၂၀၂၅ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်တို့ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား
📌 ၂။ တော်လှန်ရေးအရှိန်မြှင့်မှုတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတို့ တွေ့ဆုံဆွေးနွေး
📌 ၄။ ဒီပဲယင်းမြို့နယ် ပအဖ၊ ပကဖ၊ ပလဖတို့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ ရေးရာတာဝန်ခံများတွေ့ဆုံဆွေးနွေးခဲ့ကြ
📌 ၅။ တရုတ်သရုပ်ဆောင် WANG XING လူကုန်ကူးခံရခြင်းမှ လွတ်မြောက်လာ
📌 ၆။ တိဘက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ (၉၀)ကျော် ရှိလာ
📌 ၇။ ၂၀၂၄ ခုနှစ် (၁) နှစ်အတွင်း လောင်းလုံး(ပကဖ) Medical Team မှ လူပေါင်းခုနစ်ထောင်ကျော်ကို ကူညီစောင့်ရှောက်နိုင်ခဲ့
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့် ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင် စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ
🚩 ၂။ ပုလောမြို့က စရဖရုံးကို ဝင်ရောက်စီးနင်းရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေး
🚩 ၃။ ထီးလင်းမြို့ပေါ်က စစ်အုပ်စု အထိုင်ချ နေရာတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၄။ မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး
🚩 ၅။ ဝက်လက်မြို့နယ် မှတ်ထိရွာ တောင်ဘက်တိုက်ပွဲ စခတ-၈ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၄၇ဦးသေဆုံးကာ (၆) ဦး ဖမ်းဆီးရမိ
🚩 ၆။ နတ်မောက်တွင် စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၇။ စစ်ကောင်စီက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့နယ်က ပြည်သူနေအိမ်များ မီးလောင်ပျက်စီး
🚩 ၈။ ဒေါင်းနီ တပ်ရင်းမှ စိုးမိုးထားသော နယ်မြေအတွင်းသို့ စကစတပ်များစစ်ကြောင်းထိုး၍ တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲတွင် ပိတ်မိနေသော ပြည်သူ အယောက် (၃၀) ကိုကယ်တင်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်တို့ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား
ဇန်နဝါရီ၇ရက်
Radio NUG
"ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်တို့ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ ဇန်နဝါရီ၇ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။
"ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ - ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်"လို့ယာယီသမ္မတပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနတွေလည်း ပြည်သူလူထုကို တင်ပြဖို့ လိုအပ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြပြီး လူထုနဲ့ တစ်သားတည်း ဆက်ဆံရေး ခိုင်မာနေဖို့ အထူးလိုအပ်ကြောင်းယာယီသမ္မတကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအရှိန်မြှင့်မှုတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
ဇန်နဝါရီ၇ရက်
Radio NUG
တော်လှန်ရေးအရှိန်မြှင့်မှုတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၇ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"ဒီနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိသလို အာရုံစိုက်စရာတွေကလည်း များပါတယ်။ တော်လှန်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ နိုင်ငံရေးအရ ဆွေးနွေးစရာတွေ၊ နိုင်ငံတကာရဲ့ အခြေအနေတွေ စသဖြင့် ကဏ္ဍပေါင်းစုံကနေ လစ်ဟင်းမှုမရှိစေပဲ အလုပ်လုပ်ကြရမယ့် ကာလပဲ ဖြစ်ပါတယ်။ လုပ်ဆောင်စရာတွေ များပြားလှတဲ့အထဲက အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ အချက် ၃ ချက်ကတော့ ဒီလတွေအတွင်းမှာကိုပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမယ့် ကဏ္ဍတွေဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်"လို့ပြောပါတယ်။
ဒါ့အပြင် အားသာချက်တွေကို ပိုမိုကောင်းမွန်အောင် ကြိုးစားကြရမှာဖြစ်ပြီး၊ အားနည်းချက်တွေကိုလည်း ထိထိရောက်ရောက် ပြင်ဆင်ကြရင်း တော်လှန်ရေး ခရီးဆက်ကြရမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ၇ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၊(၇)ရက်နေ့၊ ၁၃၀၀နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်တစ်ဦးတို့မှ နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ(ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်များမှလည်း ယူနစ်လွှတ်တော်၏ ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား (၁၅း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးပွဲသို့ ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ဒီပဲယင်းမြို့နယ် ပအဖ၊ ပကဖ၊ ပလဖတို့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ ရေးရာတာဝန်ခံများတွေ့ဆုံဆွေးနွေးခဲ့ကြ
ဇန်နဝါရီ၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အတူ၊ ဒေသတွင်း လိုအပ်ချက်များ၊ တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စသည်တို့ကို ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ဒီပဲယင်းမြို့နယ် ပအဖ၊ ပကဖ၊ ပလဖတို့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွှေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးပွဲကို ဒီပဲယင်းမြို့နယ်တွင် ကျင်းပခဲ့ပြီး (NUG)အစိုးရ၏ မူဝါဒနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အသီးသီးအကြောင်းကို တက်ရောက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရေးရာတာဝန်ခံများ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၅။ တရုတ်သရုပ်ဆောင် WANG XING လူကုန်ကူးခံရခြင်းမှ လွတ်မြောက်လာ
ဇန်နဝါရီ ၇
Radio NUG
ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံမှ ဘေးကင်းစွာ ကယ်တင်ခံခဲ့ရသော တရုတ်သရုပ်ဆောင် Wang Xing ၏ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ဖြစ်ပွားခဲ့ကြောင်း Khaosod မှာ ဖော်ပြထားပါတယ်။
Xing Xing ဟု ပရိသတ်များသိကြသည့် Wang သည် ထိုင်းဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GMM Grammy ကို ကိုယ်စားပြုကြောင်း လိမ်လည်ပြောဆိုသူတစ်ဦးထံမှ WeChat မက်ဆေ့ချ်ဖြင့် စတင်ခဲ့သော လိမ်လည်လှည့်ဖြားမှုတစ်ခု၏ သားကောင်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃ ရက်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိပြီးနောက် မဲဆောက်ခရိုင်သို့ ပို့ဆောင်ခဲ့ပြီး တရားဝင်မဟုတ်သော နယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန (TICAC) ၏ ဒါရိုက်တာ ရဲချုပ် သက်ချိုင်း ပီတာနီလာဘော့တ်က နယ်စပ်ဖြတ်ကျော်ပြီးနောက် လှည့်စားခံခဲ့ရကြောင်း သိရှိခဲ့သော်လည်း ခုခံရန် အစွမ်းအစမရှိဟု ဝမ်က ပြောခဲ့တယ်လို့ သိရပါတယ်။
GMM Grammy သည် အဆိုပါဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တရုတ်ဘာသာဖြင့် ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
========================
📌📌 ၆။ တိဘက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ (၉၀)ကျော် ရှိလာ
ဇန်နဝါရီ ၇
Radio NUG
ဇန်နဝါရီလ ၇ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် နီပေါနယ်စပ်တလျှောက်အခြေပြု လှုပ်ခတ်သွားသည့် အားပြင်းသည့် ငလျင်ဒဏ်ကြောင့် တိဘက်ဒေသတွင် သေဆုံးသူ အရေအတွက် တိုးလာနေပြီး အရေးပေါ်ကယ်ဆယ်ရေး အဆင့် (၂) သတ်မှတ်လိုက်ကြောင်း တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂ယဇန်နဝါရီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
တိဘက်တွင် နေအိမ်ပေါင်း တစ်ထောင်နီးပါး ပျက်စီးသွားပြီး လူပေါင်း ၁၃၀ ဒဏ်ရာရရှိကာ သေဆုံးသူ (၉၀)ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
ငလျင်သည် တရုတ် - နီပေါနယ်စပ် ဧဝရတ်တောင်၏ အရှေ့မြောက်ပိုင်း မိုင် (၅၀)အကွာတွင် ဗဟိုပြုပြီး အနက် (၆)မိုင်ခန့်တွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည်ဟု အမေရိကန်ဘူမိစစ်တမ်းက မှတ်တမ်းတင်ထားပြီး တရုတ်က ပြင်းအား (၆.၈)မဂ္ဂနီကျုဟု မှတ်တမ်းတင်ထားပါတယ်။
အဆိုပါ ငလျင်ဒဏ်ကို နီပေါ အရှေ့မြောက်ပိုင်းတွင်လည်း သိသာစွာ ခံစားရသော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပါတယ်။
========================
📌📌 ၇။ ၂၀၂၄ ခုနှစ် (၁) နှစ်အတွင်း လောင်းလုံး(ပကဖ) Medical Team မှ လူပေါင်းခုနစ်ထောင်ကျော်ကို ကူညီစောင့်ရှောက်နိုင်ခဲ့
ဇန်နဝါရီ၇ရက်
Radio NUG
၂၀၂၄ ခုနှစ် (၁) နှစ်အတွင်း လောင်းလုံး(ပကဖ) Medical Team မှ လူပေါင်းခုနစ်ထောင်ကျော်ကို ကူညီစောင့်ရှောက်နိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ၁ ရက် ၊ဇန်နဝါရီလ ၂၀၂၄ မှ ၃၁ ရက် ၊ဒီဇင်ဘာလ ၂၀၂၄ အထိ၊ (၁) နှစ်အတွင်း ပြည်သူများနှင့် ပြည်သူ့ရဲဘော်တို့၏ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဌာန၏ ထောက်ပံ့မှု ၊ ပြည်တွင်းပြည်ပ ထောက်ပို့ရဲဘော်တို့၏ ထောက်ပံ့မှုများနှင့်အတူ ကူညီစောင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆေးဘက်ဆိုင်ရာအဖွဲ့ လောင်းလုံး(ပကဖ) Medical Team မှ ကျန်မာရေးစောင့်ရှောက် ကူညီမှုများစွာဖြင့် ၂၀၂၄ ခုနှစ် (၁) နှစ်အတွင်း စုစုပေါင်း (၇,၄၅၃)ဦး ကို ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့် ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင် စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ
ဇန်နဝါရီ ၇
Radio NUG
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိကြောင်း Aung San's Land Natmaukထံမှ သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် Aung San's Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေး လုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်း နှိုက်ယူ၍ စစ်ကောင်စီထံသို့ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းပီသစွာဖြင့် ပြည်သူနှင့် မပူးပေါင်းဘဲ တော်လှန်ရေးကို အမျိုးမျိုး ဒုက္ခပေးမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယုယုခိုင်တို့ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိသူတွေအားလုံးကို သက်ဆိုင်ရာ ပကဖ အဖွဲ့ထံ လက်လွှဲ အပ်နှံထားပြီး Aung San's Land Natmauk အနေဖြင့် တော်လှန်ရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကာ တော်လှန်ရေးကိစ္စများအတွက် Aung San's Land Natmauk Facebook page သို့ ဆက်သွယ်နိုင်ကြောင်း တာဝန်ခံ ဘာမထီက ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ ပုလောမြို့က စရဖရုံးကို ဝင်ရောက်စီးနင်းရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေး
ဇန်နဝါရီ ၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ် (၂) ရပ်ကွက်က စစ်ကောင်စီရဲ့ စရဖ ရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေးသွားတယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မှ ရဲဘော်များက ဝင်ရောက်စီးနင်းခဲ့တာပါ။
PDF ရဲဘော်များ စတင်ပစ်ခတ်သည်နှင့်တပြိုင်နက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေနတ် ၆ ချက်ခန့် ရမ်းသမ်း ပစ်ဖောက်ခဲ့ပြီးနောက် ထွက်ပြေးသွားတာကြောင့် စဖရုံးကို ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုံးအတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ နှင့် စာရွက်စာတမ်းများ သိမ်းဆည်းခဲ့ပြီး စဖရ ရုံးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ထီးလင်းမြို့ပေါ်က စစ်အုပ်စု အထိုင်ချ နေရာတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီ ၇ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း မြို့ပေါ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တောင်ရဲစခန်း၊ လူပျိူဆောင်၊ စိုက်ပျိုးရေးရုံး၊ ထွေအုပ်ရုံး၊ ဘဏ်ရုံးနှင့် ရုပ်သံကုန်းတို့ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်းများက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၆ ရက်၊ မနက်အစောပိုင်းကနေ နေ့လည်ပိုင်းထိ ထီးလင်းမြို့က စစ်ကောင်စီတပ် ရှိရာနေရာတွေကို ရော့ကတ် ၅၉ လုံး၊ ဒရုန်းတွေနဲ့ ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ထီးလင်းမြို့နယ်၊ ခရိုင်၊ တပ်ရင်းများနဲ့ ခရိုင်ပကဖ ၊ မြို့နယ် ပလဖ ၊ ယောဧရာ (က.ပ.စ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး
ဇန်နဝါရီ ၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၂ နာရီမှာ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနဲ့ စစ်ဆေးရေး ဂိတ်တို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
၎င်း တိုက်ပွဲမှ MA ကျည်ဘောက် ၄ ခု၊ ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံ တို့ကို သိမ်းဆည်းရရှိ ခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဒူရက စစ်ကြောင်း၊ ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ၊ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖယ်ဒရယ်ဒူဝံကြယ် ဒရုန်းတပ်ဖွဲ့ နဲ့ (D.E.F-PDF) မှ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ဝက်လက်မြို့နယ် မှတ်ထိရွာ တောင်ဘက်တိုက်ပွဲ စခတ-၈ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၄၇ဦးသေဆုံးကာ (၆) ဦး ဖမ်းဆီးရမိ
ဇန်နဝါရီလ (၇) ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မှတ်ထိရွာ တောင်ဘက်တိုက်ပွဲ စခတ-၈ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၄၇ဦး သေဆုံးကာ (၆) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီ၇ရက်မှာ စစ်ရေးသတင်းကို အမှတ် (၁) စစ်ဒေသက အတည်ပြုဆိုထားပါတယ်။
ဇန်နဝါရီလ (၅) ရက်တွင် မှတ်ထိရွာ တောင်ဘက်၌ ဖြစ်ပွားခဲ့သော စခတ-၈ မှ ထွက်လာသည့် ဗက မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကို ထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းအင်အား (၇၀) ဦးပါ စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၄၇) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးရမိ၍ (၁၇) ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ လက်နက် (၄၅) လက် သိမ်းဆည်းရမိပြီးနောက် MA-3 (၁) လက် ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။
========================
🚩🚩 ၆။ နတ်မောက်တွင် စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသည့် ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ပစ်ခတ်ခံရပြီး သေဆုံး
ဇန်နဝါရီ ၇
Radio NUG
ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ နွားတင်းကုပ်အတွင်း ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ရာ နောက်စိကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသွားသော ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းကို နတ်မောက် တော်လှန်ရေး တပ်ပေါင်းစုက အကြိမ်ကြိမ် သတိပေးထားသော်လည်း ဂရုမစိုက်ဘဲ မထီမဲ့မြင် ပြုလုပ်ခြင်း၊ ပြည်သူများကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ဘိုဝင်းကဲ့သို့ ပြည်သူများကို ပေါ်တာဆွဲ စစ်မှုထမ်း ဆင့်ခေါ်ပြီး ဒုက္ခပေးနေသည့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကိုလည်း နံပါတ်စဥ်အတိုင်း အလှည့်ကျ တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့နယ်က ပြည်သူနေအိမ်များ မီးလောင်ပျက်စီး
ဇန်နဝါရီ ၇ ရက်၊
Radio NUG
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၆ ရက် မနက် ၉ နာရီ အချိန်မှာ စစ်ကောင်စီက နှစ်ကြိမ်တိုင် မီးလောင်ဗုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိုသို့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုပိုင် နေအိမ် ၂ လုံးနဲ့ ကားတစီး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
မီးလောင်နေတဲ့ ပြည်သူလူထုရဲ့ နေအိမ်များကို ပအိုင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက နေ့စဉ်လိုလို ပအိုဝ်းတိုင်းရင်းသားများ နေထိုင်တဲ့ ထီစုံကျေးရွာကို ဒရုန်းနဲ့ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေတာကြောင့် ပြည်သူပိုင် နေအိမ် ၂၄ လုံးထိ ပျက်စီးခဲ့ရပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ ဒေါင်းနီ တပ်ရင်းမှ စိုးမိုးထားသော နယ်မြေအတွင်းသို့ စကစတပ်များစစ်ကြောင်းထိုး၍ တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲတွင် ပိတ်မိနေသော ပြည်သူ အယောက် (၃၀) ကိုကယ်တင်နိုင်ခဲ့
ဇန်နဝါရီ၇ရက်
Radio NUG
ဒေါင်းနီ တပ်ရင်းမှ စိုးမိုးထားသောနယ်မြေအတွင်းသို့ စကစတပ်များ စစ်ကြောင်းထိုး၍တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲတွင်ပိတ်မိနေသော ပြည်သူ အယောက် (၃၀) ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ၇ရက်မှာ ဒေါင်းနီတပ်ရင်းက အတည်ပြုထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၄) ရက် စနေနေ့ နေ့လည် ၃ နာရီခန့်တွင် တပ်မ (၃၃) မှ ဗိုလ်ကြီးအေးမင်းထွန်း ဦးဆောင်သော တပ်မ (၃၃) ၊ခမရ (၁၁)၊ ခမရ (၁၂) ၃ရင်း ပေါင်း အင်အား ၆၀ ပါစစ်ကြာင်းဟာ ဒေါင်းနီ တပ်ရင်းမှ စိုးမိုးထားသောနယ်မြေအတွင်းသို့ စတင်ဝင်ရောက်လာပြီး ညနေ ၅ နာရီခွဲ အချိန်တွင် ရွာတစ်ရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်ခဲ့ပါတယ်လို့ဆိုပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ မနက် ၆ နာရီ အချိန်မှာ ရွာတွင်းသို့ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒေါင်းနီတပ်ရင်းမှ ဒုရင်းမှူး နဂါး လေး ဦးဆောင်သော ဒေါင်းနီစစ်ကြာင်းနှင့် Peacock Solider တပ်ရင်း(၁၈)၊ တပ်ရင်း(၂၃)များနှင့် တပ်ရင်း (၁)၊ တပ်ရင်း(၂) မှ တပ်ကူများ ပူးပေါင်းပါဝင်လာကာ တိုက်ပွဲပြင်းထန် နေချိန် နေ့လည် ၁၁နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက် မှု ၂ ကြိမ်၊ နယ်မြေရှင်းလင်းရေး စဝင်ချိန်တွင် (၁) ကြိမ် စုစုပေါင်း(၃) ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ့ နေအိမ် (၅) လုံးအပြင် စာသင် ကျောင်းနှင့် အနီးတစ်ဝိုက် နေရာများမှာ အမြောက်အများ ပျက်စီးခဲ့ကာ ပြည်သူ့ နေအိမ် ၄၂ လုံးဟာလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
တိုက်ပွဲအတွင်းမှ တော်လှန်ရေး ပူးပေါင်းစစ်ကြာင်းဟာ သုံ့ပန်းပြည်သူ့စစ် ၃ ဦး၊ MA (1) ၅ လက်၊ Drone ပစ် Gun ၁ လက် နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပါတယ်။
တော်လှန်ရေး စစ်ကြောင်းအနေနဲ့ ရွာထဲတွင်ပိတ်မိနေသော ပြည်သူ အယောက် (၃၀) ကိုကယ်တင်နိုင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment