၂၀၂၅ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ အစောင်ရေရှစ်ထောင်ရောင်းချပေးရာ ငါးရာသာကျန်ရှိတော့
📌 ၂။ အာဆီယံက မလေးရှားရှိ ADMM Retreat သို့ စစ်အုပ်စုကိုဖိတ်ကြားရန်မသင့်ဘူးလို့ထောက်ပြ
📌 ၃။ လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)အမည်နဲ့ ငွေတောင်းတဲ့ထုတ်ပြန်ချက်အတုတစောင်ထွက်ပေါ်
📌 ၄။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့လက်မှတ်နဲ့ ဂီတာလေလံတင်ရောင်းချမှု စတာလင်ပေါင်၂၅၀၀ရရှိခဲ့
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ စစ်သင်တန်းကျောင်း ၂ သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်
🚩 ၂။ ချောင်းဦးနယ် မြပုလဲဆီဆိုင်မှာအထိုင်ချနေတဲ့ စစ်တပ်အထိုင်စခန်းကို ၆၀ မမ နဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး
🚩 ၃။ ရှမ်း-မန်းစစ်ဆင်ရေးမှာကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင် PDF ၃၅ တပ်ရင်းက ရဲဘော်၂ဦး ကျဆုံးခြင်းအခမ်းအနားကျင်းပ
🚩 ၄။ KIA တပ်မဟာ ၈ နယ်မြေ မြစေတီနဲ့ ရွှေကူလေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦး သေဆုံး
🚩 ၅။ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ဝါရာဇွပ်ဒေသခံတဦး သေဆုံး
🚩 ၆။ ကနီနယ် ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးတိုက်ခိုက်မှုမှာ အရပ်သား၅ဦး သေဆုံးပြီး ၁ဝဦး ဒဏ်ရာရ
🚩 ၇။ PLA(အနောက်မြောက်စစ်ဒေသ) နှင့် မဟာမိတ်တပ်ဖွဲ့များမြင်းခြံခရိုင် တောင်သာမြို့နယ် ထနောင်းကုန်း ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ အစောင်ရေရှစ်ထောင်ရောင်းချပေးရာ ငါးရာသာကျန်ရှိတော့
ဖေဖော်ဝါရီ၁၉ရက်
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ အစောင်ရေရှစ်ထောင်ရောင်းချပေးရာ ငါးရာသာကျန်ရှိတော့တယ်လို့ ဖေဖော်ဝါရီလအတွင်း ကမ်ပိန်းလူမှုကွန်ရက်က အသိပေးဖော်ပြပါတယ်။
"အမေစုမွေးနေ့အမှတ်တရပြက္ခဒိန်လေးဟာ ၁၃ ရက်နေ့မှစတင်အရောင်းဖွင့်ခဲ့သည်မှာ ယနေ့ ၅ ရက်မြောက်နေ့တွင် စုစုပေါင်းအစောင် ၈၀၀၀ တွင် အစောင်အရေအတွက် ၅၀၀ သာကျန်ရှိပါတော့ကြောင်းအသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။
ကမ်ပိန်းကာလမတိုင်ခင် ပြက္ခဒိန်များအရောင်းကုန်ဆုံးသွားပါကလည်း ကမ်ပိန်း နှင့်ပါတ်သတ်သည့်အကြောင်းအရာများကိုဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
========================
📌📌 ၂။ အာဆီယံက မလေးရှားရှိ ADMM Retreat သို့ စစ်အုပ်စုကိုဖိတ်ကြားရန်မသင့်ဘူးလို့ထောက်ပြ
ဖေဖော်ဝါရီ၁၉ရက်
အာဆီယံက မလေးရှားရှိ ADMM Retreat သို့ မြန်မာစစ်အုပ်စုကို ဖိတ်ကြားရန်မသင့်ဘူးလို့ ထောက်ပြဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ၁၉ရက် Data for Myanmar ၏ အစိပေးဖော်ပြချက်အရ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် အာဆီယံသည် မလေးရှားနိုင်ငံ၌ ADMM Retreat တွင်ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် ဒေသတွင်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြမည့် အဓိကကာကွယ်ရေးအစည်းဝေးတစ်ခုကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့ဖြစ်တဲ့ ရာဇ၀တ်စစကစကို နောက်တစ်ကြိမ် ထိုင်ခုံနေရာ ပေးမှာလားလို့ Data for Myanmarကဖော်ပြထားပါတယ်။
========================
📌📌 ၃။ လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)အမည်နဲ့ ငွေတောင်းတဲ့ထုတ်ပြန်ချက်အတုတစောင်ထွက်ပေါ်
ဖေဖော်ဝါရီ၁၉ရက်
လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)အမည်နဲ့ ငွေတောင်းတဲ့ထုတ်ပြန်ချက်အတုတစောင်ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ၁၉ရက်ရှင်းလင်းချက်အရ လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ချိန်ထိ ရပ်တည်လာခဲ့သည် မှာ ပြည်သူလူထု ၏ အကူအညီအထောက်အပံ့များနှင့်သာ ရပ်တည်နေခြင်းဖြစ်ပြီး မိမိတို့တပ်ဖွဲ့ အနေဖြင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်စာ ၊ အခွန် ၊ ပြေစာဖြင့် ကောက်ခံသော ရန်ပုံငွေ များအား ယနေ့ချိန်ထိတိုင် တစ်ကြိမ်တစ်ခါမျှ ကောက်ခံခြင်းမျိုး မပြုလုပ်ခဲ့ဘူးလို့ဖော်ပြပါတယ်။
လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) သည် ယနေ့ထိတိုင် စစ်အာဏာရှင်စနစ် တော်လှန်လာခဲ့သည် ၄နှစ် တိုင်ရှိခဲ့ပြီ ဖြစ်ကာ ပြည်သူ့ကို ကာကွယ်ရန် နှင့် အာဏာရှင် အမြစ်ပြတ် ကျဆုံး ရန်ကို သာ ရည်ရွယ်၍ ဖွဲ့စည်းခဲ့ပြီး ကယား(ကရင်နီ)တပ်ပေါင်းစု များနှင့် အတူ မြေပြင်၌ တိုက်ပွဲဝင်လျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့လက်မှတ်နဲ့ ဂီတာလေလံတင်ရောင်းချမှု စတာလင်ပေါင်၂၅၀၀ရရှိခဲ့
ဖေဖော်ဝါရီ၁၉ရက်
အဆိုတော်ဖြူဖြူကျော်သိန်းရဲ့လက်မှတ်နဲ့ ဂီတာလေလံတင်ရောင်းချမှု စတာလင်ပေါင်၂၅၀၀ရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလအတွင်း အဆိုတော်ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။
"ပင်လုံနေ့တုန်းက UK မှာ ဖြူဖြူလက်မှတ်ထိုးပေးခဲ့တဲ့ ဂီတာလေးကို လေလံဆွဲတာ စတာလင်ပေါင် ၂၅၀၀ (မြန်မာငွေ ၁၃၇ သိန်းကျော်) ရတယ်တဲ့။အင်မတန် ကြည်နူးရပါတယ်။ဂီတာကို ပြန်လှူပေးတဲ့ ဂီတာပိုင်ရှင် ကိုအောင်လွင်၊ ပွဲခင်းထဲ ကိုယ်တိုင်ဂီတာပိုက်ပြီး လိုက်ပြပေးတဲ့ ညီမလေး မေမြတ်နိုး၊ လေလံအစီအစဉ်ကို သေချာပြင်ဆင်ကြိုးစားပေးကြတဲ့ UK က ညီအစ်ကိုမောင်နှမတွေ၊ ပြည်တွင်းက ကိုယ့်သွေးချင်းတွေကို ကူချင်စိတ်နဲ့ အပြိုင်အဆိုင် လေလံဆွဲပါဝင်ပေးကြတဲ့ UK ရောက် မိသားစုဝင်တွေ၊ ဂီတာလေးတစ်လုံးကို ဖြူ့လက်မှတ်လေးပါရုံနဲ့ စတာလင်ပေါင် ၂၅၀၀ ထိပေးပြီးတော့ကို လေလံဆွဲသွားတဲ့ ဖြူ့ပရိသတ်အစ်ကိုနဲ့အစ်မစုံတွဲအားလုံး အားလုံးကို ကျေးဇူးအထူးပါ"လို့ဆိုပါတယ်။အဆိုပါရရှိငွေများကို မြန်မာပြည်ရဲ့လိုအပ်သောနေရာများသို့ UK community ကပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။@Zaw Moe @PuHtu Zin
========================
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ စစ်သင်တန်းကျောင်း ၂ သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်
ဖေဖော်ဝါရီ၁၉ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဒေသခွဲ စစ်သင်တန်းကျောင်း ၂ သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဒေသခွဲ စစ်သင်တန်းကျောင်း ၂ ရဲ့ အခြေခံစစ်ပညာနဲ့ စစ်လက်နက် ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၁/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့တဲ့ သင်တန်းဆင်းပွဲသဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် စစ်ဥပဒေချုပ်ရုံး လက်ထောက်စစ်ဥပဒေချုပ် ရဲဘော်မောင်မောင်က ဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ အမှတ်-၁ စစ်ဆင်ရေးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ တောင်းပိုင်းတိုင်းစစ်ဒေသ စစ်ရေးချုပ် ဆရာမ ယင်းမာ၊ သထုံခရိုင် PDF ဆေးတာဝန်ခံ ဒေါက်တာဒေဝ ၊ ဧည့်သည်တော် ဒေါ်ဖြူဖြူသင်း၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်သင်တန်း အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်တာ၊ လက်ဖြောင့် ထူးချွန်ဆု၊ စံပြကျောင်းသားထူးချွန်ဆု၊ ဇွဲထူးချွန်ဆု၊ စည်းကမ်းသေဝပ်မှုနဲ့ အုပ်ချုပ်ရေးအကောင်းမွန်ဆုံးဆု စတဲ့ ဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ချောင်းဦးနယ် မြပုလဲဆီဆိုင်မှာအထိုင်ချနေတဲ့ စစ်တပ်အထိုင်စခန်းကို ၆၀ မမ နဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး
ဖေဖော်ဝါရီ၁၉ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အထိုင်ချနေတဲ့ ခင်မွန်ရွာက မြပုလဲဆီဆိုင် အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ Snipe Rangers Force -Local – PDF က ဒီနေ့ ဖေဖော်ဝါရီ ၁၉ မှာ ထုတ်ပြန်ပါတယ်။
အဲဒီစစ်တပ်အထိုင်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်အချိန်မှာ Snipe Rangers Force ရဲဘော်တွေက ၆၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာရသွားတဲ့အနက် ၂ ဦး သေဆုံးသွားတာလို့ အသိပေးထားပါတယ်။
မြပုလဲဆီဆိုင်မှာအထိုင်ချနေတဲ့ စစ်သားတွေဟာ PDF တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်နေပေမယ့် ဒေသနေပြည်သူတွေကို ပေါ်တာဆွဲနေတဲ့ အထိုင်စခန်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေကဘက်တိုက်ခိုက်မှုအပြီးမှာ ဂိတ်မှာရှိတဲ့စစ်သားတွေက လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာ တွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မူကို Snipe Rangers Force - Local - PDF၊ PGC နဲ့ ရပ်ကျေး ပ.က.ဖ ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Snipe Rangers Force -Local – PDF အနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ လက်နက်ငယ် မောင်းပြန် ၂ လက် ဝယ်ယူဖြည့်တင်း နိုင်ရေ ထောက်ပံ့မှုတွေ လိုအပ်နေတဲ့အတွက် ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ရှမ်း-မန်းစစ်ဆင်ရေးမှာကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင် PDF ၃၅ တပ်ရင်းက ရဲဘော်၂ဦး ကျဆုံးခြင်းအခမ်းအနားကျင်းပ
ဖေဖော်ဝါရီ၁၉ရက်
ရှမ်း-မန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော် ၂ ဦးရဲ့ ကျဆုံးခြင်းအခမ်းအနားကို မနေ့ ဖေဖော်ဝါရီ ၁၈ မှာ ပြုလုပ်ခဲ့ တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ထုတ်ပြန်ပါတယ်။
ရှမ်း - မန်းစစ်ဆင်ရေးနယ်မြေတနေရာမှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော် ခိုင်စိုးမင်းနဲ့ ရဲဘော် အောင်မျိုးဦးတို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ကျဆုံးခဲ့တာလို့ သိရပါတယ်။
ကျဆုံးရဲဘော်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ကျဆုံးရဲဘော် ၂ ယောက်ကို ဦးညွတ်ဂုဏ်ပြုသလို ကျဆုံးရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကို အစဉ်အောက်မေ့ သတိရကာ ပြည်သူ့ တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ဟာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အပါအဝင် အခြား တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ KIA တပ်မဟာ ၈ နယ်မြေ မြစေတီနဲ့ ရွှေကူလေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦး သေဆုံး
ဖေဖော်ဝါရီ၁၉ရက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေ မြစေတီနဲ့ ရွှေကူလေးရွာကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာသား ၃ ဦး သေဆုံးခဲ့ရတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
မြစေတီနဲ့ ရွှေကူလေးရွာကို စစ်တပ်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်မှာ Y12 ထောက်ပို့လေယာဉ်နဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက Y12 ထောက်ပို့လေယာဉ်နဲ့ ရွှေကူလေးရွာမှာတကြိမ်၊ မြစေတီရွာမှာ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မြစေတီရွာသား ၃ ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားသလို ရွှေကူလေးရွာမှာလည်း ထိခိုက်ဒဏ်ရာ ရသူတွေရှိတယ်လို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ရုံတင်မဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာတွေ အခုနောက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန်အန္တရာယ်ကိုသိရှိစေဖို့ လိုက်နာလုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဆက်တိုက်ထုတ်ပြန်ပေးနေပြီး ဒီအချက်တွေကို လိုက်နာကြဖို့ တော်လှန်ရေးအဖွဲ့တွေက လည်း သတိပေးပြောဆိုနေတာတွေရှိနေပါတယ်။
========================
🚩🚩 ၅။ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ဝါရာဇွပ်ဒေသခံတဦး သေဆုံး
ဖေဖော်ဝါရီ၁၉ရက်
မြစ်ကြီးနား- တနိုင်း- လီဒိုလမ်းပေါ်မှာရှိတဲ့ ဝါရာဇွတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် အပစ်မဲ့ပြည်သူတဦး သေဆုံးခဲ့ရတယ်လို့ KIA သတင်းပြန်ကြားရေးဘက်က ပြောပါတယ်။
ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာရှိတဲ့ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၇ ရက် နေ့လည် ၃ နာရီ ဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးခဲ့ရသလို အိမ်အချို့ မီးလောင်ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။
ဝါရာဇွပ်ကျေးရွာနဲ့ ရွားအနီးပတ်ဝန်းကျင်မှာ တပ်စခန်းချနေတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ အင်အား အများအပြားနဲ့ သွားလှုပ်ရှားနေတယ်လို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ် လဗျဘရန်မိုင်ဟာ ခေါင်းကို ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရသလို နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တုန်းကလည်း မိုးမောက်မြို့နယ် စင်ခန်းကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရပါတယ်။
========================
🚩🚩 ၆။ ကနီနယ် ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးတိုက်ခိုက်မှုမှာ အရပ်သား၅ဦး သေဆုံးပြီး ၁ဝဦး ဒဏ်ရာရ
ဖေဖော်ဝါရီ၁၉ရက်
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲမှုမှာ အရပ်သား ၅ ဦး သေဆုံးပြီး ၁ဝ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ကနီမြို့နယ် ချောင်းမရွာကို အကြမ်းဖက် စစ်တပ်က မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅နာရီဝန်းကျင်မှာ စက်တပ်လေထီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီ စက်တပ်လေထီးဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ဘက်ကတက်လာတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရတဲ့အပြင် ဒေသနေပြည်သူ ၁ဝ ဦးခန့် ဒဏ်ရာရ သွားတယ်လို့ ဒေသတွင်းသတင်းတွေကိုအသိပေးနေတဲ့ ရင်းမြစ်ဌာန ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဌာနမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ယင်းမာပင်ခရိုင်အတွင်း နေ့စဉ်နဲ့အမျှလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေတာနဲ့ ဒဏ်ရာတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးပစ်ခံရနိုင်တဲ့ ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူများအနေနဲ့ နေအိမ် တွေမှာ ဗုံးခိုကျင်း၊ကတုတ်ကျင်းတူးတာ သဲအိတ်တွေသုံးပြီး ခိုလှုံလို့ရမယ့်နေရာတွေပြင်ဆင်ထားကြဖို့ ကနီမြို့နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ PLA(အနောက်မြောက်စစ်ဒေသ) နှင့် မဟာမိတ်တပ်ဖွဲ့များမြင်းခြံခရိုင် တောင်သာမြို့နယ် ထနောင်းကုန်း ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့
ဖေဖော်ဝါရီ၁၉ရက်
PLA(အနောက်မြောက်စစ်ဒေသ) နှင့် မဟာမိတ်တပ်ဖွဲ့များမြင်းခြံခရိုင် တောင်သာမြို့နယ် ထနောင်းကုန်း ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပါတယ်။
ဖေဖော်ဝါရီ၁၉ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့မှ ထုတ်နှုတ်အင်အား နှင့် န.ပ.တ ၇၀၄ Local တပ်ပေါင်းစုတပ်ရင်းမှ ထုတ်နှုတ်အင်အားတို့ ပူးပေါင်းကာ မြင်းခြံခရိုင် တောင်သာမြို့နယ် ထနောင်းကုန်း ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တယ်လို့အတည်ပြုပါတယ်။
တိုက်ပွဲချိန် ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ရန်သူ့စခန်းမှ ဘန်ကာများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရန်သူ့ဘက်မှ Mi 35 လေယာဥ်ဖြင့် နာရီဝက်ခန့်ကြာ လေကြောင်းပ-စ်ကူပေးခဲ့ သော်လည်း ရန်သူ့ ဘန်ကာများ၊ အလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပါတယ်။
သိမ်းပိုက်ရရှိသည့် ပစ္စည်းများမှာကာဘိုင် ၂လက်၊ KIAထုတ် KA ၁လက်၊ပွိုင့် ၂၂ လက်လုပ် အတို ၂လက်၊ MG 1 လက်ပစ်ဗုံး ၁လုံး ၊ကာဘိုင် ကျည်ဘောက်အပို ၄ခု၊ ကာဘိုင်ကျည် 105တောင့်၊ ပွိုင့် ၂၂ ကျည် ၈တောင့် ၊ စ-စ်ဦးထုပ် ၂လုံး၊ ဖုန်း ၃လုံး အင်ဗာတာအသေး ၁ လုံး ၊ ပိုက်ဆံ တသောင်းငါးထောင့် နှစ်ရာ ကျပ်၊ သေန-တ်ပစ်ပြိုင်ပွဲဝင်ဆု တံဆိပ် ၆ခု ရရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက်ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။@Zaw Moe @PuHtu Zin
No comments:
Post a Comment