အကြမ်းဖက်စစ်တပ်က ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးလာလို့ ပစ်ထားခဲ့ရတဲ့ ပဲစင်းငုံတွေ ပျက်စီးပြီး ဈေးကွက်မရှိလို့ တောင်သူတွေ ခက်ခဲလာ

အကြမ်းဖက်စစ်တပ်က ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးလာလို့ ပစ်ထားခဲ့ရတဲ့ ပဲစင်းငုံတွေ ပျက်စီးပြီး ဈေးကွက်မရှိလို့ တောင်သူတွေ ခက်ခဲလာ

Radio NUG ဇန်နဝါရီ ၂၀၊ ၂၀၂၅

ပြီးခဲ့တဲ့ နှစ်လအတွင်း ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့ တောင်သူတွေမှာ ပဲစင်းငုံခင်းတွေ ပိုးသတ်ဆေးမဖျန်းနိုင်လို့ ခုတ်၊ ပုတ်ပြီး ဈေးကွက်ရောက်မှ ဝယ်သူမရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရေနံချောင်းမြို့နယ်က ပဲစင်းငုံစိုက်ပျိုးသူ  တောင်သူတစ်ဦးက အခုလို ပြောပါတယ်။ 

“ပွင့်တုန်း သီးတုန်းမှာ အကိုက်သွားတွေ့တာ။ စပြီးပွင့်ပြီဆိုကတည်းက ရှောင်တာက ၄၅ ရက်လောက် ဆိုတော့ သွားပြီလေ။ ပက်ချိန် မရလိုက်ဘူး။ အပွင့် အသီးချိန်မှာ ပက်တာ။ လူတွေက ပထမ ရှောင်ထားရတော့ ယာခင်းတွေကို ပြန်ပြီးမကြည့်နိုင်တော့ဘူး။ မကြည့်တော့ဘူး ဆိုတာက ဘယ်အချိန် ပြေးရမှန်း မသိဘူး။ ပုတ်ချင်မှ ပုတ်ရမှာဆိုတော့ အဲဒီအချိန်မှာ ဒဏ်ခံရတာ။ လေအဝင်မသင့်တဲ့ နေရာတွေက ပိုးဝင်တာပေါ့” 

ပဲစင်းငုံတွေ ပိုးကျပြီး အစေ့အဆံ မပြည့်တော့တဲ့အတွက် ကုန်သည်တွေက ဝယ်ယူဖို့ ခက်ခဲလာသလို တစ်နှစ်အတွင်း နောက်ဆုံးသီးနှံဖြစ်တဲ့ ပဲစင်းငုံ ခုတ်သိမ်းချိန်မှာ အကျိုးအမြတ်မရတဲ့ တောင်သူတွေမှာ လာမယ့် သီးနှံစိုက်ပျိုးဖို့နဲ့ ဝမ်းစာအတွက် ခက်ခဲလာကြမှာ ဖြစ်ပါတယ်။ ရေနံချောင်းမြို့အပြင် အနောက်ဘက်ကမ်းက မင်းဘူးမြို့နယ်မှာလည်း တောင်သူငယ်တွေ လုပ်ကိုင်ရင်းနဲ့ ထမင်းနပ် မမှန်တော့တဲ့ တောင်သူတွေလည်း ရှိလာပါတယ်။ ဒီအခြေအနေကို မင်းဘူးမြို့နယ်မှ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းစိုက်ပျိုးသူ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။ 

“ကျွန်မ ပြောပြချင်တာတော့ စားနပ်ရိက္ခာမဖူလုံတာကို တော်တော်လေးကို စိုးရိမ်တယ်။  ရွာတွေမှာက လက်လုပ်လက်စားတွေက များတယ်။ တစ်အိမ်ထောင်မှ နှစ်ယောက် ဝင်ငွေက ရှစ်ထောင်၊ တစ်‌သောင်းပဲ ရှိတယ်။ အခု ဆန်တစ်ပြည်မှာ ပေါက်နေတဲ့ ဟာတွေနဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးကကျတော့ အနိုင် နိုင်ပဲလေ။ ဆန်ဈေးက တစ်ပြည်ကို ခုနစ်ထောင်၊ ရှစ်ထောင် ဖြစ်နေတာ။ ဒီဟင်းချက်စရာဆိုတာက အသေးအမွှားတွက်ရင် တစ်မိသားစု တစ်အိမ်ထောင်မှ စားနပ်ရိက္ခာ မဖူလုံတာ တော်တော်ဆိုးတယ်။ ကျွန်မတို့ဘက်မှာ နပ်ကျော်တာတွေ ဘာတွေ ရှိတယ်။ စိတ်မကောင်းစရာတွေ၊ အဲဒါမျိုးတွေ ရှိတယ်” 

အညာဒေသအတွက် ပဲစင်းငုံက စိုက်ပျိုးရ လွယ်ကူတဲ့အပြင် သီးညှပ်စိုက်ပျိုးကြတာ ဖြစ်လို့ ဓာတ်မြေဩဇာ တကူးတက ကျွေးစရာမလိုသလို ရင့်မှည့်ချိန်မှာလည်း ရိတ်သိမ်းရ လွယ်ကူတဲ့ သီးနှံလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပင်စည်ကို ထင်းအဖြစ် သုံးနိုင်လို့ ပွင့်ချိန် သီးချိန်မှာ ပိုးမကျအောင် ကာကွယ်ရတာရယ်၊ မိုးခေါင်လွန်းတာမျိုး မဖြစ်ရင် ပဲစင်းငုံက တောင်သူအတွက် အရှုံးမရှိတဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ တောင်သူ မပစ်ရက်တဲ့ အရှုံးမရှိတဲ့ သီးနှံက အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေကြောင့် ပဲစင်းငုံတွေ ပိုးကျတာကို မကာကွယ်နိုင်တော့ဘဲ သီးနှံပျက်စီးပြီး ရောင်းလို့မရတဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo - အကြမ်းဖက်စစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်  တောင်သူတွေ အပင်မပြုစုနိုင်တော့တဲ့အတွက် အစေ့အဆန်မပြည့်ဝပဲ ပျက်စီးသွားတဲ့ပဲစင်းငုံများအားတွေ့ရစဥ်



Share:

No comments:

Post a Comment