၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
📌 ၂။ တော်လှန်ရေး ကာလအတွင်း ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)နှင့် ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့
📌 ၄။ အရှေ့တီမောနိုင်ငံမှာ NUGရဲ့ ဆက်ဆံရေးရုံး ၂၀၂၄ခုနှစ်ထဲ အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်
📌 ၅။ "ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့် ပညာရေးဝန်ကြီးဌာနက ဆက်လက်ခွင့်ပြု"
📌 ၆။ မြန်မာကျောင်းသားများကို ပေးတဲ့ အမေရိကန်ပညာသင်ဆုများ ရပ်ဆိုင်း
📌 ၇။ ကလေးထောင် တာဝန်ခံအရာရှိများမှ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်နေ
📌 ၈။ အီတလီနိုင်ငံ မီလန်မြို့ရှိ PIME ဗဟိုဌာန ဥယျာဉ်ဝင်း "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ"တွင် မြန်မာပြည်သူများအတွက် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစေရန် ဆုတောင်း
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ AA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ စစ်တပ်စခန်းများရှိ လက်နက်များတွင် ဗုဒ္ဓတရားတော်များအား ရေးသား အသုံးပြုနေ
🚩 ၂။ လူမျိုးဘာသာမခြား အားလုံးပါ၀င်နိုင်သော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး တရားမျှတမှုရှိသော ဒီမိုကရေစီကော်သူးလေကို တည်ဆောက်သွားမည်
🚩 ၃။ ထားဝယ်-သရက်ချောင်း လမ်းပိုင်းပေါ်က ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်
🚩 ၄။ ရေစကြို စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့
🚩 ၅။ ခေါင်လန်ဖူး ပြည်သူ့စစ် စခန်း တစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
🚩 ၆။ နွားထိုးကြီးမြို့နယ်အတွင်း တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအား တိုက်ခိုက်ရာ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါ ၂၂ဦး သေဆုံးပြီး လက်နက် (၃၉) လက်နှင့် သုံ့ပန်း ၈ဦး ရရှိ
🚩 ၇။ ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာ၏ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ်များ ခေါ်ယူနေ
🚩 ၈။ ခမရ (၃၆၉) တပ်ရင်းမှ စစ်ကောင်စီ တပ်သား တစ်ဦး အလင်းဝင်ရောက်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
ဇန်နဝါရီ ၃၀ရက်
Radio NUG
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က "သယံဇာတကို စီမံကွပ်ကဲတဲ့ ဝန်ကြီးဌာနနှစ်ခုဖြစ်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က သယံဇာတတွေ စီမံခန့်ခွဲရာမှာ စည်းကမ်းတကျနဲ့ စနစ်ကျစေဖို့ ကြိုးပမ်းအားထုတ်ရမှာဖြစ်သလို ဒေသအလိုက် မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေများတွင် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များက ဘေးအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားတဲ့ မူဝါဒများကို စည်းစနစ်တကျ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါလှသဖြင့် အဆိုပါအဖွဲ့အစည်းများကို တည့်မတ်ထိန်းကျောင်းရာမှာ အဓိကဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ကလည်း ကြိုးစားထိန်းကျောင်းကြပ်မတ်ကြဖို့ လိုအပ်ပါကြောင်း၊" ပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တော်လှန်ရေး ကာလအတွင်း ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
ဇန်နဝါရီလ (၃၀) ရက်
Radio NUG
တော်လှန်ရေး ကာလအတွင်း ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ဖို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ဇန်နဝါရီ၃၀ရက် ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းဆိုလိုက်ပါတယ်။
"ကော်မတီအနေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ထိထိ ရောက်ရောက်လုပ်ဆောင်ကြဖို့ လိုအပ်သလို ရှေ့လုပ်ငန်းစဥ်တွေကိုလည်း အချိန်နဲ့ တပြေးညီ ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း။ လုပ်စရာတွေက များပြားပြီး နေ့စဉ်ပြဿနာတွေ၊ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေတဲ့ ကော်မတီ တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေ အားလုံးလည်း အလွန်ပင်ပန်းကြပေမယ့် ဒီတော်လှန်ရေး ကာလအတွင်း ပြည်သူတွေ အတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုသာ ဖော်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ပင်ပန်းရကျိုးနပ်မှာဖြစ်ပါကြောင်း" ဝန်ကြီးချုပ်က ဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)နှင့် ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့
ဇန်နဝါရီ ၃၀ရက်
Radio NUG
ဇန်နဝါရီလ ၃၀ ရက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အင်အားစုများနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲတွင် အစုအဖွဲ့ ၅စု (၂၀၂၀ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ CDM၊ တိုင်းရင်းသား၊ အများယုံကြည် လေးစားခံရသူများနှင့် သပိတ်အင်အားစုများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်း သပိတ်အဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံများ(စစ်ကိုင်းဖက်ဒရယ်ယူနစ်)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ တာဝန်ရှိသူများမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကလ ဖွဲ့စည်ပုံအခြေခံဥပဒေ(ဒုတိယမူကြမ်း)နှင့်ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ အရှေ့တီမောနိုင်ငံမှာ NUGရဲ့ ဆက်ဆံရေးရုံး ၂၀၂၄ခုနှစ်ထဲ အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်
ဇန်နဝါရီ ၃၀
Radio NUG
အရှေ့တီမောနိုင်ငံမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ ဆက်ဆံရေးရုံး၂၀၂၄ ခုနှစ်ထဲ အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်တယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ နောက်ဆုံးပတ် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အတည်ပြုပြောကြားခဲ့ပြီး တီမောလက်စ်တေးသမ္မတကိုလည်း မြန်မာ့အရေးအတွက် ကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကိုရီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ယူကေနိုင်ငံ၊ သြစတြေးလျ၊ နော်ဝေနိုင်ငံ၊ ပြင်သစ်နိုင်ငံစတဲ့ နိုင်ငံများမှာလည်း ဆက်ဆံရေးရုံးများအောင်မြင်စွာဖွင့်လှစ်ထားပါတယ်။
========================
📌📌 ၅။ "ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့် ပညာရေးဝန်ကြီးဌာနက ဆက်လက်ခွင့်ပြု"
ဇန်နဝါရီ၃၀ရက်
Radio NUG
ဇန်နဝါရီ၃၀ရက်မှာ "ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်"ကို ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာန၏ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက်နှင့် Information and Technology Security Guidelines များကို လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့်အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြသည်ကို တွေ့ရှိရသည့် သပြေညို ပြည်ထောင်စုကျောင်းနှင့် ကံ့ကော်ကြားဆက်အခမဲ့ပညာသင်ကျောင်းကို အသိအမှတ်ပြုခဲ့ပြီး စီစစ်ဆဲ ကျောင်းများစာရင်းကိုလည်း ဆက်လက်ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။
========================
📌📌 ၆။ မြန်မာကျောင်းသားများကို ပေးတဲ့ အမေရိကန်ပညာသင်ဆုများ ရပ်ဆိုင်း
ဇန်နဝါရီ ၃၀
Radio NUG
မြန်မာနိုင်ငံအား ပေးအပ်နေသည့် အကူအညီများမှာ အလွန်များပြားနေတာကြောင့် မြန်မာကျောင်းသားများအတွက် ပေးအပ်နေတဲ့ ပညာသင်ဆုများကို သမ္မတ ထရမ့်အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း အီလွန်မက် ဦးဆောင်သော Department of Government Efficiency က သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ ရပ်ဆိုင်းရာတွင် USAID DISP အစီအစဉ်ဖြစ်တဲ့ Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပရိုဂရမ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်နေသည့် လူနည်းစု၊ သာမန်အခြေခံလူတန်းစားများနှင့် ကန့်သတ်မှုကြောင့် အခွင့်အလမ်း နည်းပါးနေသူများ၊ တိုင်းရင်းသားလူမျိုးစုထဲမှ လူမှုအဖွဲ့အစည်းအကျိုးပြု လက်ရှိနှင့် အနာဂတ် ခေါင်းဆောင်များအား အထူးအလေးထား ဦးစားပေးပြီး နိုင်ငံတကာအဆင့်မြင့် ပညာရေးအခွင့်အလမ်းများ ရရှိစေရန် ပေးအပ်နေသော ပညာသင်ဆုဖြစ်ပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရလက်ထက်က မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်းတန် "မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသည့် ပညာသင်ဆုအစီအစဥ်''ကို ပေးအပ်ခဲ့ပါတယ်။
မြန်မာ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၀၀ ခန့်ကို ပညာသင်ကာလ ၅ နှစ်တာအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပညာရေးအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲ့ နဲ့ ပါရဂူဘွဲ့များအပြင် Certificate အသိအမှတ်ပြု လက်မှတ်၊ ဒီပလိုမာများ ပေးအပ်မည့် ပညာတော်သင်ဆုဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်ကတည်းက မြန်မာကျောင်းသားများအတွက် ပေးအပ်ထားသော အဆိုပါပညာသင်ဆုများကို ရပ်ဆိုင်းရန် ဦးစားပေးအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ ကလေးထောင် တာဝန်ခံအရာရှိများမှ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်နေ
ဇန်နဝါရီ ၃၀
Radio NUG
ကလေးအကျဉ်းထောင် တာဝန်ခံအရာရှိများ ဖြစ်ကြသည့် ထောင်ပိုင် အောင်မိုးဟိန်းနှင့် ထောင်လုံခြုံရေးတာဝန်ခံ တစ်ပွင့် ဟန်ဝင်းအောင်တို့သည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)မှ သတင်းထုတ်ပြန်ထားပါတယ်။
ထောင်ဝင်စာဧည့်တွေ့ ပြန်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူကို အကျဉ်းထောင်တာဝန်ခံ အရာရှိ အောင်မိုးဟိန်းက ဖုန်းဖြင့် ဆက်သွယ်ကာ ၎င်းနှင့် အတူနေရန် ချိန်းဆိုသည့် စကားများပြောကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများကိုလည်း ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းကျူးလွန်ခဲ့သည်မှာ ထိုအမျိုးသမီးတစ်ယောက်သာ မဟုတ်ဘဲ အခြားနိုင်ကျဥ်းမိသားစုဝင် အမျိုးသမီးများအပေါ်၌လည်း ထိုကဲ့သို့ဆက်သွယ်ကာ နှောင့်ယှက်မှုများကို ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ထိုထောင်အာဏာပိုင်များ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကျူးလွန်ခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိန်းမများ၊ မိသားစုဝင်များအပေါ် ဦးတည်ပြီး ပြုလုပ်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ကလေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများမှာလည်း နိုင်ကျဥ်းမိသားစုဝင် အမျိုးသမီးများကို ဆက်သွယ်ကာ ၎င်းတို့အတွက် ငွေကြေးအပါအဝင် နာရီ အစရှိသည့် အသုံးဆောင်ပစ္စည်းများ၊ ခရီးစရိတ်တောင်းခံခြင်းများကိုလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ယခုကဲ့သို့ ကလေးအကျဉ်းထောင်ရှိ နိုင်ကျဉ်းမိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေမှုများနှင့်ပတ်သက်ပြီး လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်နေကြတာဖြစ်သဖြင့် အပြင်းအထန်ရှုတ်ချပြီး ယခုဖြစ်စဉ်များကို မှတ်တမ်းတင်ထားကာ အမှန်တရားနှင့် တရားမျှတမှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၈။ အီတလီနိုင်ငံ မီလန်မြို့ရှိ PIME ဗဟိုဌာန ဥယျာဉ်ဝင်း "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ"တွင် မြန်မာပြည်သူများအတွက် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစေရန် ဆုတောင်း
ဇန်ဝါရီ ၃၀
Radio NUG
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အီတလီနိုင်ငံ မီလန်မြို့ရှိ PIME ဗဟိုဌာန ဥယျာဉ်ဝင်းတွင် အီတလီရောက် မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များအပါအဝင် "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကို PIME အဖွဲ့အစည်းက ဦးစီးပြီး ကျောင်းသားလူငယ်များနှင့် ကမ္ဘာ့နေရပ်အစုံမှ လူမျိုးစုံ၊ ဘာသာစုံ မောင်နှမများအစုံဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင်းရှိ ပြည်သူ၊ ပြည်သားများ အသက်၊ အိုးအိမ် ဆုံးရှုံးစွန့်ခွာနေရခြင်းများ ၄ နှစ်တာ ကြာရှိလာပြီ ဖြစ်၍ အမြန်ဆုံး ငြိမ်းချမ်းပါစေကြောင်း မေတ္တာသုတ် ရွတ်ဆို ဆုတောင်းခဲ့ကြပြီး ကမ္ဘာကြီးနှင့် အတူ မြန်မာပြည်သူ၊ ပြည်သားများလည်း ငြိမ်းချမ်းကြစေရန် ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ AA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ စစ်တပ်စခန်းများရှိ လက်နက်များတွင် ဗုဒ္ဓတရားတော်များအား ရေးသား အသုံးပြုနေ
ဇန်နဝါရီ ၃၀
Radio NUG
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ စစ်တပ်စခန်းများရှိ လူသတ်လက်နက်များတွင် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်စွာ ဗုဒ္ဓတရားတော်များအား ရေးသား အသုံးပြုနေကြောင်း ရခိုင်းသတင်းအရစ်အမြစ်များမှ သိရပါတယ်။
ဗုံးသီး၊ ဒုံးကျည်၊ မိုင်းများတွင် ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်များထဲမှ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစာများအား ရေး၍ ကပ်ထားသည်ကို တွေ့ရတယ်လို့ သိရပါတယ်။
"အတ္ထိပစ္စယော" ဆိုသည်မှာ ထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပြီး "နတ္ထိပစ္စယော" ဆိုသည်မှာ ချုပ်ပျောက်သောအားဖြင့် မရှိသောအားဖြင့် နောက်ဖြစ်သော နာမ်တရားတို့အား ဖြစ်ခွင့်ပေးလျက် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်များသည် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းစသော အကြမ်းဖက်မှုကို လုံးဝ လက်မခံဘဲ အကြမ်းမဖက် ငြိမ်းချမ်းသော ဘာသာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်သည် စစ်လက်နက်များဖြင့် နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓတရားတော်များကိုလည်း လက်နက်များတွင် တလွဲ အသုံးချနေပါတယ်။
========================
🚩🚩 ၂။ လူမျိုးဘာသာမခြား အားလုံးပါ၀င်နိုင်သော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး တရားမျှတမှုရှိသော ဒီမိုကရေစီကော်သူးလေကို တည်ဆောက်သွားမည်
ဇန်နဝါရီ ၃၀
Radio NUG
လူမျိုးဘာသာမခြား အားလုံးပါ၀င်နိုင်သော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး တရားမျှတမှုရှိသော ဒီမိုကရေစီကော်သူးလေကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ (၇၆) နှစ်ပြည့် ကရင်တော်လှန်ရေးနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNUဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
(၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ထားဝယ်-သရက်ချောင်း လမ်းပိုင်းပေါ်က ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်
ဇန်နဝါရီ ၃၀ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရှင်မုတ္ထီး ကျေးရွာ၊ ထားဝယ် - သရက်ချောင်း လမ်းပိုင်းပေါ်က ရွှေဂူ ဂိတ်စခန်းနဲ့ စခန်းကုန်းတို့ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၉ ရက် နေ့လည် ၂ နာရီခန့်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၅ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၄ ဦး အရှင်ဖမ်းမိခဲ့ပြီး စခန်းကုန်းနဲ့ ဂိတ်စခန်းတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ငါးကြင်းမြီး ၁ လက်၊ MA-4 ၁ လက်၊ MA-3 ၃ လတ်၊ MA-2 ၁ လက်၊ MA-1 ၄ လက်၊ ၆ဝ (ကွန်မန်ဒို) စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနဲ့ စစ်အသုံး အဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း၊ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ (FPF) နှင့် ဒေါင်းညီနောင် စစ်ကြောင်း တပ်ခွဲ (၁) တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ရေစကြို စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့
ဇန်နဝါရီ ၃၀ ရက်၊
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စုပေါင်းရုံး (ထွေအုပ်ရုံး)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၃၀ ရက် မနက် ၅ နာရီတွင် ရေစကြိုစုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြောက်ကျား နည်းဗျူဟာ အသုံးပြုပြီး သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးနဲ့ ၎င်းတပ်သား ရဲ့ ဇနီး တဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
MBT တပ်ဖွဲ့ အနေဖြင့် ယခုလို မြို့ပြစစ်ဆင်ရေးများကို ထပ်မံကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စခန်းများ၊ ၎င်းတို့ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များ ရှိတဲ့နေရာ အနီးကို နီးကပ်စွာ သွားလာခြင်း မပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ ခေါင်လန်ဖူး ပြည်သူ့စစ် စခန်း တစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ဇန်နဝါရီ ၃၀ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ လန်ဆယ်ကြားရှိ ဖဖုန်းရွာ အနီးက ပြည်သူ့စစ်စခန်း တစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Kachin wave က ဖော်ပြထားပါတယ်။
အင်အား ၄၀ မှ ၅၀ ကြားခန့်ရှိ အဆိုပါ ပြည်သူ့စစ် စခန်းကို လက်နက်ချဖို့ အကြောင်းကြားခဲ့ပေမယ့် ငြင်းဆန်ခဲ့တာကြောင့် ဇန်နဝါရီလ ၃၀ ရက် မနက် ၉ နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါတပ်စခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း နေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း လက်နက်ချဖို့ ငြင်းဆန်ခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ် လာဟီဆင် စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPT တို့က သိမ်းပိုက်ခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ နွားထိုးကြီးမြို့နယ်အတွင်း တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအား တိုက်ခိုက်ရာ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါ ၂၂ဦး သေဆုံးပြီး လက်နက် (၃၉) လက်နှင့် သုံ့ပန်း ၈ဦး ရရှိ
ဇန်နဝါရီ ၃၀
Radio NUG
ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်းတွင် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅) နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်အား တိုက်ခိုက်ရာ လက်နက် (၃၉) လက် သိမ်းဆည်းရမိကြောင်း အမှတ် ၁ စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။
၎င်းစစ်ကြောင်းအား မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူးပေါင်းအဖွဲ့တို့မှ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရကာ (၈) ဦး ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း တံတားဦးမှ ထွက်လာသော Mi-35 (၁) စီးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာ၏ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ်များ ခေါ်ယူနေ
ဇန်နဝါရီ ၃၀ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဧရာဝတီတိုင်း စစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားများ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသား မဟာမိတ် နယ်မြေ အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ စစ်အာဏာရှင် အမြစ်ဖြတ် ခြေမှုန်းရေး ပါဝင်ဆင်နွှဲနေရာမှ ခြေသံလုံလုံဖြင့် မဟာမိတ်များနှင့်အတူ စစ်ရေးအတွေ့အကြုံ လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်းကို ထိုးဖောက်ဝင်ရောက် နေပြီလို့ ဆိုပါတယ်။
ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာအနေဖြင့် ရဲဘော် သင်တန်းသားသစ်များကို စနစ်တကျ စီစစ်လက်ခံနေပြီး သတ်မှတ် စည်းကမ်းများနဲ့ ကိုက်ညီတဲ့ အမျိုးသား/ အမျိုးသမီးများကို လှိုက်လှဲစွာ ကြိုဆိုလက်ခံလျှက်ရှိတယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်မှ ၄၀ အတွင်း စိတ်ဓါတ်ကြံ့ခိုင်ပြီး ကျန်းမာရေး ကောင်းမွန်သူ၊ တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ စည်းကမ်းများနဲ့ အမိန့်ညွန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူစတဲ့ စည်းကမ်းချက် ၁၀ ချက်ကို လိုက်နာနိုင်ရမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
အမျိုးသမီး စစ်မေများကို အထူးအလေးထား ဖိတ်ခေါ်နေပြီး အခြေခံ စစ်သင်တန်း ပြီးဆုံးတဲ့အခါ အရည်အချင်း စိတ်ပါဝင်စားမှု၊ လုပ်နိုင်စွမ်းပေါ် မူတည်ပြီး ချေမှုန်းရေးအပြင် ဗျူဟာရဲ့ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာန ၊ရုံးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်ဖို့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာမှာ တာဝန်ထမ်းဆောင်လိုသူများ အနေဖြင့် ဗျူဟာရဲ့ Page Messenger, @wayaya007 (telegram), @JOKER1-i14 (telegram), somarli1 (telegram), @ayapdf29 (telegram) , @AYAveda5 (telegram) တို့မှာ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၈။ ခမရ (၃၆၉) တပ်ရင်းမှ စစ်ကောင်စီ တပ်သား တစ်ဦး အလင်းဝင်ရောက်လာ
ဇန်နဝါရီ ၃၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ (၃၆၉) မြေမြန် တပ်ရင်းက စစ်ကောင်စီ တပ်သားတစ်ဦး ရမည်းသင်းမြို့တွင် တာဝန်ကျစဉ် ချိတ်ဆက် အလင်းဝင်လာတယ်လို့ Earthquake people's defence force က ထုတ်ပြန်ထား ပါတယ်။
ဇန်နဝါရီလ ၃၀ ရက် မနက် ၁၀ နာရီအချိန်မှာ ခမရ (၃၆၉) တပ်မှ အသက် ၂၅ နှစ်အရွယ် တပ်သား စည်သူထက် ဆိုသူဟာ Earthquake PDF ထံကို ဆက်သွယ်ချိတ်ဆက် အလင်းဝင်လာတာလို့ ဆိုပါတယ်။
ထိုသို့ ချိတ်ဆက်အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားကို နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံခဲ့ပြီး သက်ဆိုင်တဲ့ လုံခြုံသော နေရာကို အသက်အာမခံချက် အပြည့်ဖြင့် ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ တပ်သားများအနေနဲ့ ပြည်သူလူထုအပေါ် လူမဆန်ဘဲ ရက်စက်စွာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး စွန့်ခွာကြပြီး ပြည်သူရင်ခွင် ပူးပေါင်းလာပါက အသက်မသေဘဲ ဆုကြေးငွေနှင့်အတူ မိသားစုဆီ ပို့ဆောင်ပေးမယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment