၂၀၂၅ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
📌 ၂။ NUGနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ရဲဘော် ဂျူလီယို ကွယ်လွန်မှုအတွက် ဂုဏ်ပြုနှုတ်ဆက်
📌 ၃။ စစ်တပ်နှင့် ရဲတပ်ဖွဲဝင်များမှ လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၁၈)ဦးအား အင်းစိန်အကျဥ်းထောင်တွင်းမှ စစ်တွေသို့ ပို့ဆောင်ပြီး ရှေ့တန်းပို့ဆောင်ရန် စီစဉ်ထား
📌 ၄။ အောင်လံမြို့တွင် ပေါ်တာဆွဲခံရပြီး ပြန်ပြေးသွားသူအား ခေါ်ရန်သွားသည့် ရဲတပ်ကြပ်ကြီးနှင့် ပျူစောထီးကို ဓားဖြင့် ခုတ်သတ်
📌 ၅။ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် မြေပြင်လူထုသပိတ်တိုက်ပွဲ ပြုလုပ်
📌 ၆။ ပြည်သူမှ ပြည်သူသို့ ရင်တွင်းဖြစ်စကားသံများ ပေးပို့နိုင်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေး နယ်မြေ (၂) အတွင်းက စစ်ကောင်စီရဲ့ ကာကင်း စခန်း ၇ ခုကို တပြိုင်နက် ဝင်ရောက်ချေမှုန်းခဲ့
🚩 ၂။ မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ သံပြားကာ ကားများအား နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်
🚩 ၃။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းလှကျေးရွာက နေအိမ် ၇ လုံး မီးလောင်ပျက်စီး
🚩 ၄။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၅။ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူတွေနဲ့အတူ စေတီတည်ဆောက်ရေးတွင် PDFရဲဘော်များ လုပ်အားပေးကုသိုလ်ယူ
🚩 ၆။ မြိုင်တွင် စစ်ကောင်စီ တပ်သား တစ်ဦး လက်နက်နဲ့တကွ အလင်းဝင်
🚩 ၇။ စစ်ကောင်စီရဲ့ ခလရ (၇၃) တပ်မှ တပ်သားတစ်ဦး လက်နက်နဲ့ တကွ KNU ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ဖေဖော်ဝါရီ ၁၆
Radio NUG
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် သွားရောက် တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHမှ သတင်းထုတ်ပြန်ပါတယ်။
ကြားနာပွဲတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် ကမ္ဘာတစ်ဝှမ်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အလားအလာများနှင့် လွှတ်တော်ကဏ္ဍက ဆောင်ရွက်သင့်သည်များကို ဖော်ထုတ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် “စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုများ ရပ်တန့်သွားခဲ့ရမှုများ၊ လွှတ်တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ယင်းအခြေအနေများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းနေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ စိုးမိုးထိန်းချုပ်နေမှုများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးစေလိုမှုများ” ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ မြန်မာလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တာဝန်များကို ထမ်းဆောင်နေခြင်းကြောင့် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
ယင်းအသိအမှတ်ပြုမှုအား ညီလာခံများတွင် ဆက်လက်အတည်ပြုဆုံးဖြတ်ခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာပါလီမန်များအဖွဲ့၏ ညီလာခံများနှင့် အစည်းအဝေးများသို့ တက်ရောက်ကာ မြန်မာ့အရေးအခြေအနေများ၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ထို့ပြင် မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အနာဂတ်နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့်၊ ပံ့ပိုးကူညီပေးစေလိုသည့် ကိစ္စရပ်များကို တိုက်တွန်းလုပ်ဆောင်လျက်ရှိပါတယ်။
ယခုလွှတ်တော်ဆိုင်ရာကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒေါ်မြတ်သီတာထွန်း (နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ) တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ NUGနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ရဲဘော် ဂျူလီယို ကွယ်လွန်မှုအတွက် ဂုဏ်ပြုနှုတ်ဆက်
ဖေဖော်ဝါရီ ၁၆
Radio NUG
ကျောင်းမှာ ဘောဂဗေဒကို အထူးပြု လေ့လာခဲ့ပေမယ့် နည်းပညာကို အထူးစိတ်ပါဝင်စားပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ရဲဘော် ဂျူလီယို ကွယ်လွန်သွားသည့်အတွက် တော်လှန်ရေးကာလတလျှောက် အတူပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ အားလုံး နှမြော တသဖြစ်ရပါကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံပညာကိုလည်း ဝါသနာပါပြီး ခရီးတွေ ထွက်ဖို့လည်း စိတ်အားထက်သန်တဲ့ ရဲဘော် ဂျူလီယိုသည် ၂ဝ၁၈ ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ကာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းစဉ်ကတည်းက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်လို့ သိရပါတယ်။
၂ဝ၂၂ ခုနှစ် မတ်လကတည်းက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုဂျူလီယိုဟာ အမြဲမပြတ်လေ့လာသင်ယူမှုတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေခဲ့သူ ဖြစ်ပြီး အိမ်လွမ်းကြောင်း ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ပြရင်း လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေကို မျက်ရည်ဝဲ စေခဲ့ဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။
ဝါသနာပါမပါ မသေချာပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကို အကနဲ့ ဖျော်ဖြေခဲ့ပေးဖူးသူ ရဲဘော်အဖြစ် အမြဲ အောက်မေ့သတိရနေကြကြောင်း၊ ရဲဘော်ရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်ကို ဆက်လက်သယ်ပိုးရင်း ပိုမိုလွတ်လပ်သော၊ တန်းတူညီမျှသော၊ တရားမျှတသော နိုင်ငံသစ်ကို တည်ဆောက်နိုင်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြမှာဖြစ်ကြောင်း၊ ကျန်ရစ်သူ ရဲဘော်တွေအနေနဲ့ သန္နိဌာန်ပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ စစ်တပ်နှင့် ရဲတပ်ဖွဲဝင်များမှ လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၁၈)ဦးအား အင်းစိန်အကျဥ်းထောင်တွင်းမှ စစ်တွေသို့ ပို့ဆောင်ပြီး ရှေ့တန်းပို့ဆောင်ရန် စီစဉ်ထား
ဖေဖော်ဝါရီ ၁၆
Radio NUG
ဖေဖော်ဝါရီလ ၁၆ရက်နေ့၊ မနက် (၆)နာရီဝန်းကျင်အချိန်မှစ၍ လွတ်ရက်စေ့ပြီးသည့် ရိုဟင်ဂျာအမျိုးသား (၁၈)ဦးမှလွဲ၍ ကျန်ရိုဟင်ဂျာ အမျိုးသား ( ၅၈၄)ဦး၊ အမျိုးသမီး (၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့အား အင်းစိန်အကျဉ်းထောင်မှတဆင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ခေါ်ထုတ်ခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေကို ရေကြောင်းအသုံးပြု၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့တွင်လည်း လဝက ဝန်ထမ်း (၅၀)ဦးကျော်တို့မှ အဆိုပါ ရိုဟင်ဂျာ(၉၃၆)ဦးတို့အား အကျဉ်းထောင်အတွင်း လာရောက်၍ အထောက်အထားကဒ်များ ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရှိထားပြီး မည်သည့် ကတ် အမျိုးအစားများ ဖြစ်သည်ကိုမူ ဆက်လက်အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ရိုဟင်ဂျာ (၉၃၆)ဦးတွင် စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာများအား ပြီးခဲ့သည့် ရက်များအတွင်း ၎င်းတို့အား ချုပ်နှောင်ထားသည့် အကျဥ်းထောင်များမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံထား ရသူများလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ရိုဟင်ဂျာများကို လွတ်ရက်စေ့ကာလ ကြာမြင့်သည့်တိုင်အောင် မလွှတ်ပေးခဲ့သည့်အပြင် အချို့ရိုဟင်ဂျာများမှာ တစ်နှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။
ကနဦး ရရှိထားသည့် အချက်အလက်များအရ ရိုဟင်ဂျာများအား ရှေ့တန်းသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရှိထားပြီး နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်စောင့်ကြည့်သွားရန်အထူးလိုအပ်လျက်ရှိကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၄။ အောင်လံမြို့တွင် ပေါ်တာဆွဲခံရပြီး ပြန်ပြေးသွားသူအား ခေါ်ရန်သွားသည့် ရဲတပ်ကြပ်ကြီးနှင့် ပျူစောထီးကို ဓားဖြင့် ခုတ်သတ်
ဖေဖော်ဝါရီ ၁၆
Radio NUG
ဖေဖော်ဝါရီ ၁၅ ရက်ညနေ ၅ နာရီခန့်တွင် အောင်လံမြို့မရဲစခန်းက အသက် ၅၃ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ကျော်သူရနဲ့ အသက် ၅၀ အရွယ် ငထွန်းတို့ ၂ ဦးဟာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရပြီးနောက် ပြန်ပြေးလာသူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို သဇင်လမ်းသွယ်က နေအိမ်မှာ ပြန်လာခေါ်ချိန် အဆိုပါအမျိုးသားနဲ့ အကိုဖြစ်သူတို့က ဓါးနဲ့ခုတ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
အဆိုပါ ရဲတပ်ကြပ်နှင့် ပျူစောထီးတို့သည် လက်နက်မပါဘဲ အရပ်ဝတ်နဲ့ သွားကြတာလို့ သိရပါတယ်။
ဓားနဲ့ခုတ်ခံရတဲ့ ၂ ဦးစလုံး ထွက်ပြေးခဲ့ပြီး ရဲတပ်ကြပ်ကြီး ကျော်သူရက နေအိမ်အနီး ခရမ်းညွန့်စိုက်ခင်းထဲမှာ လဲကျသေဆုံးကာ ငထွန်းက ကိုင်းတောထဲမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ရဲတပ်ကြပ်ကြီး ကျော်သူရသည် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် မြေပြင်လူထုသပိတ်တိုက်ပွဲ ပြုလုပ်
ဖေဖော်ဝါရီ ၁၆
Radio NUG
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee - Northern California က ဦးဆောင်၍ “ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့” ခေါင်းစဉ်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ မြေပြင်လူထုသပိတ်တိုက်ပွဲကို (၁၅၀) ကြိမ်မြောက် ပြုလုပ်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားအင်အားစုများ စုစည်းညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ပြည်သူမှ ပြည်သူသို့ ရင်တွင်းဖြစ်စကားသံများ ပေးပို့နိုင်
ဖေဖော်ဝါရီ ၁၆
Radio NUG
နွေဦးတော်လှန်ရေး (၄) နှစ်တာကာလတွင် နည်းလမ်းမျိုးစုံ၊ ဘက်ပေါင်းစုံကနေ တော်လှန်နေရတဲ့ ပြည်သူတွေအဖို့ ပြောစရာစကားတွေ အများကြီး ရှိပြီး မပြောဖြစ်ခဲ့ကြတာတွေ ရှိကြမှာ ဖြစ်တာကြောင့် အကြောင်းအရင်းအမျိုးမျိုးကြောင့် မပြောဖြစ်ခဲ့တာတွေကို “ပြည်သူမှပြည်သူသို့” အစီအစဉ်မှာ ပါဝင်ရင်း ပေးပို့နိုင်ကြောင်း BloodMoney - သွေးစွန်းငွေမှ သတင်းထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေး (၄) နှစ်ပြည့် ရင်တွင်းစကားသံများအတွက် တော်လှန် ကဗျာများ၊ ရင်တွင်းခံစားချက်များ၊ ရင်တွင်းခံစားချက် video များ၊ အသံဖိုင်များ၊ တောင်းဆိုချက်များနှင့် စာသားများဖြင့် တွဲရိုက်ထားသော ဓာတ်ပုံများ ပေးပို့နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အနုတ်သဘောဆောင်တဲ့ အကြံပြုချက်၊ ဝေဖန်မှုများမှလွဲပြီး မိမိကြိုက်နှစ်သက်ရာ ပေးပို့နိုင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေး နယ်မြေ (၂) အတွင်းက စစ်ကောင်စီရဲ့ ကာကင်း စခန်း ၇ ခုကို တပြိုင်နက် ဝင်ရောက်ချေမှုန်းခဲ့
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ဆင်ရေး နယ်မြေ (၂) အတွင်း စစ်ကောင်စီရဲ့ မြို့များကို ကာထားတဲ့ ကာကင်းစခန်း ၇ ခုကို တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ဆင်ရေး နယ်မြေ ၂ အတွင်းက ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တို့နဲ့ KNLA တပ်ဖွဲ့ တို့က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ အဝင်ရှိ သံလမ်းကုန်းပေါ်က ကာကင်းစခန်းနဲ့ ပဲနွယ်ကုန်းမြို့ အဝင်က ခမရ ၃၀၇ တပ် ကာကင်းစခန်းတို့ကို တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကာ တော်လှန်ရေးတပ်တွေဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဆင်တဲကုန်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို PDF ၇၈၀၃ တပ်ရင်း က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် - မန္တလေး လမ်းဟောင်းဘေးရှိ ဆာဂွန်း ဂိတ်ကိုလည်း ဖြူး ပ.က.ဖ နဲ့ (၆၀၀၂) ဧရာဝတီ တပ်ရင်းတို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရဲမှူး အပါအဝင် ၂ ဦး သေဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပဲနွယ်ကုန်း - ကွင်းချောင်းဝ လမ်းပေါ်ရှိ နရွဲပင်ရွာအထိုင် စစ်ကောင်စီ ကင်းစခန်းကို ဗျူဟာ ၂၅ ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ၅ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးရှိ တောရကျောင်းစခန်းကို KNLA တပ်ရင်း ၉ နဲ့ PDF ၃၇၀၂ တပ်ရင်း တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က တစ်ဦး သေဆုံးခဲ့ကာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၀ လုံး၊ MA-11 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ရှေ့ထွက်မိုင်း အသေး ၂ လုံး၊ ၁၄ နင်းမိုင်း ၂ ခု၊ လက်ပစ်ဗုံး ၆ လုံးနဲ့ MA ကျည် ၁၀၀ တောင့်တို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
ညောင်လေးပင် မြို့နယ်၊ တော်ဝိ နဲ့ ထိန်တပင် ရွာကြား၊ ရန်ကုန် - မန္တလေး ရထားလမ်း ကာကင်း ဂိတ်စခန်းအား PDF (၉၉၁၃) တော်ဝင်ဒေါင်း တပ်ရင်းက စီးနင်းသိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ သံပြားကာ ကားများအား နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာ - ချောင်းဦး လမ်းပိုင်းပေါ်တွင် စစ်ကောင်စီရဲ့ သံပြားကာ ကားများကို နှစ်ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Idiots Column က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန်ခန့်မှာ Jammer ကားတစ်စီးနဲ့ သံပြားကာ ကားတစ်စီးကို ရှေ့ထွက် ၅ လုံးတစ်ပွိုင့်၊ ပဒေသာမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ညနေ ၆ နာရီခွဲ အချိန်မှာလည်း နမခ ကနေ ထွက်လာတဲ့ သံပြားကာ ကားတစ်စီးကို အသင့်ပြင်ထားတဲ့ ပဒေသာ မိုင်း ၁ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို North Western People Defence Force - N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column ၊ မုံရွာခရိုင် တပ်ရင်း (၁၁) တပ်ခွဲ (၂) Youth Vigor Revolution Force ၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၄ တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force) နဲ့ Black tiger Attacks force ( LPDF) တို့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က ၇ ဦး သေဆုံးခဲ့ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းလှကျေးရွာက နေအိမ် ၇ လုံး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်က မင်းလှ ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
စစ်တွေမြို့နယ်၊ ဇော်မဒက်ရွာမှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ ၄ နာရီကျော် အထိ မင်းလှ ကျေးရွာထဲကို လက်နက်ကြီး ၁၃ လုံးတိတိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်း လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် မင်းလှ ရွာထဲက နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ Voice of Mandalay က ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်မှာ ကျောက်တံတား ရွာသစ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့တာကြောင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
၎င်းတို့ ၃ ဦးထဲမှ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန် ၂ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် နေ့လည် ၁ နာရီ ၂၂ မိနစ် ခန့်မှာလည်း မတ္တရာမြို့ အရှေ့ခြမ်းက မြို့စိုးကုန်းနဲ့ ဘိုကုန်း အနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူတွေနဲ့အတူ စေတီတည်ဆောက်ရေးတွင် PDFရဲဘော်များ လုပ်အားပေးကုသိုလ်ယူ
ဖေဖော်ဝါရီ ၁၆
Radio NUG
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ပြည်သူတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စေတီတည်ဆောက်ရေးမှာ ပါဝင်လုပ်အားပေးခဲ့တဲ့ ပုံရိပ်တွေကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ သတင်းထုတ်ပြန်ပါတယ်။
ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များမှ စေတီတည်ဆောက်မှုတွင် ပြည်သူများနှင့်အတူ လုပ်အားဒါနပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ မြိုင်တွင် စစ်ကောင်စီ တပ်သား တစ်ဦး လက်နက်နဲ့တကွ အလင်းဝင်
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ ရိက္ခာစစ်ကြောင်းမှ တပ်သား တစ်ဦး လက်နက်၊ ခဲယမ်းများနှင့်တကွ အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက် တပ်မတော် မြိုင်တပ်ခွဲက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သား ညီညီဖြိုး ဆိုသူဟာ ကျားသစ်နက် တပ်မတော် မြိုင်တပ်ခွဲထံကို လက်နက်ခဲယမ်းများနဲ့ ဆက်သွယ်အလင်းဝင်ရောက်လာခဲ့ပြီး 5.56 ကျည် ၁၃၃ တောင့်၊ လက်ပစ်ဗုံး တလုံး၊ MA-1 ကျည်ဘောက် ၃ ခုနဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းအလင်းဝင် တပ်သားဟာ စစ်ကိုင်းတိုင်း၊ ဘုတလင် ဇာတိဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ၊ ၁၈ ရက်နေ့က ရွှေမျှောလုပ်ငန်း လုပ်ကိုင်နေစဉ် SNA ရှမ်းနီ တပ်များရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ရဲလက်ထဲကို အပ်ခဲ့ပြီး အဲ့ဒီက တဆင့် စစ်သားစုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာ စစ်သင်တန်း ၃ လ တက်ခဲ့ရပြီး တံတားဦးကို ပို့ခံခဲ့ရကာ အဲ့ဒီကနေတဆင့် ပခုက္ကူ တပ်မ (၁၀၁) လက်အောက်ခံ ၂၅၁ တပ်ရင်းကို ရောက်ရှိခဲ့ပြီး ရိက္ခာ စစ်ကြောင်းနဲ့အတူ မြိုင်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားကို ကောင်းမွန်စွာ ခေါ်ယူစောင့်ရှောက်ထားတယ်လို့ အသိပေးထားပြီး စစ်ကောင်စီ တပ်သား အဟောင်းများရော စစ်မှုထမ်း ပါလာတဲ့ တပ်သားသစ်များပါ နီးစပ်ရာ တော်လှန်ရေးတပ်များနဲ့ ချိတ်ဆက်ပြီး အချိန်မှီ အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီရဲ့ ခလရ (၇၃) တပ်မှ တပ်သားတစ်ဦး လက်နက်နဲ့ တကွ KNU ထံ အလင်းဝင်
ဖေဖော်ဝါရီ ၁၆ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လီထူခရိုင်၊ မူးမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၇၃) လက်အောက်ခံ သပြေညွန့် စခန်းမှ တပ်သားတစ်ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သပြေညွန့်စခန်းမှ စစ်သားတစ်ဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုစိုးသူဟာ သေနတ် ၁ လက်၊ ကျည်တောင့် ၇၀ နဲ့အတူ KNU မူးမြို့နယ်၊ တပ်ရင်း ၈ ထံကို လက်နက်ချ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားကို KNU မြို့နယ် တာဝန်ရှိသူက ဂုဏ်ပြုငွေ ၁၀ သိန်းကျပ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်မှ အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူများနှင့်အတူ ပူးပေါင်းလာတဲ့ မည့်သူ့ကိုမဆို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း KNU မူးမြို့နယ် တာဝန်ရှိ ခေါင်းဆောင်က တိုက်တွန်းခဲ့ကြောင်း အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment