၂၀၂၅ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG အနေနဲ့ COP26 မှာ စာမျက်နှာ တထောင်ကျော်ရှိတဲ့ Paris Agreement အရ နိုင်ငံတိုင်းတင်ပြရတဲ့ Nationally Determined Contributions NDCအစီရင်ခံစာကို တင်ပြနိုင်ခဲ့
📌 ၂။ ကရင်နီပြည်စာရင်းစစ်ချုပ်နှင့်ဒုတိယစာရင်းစစ်ချုပ် ၁တို့ကို လွှတ်တော်က အတည်ပြုခန့်အပ်
📌 ၃။ ကိုရီးယား မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးတွင် လက်တွဲဆောင်ရွက်သွားမယ်လို့ဆို
📌 ၄။ ထောက်ပို့ထီ ဒီဇင်ဘာလအတွက် ရောင်းရမှုမှ ပထမအကြိမ်ထောက်ပို့မှု သိန်းပေါင်းသုံးထောင်ကျော်ထောက်ပို့နိုင်ခဲ့
📌 ၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်၍ Training Program on Environmental Impacts of Mining အွန်လိုင်းသင်တန်းဖွင့်လှစ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်ကောင်စီမှ ကော်ဟဲကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် ပြည်သူ (၅) ဦးနှင့် နေအိမ်(၉) လုံးထိခိုက်
🚩 ၂။ ဧရာဝတီအနောက်ခြမ်းက အခရာကျတဲ့လက်နက်စက်ရုံများကို ဦးတည်တိုက်ခိုက်နိုင်ပါက မင်းအောင်လှိုင်တပ် ဒူးထောက်ရတဲ့ ဘဝရောက်သွားနိုင်
🚩 ၃။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တို့ရှိ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစု နဲ့ အကြမ်း ဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ
🚩 ၄။ ဗထူးတပ်မတော်က ကိုယ်ကျိုးရှာစီးပွားရေးသမားများအတွက် သာဂရမြို့ဟောင်း ရှေးဟောင်းယဥ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်း မြေကွက်ရိုက် ရောင်းချရန်ပြင်ဆင်နေ
🚩 ၅။ နတ်တလင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများအား ပကဖမှထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
🚩 ၆။ ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG အနေနဲ့ COP26 မှာ စာမျက်နှာ တထောင်ကျော်ရှိတဲ့ Paris Agreement အရ နိုင်ငံတိုင်းတင်ပြရတဲ့ Nationally Determined Contributions NDCအစီရင်ခံစာကို တင်ပြနိုင်ခဲ့
ဖေဖော်ဝါရီ၁၇ရက်
NUG အနေနဲ့ COP26 မှာ စာမျက်နှာ တထောင်ကျော်ရှိတဲ့ Paris Agreement အရ နိုင်ငံတိုင်းတင်ပြရတဲ့ Nationally Determined Contributions NDCအစီရင်ခံစာကို တင်ပြနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဖေဖော်ဝါရီလအတွင်း အသိပေးဆိုထားပါတယ်။
"Paris Agreement အရ နိုင်ငံတိုင်းဟာ Nationally Determined Contributions လို့ခေါ်တဲ့ NDC report တင်ကြရတယ်။ NDC ရဲ့ သဘောက ကိုယ့်နိုင်ငံအနေနဲ့ လာမဲ့ ၂၀၃၀ ရောက်ရင် ကာဗွန် ၅၀% လျှော့ချနိုင်မဲ့ အမျိုးသား အကျိုးစီးပွါးဆိုင်ရာ စီမံကိန်းမျိုးကို ပြုစုပြီးတင်ပြရတာပါ။ မြန်မာနိုင်ငံလဲ NLD ခေတ်မှာ ပြုစုခဲ့ပေမယ့် မပြီးလို့ မတင်ဖြစ်ခဲ့ဘူး၊ MONREC (NUG) အနေနဲ့ COP26 မှာ စာမျက်နှာ တထောင်ကျော်ရှိတဲ့ NDC အစီရင်ခံစာ တင်ပြခဲ့ပါတယ်။ National Focal Person (UNFCCC email ကိုင်သူ) က Non-CDM ဖြစ်နေတာကြောင့် ဆက်သွယ်ရ ခက်ခဲတဲ့ကြားကနေ အတွင်းရေးမှူးအဖွဲ့ထံ တင်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်စကစ ကိုယ်စားလှယ်များ ညီလာခံ မတက်ရောက်နိုင်ရေးလဲ ပိတ်ဆို့နိုင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၂။ ကရင်နီပြည်စာရင်းစစ်ချုပ်နှင့်ဒုတိယစာရင်းစစ်ချုပ် ၁တို့ကို လွှတ်တော်က အတည်ပြုခန့်အပ်
ဖေဖော်ဝါရီ၁၇ရက်
ကရင်နီပြည်စာရင်းစစ်ချုပ်နှင့်ဒုတိယစာရင်းစစ်ချုပ် ၁တို့ကို လွှတ်တော်ကအတည်ပြုခန့်အပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ၁၇ရက်မှာ ကရင်နီပြည်ကြားကာလလွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ၁၇ရက်နံနက်ပိုင်းတွင် ကရင်နီပြည်ကြားကာလ လွှတ်တော်ကိုခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်၁၃ဦးတက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလလွှတ်တော်ဥပဒေကြမ်းရေးဆွဲရေးနှင့် စီစစ်ရေးကော်မတီကို ကော်မတီဝင်၁၁ဦးဖြင့်လည်းကောင်း၊နိုင်ငံတကာနဲ့မဟာမိတ်ဆက်သွယ်ရေးဆက်ဆံရေးကော်မတီကို ကော်မတီဝင်၅ဦးဖြင့်လည်းကောင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားမှုအား လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်စာရင်းစစ်ချုပ်အဖြစ် မာဂရက်အားလည်းကောင်း၊ဒုတိယစာရင်းစစ်ချုပ်၁အဖြစ် ရိုစီအားလည်းကောင်း အမည်စာရင်းတင်သွင်းလာခြင်းအပေါ် လွှတ်တော်က ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါတယ်။
========================
📌📌 ၃။ ကိုရီးယား မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးတွင် လက်တွဲဆောင်ရွက်သွားမယ်လို့ဆို
ဖေဖော်ဝါရီ၁၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များသည် ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ NUGဆက်ဆံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံတွင် မကြာခင်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲများ ပေါ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲများ ပေါ်လာမည်ဟု မိမိ ယုံကြည်ကြောင်း၊ ကိုရီးယား မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးများတွင် လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက မြန်မာပြည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့ပါတယ်။
အီယုန်ဆွန်း အမတ်သည် နွေဦးတော်လှန်ရေး စကတည်းက မြန်မာ့တော်လှန်ရေးကို အားပေးထောက်ခံခဲ့သူ ဒီမိုကရက်တစ်ပါတီမှ ဝါရင့်နိုင်ငံရေးသမားတဦး ဖြစ်ပါတယ်။
ဆွေးနွေးပွဲသို့ အမတ်၏အတွင်းရေးမှူး မွန်းယိုဆေ့ဗ်၊ ကိုယ်စားလှယ်ရုံးမှ ဦးစိုးမိုးသူနှင့် ဦးဝင်းပေါ်မောင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်ကေသွယ်အောင်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ ထောက်ပို့ထီ ဒီဇင်ဘာလအတွက် ရောင်းရမှုမှ ပထမအကြိမ်ထောက်ပို့မှု သိန်းပေါင်းသုံးထောင်ကျော်ထောက်ပို့နိုင်ခဲ့
ဖေဖော်ဝါရီ၁၇ရက်
ဖေဖော်ဝါရီလအတွင်းထုတ်ပြန်ချက်အရ ထောက်ပို့ထီ ဒီဇင်ဘာလအတွက်ရောင်းရမှုမှ ပထမအကြိမ်ထောက်ပို့မှု သိန်းပေါင်း သုံးထောင့်ငါးရာရှစ်သိန်းခုနစ်သောင်းနှစ်ထောင့်ခြောက်ရာခြောက်ကျပ်တိတိနှင့် ၊ကိုရီးယားဝမ် တစ်သောင်းခြောက်ထောင်ဝမ်၊ ဂျပန်ယန်း ရှစ်ရာယန်း၊ မလေးရှားရင်းဂစ် တစ်ထောင့်နှစ်ရာရင်းဂစ်၊ ထိုင်းဘတ် နှစ်ရာ့လေးဆယ်ဘတ်၊တစ်ဆယ့်ခြောက်ရူရိုတိတိ တို့ကိုထောက်ပို့နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထောက်ပို့ထီမှ ပူးပေါင်းပါဝင်ခဲ့ကြသော တော်လှန်ပြည်သူများ၏ စုပေါင်းအင်အားကြောင့်သာ ထောက်ပို့နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်၍ Training Program on Environmental Impacts of Mining အွန်လိုင်းသင်တန်းဖွင့်လှစ်
ဖေဖော်ဝါရီ၁၇ရက်
အမျိုသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် Training Program on Environmental Impacts of Mining အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
Training Program on Environmental Impacts of Mining အွန်လိုင်းသင်တန်းကို ပြင်ပပညာရှင်များက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်သယံဇာတ တာဝန်ခံများနှင့် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားကြသည့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ကြမယ်လို့သိရပါတယ်။
သင်တန်းတွင် ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများနှင့် သတ္တုတူးဖော်ရာတွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာများ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်မျှ ကြာမြင့်မှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်ကောင်စီမှ ကော်ဟဲကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် ပြည်သူ (၅) ဦးနှင့် နေအိမ်(၉) လုံးထိခိုက်
ဖေဖော်ဝါရီ၁၇
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၅) ရက် ည (၁၁)နာရီ (၃၀)မိနစ် အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် လေယာဥ်ဖြင့် ဗုံးသီး (၂)လုံး လာရောက်ကြဲချရာ ဒူးသထူခရိုင်၊ဘီးလင်းမြို့နယ်၊ ကွေးလေးကျေးနယ်အုပ်စု၊ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါကျရောက်ပေါက်ကွဲမှုကြောင့် ကောင်ဟဲကျေးရွာ ဒေသခံပြည်သူ (၅)ဦး ဗုံးသီးကျည်စထိမှန်ပြီး အမည် စောထီးခု၊ယားနော့ပတားတို့ ဆေးရုံတွင် ဆေးကုသမှုခံနေရသည်ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ထို့ပြင်ကော်ဟဲကျေးရွာ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးပြီး ပြည်သူပိုင် ပစ္စည်းတစ်ချို့ ဗုံးသီးကျည်စ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
========================
🚩🚩 ၂။ ဧရာဝတီအနောက်ခြမ်းက အခရာကျတဲ့လက်နက်စက်ရုံများကို ဦးတည်တိုက်ခိုက်နိုင်ပါက မင်းအောင်လှိုင်တပ် ဒူးထောက်ရတဲ့ ဘဝရောက်သွားနိုင်
ဖေဖော်ဝါရီ၁၇ရက်
ဧရာဝတီအနောက်ခြမ်းက အခရာကျတဲ့လက်နက်စက်ရုံများကို ဦးတည်တိုက်ခိုက်နိုင်ပါက မင်းအောင်လှိုင်တပ် ဒူးထောက်ရတဲ့ ဘဝရောက်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ၁၇ရက်မှာ စစ်ရေးသတင်းသတင်းများသုံးသပ်ရေးသားတဲ့ PDFInsightက ဖော်ပြပါတယ်။
"နွေဦးတော်လှန်ရေး ဘယ်နည်းဘယ်ပုံ အောင်ပွဲခံသွားနိုင်မလဲဆိုတာအပေါ် လတ်တလောမြင်တွေ့နေရတဲ့ အခြေအနေများအရသုံးသပ်မယ်ဆိုရင် မြန်မာအနောက်ကြော ချင်းတောင်ပိုင်းနဲ့ AA အင်အားများ ၊ မြန်မာအလယ်ကြော စစ်ကိုင်းမကွေး PDF များနဲ့ TNLAအင်အားများ ၊ မြန်မာမြောက်ဘက်ခြမ်း ကချင် နဲ့ KIA အင်အားများ၊ မြန်မာအရှေ့တောင်ခြမ်း ကရင်နီနဲ့ KNLAအင်အားများ+ PDF များက အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ဒီနေရာမှာ ဧရာဝတီအနောက်ခြမ်းက လက်နက်စက်ရုံများထဲက ပိုပြီး အခရာကျတဲ့စက်ရုံများကို ဦးတည်တိုက်ခိုက်ဖို့က ရှေ့ကိုရောက်လာနိုင်ပါတယ်။ ဒီစက်ရုံအချို့ကို သိမ်းပိုက်တာ သို့မဟုတ် ဖျက်ဆီးတာ လုပ်နိုင်ရင်တောင် မင်းအောင်လှိုင်တပ် ဒူးထောက်ရတဲ့ ဘဝရောက်သွားနိုင်ပါတယ်"လို့ဖော်ပြပါတယ်။
ဧရာဝတီအနောက်ခြမ်းတိုက်ပွဲတွေဟာ နေပြည်တော်သိမ်းပိုက်ရေးအတွက် အနီးဆုံးလမ်းကြောင်း ဖြစ်လာနိုင်တယ်လို့လည်း PDFInsightကဆိုပါတယ်။
========================
🚩🚩 ၃။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တို့ရှိ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစု နဲ့ အကြမ်း ဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ
ဖေဖော်ဝါရီ၁၇ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တို့ရှိ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစု နဲ့ အကြမ်း ဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ထုတ်ပြန်ပါတယ်။
ထို့အတွက်လေကြောင်းတိုက်ခိုက်မှုများကို အထူးသတိထားဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နဲ့ ကလေးမြို့နယ် တောင်ပိုင်းက ဂန့်ဂေါ - ကလေးလမ်းပိုင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နေ့ ကစပြီးစကစဘက်ကလေကြောင်းအသုံးပြုတိုက်ခိုက်လျက်ရှိပါတယ်။
========================
🚩🚩 ၄။ ဗထူးတပ်မတော်က ကိုယ်ကျိုးရှာစီးပွားရေးသမားများအတွက် သာဂရမြို့ဟောင်း ရှေးဟောင်းယဥ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်း မြေကွက်ရိုက် ရောင်းချရန်ပြင်ဆင်နေ
ဖေဖော်ဝါရီ၁၇ရက်
ဗထူးတပ်မတော်က ကိုယ်ကျိုးရှာစီးပွားရေးသမားများအတွက် အင်အားသုံး လုံခြုံရေးယူပေးပြီး သာဂရမြို့ဟောင်း ရှေးဟောင်းယဥ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်း မြေကွက်ရိုက် ရောင်းချရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဗထူးတပ်မတော်မှ သာဂရမြို့ဟောင်း မြို့ရိုးများအား ဖျက်ဆီးနေမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်းတရပ်ကို ဖေဖော်ဝါရီ၁၆ရက် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကထုတ်ပြန်ပါတယ်။
ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သောဗထူးတပ်မတော်မှ စီးပွားရေးသမားများနှင့် ပူးပေါင်း၍ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ ထားဝယ်ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည့် သာဂရမြို့ဟောင်း မြို့ရိုးအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စက်ယန္တရားများ အသုံးပြုပြီး ဖြိုချဖျက်ဆီးနေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
ထားဝယ်တစ်မျိုးသားလုံး၏ သမိုင်းအမွေအနှစ်ဖြစ်သည့် သာဂရမြို့ဟောင်းအား ဆင်ခြင်မဲ့စွာ ဖျက်ဆီးပစ်နေသည့် ဗထူးတပ်မတော်နှင့် ဝိသမလောဘသားများ၏ လုပ်ရပ်သည် ထားဝယ်လူမျိုးစုတရပ်လုံး၏ ကိုယ်ပိုင်ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို အောက်တန်းကျစွာ ဖျက်ဆီးပစ်သည့် လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်အား ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ထားဝယ်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်ကို ပူးပေါင်းဆန့်ကျင်ကြဖို့နှင့် ပါဝင်ကျူးလွန်သူများကို အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ နတ်တလင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများအား ပကဖမှထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
ဖေဖော်ဝါရီ၁၇ရက်
နတ်တလင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများအားပကဖမှထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါတယ်။
နတ်တလင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများအား သာယာဝတီခရိုင် (ခရိုင်ပ.က.ဖ)၊နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှင့် သာယာဝတီခရိုင် အမှတ်(၁)၊ တပ်ရင်း၃၈၀၁ တပ်ဖွဲ့များမှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ နတ်တလင်းပကဖက အသိပေးဖော်ပြပါတယ်။
========================
🚩🚩 ၆။ ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်
ဖေဖော်ဝါရီ၁၇ရက်
ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ၁၆ရက် NUG Payက အသိပေးကြေညာပါတယ်။
"NUGPay နှင့် ပြည်သူများ၏ ၂၃ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်"လို့ဖော်ပြပါတယ်။
ပုံပါ NUGPay အကောင့် (forourpeople*nugpay.app) သို့ လှုဒါန်းနိုင်ပြီး လှူဒါန်းမှုများကို ယနေ့မှစ၍ ဖေဖော်ဝါရီ၂၈ရက်အထိလက်ခံကာ မြေပြင်အရောက် ပေးပို့သွားမှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment