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
========================
📌📌 ၄။ HIV ပိုးရှိသည်ဟုဆိုကာ သားအမိ ၂ ဦးကို မြောက်ဦးတွင် ရွာပြင်ထုတ်ခံရ
ဇန်နဝါရီ ၂၆
Radio NUG
ရခိုင်ပြည် မြောက်ဦးမြို့နယ်က သားမိနှစ်ဦးကို HIV ပိုးရှိသည်ဟုဆိုကာ ကျေးရွာသားများက ကျေးရွာအတွင်း နေထိုင်ခြင်း လုံးဝခွင့်မပြုဘဲ ရွာပြင်ထုတ်ထားကြောင်း Western News မှာ ဖော်ပြထားပါတယ်။
သားမိနှစ်ဦးစလုံးမှာ ရွာပြင်သို့ နှင်ထုတ်ခံထားရသည်မှာ သီတင်းတစ်ပတ်ခန့်ကြာ ရှိပြီဖြစ်ပြီး ရွာသားများက HIV ပိုးကူးခံရမည်စိုး၍ နှင်ထုတ်ထားကြခြင်းဖြစ်သည်ဟု ရွာအပြင်သို့ ထုတ်ခံရသူ အမျိုးသမီးက ပြောဆိုထားပါတယ်။
"ကျွန်မ ယောင်္ကျားမှာက HIV ရှိတယ်။ သူ့မှာ ဒီပိုးရှိတာ သူသေမှ ကျွန်မသိတာ။ သူသေတော့ ရွာကလူတွေက ကျွန်မတို့မှာလည်း ရှိမှာပဲဆိုပြီး သူတို့ ကူးစက်ခံရမှာ ကြောက်တယ်ဆိုပြီး ရွာပြင်ထုတ်လိုက်ကြတာပါ။ ရွာပြင်မှာ ညဆို ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတယ်။ တစ်နေ့မှ အိပ်မပျော်ဘူး" လို့ ပြောဆိုထားပါတယ်။
အဆိုပါအမျိုးသမီးမှာ မြောက်ဦးမြို့နယ် ရွာသစ်ကေ ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ ၈ နှစ်အရွယ် သားဖြစ်သူနှင့်အတူ ရွာပြင် နှင်ထုတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးပြီး တစ်ပတ်အကြာတွင် သားဖြစ်သူနှင့် အတူ ရွာပြင် နှင်ထုတ်ခံထားရခြင်းဖြစ်ကာ ကလေးငယ်မှာလည်း ရွာထဲ မဝင်ရ၍ စာမသင်ကြားနိုင်ဘဲ ညညတွင် ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်နေကြရတယ်လို့ သားဖြစ်သူက ပြောဆိုထားပါတယ်။
အဆိုပါကျေးရွာသားများမှ HIV ပိုးမှာ လေမှတစ်ဆင့် ကူးစက်ခြင်း၊ အတူထိုင်လျှင် ကူးစက်နိုင်ခြင်း၊ ပိုးရှိသူ အနီးနားတွင် ရှိလျှင် ကူးစက်ခြင်း စသည့် ထင်မြင်ချက်များကြောင့် အဆိုပါ သားအမိအား ရွာပြင်ထုတ်ထားခြင်းဖြစ်တယ်လို့ ရွာသားများက ပြောဆိုထားပါတယ်။
ရွာပြင်ထုတ်ခံရသူ သားအမိနှစ်ဦးအပြင် ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူများလည်း ရွာသားများက အဆက်ဆံမလုပ်ခြင်း၊ အိမ်ထဲသို့ ပေးမဝင်ခြင်း၊ ပစ္စည်းဝယ်လျှင် ပစ္စည်းကို ပစ်ပြီးပေးခြင်း၊ ကျန်းမာရေးအရ ဆေးခန်းသွားပြမယ်ဆိုလျှင် ကယ်ရီငှားမရခြင်းတို့ ပြုလုပ်ခံရတယ်လို့ ဖော်ပြထားပါတယ်။
HIV ပိုးရှိသည်ဟု ယူဆခံထားရသည့် အဆိုပါသားအမိနှစ်ဦးမှာ ရောဂါပိုး ရှိ၊ မရှိ ဆိုသည်ကိုလည်း စစ်ဆေးနိုင်ခြင်းလည်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၁) ဦးရှိကာ ၇ ဦး သေဆုံး
ဇန်နဝါရီ ၂၆
Radio NUG
၂၀၂၁-ခုနှစ်၊ စစ်အာဏာသိမ်းပြီး ၄-နှစ်နီးပါးကာလတွင် သတင်းသမားဦးရေ (၂၀၀) ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးတွင် သတင်းသမား အနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ရကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)မှ သတင်းထုတ်ပြန်ပါတယ်။
ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၁) ဦး ပါဝင်ပြီး ထိုသူများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင်တစ်သက်နှင့် အနိမ့်ဆုံးပြစ်ဒဏ် ထောင် (၁၀) နှစ် ကျခံထားရသူများ ဖြစ်ကာ ၎င်းတို့အနက် ကျန်ရှိသူများသည် အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၁၀)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေရတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလထိ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမားများလည်း စုစုပေါင်း(၇)ဦး ရှိခဲ့ပြီး ထိုသူများသည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများ ဖြစ်တယ်လို့ သိရပါတယ်။
သတင်းမီဒီယာသမားများကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိသည့် ရာဇဝတ်မှုများဖြင့် အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်း (၁၅)ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပါတယ်။
သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ် မြှင့်တင်ရေးအတွက်သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့် သတင်းမီဒီယာ သမားများ ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနှင့် အလေးအနက် တောင်းဆိုထားပါတယ်။
========================
📌📌 ၆။ တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Live Concert ဖြစ်တဲ့ "Phyu Phyu in KOREA ! " တောင်ကိုရီးယားတွင် ပြုလုပ်မည်
ဇန်နဝါရီ ၂၆
Radio NUG
တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Live Concert ဖြစ်တဲ့ "Phyu Phyu in KOREA ! "ကို မတ်လ ၁ရက်နေ့တွင် ညနေ ၄:၃၀မှ ည ၉နာရီအထိ တောင်ကိုရီးယားတွင် ပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
Sky Art Hall B1မှာ ကျင်းပမယ့် Live Concert ပွဲ လက်မှတ်များကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ Organizer Page ၃ ခုဖြစ်တဲ့ Myingyan Generation-Z Group ၊ KTJ Supporting Group နဲ့ ဗိုလ်သံချောင်း တို့ နဲ့ Phyu Phyu In Korea Page တို့မှ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
Concert Ticket Prices ပုံလေးမှာ Seoul, Busan, Incheon, Daejon, Daegu နဲ့ Buphyeong ဆိုပြီး ခွဲထားတာက အဲ့ဒီမြို့တွေမှာ Show ပွဲကျင်းပမှာ မဟုတ်ဘဲ မြို့နာမည်တွေနဲ့ Seating Plan စီစဥ်ထားခြင်းက ဒီနေ့အချိန်အထိ ပါဝင်နေကြဆဲ ဖြစ်တဲ့ တောင်ကိုးရီယားရောက် တော်လှန်မောင်နှမတွေကို ဒီပွဲလေးနဲ့အတူ အမှတ်တရ ဂုဏ်ပြုချင်တဲ့ စိတ်တစ်ခုတည်းကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားရှိ တော်လှန်ပြည်သူ အယောက် ၁၀၀နှင့်လည်း မတ်လ ၂ရက်နေ့မှာ နေ့လယ် ၁နာရီမှ ၂နာရီအထိ တွေ့ဆုံပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲဆေးရုံ လေကြောင်း တိုက်ခိုက်မှုကို တအာင်းပြည် ကျန်းမာရေး ကောင်စီနှင့် PSLF/TNLA က ပြင်းထန်စွာ ရှုတ်ချ
ဇန်နဝါရီ ၂၆ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို တအောင်းပြည် ကျန်းမာရေး ကောင်စီ (THC) နဲ့ PSLF/TNLA တို့က ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ထိခိုက်သေဆုံး ခဲ့ရသူများအတွက် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ဆေးရုံမှာ လူနာများကို ဆေးကုသမှု ပေးနေတဲ့ CDM သူနာပြု ဆရာမကြီး ၁ ဦး၊ CDM ရုံးဝန်ထမ်း ၁ ဦး၊ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ဆေးရုံဝန်ထမ်းများနဲ့ လူနာများ အပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကာ ကျောက်မဲ ပြည်သူ့ဆေးရုံ တစ်ခုလုံးလည်း ပြိုကျပျက်စီးခဲ့တာပါ။
အခုလို ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး ကျန်းမာရေး ကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု တစ်ခုကို ကျူးလွန်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် ယခုလ တစ်လအတွင်း တအောင်း ဒေသမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ တဝှမ်းလုံးမှာလဲ စစ်ကောင်စီရဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုများကြောင့် အရပ်သား ၆,၂၀၀ ကျော် သေဆုံးခဲ့ကာ ၂၈,၃၅၀ ဦး ဖမ်းဆီးခံထားရပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဒုက္ခသည် စခန်းပါမကျန် မီးလောင်ပျက်စီး ခဲ့ရတယ်လို့ PSLF/TNLA က ဆိုပါတယ်။
မိဘပြည်သူများ အနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်စေရန် စစ်ရေး သတိရှိဖို့ လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေး လမ်းညွန်ချက်များကို လိုက်နာဖို့ လိုအပ်တယ်လို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၂။ ကျုံလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို missile rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီ ၂၆ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်း ကျေးရွာက ဘိုကလေး ကျောင်းတိုက် အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို missile rocket များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့မှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၁၈၀၃၊ SDDF Missile Team နဲ့ တော်လှန်ရေး မဟာမိတ် တော်လှန်ရေး အင်အားစုများ ပူးပေါင်းပြီး ၎င်းစစ်ကောင်စီ တပ်ဖွဲ့ကို missile rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ အသုံးပြုတဲ့ ကား တစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဝဲလောင်တိုက်နယ် စစ်ကောင်စီ စခန်းကို မြေပြင် ဝေဟင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦး သေဆုံး
ဇန်နဝါရီ ၂၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်က စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပျူစောထီးများ ပူးပေါင်း အထိုင်ချထားတဲ့ စခန်းတစ်ခုကို သွားရောက် တိုက်ခိုက်ခဲ့ရာ ရဲသား ၃ ဦး သေဆုံးခဲ့တယ်လို့ Myingyan District Army MDA3 သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၂ နာရီ အချိန်မှာ စစ်ကောင်စီ ပူးပေါင်းတပ်အင်အား ၆၀ ခန့်ရှိ အဆိုပါ စစ်စခန်းကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနဲ့ တောင်သာ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ထို့အပြင် မြင်းခြံခရိုင်၊ တပ်ရင်း (၃) Drone Team၊ နေပြည်တော် ၈၀၁ တပ်ရင်းနဲ့ မိုးမခ အဖွဲ့တို့က ပူးပေါင်းပြီး ဒရုန်းနဲ့ ထပ်မံတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ Mi 35 ၂ စီး၊ ဂျက်ဖိုက်တာ ၁ စီးတို့ဖြင့် ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ရဲတပ်သား မှတ်ကြီး ၊စိုးကြီး၊ ဝေဖြိုးအောင်တို့ ၃ ဦး သေဆုံးခဲ့ရတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မင်းတုန်းတွင် စစ်ကောင်စီ စစ်ကြောင်းအား ၂ ကြိမ်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၅ ဦးခန့် သေဆုံး
ဇန်နဝါရီ ၂၆ ရက်၊
Radio NUG
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းအား ၂ ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၅ ဦးခန့် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းမှ ပြန်ထွက်လာတဲ့ အင်အား ၅၆ ဦးခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မနက် ၆ နာရီခွဲခန့်က တဇို့တုံ ကျေးရွာနဲ့ ဒေါင်းတိုက် ကျေးရွာ ကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီးနောက် တပ်ဆုတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ငခူအိုး ကျေးရွာနဲ့ ရွာပုလဲ ကျေးရွာကြား အရောက် မနက် ၁၀ နာရီခန့်မှာ အသင့် စောင့်ကြိုနေတဲ့ ရဲဘော်များက ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြာချိန် ၁ နာရီခွဲခန့် ထပ်မံ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၂၅ ဦးခန့် သေဆုံးခဲ့ပြီး အပြီးသတ် ဝင်လုံးဖို့ ကြိုးစားချိန်မှာ စစ်ကောင်စီ စစ်ကူအင်အား ၈၀ ခန့် ထပ်ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း၊ သရက်ခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ မှ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မြင်းခြံမှာ ဖုန်း/အင်တာနက် သုံးတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံး
ဇန်နဝါရီ ၂၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ - ဆီးမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ဆင်းဂွတ်ကျေးရွာ အနောက်ပိုင်းက စာသင်ကျောင်း၊ နေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို တိုက်လေယဉ် တစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး ရဟတ်ယာဉ် တစ်စီးနဲ့ နာရီဝက်ကြာ ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအသေးစိတ်ကို အတည်မပြုနိုင်သေးပေမယ့် နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ရပ်ကျေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။
ဒေသတွင်း သတင်းတချို့ရဲ့ ဖော်ပြချက်အရ သေဆုံးသူ ၄၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပြီး သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ နေရာဟာ ဖုန်းလိုင်း အနည်းငယ်မိတာကြောင့် ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ လာရောက်စုဝေး အသုံးပြုနေကြတဲ့ အချိန်မှာ တိုက်ခိုက်ခံခဲ့ရတာကြောင့် သေဆုံးမှု များခဲ့တာလို့ သိရပါတယ်။
ဆင်းဂွတ် ကျေးရွာဟာ မြင်းခြံမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ မြင်းခြံ - ဆီမီးခုံ ကားလမ်းပေါ်မှာ တည်ရှိပြီး သိမ်ရွာ၊ ကျားတိုင်း၊ ဆင်းဂွတ် ဆိုပြီး သုံးရွာပူး တည်ရှိတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။
========================
🚩🚩 ၆။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁)တပ်ရင်းမှ ရဲဘော်သစ် (သင်တန်းသား)များ ခေါ်ယူ
ဇန်နဝါရီ ၂၆
Radio NUG
ဇန်နဝါရီလ ၂၆ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၉ဝ၁)တပ်ရင်းမှ ရဲဘော်သစ် သင်တန်းသားများ ခေါ်ယူကြောင်း ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးသည် နိုင်ငံသူ/နိုင်ငံသားအားလုံး၏ အဓိက တာဝန်ဖြစ်တာကြောင့် အမှတ်(၉၀၁) တပ်ရင်းနှင့်အတူ တိုက်ပွဲဝင်လိုသော အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆို လက်ခံလျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အသက်(၁၈)နှစ်မှ (၄၀)နှစ်အတွင်း ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအပေါ် မူတည်၍ တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ရုံးလုပ်ငန်းနှင့် ဆေးအဖွဲ့များအတွက် စိစစ်တာဝန်ပေးအပ်သွားမယ်လို့ သိရပါတယ်။
ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်၍ ဆုံးဖြတ်ချက် ပြတ်သားကာ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွန်းမံသင်တန်းများပါ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းပြီးဆုံးပါက တပ်ရင်းမှ ပေးအပ်သည့် တာဝန်နှင့် စုဖွဲ့မှုအတိုင်း တာဝန်ထမ်းဆောင်နိုင်ပြီး တော်လှန်ရေးကာလ တပ်ရင်း(၉၀၁) နှင့်အတူ ပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment