၂၀၂၅ ဇန်နဝါရီလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၂ဝ၂၄ ခုနှစ်မှာ စစ်တပ်ဘက် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅၃ ဦး ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တသောင်း ၄ထောင်ကျော်သေဆုံး
📌 ၂။ နယူးယောက်တွင် တော်လှန် ကဗျာဆရာများမှ နွေဦးတော်လှန်ရေး "New York Poetry Concert"ကျင်းပ။
📌 ၃။ တိုက်ပွဲပြင်းထန်နေတာကြောင့် တနင်္သာရီ - မောတောင်လမ်းပိုင်း အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တားမြစ်
📌 ၄။ သာယာဝတီခရိုင်တပ်ရင်း ၃ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေယာဉ် ၂စင်း ပျက်စီး
🚩 ၂။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ တလကြာမြင့်လာပြီးနောက် မြို့တွင်းရပ်ကွက်အချို့မှာ KIA ပူးပေါင်းတပ်တွေ နေရာယူထား
🚩 ၃။ မင်းကင်းနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အရှင်ဖမ်းမိ
🚩 ၄။ ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီးတဦး သေဆုံး
🚩 ၅။ PDF တွေကိုစိန်ခေါ်ထားတဲ့ ရဲတပ်ကြပ်ဟောင်း ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၆။ နတ်တလင်းနယ်မှာ PDF ထဲဝင်ဖို့လာတဲ့လူငယ်တွေကို ဖမ်းဆီးခိုင်းတဲ့ ပျူစောထီးလင်မယားကို ပစ်ခတ်ရှင်းလင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၂ဝ၂၄ ခုနှစ်မှာ စစ်တပ်ဘက် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅၃ ဦး ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တသောင်း ၄ထောင်ကျော်သေဆုံး
ဇန်နဝါရီလ ၅ရက်
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအနှံ့တော်လှန်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅၃ ဦးဆုံးရှုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တသောင်း ၄ထောင်ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသ ကာကွယ်ရေးတပ်တွေနရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၂၉ ရက်နေ့ထိ စစ်တပ်အရာရှိ ၃၁၅ ဦး သေဆုံးပြီး ဒဏ်ရာရ စစ်အရာရှိ ၁၂၇ ဦး ရှိတယ်လို့ သိရပါတယ်။
ဒီစာရင်းထဲမှာ စစ်တပ်ဘက်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး ၅၃ ဦးဟာ သေဆုံး၊ ဒဏ်ရာရနဲ့ စစ်သုံ့ပန်းအဖြစ်ရှိခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၀၉၃ ဦး သေဆုံးပြီး ၇၃၆၃ ဦး ဒဏ်ရာရသွားတာကြောင့် ဒါဟာ တပ်မ ၁၀ ခုကျော်ပမာဏနဲ့ညီမျှတဲ့ အင်အားပြုန်းတီးမှုလို့လည်း အသိပေးထားပါတယ်။
ရန်သူစစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအခြေအနေကိုဖော်ပြရာမှာ နိုင်ငံတဝန်းမှာရှိတဲ့ စစ်စခန်း ၇၄၁ ခု သိမ်းယူခဲ့ရာမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု ၊ ဒကစဌာနချုပ်တခု၊ စကခဌာနချုပ် ၅ ခု၊ စစ်ဗျူဟာအခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တန်းစခန်း ၅၄ ခု ၊ နယ်ခြားစောင့်စခန်း ၁၇ ခုကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေးအင်အားတွေဖြစ်တဲ့ တပ်မ ၁၀ ခု၊ စကခ ၁၇ ခု၊ တပ်မဟာ ၃ ခုတို့ က တပ်ရင်း ၂၈၂ ရင်းမှာ အနည်းဆုံး တပ်ရင်း ၁၀၁ ရင်းခန့် ဖွဲ့စည်းပုံပျက်နေပြီး ကျန်တဲ့ တပ်ရင်း ၁၄၂ ရင်းကလည်း အင်အားချိနဲ့နေပြီလို့ သိရပါတယ်။
========================
📌📌 ၂။ နယူးယောက်တွင် တော်လှန် ကဗျာဆရာများမှ နွေဦးတော်လှန်ရေး "New York Poetry Concert"ကျင်းပ။
ဇန်နဝါရီလ ၅ရက်
အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ တော်လှန်ကဗျာဆရာများမှဦးဆောင်ပြီး နွေဦးတော်လှန်ရေး "New York Poetry Concert"ကို ဇန်နဝါရီ ၄ရက်တွင် ပီတီလူကြီးများစင်တာမှာ ကျင်းပခဲ့ပါသည်။
အဆိုပါပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်အားပေးခဲ့ပါတယ်။ သံအမတ်ကြီးမှ နွေဦးတော်လှန်ရေးတွင် ပြည်သူဘက်ကရပ်တည်ပြီး တက်တက်ကြွကြွပါဝင်ခဲ့ကြသည့် အနုပညာရှင်အားလုံးကို ဂုဏ်ပြုပါကြောင်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ထိုပွဲတွင် ပါဝင်တင်ဆက်ကြသည့် ကဗျာဆရာများနှင့်အနုပညာရှင်များမှာ ဆရာကြီးမောင်စွမ်းရည်၊ အောင်ဝေး၊ စောဝေ ၊ငြိမ်းသစ်၊ ကျော်မင်းထွန်း (နယူးယောက်)၊ နွေလယ်နေ၊ ခွန်ဂျာ၊ လင်းလွင်၊ လှိုင်မြတ်ဝေ၊ စိုးခိုင်ငြိမ်း၊ ဈာန်ခ၊ မင်းငြိမ်းအေး၊ ဆောင်းဝေ (နတ်မောက်)၊ မေသူခင်၊ ကျော်သီဟ၊ မင်းဦး၊ မေစန္နာစိုးညွှန့်၊ ဒီမိုပပနှင့် ဆုသီရိစံတို့ဖြစ်ကြသည်။
တက်ရောက်လာသော အနုပညာရှင်များ ၊ပီတိလူကြီများစင်တာမှ အဖွဲ့အဝင်များနှင့် ပြည်သူများက MDY-PDF အတွက် ထောက်ပို့ငွေကန်ဒေါ်လာ ၂၄၁၅ ကို NYCBC မှ ကိုနေတင်မြင့်မှတဆင့် ပေးပို့လှုဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ တိုက်ပွဲပြင်းထန်နေတာကြောင့် တနင်္သာရီ - မောတောင်လမ်းပိုင်း အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တားမြစ်
ဇန်နဝါရီလ ၅ရက်
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် တနင်္သာရီ - မောတောင်လမ်းပိုင်းကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးတားမြစ်ထားပါတယ်။
စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာဒုတိယပတ်ကစပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲများပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် တနင်္သာရီ - မောတောင်လမ်းမကြီးတလျောက် ရေဖြူကျေးရွာကနေ သဲဖြူကျေးရွာအထိနဲ့ သဲဖြူကျေးရွာကနေ မောတောင်နယ်စပ်အထိ ဘယ်ကားမှ ဖြတ်သန်းသွားလာတာမျိုးမလုပ်ဖို့ BLACK COBRA COLUMN က မနေ့ ဇန်နဝါရီ ၄ ရက်မှာ သတိပေးချက်ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများလာတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေရှိလာနေပြီး လမ်းပိုင်းလုံခြုံရေး အားနည်းနေတဲ့အတွက် ခရီးသည်တင်ကားတွေရော အိမ်စီးကားတွေကိုပါ ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ သိရပါတယ်။
အခုလို အသိပေးချက် ထုတ်ပြန်ရတာဟာ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်တုန်းကလည်း တနင်္သာရီ-မောတောင်လမ်ပိုင်းကို အသုံးပြုသွားလာခွင့် ယာယီကန့်သတ်ထားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးမှုတွေလုပ်ဆောင်ခဲ့တာကြောင့် သိန်ခွန်း၊ သဲဖြူနဲ့ ထုံခါရွာအပါအဝင် ကျေးရွာ ၁၀ ရွာ ခန့် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
BLACK COBRA COLUMN က နောက်ထပ် တရားဝင်ကြေညာချက်မထုတ်ပြန်မီအချိန်ထိ အခုထုတ်ပြန်ချက်ဟာ အတည် ဖြစ်တယ်လို့ BLACK COBRA COLUMN စစ်ကြောင်းရုံးက အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ သာယာဝတီခရိုင်တပ်ရင်း ၃ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
ဇန်နဝါရီလ ၅ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သာယာဝတီခရိုင် တပ်ရင်း-၃ ၊ ၃၈၀၃ တပ်ရင်းရဲ့ အပတ်စဉ်-၂ အခြေခံ စစ်သင်တန်း ဆင်းပွဲကျင်းပခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲမှတ်တမ်းဓာတ်ပုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီနေ့ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ အသိပေးထားပါတယ်။
သာယာဝတီခရိုင် တပ်ရင်း-၃ ၊ ၃၈၀၃ တပ်ရင်းဟာ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲအောက်မှာရှိပြီး မနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ သင်တန်းဆင်းပွဲ ကျင်းခဲ့တာလို့ နားလည်ရပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို မကြာခဏတိုက်ခိုက်နေပြီး ဧရာဝတီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းစစ်ရေးတွေဆင်နွှဲနေတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေယာဉ် ၂စင်း ပျက်စီး
ဇန်နဝါရီလ ၅ရက်
ပဲခူးတိုင်း တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံနဲ့ ပစ်ခတ်တိုက်ခိုက်မှာ ဦးစီးအရာရှိအပါအဝင် အရာရှိ ၃ ဦးနဲ့အခြားအဆင့် ၄ ဦးသေဆုံးပြီး လေယာဉ် ၂ စင်း ပျက်စီး သွားတယ်လို့ Brave Warriors for Myanmar -BWM အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီလ ၄ ရက် မနက်အစောပိုင်းအချိန်မှာ တောင်ငူမြို့မှာရှိတဲ့ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲအခြေအခြေအနေကို BWM အဖွဲ့က ထပ်မံ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၁၀ လုံးဟာ ပစ်မှတ်နေရာတွေမှာ ပေါက်ကွဲခဲ့တာကြောင့် လေတပ်ဦးစီးအရာရှိ တဦး အပါအဝင် အရာရှိ ၃ ဦးနဲ့ အခြားအဆင့် ၄ ဦး သေဆုံးခဲ့သလို အရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၈ ဦးဟာလည်း စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေယာဉ်ဂိုထောင်ကို ထိမှန်ခဲ့တာကြောင့် K8 လေယာဉ် ၂ စင်း ရှေ့လေကာမှန်များကွဲပြီး လေယာဉ်ဘီး ရှော့ ဘားကျိုးသွားတာကြောင့် လေယာဉ်ရှေ့ပိုင်း ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။
ရှော့တိုက်ဒုံးတွေကြောင့် လေယာဉ်ဂိုထောင်ရှေ့က ပြေးလမ်းပျက်စီးပြီး လေတပ်အုပ်ချုပ်ရေးရုံးပျက်စီးသွားသလို အရာရှိ ရိပ်သာ မီးလောင်ပျက်စီးခဲ့တဲ့အပြင် အရာရှိကြီးနေအိမ်နောက်က မီးဖိုချောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်အအလက်တွေဟာ တပ်သတင်းရင်းမြစ် ၃ ခုကရတဲ့ သတင်းပေးပို့မှုတွေကရတဲ့ တူညီတဲ့အချက်တွေကိုပဲ ထုတ်ပြန်ပေးတာလို့ BWM အဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က တောင်ငူလေတပ်ကနေ K8၊ MiG 29၊ Mi35 လေယာဉ်တွေ အတက်အဆင်းများခဲ့ပေမယ့် ရှော့တိုက် ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ငြိမ်သက်သွားကာ Mi 35 တစင်းသာအတက်အဆင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces-MKCDF၊ Anti-Coup People’s Liberation Force -ACPLF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၂။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ တလကြာမြင့်လာပြီးနောက် မြို့တွင်းရပ်ကွက်အချို့မှာ KIA ပူးပေါင်းတပ်တွေ နေရာယူထား
ဇန်နဝါရီလ ၅ရက်
ကချင်လွတ်မြောက်ရေး- KIA နဲ့ ပူးပေါင်းတပ်တွေ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ တလတာ ကြာမြင့်ခဲ့ပြီးနောက် မြို့တွင်းရပ်ကွက်အချို့မှာ KIA ပူးပေါင်းတပ်တွေ နေရာယူထားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ တလ ပြည့်ခဲ့ပြီလို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
စစ်ဆင်ရေးတလတာအတွင်း ဗန်းမော်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် ကာကင်းစခန်းတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီး တပ်စခန်းတွေကို ဆက်လက်ထိုးစစ် ဆင်နေတယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ ဒေသသတင်းဌာနတခုဖြစ်တဲ့ The 74 Media က ဖော်ပြပါတယ်။
လက်ရှိမှာ စစ်စခန်းတွေကို သိမ်းနိုင်တဲ့အနေအထား မရှိသေးပေမယ့် ကာကင်းအများစုကို ရှင်းထားနိုင်ပြီဖြစ်သလို မြို့တွင်း မှာရှိတဲ့ ရဲစခန်းတွေနဲ့ အရပ်ဘက်ရုံးတွေ ပုံမှန်မဖွင့်နိုင်တော့ဘဲ စကခ ၂၁ ဘက်မှာ တိမ်းရှောင်နေတဲ့အနေအထား ရှိတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ပေါ်ရပ်ကွက်အများစုကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - ၂၁ နဲ့ အနီးဝန်းကျင်မှာရှိတဲ့ တပ်စခန်းတွေမှာ ပြန်လည်စုဖွဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေသုံးကာ ပြန်လည်ခုခံနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စ.က.ခ ၂၁ မှာ စုဖွဲ့ပြီး ခုခံစစ်ဆင်နွှဲနေတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
ဗန်းမော်မြို့တွင်းတိုက်ပွဲတွေ စတင်ချိန်ကတည်းက ဒေသနေပြည်သူတွေ ထောင်နဲ့ချီပြီး မြို့ကိုစွန့်ခွာသွားခဲ့ရာ စစ်ဘေးရှောင် တွေ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တဘက်မှာလည်း KIA ပူးပေါင်းတပ်တွေဟာ မံစီမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျတပ်န်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမှတ် ၃၅၂ လက်နက်ကြီးတပ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလို့လည်း သိရပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဟာ စကခ ၂၁ အခြေစိုက်ရာမြို့ဖြစ်ပြီး တရုတ်ပြည်နယ်စပ်တလျောက် ကို ထိန်းချုပ်နိုင်ဖို့အပါအဝင် ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုသွားလာရာမှာ အချက်အခြာကျတာကြောင့် စစ်ကောင်စီနဲ့ KIA နှစ်ဘက်စလုံးအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့မြို့ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ မင်းကင်းနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အရှင်ဖမ်းမိ
ဇန်နဝါရီလ ၅ရက်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ Upper Chindwin River Revolution Force – UCRRF က ထုတ်ပြန်ထား ပါတယ်။
မင်းကင်းမြို့နယ် ကြီးတောင်ဦးကျေးရွာနဲ့ အံ့စားရာကျေးရွာတို့ဘက်ကို အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်း၂ ခွဲလာတဲ့ စစ်အုပ်စုကို Upper Chindwin River Revolution Force - UCRRF နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့-SRF တို့က ဇန်နဝါရီ ၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၁၁ နာရီကနေ ညနေ ၄ နာရီခန့်အထိဖြစ်တဲ့ အဲဒီတိုက်ပွဲမှာ တုမရကျေးရွာက အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့တဲ့ ပျူစောထီး ၅ ဦးကို UCRRF တပ်တော်က အရှင်ဖမ်းမိခဲ့ပေမယ့်၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေဆီက လက်ပစ်မိုင်းတလုံးနဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ဒေသနေပြည်သူတွေဟိုက်ပျိုးထားတဲ့ စပါးခင်းတွေကို မီးရှို့ဖျက်ဆီးကာ မိုင်းတွေထောင် ထားခဲ့ပြီး ဆုတ်ခွာသွားတဲ့အတွက် ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ပြည်သူပိုင်စခပါးခင်းတွေထဲမှာ ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပြီး တဦးကတော့ ခြေချင်းဝတ်ကနေ ပြတ်သွားတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ပျူစောထီး ၃ ဦးကို ကျောင်းသားတော်လှန်ရေးတပ် SRF က ခေါ်သွားပြီး ဘယ်လိုအရေးယူ မတာ မသိရသေးဘူးလို့ Upper Chindwin River Revolution Force - UCRRF က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီးတဦး သေဆုံး
ဇန်နဝါရီလ ၅ရက်
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာမှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ-၅၈၃ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတဦးသေဆုံးသွားတယ်လို့ ဒေါနစစ်ကြောင်းက အသိပေးပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ - ၅၈၃ တပ်ရင်းကို ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာမှာ ဗဟိုကင်းအနီးတလုံး စခန်းအလည်မှာတလုံး ခြံစည်းရိုးအနီးမှာတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
တပ်တွင်းနဲ့ပအ်အနီးမှာ လက်နက်ကြီးကျည်တွေကျ ရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့် ရှိသူ တဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီကနေ အတည်ပြုနိုင်ခဲ့ တယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်ဘက်က အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် ခဲ့တာရှိပြီး ကျေးရွာတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတဦး ထိခိုက် ဒဏ်ရာရသွား တယ်လို့ သိရပါတယ်။
ခမရ-၅၈၃ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း ဗျူဟာ ၃၃ ဒေါနတပ်ရင်းနဲ့ မဟာမိတ် တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ PDF တွေကိုစိန်ခေါ်ထားတဲ့ ရဲတပ်ကြပ်ဟောင်း ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး
ဇန်နဝါရီလ ၅ရက်
စစ်ကိုင်းမြို့နယ်အတွင်းက PDF တွေကို စိန်ခေါ်ထားတဲ့ ရဲတပ်ကြပ်ဟောင်း ပျူစောထီးခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
စစ်ကိုင်းမြို့နယ် မြင်းမွေးရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ရဲတပ်ကြပ်ဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူး လွှမ်းမိုးနိုင် အိမ်ကနေ ကားနဲ့ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၃ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ လွှမ်းမိုးနိုင်က ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်ရဲ့ ကားအတွင်းကနေ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်ဟာ ဆင်တပ်ကျးရွာက ပျူစောထီးတွေကိုဦးဆောင်ပြီး အုန်းတောမြို့မှာ အထိုင်ချကာ စစ်ကိုင်းမြို့နယ်အတွင်းက ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ငွေညှစ်၊ သတ်ဖြတ်နေသူဖြစ်တယ်လို့ အသိပေးထားပါတယ်။
လွှမ်းမိုးနိုင်ဟာ အရပ်သားပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေသူဖြစ်ပြီး မူးယစ်ဆးဝါးရောင်းဝယ်ဖောက်ကားနေသူ များ၊ လောင်းကစားဝိုင်းနဲ့ ချဲဒိုင်တွေမှာ လိုင်းကြေးကောက်ပြီး စစ်တပ်ကို ထောက်ပို့လုပ်နေတဲ့အပြင် တော်လှန်ရေးရဲဘော် တွေရဲ့သတင်းတွေ လိုက်လံစုံစမ်းကာ စစ်ကောင်စီထံ သတင်းပေးပြီး တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီး သတ်ဖြတ်ရာ မှာ ကိုယ်တိုင်ပါဝင်နေသူလို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
========================
🚩🚩 ၆။ နတ်တလင်းနယ်မှာ PDF ထဲဝင်ဖို့လာတဲ့လူငယ်တွေကို ဖမ်းဆီးခိုင်းတဲ့ ပျူစောထီးလင်မယားကို ပစ်ခတ်ရှင်းလင်း
ဇန်နဝါရီလ ၅ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှာ PDF ထဲဝင်ဖို့လာတဲ့လူငယ်တွေကို ဖမ်းဆီးခိုင်းတဲ့ ပျူစောထီးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ၄ Bamar Revolution Army -B.R.A က ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ် မယင်းကျေးရွာမှာနေတဲ့ စောထူးနဲ့ မခိုင်ဆိုတဲ့ ပျူစောထီးလင်မယားကို သူတို့နေအိမ်မှာ ရှိနေစဥ် ဇန်နဝါရီ ၂ရက်နေ့ ည ၉ နာရီခန့်အချိန်မှာ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ၄ Bamar Revolution Army-B.R.A နဲ့ တပ်ခွဲ ၂ Phoenix D F ရဲဘော်တွေ ပူးပေါင်းရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ရှင်းလင်းခံရတဲ့ ပျူစောထီးလင်မယားဟာ PDF တပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေစုံစမ်းပြီး စစ်ကောင်စီထံ သတင်း ပေးပို့တာတွေလုပ်နေတဲ့သူတွေလို့ ဆိုပါတယ်။
ဒါ့အပြင် PDF တပ်ဖွဲ့ကိုဝင်ဖို့လာတဲ့ လူငယ် ၄ ဦးကို ပျဉ်ပုံရွာ ပျူစောထီးတွေဆီ ဖုန်းဆက်သတင်းပေးခဲ့တာကြောင့် အဲဒီ လူငယ်တွေ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရတဲ့အတွက် အခုလို အရေးယူရတာလို့ Bamar Revolution Army- B.R.A က ထုတ်ပြန်ထားပါတယ်။
Bamar Revolution Army- B.R.A အနေနဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို အလျဉ်းသင့်သလို တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သူတို့နဲ့နီးနီးကပ်ကပ် မနေကြဖို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment