၂၀၂၅ ဇန်နဝါရီလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှူး မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံခံရမှု ဝမ်းနည်းကြောင်း ထုတ်ပြန်
📌 ၂။ မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ပံ့ပိုး ရပ်တည်သွားမည်ဟု ဆို
📌 ၃။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် လွတ်မြောက်လာ
📌 ၄။ လားရှိုးမြို့တွင် စက်တပ်ယာဉ် မောင်းနှင်ခွင့်ယာယီကဒ်ပြားများ စတင်ပြုလုပ်ပေး
📌 ၅။ ၄ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ချင်းလူမျိုး ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရခဲ့
📌 ၆။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး တရုတ် စွက်ဖက်မှု ဆန့်ကျင်ရေး အနုပညာရှင်များနှင့် ပြည်ပရောက်မြန်မာများ ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အမှတ် ၁ စစ်ဒေသ ကွန်မန်ဒို လေ့ကျင့်ရေးသင်တန်းတွင် အမှာစကားပြောကြား
🚩 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြုတည်မြဲအမိန့် (ပထမမူ) ထုတ်ပြန်
🚩 ၃။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) က ERO များနှင့် နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်
🚩 ၄။ စစ်တောင်းမြစ် အရှေ့ကမ်းက တိုက်ပွဲများအတွင်း နေပြည်တော် PDF မှ ရဲဘော် ၃ ဦး ကျဆုံး
🚩 ၅။ ကေတုမတီ(တောင်ငူ) လေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၆။ တနင်္သာရီ အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနဲ့ စကခ (၈) တို့ကို ဗုံးကြဲတိုက်ခိုက်
🚩 ၇။ ရွှေဘို အနောက်ခြမ်းက ပြည်သူ့စစ် ကျေးရွာနှစ်ခုကို ဝေဟင်မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့
🚩 ၈။ မလှိုင်မြို့နယ် စကစအထိုင်ချထားသော သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့အား တိုက်ခိုက်ရာ စကစတပ်သာ; ၆ဦး သေဆုံးပြီး တပ်ကြပ် ၁ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ
🚩 ၉။ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့်လှည့်ကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်
🚩 ၁၀။ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ အတင်းအဓမ္မ ယူဆောင်ခဲ့တဲ့ CDM ကျောင်းဆရာမ တစ်ဦးရဲ့ကားကို ပြန်လည်ပေးအပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှူး မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံခံရမှု ဝမ်းနည်းကြောင်း ထုတ်ပြန်
ဇန်နဝါရီ ၄
Radio NUG
သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ ကျဆုံးခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးကို ဆုံးရှုံးရပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ လွန်စွာကြေကွဲဝမ်းနည်းရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှူး မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် မတရားသဖြင့် လုပ်ကြံခံခဲ့ရပါတယ်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ အားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှု အစရှိသည့် တန်ဖိုးများစွာဖြင့် ဆောင်ရွက်နေသူ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာအား ယခုကဲ့သို့ တရားလက်လွတ် လုပ်ကြံခံရမှုအတွက် မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်/ တစ်စုတစ်ဖွဲ့ကဖြစ်စေ ကျူးလွန်ခြင်းကို ကန့်ကွက်ရှုတ်ချပြီး ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ပံ့ပိုး ရပ်တည်သွားမည်ဟု ဆို
ဇန်နဝါရီ ၄
Radio NUG
မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိကြောင်းနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုးကူညီလျက်ရှိပြီး မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ချက်သမ္မတနိုင်ငံသား Igor Blazevic က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားလိုက်ပါတယ်။
Igor Blazevic က"ချက်နိုင်ငံ ထောက်ခံမှု အားနည်းနေသလား" ဟုအဓိပ္ပယ်ရသည့် ဆောင်းပါးတစ်ပုဒ် အရှေ့အာရှဖိုရမ် ဝဘ်ဆိုဒ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တင်ဆက်ခဲ့အပြီး အဆိုပါဆောင်းပါးသည် အပေါ်ယံသုတေသနကို အခြေခံပြီး လွဲမှားစွာ ရေးသားထားခြင်းဖြစ်သည်ဟု ဆိုပါတယ်။
အထူးသဖြင့် ချက်နိုင်ငံခြားရေးမူဝါဒ လည်ပတ်ပုံနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပံ့ပိုးရန် ချက်နိုင်ငံခြားရေဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို ကောင်းစွာသိနားလည်ခြင်းမရှိဘဲ Google ခေါက်ရှာဖွေကာ အလွယ်တကူရနိုင်သည့် အရင်းအမြစ်အနည်းငယ်အပေါ် အခြေပြုပြီး ရေးသားခဲ့ပုံရသည်ဟုလည်း ၄င်းကဆိုထားပြီး သေချာသုတေသနမှတ်တမ်းပြု လေ့လားခြင်းမရှိဘဲ ထိုသို့ရေးသားခြင်းက လွဲမှားသော ကောက်ချက်ချရန် ဦးတည်စေခဲ့သည်လည်း ဆိုသည်။
အဆိုပါဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူတို့အနေဖြင့် ချက်နိုင်ငံအတွင်း အာဆီယံသံရုံးများ၏ အစိတ်အပိုင်းအဖြစ် အချို့သောအခမ်းအနားများတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်အား တက်ရောက်ခွင့်ပေးနေသည်ဟု ယူဆကာ ချက်နိုင်ငံမှ အရာရှိများအား ဖိအားပေးရန် အဆိုပါဆောင်းပါးကို ရည်ရွယ်ရေးသားခဲ့ပုံရသည်ဟုဆိုသည်။
အဆိုပါအခမ်းအနားများသည် အာဆီယံ သံတမန်အဖွဲ့များ အစုံပါဝင်သော တွေ့ဆုံပွဲများတွင် စစ်ကောင်စီကိုယ်စားလှယ်အား အခြားသော အာဆီယံသံရုံးများက အခိုင်အမာ ရပ်တည်ပေးနေသည့် အခြေအနေကိုသာ ထင်ဟပ်ခြင်းဖြစ်ပြီး ချက်နိုင်ငံအရာရှိများက အာဆီယံသံရုံးများ၏ စည်းလုံးညီညွတ်မှုအပေါ် ပြောဆိုလိုခြင်းမရှိသဖြင့် ဘက်စုံသံတမန်ရေးရာပွဲများတွင် စစ်ကောင်စီကိုယ်စားလှယ်များ၏ တည်ရှိမှုကို အထိုက်အလျှောက်သည်းခံနေကြရခြင်းဖြစ်သည် ဟုလည်း ၄င်းကဆိုသည်။
အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ချက်နိုင်ငံပေါ်လစီ ပြောင်းသွားခြင်း မဟုတ်။ ယုတ်စွအဆုံး အာဆီယံ ပေါ်လစီ အပြောင်းအလဲရှိခဲ့သည့်တိုင်၊ ၄င်းသည် ချက်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ပေါ်လစီအား အနည်းငယ်မျှသော ဂယက်ရှိမည်ဖြစ်ပြီး၊ ၄င်းသည် ချက်သမ္မတနိုင်ငံက အမှန်တကယ် လုပ်ဆောင်သည့် အခြေအနေများအပေါ် အနည်းငယ်မျှပင် လွှမ်းမိုးမှုမရှိဟု Igor Blazevic ကရေးသားထားသည်။
နောက်ဆုံးထပ်လောင်းပြောကြားလိုသည့် အချက်အနေဖြင့် ဖော်ပြခဲ့သည်မှာ ချက်သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့်အတူ ဆက်လက်ရပ်တည်နေပြီး၊ မြန်မာ့ဒီမိုကရေစီအရေး ၎င်း၏ကတိကဝတ်သည် မယိမ်းယိုင်ကြောင်း လူတိုင်းကို အာမခံနိုင်သည် ဟူ၍ပင်ဖြစ်သည်လို့ ဆိုထားပါတယ်။
========================
📌📌 ၃။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် လွတ်မြောက်လာ
ဇန်နဝါရီ ၄
Radio NUG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ ခက်အောင်အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ အကျဥ်းချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်သား ၆ ရာခန့်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ရဲ့ လက်အောက်ခံ မီဒီယာတွေမှာ ပြောကြားထားပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို ၂၀၂၂ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်းသား ၉,၉၅၈ ဦး ရှိတဲ့အထဲမှာ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဥ်းသား ၆ ရာနီးပါးသာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းက အကျဥ်ထောင်မှာ အကျဥ်းကျနေတဲ့ အကျဥ်းသူ အကျဥ်းသားပေါင်း ၅,၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်မှုအပြင် အရင်က ကျခံရမယ့် ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ လားရှိုးမြို့တွင် စက်တပ်ယာဉ် မောင်းနှင်ခွင့်ယာယီကဒ်ပြားများ စတင်ပြုလုပ်ပေး
ဇန်နဝါရီ ၄
Radio NUG
လားရှိုးမြို့၌ မော်တော်ယာဉ် စီမံခန့်ခွဲမှုကို စံချိန်စံညွှန်းပိုမိုပြည့်မီစေရန်နှင့် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် သုံးစွဲခြင်းတို့ကို တရားဝင်ဖြစ်စေရန် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဦးဆောင်ညွှန်ကြားမှုဖြင့် လားရှိုးယာဉ်ထိန်းရဲဌာနမှ စက်တပ်ယာဉ် မောင်းနှင်ခွင့်ယာယီကဒ်ပြား ပြုလုပ်ပေးခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း MNDAAမှ သတင်းထုတ်ပြန်ထားပါတယ်။
အထူးဒေသ(၁) လားရှိုးမြို့ ရပ်ကွက်(၃)၊ ရပ်ကွက်(၈)နှင့် ဟိုပိတ်ကျေးရွာတို့တွင် ယာဉ်မောင်းနှင်ခွင့်ယာယီကဒ်ပြား ထုတ်ပေးသည့်ရုံးကို ယာယီဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
(၄.၁.၂၀၂၄)ရက်နေ့ မနက်တွင်လည်း ရပ်ကွက်(၁)၊ ရပ်ကွက်(၁၂)တို့တွင် ကဒ်ပြားပြုလုပ်သည့် ယာယီရုံးများ ထပ်မံဖွင့်လှစ်ထားပြီး စက်တပ်ယာဉ်မောင်းနှင်ခွင့် ယာယီကဒ်ပြားရှိသော ကားများသည် အထူးဒေသ (၁)အတွင်း သွားလာနိုင်ကြောင်း သိရပါတယ်။
စက်တပ်ယာဉ်မောင်းနှင်ခွင့် ယာယီကဒ်ပြားသည် တစ်နှစ် သက်တမ်းရှိပြီး လျှောက်ထားရန်အတွက် မှတ်ပုံတင်နှင့် သက်ဆိုင်ရာ ယာဉ်ထောက်ခံချက် စာရွက်စာတမ်းများကိုသာ ယူဆောင်လာရန် လိုအပ်ကာ ယာဉ်မောင်းနှင်ခွင့် ယာယီကဒ်ပြားများအတွက် အုပ်ချုပ်ရေးကော်မတီမှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်း မရှိဘဲ အင်ဂျင်နံပါတ်နှင့် သက်ဆိုင်ရာ ပြင်ပထုပ်ပိုးမှုဆိုင်ရာ သက်သေအထောက်အထားများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များကို တာဝန်ယူရန် လိုအပ်ခြင်းကြောင့် ငွေ ၁၅၀၀၀ ကျပ်သာကောက်ခံတယ်လို့ သိရပါတယ်။
မော်တော်ယာဉ်စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရန်၊ ရာဇဝတ်မှုလျှော့ချနိုင်ရေးအပြင် ကားအခိုးခံရပါက အလွယ်တကူစိစစ်ရှာဖွေနိုင်ရန် ရည်ရွယ်ပြီး အမြန်ဆုံးဆောင်ရွက်ကြရန် ယာဉ်ထိန်းရဲဌာနက သတိပေးထားပါတယ်။
========================
📌📌 ၅။ ၄ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ချင်းလူမျိုး ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရခဲ့
ဇန်နဝါရီ ၄
Radio NUG
၂၀၂၁ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ အရပ်သားချင်းလူမျိုး ၁၁၆ ဦး သေဆုံးခဲ့ပြီး ၂၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က သတင်းထုတ်ပြန်ပါတယ်။
လေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၂၅ခု ၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်မာရေးအဆောက်အဦး ၈ခုနဲ့ ဘုန်းကြီး ကျောင်း ခုနှစ်ခု တို့အပါအ၀င်အဆောက် အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ် ၈၆၀ ကျော် တိုက်ခိုက်ခဲ့ကာ ၂၀၂၂၊ ၂၀၂၃ ခုနှစ်ထက်၂၀၂၄ ခုနှစ်အတွင်း အကြိမ်များစွာ ၅၈၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ ချင်းညီနောင်အဖွဲ့က ယခုသိမ်းပိုက်ထားပြီဖြစ်တဲ့ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်အများဆုံး ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၆။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး တရုတ် စွက်ဖက်မှု ဆန့်ကျင်ရေး အနုပညာရှင်များနှင့် ပြည်ပရောက်မြန်မာများ ဆန္ဒပြ
ဇန်နဝါရီ ၄
Radio NUG
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေး တရုတ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ရောက် မြန်မာ အနုပညာရှင်တွေနဲ့ ပြည်ပရောက်မြန်မာတွေက ဆန္ဒပြကြပါတယ်။
တရုတ်နိုင်ငံရဲ့ မှားယွင်းတဲ့ပေါ်လစီအပေါ်ကို ကန့်ကွက်ပြီး မြန်မာ့အရေး ဝင်မစွက်ဖက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အမေရိကန်ရောက် မြန်မာတွေ၊ အနုပညာရှင်တွေက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အမေရိကန် ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂နာရီ ကနေ ညနေ ၅ နာရီအထိ ဆန္ဒပြခဲ့ကြပြီး ဒီဆန္ဒပြပွဲကို ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့နဲ့ အချိန်ကိုက်ကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု Texas ၊ Indiana ၊ Massachusetts ၊ New York ၊ Pen salvinia ၊ West Virginia ၊ Kentucky ၊ North Carolina ၊ South Carolina ၊ Washington DC ၊ Virginia နဲ့ Maryland တို့မှ မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့ကြပြီး အဆိုတော် ရန်ရန်ချမ်း၊ လင်းနစ်၊ လင်းထက်၊ ကျော်သီဟ၊ ထက်အောင်ရှိုင်းတို့လည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
နှင်းတွေ ကျနေတဲ့ကြား တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေဟာ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်လို တောင်းဆို ကြွေးကြော်ခဲ့ကြတဲ့အပြင် သံပုံးတီး ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံတမန်ရေးအရ အကာအကွယ်ပေးနေတာ ရပ်တန့်ဖို့၊ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံနေတာ ရုတ်သိမ်းဖို့၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာ ရပ်တန့်ဖို့၊ ကြေးစားတပ်တွေ မြန်မာနိုင်ငံမှာ ချထားဖို့ သဘောတူထားတာ ရုတ်သိမ်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးနေတာရပ်တန့်ဖို့စတဲ့ တောင်းဆိုချက် ၅ ချက်ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အမှတ် ၁ စစ်ဒေသ ကွန်မန်ဒို လေ့ကျင့်ရေးသင်တန်းတွင် အမှာစကားပြောကြား
ဇန်နဝါရီ ၄
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၏ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းတွင် အမှာစကားပြောကြားကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
“ဒီကနေ့ လေ့ကျင့်မှုကတော့ အားလုံးရဲဘော်တွေအနေနဲ့ စစ်မြေပြင်မှာ ပြတ်ပြတ်သားသား တိုက်နိုင်ပြီလို့ ယုံကြည်တယ်။ ကွန်မန်ဒို အပတ်စဉ်အနေနဲ့ အခု သင်တန်းပိုင်းကတော့ ပြီးပြီး ၊ သို့သော် ဆက်ပြီးတော့ လေ့လာသင်ယူရမယ့် ပညာရပ်တချို့ ရှိလိမ့်ဦးမယ်။ ကွန်မန်ဒိုဆိုတာကတော့ စွယ်စုံဖြစ်ရမယ် ၊ မိမိလက်နက် ရန်သူ့လက်နက် ဘယ်လက်နက်မဆို ကိုယ့်လက်ထဲရောက်လာရင် ကိုင်တွယ်ပစ်ခတ်တတ် ၊ သုံးစွဲတတ်အောင် ဒီ လေ့ကျင့်မှုတွေက ဆက်ပြီးလုပ်ဖို့လိုမယ်။”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ပါတယ်။
========================
🚩🚩 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြုတည်မြဲအမိန့် (ပထမမူ) ထုတ်ပြန်
ဇန်နဝါရီ ၄
Radio NUG
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ တပ်ရင်းစံပြု တည်မြဲအမိန့် (ပထမမူ)ကို ကနဦးထုတ်ပြန်လိုက်ပါတယ်။
စံပြုတည်မြဲအမိန့်တွင်
(၁) ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊
(၂) စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊
(၃)တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊
(၄) အခြေခံတာဝန်ဝတ္တရားများ၊
(၅) သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊
(၆) စံပြုလုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းသတ်မှတ်ချက်များ၊
(၇) ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စသည့် ကဏ္ဍများ ပါဝင်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအားလုံးသည် အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီ ကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ပါတယ်။
ဤစံပြုတည်မြဲအမိန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂၅ ခုနှစ် မေလ ၅ရက်တွင် အတည်ပြုထုတ်ပြန်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
========================
🚩🚩 ၃။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) က ERO များနှင့် နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်
ဇန်နဝါရီ ၄ ရက်၊
Radio NUG
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) ရဲဘော်များအနေဖြင့် နယ်မြေခံ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ ERO များရဲ့ ဦးဆောင်မှုဖြင့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူမှ ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သည်များ ဖြစ်တဲ့အားလျှော်စွာ ညီနောင် ERO များနှင့် ပူးတွဲ၍ တော်လှန်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ပြည်သူကို အစီရင်ခံတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ စစ်တောင်းမြစ် အရှေ့ကမ်းက တိုက်ပွဲများအတွင်း နေပြည်တော် PDF မှ ရဲဘော် ၃ ဦး ကျဆုံး
ဇန်နဝါရီ ၄ ရက်၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာက တိုက်ပွဲများအတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော် PDF အမှတ် (၉၀၁) တပ်ရင်းက ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲများအတွင်း ရဲဘော်စွန်ရဲ (ခ) လှိုင်မင်းဦး၊ ရဲဘော်တယော (ခ) နိုင်ထက်ဝေနှင့် ရဲဘော်ဖိုးတေ (ခ) မင်းမင်းဦး တို့သုံးဦး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရဲရင့်မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပေးဆပ် အနစ်နာခံမှုကို ပြည်သူ လူထုနှင့်အတူ တပ်ရင်း (၉၀၁) မှ ရဲဘော်အားလုံးက လေးစားဂုဏ်ယူရင်း မပြီးဆုံးသေးတဲ့ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲကို အားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကေတုမတီ(တောင်ငူ) လေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီ ၄ ရက်၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူ မြို့နယ်က ကေတုမတီ (တောင်ငူ) လေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) မနက် ၁၂ နာရီ ၅ မိနစ်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) က ဦးဆောင်ကာ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့တို့က Mission 28 အဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
BWM နှင့် မဟာမိတ် တပ်ဖွဲ့တို့က ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေး ၂၈ ကြိမ်အတွင်း တောင်ငူ လေတပ်စခန်းကို ၆ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တောင်ငူလေတပ်စခန်းဟာ နှစ်သစ်ကူးညက ကရင်နီဒေသကို ဗုံးကြဲမှု အပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို ဗုံးကြဲ တိုက်ိခုက်နေတဲ့ စစ်ကောင်စီ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါတဲ့ လေတပ်တစ်ခု ဖြစ်သလို ပြည်သူ လူထုကို လေကြောင်း တိုက်ခိုက်ရာမှာ အဓိက သုံးတဲ့ MiG - 29 Jet Fighter နှင့် Y - 12 Military Transport Aircraft တို့ အခြေပြုတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီ အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနဲ့ စကခ (၈) တို့ကို ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၄ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ (၈) တပ်တို့ကို ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထားဝယ်မြို့နယ်က ဝန်ကြီးများ အိမ်ယာကို ၂ ကြိမ်၊ အစိုးရဖွဲ့ရုံးနဲ့ စကခ (၈) တို့ကို တစ်ကြိမ်စီနဲ့ စုစုပေါင်း ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ရေးပစ်မှတ်များကို တိကျစွာထိမှန်ခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ လေယာဉ်ငယ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Ba Htoo Army ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ရေဖြူ ပကဖ နဲ့ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ရွှေဘို အနောက်ခြမ်းက ပြည်သူ့စစ် ကျေးရွာနှစ်ခုကို ဝေဟင်မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့
ဇန်နဝါရီ ၄ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွေဘိုခရိုင်၊ ရွှေဘိုမြို့ အနောက်ခြမ်းက ပန်းရံ ပြည်သူ့စစ် ကျေးရွာနှင့် သီလုံး ပြည်သူ့စစ် ကျေးရွာ နှစ်ရွာကို မြေပြင်ဝေဟင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့က ပြည်သူများ လယ်ယာရိတ်သိမ်းနေသည်ကို လက်နက်ကြီး /ငယ်များဖြင့် ပစ်ခတ်နေတဲ့ ပြည်သူ့စစ်များ လာနိုင်တဲ့ လမ်းကြောင်းများမှာ မိုင်းများ ကာထားခဲ့ကာ မနက် ၁၀ နာရီခွဲ အချိန်မှာ ဝေဟင်ကပါ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပန်းရံ ပြည်သူ့စစ် ၃ ဦးနှင့် ဇီဖြူကုန်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ အကိုဖြစ်သူ ဉာဏ်ထွန်း လက်ချောင်းပြတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယခု စစ်ဆင်ရေးကို Snake eyes (LPDF) ပျံလွှား ဦးဆောင်တဲ့ Drone တပ်ဖွဲ့၊ Shwebo Crocodile၊ ရွှေဘို မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း၊ တောင်သူ လွတ်မြောက်ရေး အင်အားစု (FIF)၊ ဒေါင်းစစ်သည် တပ်ဖွဲ့၊ ဗိုလ်လင်းရောင် (ဒပယ)၊ shwebo Federal Army ၊ firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့၊ Yaung NI နဲ့ တော်လှန်ရေး တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ မလှိုင်မြို့နယ် စကစအထိုင်ချထားသော သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့အား တိုက်ခိုက်ရာ စကစတပ်သာ; ၆ဦး သေဆုံးပြီး တပ်ကြပ် ၁ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ
ဇန်နဝါရီ ၄
Radio NUG
မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ် စကစအထိုင်ချထားသော သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့အား 2-1-25 နံနက် ၁၀ နာရီအချိန်ခန့်တွင် စကစ စခန်းတည်နေရာ၂ခုကို မြေပြင်ချေမှုန်းရေး၊ ဝေဟင်ဒရုန်းတိုက်ခိုက်ရေးတို့ဖြင့် တပြိုင်နက်တည်း အရှိန်ပြင်းစွာ ပစ်ခတ်ချေမှုန်းခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲစသည်နှင့် တပြိုင်နက် ပြေးသည့် ရဲဘော်များ ပြေးသလို ခုခံတိုက်ခိုက်သည့် စစ်ကောင်စီတပ်သား ၆ဦး မျက်မြင်ကျဆုံးပြီး ဒဏ်ရာများစွာရရှိထွက်ခွာလျက် တပ်ကြပ်ကြီး တစ်ဦး အရှင်ဖမ်းစီးရမိကာ G3 (၃) လက်၊ ကျည် (၅၅၀) တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့်အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၄/၈/၁၀)၊ မိထ္တီလာခရိုင် တပ်ရင်းအမှတ် ၂၊ နွားထိုးကြီး ပကဖနှင့် မလှိုင်မြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
========================
🚩🚩 ၉။ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့်လှည့်ကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်
ဇန်နဝါရီ ၄
Radio NUG
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မျှော်စင်ရွာ၏ အနောက်ဘက် မီတာ (၂ဝဝ) ခန့်အကွာ၌ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်ကောင်စီအင်အား (၆) ဦးခန့်ကို ဇန်နဝါရီ (၃) ရက်နေ့ ညနေ (၅) နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း PRA-Magway တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
(၁၀) မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူစစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူစစ်ကောင်စီထံမှ MA-3 အမျိုးအစား လက်နက်ငယ် (၁) လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) သည် တစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်သော စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၁၀။ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ အတင်းအဓမ္မ ယူဆောင်ခဲ့တဲ့ CDM ကျောင်းဆရာမ တစ်ဦးရဲ့ကားကို ပြန်လည်ပေးအပ်
ဇန်နဝါရီ ၄ ရက်၊
Radio NUG
၂၀၂၄ ဇွန်လက စတင်ခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်းက မတ္တရာ - ဆည်တော် ကားလမ်းပိုင်းမှာ စစ်ကောင်စီ တပ်သားများနှင့် မိုင်းပစ္စည်းများ တင်ဆောင်လာတဲ့ ကားတန်းကို မိုးကြိုး စစ်ကြောင်းနှင့် တိုက်နယ် (၃) ပ.က.ဖ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အဆိုပါ တိုက်ခိုက်မှုအတွင်း Canta ကား တစ်စီး၊ Mark 2 ကား တစ်စီးနဲ့ Faw ကား တစ်စီး၊ G3 သေနတ် ၃ လက်၊ MA1 တစ်လက်တို့ကို စစ်ကောင်စီ တပ်သား ၄ ဦး နှင့်အတူ ဖမ်းဆီးသိမ်းယူ ရရှိခဲ့တယ်လို့ မိုးကြိုး စစ်ကြောင်းက ဆိုပါတယ်။
သိမ်းဆည်းထားတဲ့ ကားများထဲမှ Canta ကားမှာ CDM ကျောင်းဆရာမ တစ်ဦးက ပိုင်ဆိုင်တယ်လို့ သိရှိရသဖြင့် ၂၀၂၅၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပိုင်ရှင်ဖြစ်သူထံ ကားနှင့် ဆက်စပ်တဲ့ စာရွက်စာတမ်းများ စစ်ဆေးပြီး ပြန်လည်အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးကြိုးစစ်ကြောင်းနဲ့ တိုက်နယ် (၃) ပကဖ ဟာ ရှမ်း-မန်း စစ်ဆင်ရေးမှာ တာဝန်ကျေပွန်စွာ ပါဝင်ဆင်နွှဲနေကြပြီး တိုက်ခိုက်ရေး အင်အား ထပ်မံ ဖြည့်ဆည်းနိုင်ဖို့ သင်တန်းသား အသစ်များ ခေါ်ယူလေ့ကျင့် သင်ကြားပေးနေရာ မိဘပြည်သူများ အနေနဲ့လည်း စောင့်ကြည့်ဝန်းရံ ကူညီထောက်ပို့ ပေးကြဖို့ တောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment