၂၀၂၅ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထုတ်ဖော်ပြောကြားမှု မရှိတာကြောင့် ဖျက်သိမ်းဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဆို
📌 ၂။ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ တွေ့ဆုံ
📌 ၃။ ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
📌 ၄။ စစ်အာဏာရှင် ကျဆုံးရေးအတွက် Association of United Nationalities-Japan (AUN) မိသားစုမှ လူအား ငွေအား နှစ်မျိုးစလုံးဖြင့် ပါဝင်ကူညီပေး
📌 ၅။ မီးခိုးနှင့် မီးဘေးကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရန်အတွက် တောမီးရှို့ခြင်းကို IEC တားမြစ်
📌 ၆။ တစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၂၉ ဦး ထိုင်းတွင် အဖမ်းခံရ
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေကြည်မြို့နယ်က စစ်ကောင်စီရဲ့ အမတ (၃၄၄) တပ်ရင်းကို AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်
🚩 ၂။ ထားဝယ်-ဘိတ် လမ်းပေါ်က ရွှေဂူဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၃။ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်နှင့် စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲချ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦး သေဆုံးကာ ၈ဦး ထိခိုက်
🚩 ၄။ ကလေးတောင်ပိုင်း သံဖိုရွာမှာ စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
🚩 ၅။ တောင်ကုတ်မှာ မြို့ခံတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်
🚩 ၆။ ဗန်းမော် စင်းခန်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၇။ မုံရွာ ချောင်းဦးနယ်မှ ပြည်သူများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထုတ်ဖော်ပြောကြားမှု မရှိတာကြောင့် ဖျက်သိမ်းဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဆို
ဖေဖော်ဝါရီ ၁၅
Radio NUG
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထုတ်ဖော်ပြောကြားမှု မရှိတာကြောင့် ဖျက်သိမ်းဟု ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ Mizzimaသတင်းဌာနနှင့် အင်တာဗျူး တစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပြောဆိုခဲ့ပါတယ်။
"ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်တွေအားလုံးက လူ့အခွင့်အရေးကော်မရှင်ဖြစ်ပေမယ့် လူတွေဖြစ်တဲ့ ပြည်သူတွေရဲ့ အခွင့်အရေးအပေါ် လုံးဝရပ်တည်တာမရှိဘူး။ ဒီလောက်ဆိုးဆိုးဝါးဝါး ကျုးလွန်နေတဲ့ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထုတ်ဖော်ပြောကြားတာမရှိဘူး၊ ကော်မရှင်သာရှိပေမယ့် နိုင်ငံတကာစံချိန်စံညွှန်းနဲ့လည်း မညီဘူး၊ ပြည်သူလူထုအတွက်လည်း အကျိုးမပြုဘူး၊ ဒီအတွက်ကြောင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းကြောင်းကြေညာခြင်းဖြစ်ပါတယ်။" လို့ ဝန်ကြီးက ပြောဆိုထားပါတယ်။
========================
📌📌 ၂။ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ တွေ့ဆုံ
ဖေဖော်ဝါရီ ၁၅
Radio NUG
ဖေဖော်ဝါရီလ ၇ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများဖြစ်သော ဂျပန်တနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နှင့် အသေးစား၊ အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) တို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးနေသည့် အလုပ်သမားသမဂ္ဂ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၁၅
Radio NUG
ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များသည် ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနှင့် တွေ့ဆုံ၍ အလုပ်သဘော နေ့လယ်စာ စားသုံးရင်း မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြကြောင်း သတင်းရရှိပါတယ်။
အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံတွင် မကြာခင်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲများ ပေါ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲများ ပေါ်လာမည်ဟု မိမိ ယုံကြည်ကြောင်း၊ ကိုရီးယား မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးများတွင် လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက မြန်မာပြည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
အီယုန်ဆွန်း အမတ်သည် နွေဦးတော်လှန်ရေး စကတည်းက မြန်မာ့တော်လှန်ရေးကို အားပေးထောက်ခံခဲ့သူ ဒီမိုကရက်တစ်ပါတီမှ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။
ဆွေးနွေးပွဲသို့ အမတ်၏ အတွင်းရေးမှူး မွန်းယိုဆေ့ဗ်၊ ကိုယ်စားလှယ်ရုံးမှ ဦးစိုးမိုးသူနှင့် ဦးဝင်းပေါ်မောင်၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်ကေသွယ်အောင်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြောင် သိရပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင် ကျဆုံးရေးအတွက် Association of United Nationalities-Japan (AUN) မိသားစုမှ လူအား ငွေအား နှစ်မျိုးစလုံးဖြင့် ပါဝင်ကူညီပေး
ဖေဖော်ဝါရီ ၁၅
Radio NUG
မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အာဏာရှင်၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော စစ်ဘေးရှောင်မိခင်နှင့် ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)ထံ ဂျပန်ယန်းငွေ ငါးသောင်း ( ယန်း ၅၀၀၀၀ ) ပေးအပ်လှူဒါန်းပေးပါသော Association of United Nationalities-Japan (AUN) မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း MOWYCAမှ သတင်းထုတ်ပြန်ပါတယ်။
AUN မိသားစု အဖွဲ့ဝင်များအားလုံးလည်း ဘေးကင်းကျန်းမာပြီး နိုင်ငံ့အကျိုး ၊ ပြည်သူ့အကျိုးကို ဒီထက်မက ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း MOWYCA မှ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
========================
📌📌 ၅။ မီးခိုးနှင့် မီးဘေးကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရန်အတွက် တောမီးရှို့ခြင်းကို IEC တားမြစ်
ဖေဖော်ဝါရီ ၁၅
Radio NUG
ကရင်နီပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအပေါ် မီးခိုးနှင့် မီးဘေးကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရန်အတွက် တောမီးရှို့ခြင်းကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တားမြစ်ထားကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
" တောင်ယာမီးရှို့တဲ့သူတွေက စနစ်တကျနဲ့ မီးတားလမ်းတွေ ဖော်ပြီးမီးရှိူ့ကြတာရှိပါတယ်။ သူတို့ အမြဲ လုပ်ကိုင်နေကြအရာတွေပါ။ အခုပြောလိုတာက တောလိုက်ဖို့အတွက် ရှို့တာတွေ ၊ မလိုအပ်ဘဲ လျှောက်ရှို့တာတွေကို ဆိုလိုတာပါ " လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောဆိုထားပါတယ်။
ထိုသို့ တားမြစ်ရခြင်းမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် သစ်တောပြုန်းတီးခြင်းနှင့် လေထုညစ်ညမ်းခြင်းကို ကာကွယ်စေရန်တို့အပြင် မီးဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိစေရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၈ရက်နေ့က ဒီးမော့ဆိုမြို့နယ်မှာ တောမီးလောင်မှုကြောင့် စက်သုံးဆီဆိုင် မီးလောင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ရက်နေ့ ကော့ကရိတ်မြို့နယ်မှာလည်း တောမီးကူးစက်မှုကြောင့် အိမ် ၆လုံး ဆုံးရှုံးခဲ့ကာ ဖေဖော်ဝါရီလ ၁၅ရက်နေ့ ည ပေါင်မြို့နယ်မှာလည်း တောမီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ တစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၂၉ ဦး ထိုင်းတွင် အဖမ်းခံရ
ဖေဖော်ဝါရီ ၁၅
Radio NUG
ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ည(၁၁)နာရီခွဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား (၂၃)ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။
မဲဆောက်မြို့ အမှတ်(၂)ကျေးရွာအတွင်း တရားမဝင် ဝင်ရောက်လာသည့် လူတစ်စုကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာက မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ သိပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့သည် ဘန်ကောက်မြို့သို့ တရားမဝင် သွားရောက်၍ အလုပ်လုပ်ကိုင်ရန် သောင်ရင်းမြစ်ကို ဖြတ်ကူးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်၌ ကုန်တင်ကားနှင့် လိုက်ပါလာသော အမျိုးသား (၄၉)ဦး၊ အမျိုးသမီး (၄၆)ဦးနှင့် ကလေး (၁၁)ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားများကို ရတ်ချဘူရီမှ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် စီစဥ်ထားခြင်းဖြစ်ပြီး ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့် တရားစွဲကာ ဖမ်းမိသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေကြည်မြို့နယ်က စစ်ကောင်စီရဲ့ အမတ (၃၄၄) တပ်ရင်းကို AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
ဧရာဝတီတိုင်း ရေကြည်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၃၄၄) အမြောက်တပ်ကို AA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ရွှေသောင်ယံနဲ့ သာပေါင်း မြို့နယ်တို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ People Spring က ဖော်ပြထားပါတယ်။
ရေကြည်မြို့နယ်၊ မြောက်စမ်း ကျေးရွာက အမတ (၃၄၄) တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အနီးကပ် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ကူများအပြင် စက်တပ်လေထီးများ အသုံးပြုပြီး ခုခံနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က သိမ်းယူလိုက်ပြီးနောက် ဟင်္သာတမြို့က ရဲတပ်ဖွဲ့ဝင်များနဲ့ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်မှ တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း သင်တန်းဆင်းများကို ဂွမြို့နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ် အမတ (၃၄၄) တပ်ကို ပို့ဆောင်ကာ ခံစစ်ပြင်ထားခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်များက ရေကြည်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဂွ - ငါးသိုင်းချောင်း လမ်းပေါ်က ဗေဒါဂိတ် အပါအဝင် စစ်ကောင်စီ တပ်စခန်း တချို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ရေကြည် အမြောက်တပ်ကို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စက်တပ်လေထီး တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့တယ်လို့ သတင်း ထွက်ပေါ်နေပြီး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
========================
🚩🚩 ၂။ ထားဝယ်-ဘိတ် လမ်းပေါ်က ရွှေဂူဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်-ဘိတ် အမှတ် ၈ အမြန်လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရွှေဂူဂိတ်မှ စစ်ကောင်စီ တပ်သားများ ဘန်ကာများ အခိုင်အမာ ပြန်ပြင်ဆောက်နေချိန်မှာ T5 Wings တပ်ဖွဲ့နဲ့ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် သရက်ချောင်း မြို့နယ်၊ ဂုံညှင်းဆိပ်ရွာနဲ့ သဲလမ်းရွာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို T5 wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့နဲ့ SKY GHOST DRONE FORCE တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်နှင့် စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲချ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦး သေဆုံးကာ ၈ဦး ထိခိုက်
ဖေဖော်ဝါရီ ၁၅
Radio NUG
ဖေဖော်ဝါရီလ ၁၅ရက် မနက် ၄နာရီ ၄၈ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မကျီးကန်ရွာကို လေထီးစက်တပ်ယာဉ်နှစ်စီးဖြင့် ဗုံးချပြီး ပစ်ခတ်သွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ပြီး နွား ၂ကောင်သေကာ ၁ကောင် ဒဏ်ရာရတယ်လို့သိရပါတယ်။
ထို့အပြင် နေ့လယ် ၁၂ နာရီ ၄၅မိနစ်ခန့်ကလည်း ခန့်နဘဲမြစ်ရွာနှင့် ပဲချက်ကြား ဘုတ်ချောင်းတံတားအနီးမှာ ပြည်သူဆိုင်ကယ်တန်း သွားနေတာကို လေယာဉ်ဖြင့် ပစ်သွားခဲ့ကာ ပြည်သူ 3ယောက် ဒဏ်ရာရသွားခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
အလားတူ မလှိုင်မြို့နယ် သရက်ကန် မြောက်ရွာကိုလည်း ဂျက်ဖိုက်တာနဲ့ ၁၁နာရီခန့်က ဗုံး ၂လုံး ကြဲချမှုကြောင့် နေအိမ် တစ်အိမ် မီးလောင်ခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကလေးတောင်ပိုင်း သံဖိုရွာမှာ စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ခိုနူမ်းသုန်သတင်းက ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်မှာ ကလေး-ဂန့်ဂေါ ကားလမ်းဘေးရှိ သံဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ရက်သား အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ကာ ၆ ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၁၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကလေး-ဂန့်ဂေါ ကားလမ်းဘေးက ကျော်ရွာကိုလည်း ဖေဖော်ဝါရီလ ၇ ရက်၊ ည ၇ နာရီ ခန့်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား သေဆုံးမှု ရှိခဲ့ပေမယ့် သီးခြား အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီ ခန့်မှာလည်း ကလေး - ဂန့်ဂေါ ကားလမ်းပေါ်က နတ်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။
========================
🚩🚩 ၅။ တောင်ကုတ်မှာ မြို့ခံတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ စစ်ကောင်စီက ထောင်ထားတဲ့ စစ်ကျန်မိုင်း တစ်လုံးကို နင်းမိခဲ့တာကြောင့် အမျိုးသား တစ်ဦး ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခ မင်းသမီး မီဒီယာက ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ စစ်ကောင်စီရဲ့ စကခ (၅) တပ် ဌာနချုပ်ဟောင်း အနီးက တပ်ဦး ဘုန်းကြီးကျောင်းမှာ ဝါးခုတ်ဖို့လာတဲ့ အသက် ၂၉ နှစ်အရွယ် ကိုမင်းဝေဆိုသူ မြေမြုပ်မိုင်းနင်းမိခဲ့တာပါ။
မိုင်းပေါက်ကွဲမှုကြောင့် ကိုမင်းဝေရဲ့ ညာဘက်ခြေထောက် ခြေသလုံး အောက်ကနေ ပြတ်ထွက်သွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ဆေးကုသမှု ခံယူဖို့ ပိုဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတစ်လုံးကို တက်နင်းမိခဲ့တာကြောင့် ကံပိုင်ရပ်ကွက်နေ အမျိုးသမီး တစ်ဦး ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာရခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ ဗန်းမော် စင်းခန်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်မှာ စင်းခန်းရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူများတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးလည်း ပါဝင်ပြီး ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် ၂ လုံးလဲ ပျက်စီးခဲ့ပါသေးတယ်။
၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီရဲ့ တပ်ရင်းများကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက်လျက် ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မုံရွာ ချောင်းဦးနယ်မှ ပြည်သူများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေ
ဖေဖော်ဝါရီ ၁၅ ရက်၊
Radio NUG
လေကြောင်း တိုက်ခိုက်မှုဒဏ် ခံနေကြရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ပိုင်း ကျေးရွာများနဲ့ ချောင်းဦး မြို့တွင်း ကျေးရွာများမှ ပြည်သူများ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ဒီနေ့အထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်များ၊ Paramotor များ အသုံးပြုကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း တိုးပွားလျက် ရှိနေကာ နယ်မြေမငြိမ်သက်မှုများကြောင့် ပြည်သူများအနေနဲ့ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးပြည်သူများအတွက်နဲ့ မုံရွာ၊ ချောင်းဦး၊ ဆားလင်းကြီးဘက်မှ အရေးပေါ် စစ်ရှောင်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
အကူအညီများ ပေးပို့လိုပါက စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက် နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment