၂၀၂၅ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တစ်နှစ်တာအတွင်း တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားသည့် (၇.၇) ဘီလီယံကျပ်ကို ဒေသအလိုက် အမှန်တကယ် အကူအညီ လိုအပ်နေသူများထံ လက်ဝယ်အရောက် ထောက်ပံ့မှုများ NUG က ပေးအပ်ခဲ့
📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ကနေဒါဝန်ကြီးချုပ်ဟောင်း၊ အမေရိကန်အထက်လွှတ်တော်အမတ်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့
📌 ၃။ တော်လှန်ပြည်သူတွေက PDF ရဲဘော်တွေကို နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေပေး
📌 ၄။ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်
📌 ၅။ လွတ်ငြိမ်းတွင် နိုင်ကျဉ်းအရေအတွက် လိမ်လည်ပြောဆိုသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချ၊ စစ်အုပ်စုရဲ့လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်
📌 ၆။ ယူကရိန်းသူ ယူလီယာရဲ့တယောကို ထိုင်းဘတ် တသိန်းနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လှူဒါန်းသွား၍ စစ်ဘေးရှောင် အမျိုးသမီးနဲ့ ကလေးတွေကိုလိုအပ်တဲ့ ဆေးဝါးနဲ့ လိုအပ်ချက်များထောက်ပံ့မယ်
📌 ၇။ ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ အာရက္ခပြည်သူများအား AA မှ စားနပ်ရိက္ခာထောက်ပံ့
📌 ၈။ KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသည့် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးတာဝန်ခံတို့ကို ထုတ်ပယ်
📌 ၉။ RHYTHM-concert ticketဝယ်ယူထားသူများဇန်ဝါရီ၁၄ရက်အထိ Website မှာ ကြည့်နိုင်အောင်စီစဥ်ထား
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ 2025 နှစ်သစ် ပထမဆုံး CDF-MATUPI (Brigade-1) တပ်မှူးများ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့
🚩 ၂။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာရှိ ပြည်သူ့နေအိမ်များ ပျက်စီး
🚩 ၄။ ကျောက်ဂူဒေသတွင် DPLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဓနုပြည်သူလွတ်မြောက်ရေးတပ်တော်(DPLA)မှ ဒရုန်း (၁) စီး သိမ်းပိုက်ရရှိခဲ့
🚩 ၅။ တရုတ်နိုင်ငံ ၊ ကျင်းဟုန်မြို့ပေါ်တွင် လဝက နှင့် ပူးပေါင်းကာ မြန်မာအချင်းချင်း ဒုက္ခပေးနေသူ ၈ဦး အား ပထမအကြိမ် သတိပေး
🚩 ၆။ တောင်ငူခရိုင်အတွင်း စစ်ကောင်စီ တပ်နှင့် PDF ပူးပေါင်းတပ်များ ၆ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ကျော် သေဆုံး
🚩 ၇။ ရွှေဘို စခတ (၈) စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက် ၄၅ လက် သိမ်းဆည်းရရှိ
🚩 ၈။ ဆင်ပေါင်ဝဲ EPC ရုံးမှာ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ိခုက်
🚩 ၉။ အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တစ်နှစ်တာအတွင်း တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားသည့် (၇.၇) ဘီလီယံကျပ်ကို ဒေသအလိုက် အမှန်တကယ် အကူအညီ လိုအပ်နေသူများထံ လက်ဝယ်အရောက် ထောက်ပံ့မှုများ NUG က ပေးအပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ မှ ဒီဇင်ဘာလ ၃၁ အထိ (တစ်နှစ်တာအတွင်း) တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့
လှူဒါန်းထားသည့် (၇.၇) ဘီလီယံကျပ်ကို ဒေသအလိုက် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ လက်ဝယ်အရောက် ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ (၇.၇) ဘီလီယံကျပ်ကို အသုံးပြုခဲ့သည့် ကဏ္ဍရပ်များမှာ - နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/ စစ်ဘေးရှောင်ပြည်သူအတွက် ငွေကျပ် (၅,၀၇၃) သန်း၊ ပြည်သူများအတွက် စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု ငွေကျပ် (၃၀) သန်း၊CDM ဝန်ထမ်းများအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၈၀.၃) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ငွေကျပ် (၄၄၅) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၁,၂၉၅) သန်း၊ ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ငွေကျပ် (၄.၅) သန်း ၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၆၉၁) သန်းတို့ကို ထောက်ပံ့ကူညီခဲ့ပါတယ်။
တော်လှန်ရေးကာလ (၄) နှစ်တာကာလအတွင်း တော်လှန်ရေး အလျင်အမြန်အောင်မြင်နိုင်ရေးကို ရှေးရှုပြီး ဘက်ပေါင်းစုံ အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ စဥ်ဆက်မပြတ်ပါဝင်တော်လှန်နေကြသည့် ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူလျက်ရှိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုလို မလျော့သောဇွဲဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရာတွင် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်းအပ်တယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ကနေဒါဝန်ကြီးချုပ်ဟောင်း၊ အမေရိကန်အထက်လွှတ်တော်အမတ်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့
ကနေဒါဝန်ကြီးချုပ်ဟောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးက ဇန်နဝါရီ (၆) ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အသိပေးဆိုထားပါတယ်။
" ကနေဒါနိုင်ငံရဲ့ ၂၂ ယောက်မြောက် ၀န်ကြီးချုပ် Stephen Harper နဲ့ တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်။ အခွင့်အလမ်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်တို့၏ မျှဝေတန်ဖိုးများနှင့် အခြေခံမူများသည် မကြာမီတွင် ကျွန်ုပ်တို့၏ ကမ္ဘာ့အစိတ်အပိုင်းကို ထွန်းလင်းတောက်ပစေကာ အားလုံးပါဝင်နိုင်၊ ငြိမ်းချမ်းပြီး သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးမည့်
မြန်မာပြည်သစ်ဆီသို့ ပို့ဆောင်ပေးမည်ဟု မျှော်လင့်ပါတယ်"လို့ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူလူထု၏တရားဝင်ကိုယ်စားလှယ်များမှတဆင့် ကနေဒါနှင့်မြန်မာအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာရန် မျှော်လင့်တယ်လို့လည်း ဒေါက်တာဆာဆာက ဆိုထားပါတယ်။
အလားတူ အမေရိကန်အထက်လွှတ်တော်အမတ် John Barrasso နှင့်လည်း တရားဝင်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးက အခုလို အသိပေးဆိုထားပါတယ်။
"အထက်လွှတ်တော်၏ ထင်ရှားသော ခေါင်းဆောင်မှုဆိုင်ရာ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အထက်လွှတ်တော်အမတ် John Barrasso နှင့် တွေ့ဆုံရခြင်းသည် ကြီးမားသောအခွင့်ထူးဖြစ်ပါတယ်။အထက်လွှတ်တော်အမတ် Barrasso နှင့်စကားပြောဆိုမှုသည် လေးနက်သော အားပေးမှုနှင့် လှုံ့ဆော်မှုတို့ကို ခံစားစေခဲ့ပါတယ်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အတွက် မရှိမဖြစ် လိုအပ်သော "အသွင်ကူးပြောင်းရေး ငါးခု" ကို ဆွေးနွေးခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဆွေးနွေးချက်တွင် စစ်အာဏာရှင် (SAC) ချုပ်ငြိမ်းပြီး ပြည်သူအားလုံး၏ ကိုယ်စားပြုသည့် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံကို ထူထောင်ရေး၊ စစ်ရေးအသွင်ပြောင်းခြင်းတွင် တပ်မတော်အား အရပ်သားကြီးကြပ်မှုအောက်တွင် ဖော်ဆောင်ပြီး ပရော်ဖက်ရှင်နယ်၊ တာဝန်ခံမှုရှိသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲတိုးတက်ခြင်းတို့ပါဝင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ထိုးထွင်းသိမြင်မှု၊ ပံ့ပိုးမှု၊ အားပေးမှုတွေအတွက် အထက်လွှတ်တော်အမတ် Barrasso ကို ကျေးဇူးတင်ရှိတယ်လို့ဝန်ကြီးက ထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၃။ တော်လှန်ပြည်သူတွေက PDF ရဲဘော်တွေကို နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေပေး
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းရဲဘော်တွေအတွက် တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင်မုန့်ဖိုးတွေ ပေးပို့ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်
ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့က ဇန်နဝါရီ (၆) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး CDM နိုင်ငံ့ဝန်ထမ်းဖြစ်သူ ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့သည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့် ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းယန္တရားများတွင် တာဝန်ထမ်းဆောင်နေသူများကို ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အဖွဲ့အစည်းများအား တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
စိုးမိုးထိန်းချုပ်နယ်မြေဒေသများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားနိုင်ရေးကိုပါ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးကို ဆုံးရှုံးရပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ လွန်စွာကြေကွဲဝမ်းနည်းရတယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၅။ လွတ်ငြိမ်းတွင် နိုင်ကျဉ်းအရေအတွက် လိမ်လည်ပြောဆိုသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချ၊ စစ်အုပ်စုရဲ့လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်
လွတ်လပ်ရေးနေ့က လွတ်ငြိမ်းခွင့်ပေးသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို လိမ်လည်ကြေညာခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးက စုပေါင်း၍ သဘောထားထုတ်ပြန်ထားပါတယ်။
"နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေး ခြေနင်းခုံအဖြစ်ချနင်း၍ ပြည်သူလူထုနှင့် တစ်ကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားသော စစ်ကောင်စီ၏ လုပ်ရပ်ကို မိမိတိုနိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်" ဟု ကြေညာချက်၌ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟု ဆိုကာ အကျဉ်းသား (၅၈၆၄ ဦး) လွှတ်ပေးခဲ့ပြီး လွှတ်ပေးသည့်အထဲ၌ ၅၀၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား (၆၀၀) ဦးခန့် ပါဝင်ကြောင်း ပြောဆိုခဲ့တာပါတယ်။
အလားတူ နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်လာမှုစာရင်းအား PPNM အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် (၄၀)ကျော်အား စောင့်ကြည့်ကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား (၂၀၈) ဦး အကျဉ်းသူ (၁၃၁) ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား (၃၄၄) ဦးသာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီထုတ်ပြန်သော အရေအတွက်ထက် များစွာ လျော့နည်းသည်ကို တွေ့ရှိရကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်း ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့် လွတ်ပေးခဲ့ဟန် ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု ဖော်ထုတ်ထားပါတယ်။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ စစ်ကောင်စီ အာဏာသိမ်းချိန် လေးနှစ်နီးပါးကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ကြေညာခဲ့ပြီး အကျဉ်းကျခံနေရသူ ၁၀၁,၇၂၉ ဦးကို ပြန်လွှတ်ခဲ့ပြီး အဆိုပါ ၁၆ ကြိမ်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်ခဲ့တယ်လို့ ISP Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။
ထိုအထဲကမှ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ဦး၊ ရာခိုင်နှုန်းအနေနဲ့ ပြန်လွှတ်ပေးသူ စုစုပေါင်းရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းတာကို လက်မခံတာနဲ့ ဆန့်ကျင်တာတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁,၄၉၉ ဦးထက်မနည်း ရှိနေဆဲဖြစ်ကာ အဲဒီအထဲက ၉,၉၈၅ ဦးထက်မနည်းဟာလည်း ထောင်ဒဏ်တနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားရပါတယ်။
========================
📌📌 ၆။ ယူကရိန်းသူ ယူလီယာရဲ့တယောကို ထိုင်းဘတ် တသိန်းနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လှူဒါန်းသွား၍ စစ်ဘေးရှောင် အမျိုးသမီးနဲ့ ကလေးတွေကိုလိုအပ်တဲ့ ဆေးဝါးနဲ့ လိုအပ်ချက်များထောက်ပံ့မယ်
ယူကရိန်းသူ ယူလီယာရဲ့တယောကို ထိုင်းဘတ် တသိန်းနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လှူဒါန်းသွား၍ စစ်ဘေးရှောင် အမျိုးသမီးနဲ့ ကလေးတွေကို လိုအပ်တဲ့ ဆေးဝါးနဲ့ လိုအပ်ချက်များထောက်ပံ့မယ်လို့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇန်နဝါရီ (၆) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ နှစ်သစ်နဲ့အတူ ဝမ်းသာစရာ သတင်းလေးကတော့ ယူကရိန်းသူလေး ယူလီယာရဲ့တယောလေးကို ထိုင်းဘတ် တသိန်းနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လှုဒါန်းသွားခြင်းပဲ ဖြစ်ပါတယ်။
ကြိုးစားပေးခဲ့ပါသော ဦးကျော်သက်လင်းနဲ့ လှူဒါန်းပေးတဲ့ အလှူရှင်ကိုလည်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါတယ်လို့ဖော်ပြပါတယ်။
ရရှိငွေကြေးများကိုစစ်ဘေးရှောင် အမျိုးသမီးနဲ့ ကလေးတွေကိုလိုအပ်တဲ့ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်များကို ထောက်ပံ့သွားမှာဖြစ်တယ်လို့သိရပါတယ်။
ယူလီယာ နဲ့ ယူကရိန်းပြည်သူတွေလည်း စစ်ဘေးက အမြန်ဆုံး လွတ်ကင်း ငြိမ်းချမ်းနိုင်ကြပါစေကြောင်း အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းဆိုထားပါတယ်။
========================
📌📌 ၇။ ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ အာရက္ခပြည်သူများအား AA မှ စားနပ်ရိက္ခာထောက်ပံ့
အာရက္ခပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲ IDP စခန်း၌ နေထိုင်သော ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသဆိုင်ရာ တာဝန်ရှိသူများမှ ဇန်နဝါရီလ (၄) ရက်နေ့တွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ HDCO မှ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၂ ခုနှစ်မှ စတင်ကာ အနောက်ရဲ IDP စခန်း၌ နေထိုင်လျက်ရှိကြသော ပြည်သူများအား ထောက်ပံ့မှုပြုလုပ်ရာတွင် စားနပ်ရိက္ခာအထောက်အပံ့ရရန် အဓိက လိုအပ်လျက်ရှိနေသော အိမ်ထောင်စု (၁၄၀) စုကို ရွေးချယ်ပြီး ကနဦးထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်၍ စားနပ်ရိက္ခာလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းများ နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက ၎င်းမိသားစုဝင်များအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ပါတယ်။
ထို့ကြောင့် ၎င်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ် တဦးတယောက်ချင်းစီနှင့်သော်လည်းကောင်း ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၈။ KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသည့် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးတာဝန်ခံတို့ကို ထုတ်ပယ်
ဗကသများအဖွဲ့ချုပ် ဥက္ကဌအဖြစ်တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း ၊ ဂုဏ်သိက္ခာ ကို ချိုးဖောက်ညှိုးနွမ်းစေသည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း ဗကသများအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ပါတယ်။
ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ် စေရန်လည်းကောင်း ၊ အဆိုပါလုပ်ငန်းမှ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်ကို ဗကသဘဏ္ဍာငွေအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ဆုံးဖြတ်ကြေညာထားပါတယ်။
တဆက်တည်း အဆိုပါကိစ္စတွင် ဆက်စပ်ပတ်သတ်ခဲ့သော ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ဗကသများအဖွဲ့ချုပ် - ဗဟိုစည်းရုံးရေး ကော်မတီ ၊ ဘဏ္ဍာရေးတာဝန်ခံတာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၉။ RHYTHM-concert ticketဝယ်ယူထားသူများဇန်ဝါရီ၁၄ရက်အထိ Website မှာ ကြည့်နိုင်အောင်စီစဥ်ထား
RHYTHM-concert ticketဝယ်ယူထားသူများဇန်ဝါရီ၁၄ရက်အထိ Website မှာကြည့်နိုင်အောင်စီစဥ်ထားတယ်လို့ သရုပ်ဆောင်ချစ်သုဝေက အသိပေးဆိုထားပါတယ်။
"မနက်ဖြန် RHYTHM-concert ticket ပိတ်မယ်တဲ့။ concert ရဲ့tempo အတက်အကျ intermission အားလုံးဟာ အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ Treza တို့အားလုံးရဲ့ နှလုံးသားတွေ မြင်လိုက်ရ၊ အသံတွေကြားလိုက်ရမယ်ဆိုတာ ယုံကြည်တယ်။ Online exclusive သာ ကြည့်ရှုနိုင်မှာဖြစ်ပြီး Audio only သာ ဝယ်သိမ်းလို့ရဖို့ စီစဥ်တော့မှာမို့ မနက်ဖြန်ဟာ ဒီ concert ကြည့်ရဖို့ last chance ပါ။ ticket ဝယ်ယူဖို့ နောက်ဆုံးပြောတာပါ။ ဝယ်ထားသူတွေက Jan 14 ထိ website မှာကြည့်နိုင်အောင်စီစဥ်ထားတာပါ" လို့ ဆိုပါတယ်။
ပြည်တွင်း ပြည်သူတွေလက်မှတ် ဝယ်ယူဖို့ မလွယ်ကူလိုက်သော်လည်း လူချင်း အတူဆုံတွေ့ ဖြေဖျော်ရမယ့်ရက်တွေရောက်ဖို့ ရှေ့ဆက်ကြမယ်လို့ သရုပ်ဆောင် ချစ်သုဝေက ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ 2025 နှစ်သစ် ပထမဆုံး CDF-MATUPI (Brigade-1) တပ်မှူးများ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့
2025 နှစ်သစ် ပထမဆုံး CDF-MATUPI (Brigade-1) တပ်မှူးများ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးတွင်
- စစ်ရေး၊ နိုင်ငံရေးအားကောင်းနိုင်ရေး
- တပ်မဟာ၏ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းများ
- လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ
- ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့်
- ပြန်လည်နေရာချထားရေး ကိစွရပ်များကို ဆွေနွေးအတည်ပြုနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
ကရင့်အမျိုးသား အစည်းအရုံး KNU ၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီ ၁၈ မိနစ် အချိန်တွင် ကွင်းချောင်းဝ အခြေစိုက် စစ်ကောင်စီ တပ်များက ၈၁ မမ ၄ လုံး ပစ်ခတ်ခဲ့ရာ လယ်ဒိုမြို့နယ်၊ ခိုလိုကျေးရွာနဲ့ ဖျံတလင်း ကျေးရွာကြားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ၄ နာရီ ၁၈ မိနစ်တွင် ၁၂၂ မမ ၁ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ကျောက်စရစ် အနောက်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၅ နှစ်အရွယ် မောင်ချစ်မင်းအောင် ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
၎င်းတပ်ရင်းကပဲ ဇန်နဝါရီလ ၃ ရက် နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ ၁၂၀ မမ ၁ လုံး ထပ်မံပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၂ နှစ်အရွယ် နော်ဝါးဝါးဖော ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။
ထို့အပြင် မူးမြို့နယ် စောခီကျေးရွာနဲ့ ထီးခိုကျေးရွာတို့ကိုလည်း ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်မှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာရှိ ပြည်သူ့နေအိမ်များ ပျက်စီး
ယင်းမာပင်မြို့အတွင်း တပ်ဆွဲနေထိုင်လျှက်ရှိသောအကြမ်းဖက်စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့တွင် ဝင်ရောက်စီးနင်းကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးသွားကြောင်း ရင်းမြစ်ဌာနေမှာ ဖော်ပြထားပါတယ်။
ယင်းမာပင်မြို့ စိုက်ပျိုးရေးရုံးအတွင်းမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်ဆီးနင်းကာ ပြည်သူပိုင်နေအိမ် ၂လုံး၊ ဆန်စပါးနှင့် နွားစာသိုလှောင်သည့် အဆောက်အဦး ၄လုံး၊ ထွန်စက် ၁စီး၊ နွားစာစင်းစက် ၁ ခုံ၊ ဆိုင်ကယ် ၁ စီးနှင့် စက်ဘီး၂ စီိးတို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နွား ၁ကောင် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၆ရက်နေ့ မွန်းလွဲ ၂နာရီ ၅၀မိနစ်ခန့်တွင် ယင်းမာပင်မြို့အတွင်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရှိရပြီး ၎င်းအကြမ်းဖက်စစ်ကောင်စီစစ်အုပ်စုဟာ ယင်းမာပင်မြို့တွင်းမှာ ခရီးသွားပြည်သူများ၏ ကားများကို စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်လျက်ရှိပြီး ငွေကြေးတောင်းခံမှုများလည်း ရှိကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၄။ ကျောက်ဂူဒေသတွင် DPLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဓနုပြည်သူလွတ်မြောက်ရေးတပ်တော်(DPLA)မှ ဒရုန်း (၁) စီး သိမ်းပိုက်ရရှိခဲ့
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး ဒရုန်း (၁) စီး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်မှာ DPLA က အတည်ပြုဆိုထားပါတယ်။
ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျောက်ဂူရဲစခန်းနှင့် ကျောက်ဂူအမြောက်တပ် (အမတ - ၃၄၉) ၌လည်းကောင်း၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား၌လည်းကောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထိခိုက်ကျဆုံးမှုကို အတည်ပြုစုံစမ်းဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ခဲကြားရွာတွင်းသို့လည်းကောင်း၊ ဖက်ရင်းကုန်းရွာတွင်းသို့လည်းကောင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆောက်အဦပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၅။ တရုတ်နိုင်ငံ ၊ ကျင်းဟုန်မြို့ပေါ်တွင် လဝက နှင့် ပူးပေါင်းကာ မြန်မာအချင်းချင်း ဒုက္ခပေးနေသူ ၈ဦး အား ပထမအကြိမ် သတိပေး
မြန်မာနိုင်ငံတွင် စားဝတ်နေရေး ဆင်းရဲဒုက္ခရောက်ရှိနေသဖြင့် တိုင်းတစ်ပါးသို့ ထွက်ကာ လုပ်ကိုင်စားသောက်နေကြသော မြန်မာအချင်းချင်း တတ်နိုင်သည့်ဘက်မှ ကူညီရိုင်းပင်း စောင့်ရှောက်ပေးခြင်း မရှိဘဲ သတင်းပေးဖမ်းဆီးကာ မြန်မာနိုင်ငံသို့ပြန်ပို့ခြင်း နှင့် ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေသူများကို "ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" အနေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ( ပထမ ) အကြိမ် သတိပေးခြင်း ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံ ၊ ကျင်းဟုန်မြို့ပေါ်တွင် လဝက နှင့် ပူးပေါင်းကာ မြန်မာအချင်းချင်း အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစားပြုလုပ်နေကြသော - မိုးသူ၊ ဘဲဥ၊ ကိုမျိုး၊ ရှမ်းလေး၊ ပလောင်၊ ဟန်ညွှန့်တို့အပါအဝင် မိန်းကလေး (၂) ယောက် တို့အား တရုတ်နှစ်သစ်ကူးမတိုင်မီ ရပ်တန်းကရပ်ရန် သတိပေးထားပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူလူထုဒုက္ခရောက်စေရန် ယခုကဲ့သို့ ဆက်လက်သတင်းပေး ပူးပေါင်းဆောင်ရွက်နေပါက သင်တို့ကိုယ်တိုင်အပါအဝင် သင်တို့၏ နောက်တွင်ရှိသော သင်တို့၏ မိသားစုများနှင့် ၎င်းတို့၏ တည်နေရာများကို အတိအကျသိရှိထားပါသဖြင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် သင်တို့အား အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ တောင်ငူခရိုင်အတွင်း စစ်ကောင်စီ တပ်နှင့် PDF ပူးပေါင်းတပ်များ ၆ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ကျော် သေဆုံး
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်နှင့် အုပ်တွင်းမြို့နယ် အတွင်း စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များ ၆ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ၅၀ ကျော် သေဆုံးခဲ့ တယ်လို့ (၃၅၀၂) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်း၊ ကျေးရွာမှားမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်း၊ ၆၀ မမ ပစ်ကူများ၊ မိုင်းများဖြင့် ပိတ်ဆို့တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်၊ အုတ်ဖြတ်၊ ကန်ကလေးရွာ တို့ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး များအပြင် ၆၀ မမများ၊ ဒရုန်းဗုံးသီးများ ကြဲချခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ကာ နေအိမ် အဆောက်အဦးများနဲ့ ဘာသာရေး အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များရဲ့ ယူနီဖောင်းများ ဝတ်ဆင်ပြီး တော်လှန်ရေး ရဲဘော်များ ကိုင်ဆောင်တက်တဲ့ လက်နက်များ ကိုင်လာကာ ကျေးရွာများရှိ ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို သယ်ထုတ်ခြင်း၊ ခိုးယူခြင်းများနဲ့ ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် မျက်နီကွင်း၊ သရက်ကုန်း၊ ကြူအင်း၊ နှောခင်၊ ထန်းကုန်း၊ ပေါက်ကုန်း၊ ဂရမ်မတီး၊ မငြိမ်းစု၊ လှေဆွဲမြောင်း စတဲ့ ရွာများမှ ပြည်သူများ နီးစပ်ရာ ကျေးရွာများကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို PDF တပ်ရင်း (၃၅၀၂) စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီ အမှတ် (၃) တပ်ရင်း၊ ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့ (၃)၊ အုပ်တွင်းမြို့နယ် ပကဖ၊ ဖြူးမြို့နယ် ပကဖ၊ သရက်ခရိုင် တပ်ရင်း (၄၃၀၂) နဲ့ နတ်မောက်မြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ရွှေဘို စခတ (၈) စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက် ၄၅ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားမှာ ရွှေဘို အခြေစိုက် စစ်ကောင်စီ ရဲ့ စခတ (၈) စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက် ၄၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့မှာ လယ်ကိုင်းရွာမှ ထွက်လာတဲ့ အင်အား ၇၇ ဦးပါ စတခ (၈) စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် (၂) ကွပ်ကဲရေးမှူးရဲ့ ညွန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃) ၊ ခရိုင် ဒရုန်းတပ်ဖွဲ့ နှင့် ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၅) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီ တပ်ဘက်မှ နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာကို Yak-130 တစီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီခွဲ ခန့်မှာ MiG-29 တစီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် စခတ - ၈ အတွင်းမှ စတင်ထွက်လာတဲ့ ၎င်းစစ်ကောင်စီ စစ်ကြောင်းကို ရွှေဘိုမြို့နယ် ချောင်းဆုံရွာ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံ၊ ဝက်လက်မြို့နယ် လယ်ကိုင်းရွာ တို့မှာ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၈။ ဆင်ပေါင်ဝဲ EPC ရုံးမှာ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ိခုက်
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဟောင်း၊ ရန်ကုန်-တောင်တွင်းကြီး လမ်းပိုင်း၊ ‘ကိုးပင် EPC ရုံး’မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်တိုက်ခိုက် ခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီလ ၄ ရက် ည ၁၀ နာရီခန့်မှာ ၎င်း EPC ရုံးမှာ ဂိတ်ဖွင့်ပြီး ခရီးသွား ပြည်သူများကို ဆက်ကြေးတောင်း နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကို သွားရောက်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
၎င်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့ သူများလည်း ရှိတယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ပြောပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDFPNWD ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)၊ နေပြည်တော် စစ်တိုင်း တပ်ရင်း (၉၀၂) တောင်တွင်းကြီး တပ်ခွဲ၊ မကွေး ပြောက်ကျားတပ်ဖွဲ့၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၉။ အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ် ကျေးရွာကို ဝင်ရောက်စီးနင်းထားတဲ့ စစ်ကောင်စီ တပ်မ (၃၃) စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့မှာ အင်အား ၇၀ ခန့်ပါ ၎င်းစစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးခဲ့ကာ ၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် MA 1 - ၅ လက်၊ လက်ပစ်ဗုံး - ၂ လုံး၊ ရှေ့ထွက်မိုင်း - ၁ လုံး၊ မြင်းခွာ နင်းမိုင်း - ၄ လုံး၊ ဒရုန်းဖြတ်စက် - ၁ ခု၊ ၆၀ မမ ဗုံးသီး - ၃ လုံးနဲ့ စစ်အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြာချိန် ၅ နာရီခန့်အတွင်း စစ်ကောင်စီတပ်ကာ ဂျက်ဖိုက်တာ ၄ စင်းဖြင့် အကြိမ် ၂၀ ကျော် ပစ်ကူပေးခဲ့ ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း (၁၈) တပ်ခွဲ (၁) ဝက်လက်မင်းသားကြီး အဖွဲ့၊ တပ်ခွဲ (၂) ProLife အဖွဲ့၊ တပ်ခွဲ (၃) ဗိုလ်သင်္ချိုင်း အဖွဲ့၊ တပ်ခွဲ (၄) ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီ အဖွဲ့၊ ဒေါင်းစစ်သည် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆုတ်ခွာထွက်ပေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment